၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ပြုပြင်ပြောင်းလဲမှုနှင့် တိုးတက်မှု (၂)
တရုတ်ပြည် စမ်းသပ်မှုဝါဒ၏ မြစ်ဖျားခံရာ
၁၉၈၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် တရုတ်နိုင်ငံသည် ၎င်း၏ စီးပွားရေးစနစ်ကို ပြုပြင်ပြောင်းလဲရန် စတင်လုပ်ဆောင်သည့်အခါ ခေါင်းဆောင်များသည် မြေပုံမရှိသော နယ်မြေသစ်တခုထဲသို့ ရောက်ရှိနေသကဲ့သို့ ဖြစ်ခဲ့သည်။ အကြောင်းမှာ ထိုစဉ်က စီးပွားရေးသီအိုရီများ သို့မဟုတ် လက်တွေ့ကမ္ဘာမှ နမူနာများထဲတွင် သူတို့အတွက် လမ်းပြနိုင်မည့်အရာ အနည်းငယ်မျှသာ ရှိသောကြောင့်ဖြစ်သည်။
စျေးကွက်မဟုတ်သော စီးပွားရေးစနစ် မှ အခြားစနစ်တစ်ခုသို့ ကူးပြောင်းရန် ခြေလှမ်းစတင်နေသည့် နိုင်ငံတနိုင်ငံ အတွက် နီယို ကလပ်ဆီကယ် စီးပွားရေးစာပေ (Neoclassical economic literature) များသည် ဆီလျော်မှု မရှိခဲ့ပေ။ ၁၉၆၀ နှင့် ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း အရှေ့ဥရောပ (အဓိကအားဖြင့် ဟန်ဂေရီနှင့် ယူဂိုဆလားဗီးယား) တို့တွင် ပြုလုပ်ခဲ့သည့် ကန့်သတ်ချက်ရှိသော စီးပွားရေးပြုပြင်ပြောင်းလဲမှု အတွေ့အကြုံများသည်လည်း အနည်းငယ်မျှသာ အသုံးဝင်ခဲ့သည်။ ထို နိုင်ငံများ၏ ကြိုးပမ်းမှုများသည် နိုင်ငံပိုင်လုပ်ငန်းများ (SOEs) ကိုသာ အဓိကထားခဲ့ပြီး နောက်ဆုံးတွင် သိသာထင်ရှားသည့် စီးပွားရေးတိုးတက်မှုများကို မဖော်ဆောင်နိုင်ဘဲ ကျရှုံးခဲ့ရသောကြောင့် ဖြစ်သည်။
တရုတ်မူဝါဒ ချမှတ်သူများဖက်တွင် သီအိုရီပိုင်းဆိုင်ရာ အားနည်းချက်များ ရှိခဲ့သော်လည်း၊ မဖြစ်မနေလုပ်ဆောင်ရမည့် နိုင်ငံရေးလိုအပ်ချက်များနှင့် လက်တွေ့ကျကျ တွေးခေါ်တတ်သည့် ဗီဇတို့ဖြင့် အစားထိုးကာ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ကြသည်။
နိုင်ငံရေးအရကြည့်လျှင် ထိပ်တန်းခေါင်းဆောင်များသည် မော်စီတုံးလက်ထက် ဆယ်စုနှစ်ပေါင်းများစွာကြာအောင် စီးပွားရေးကို လွဲမှားစွာ စီမံခန့်ခွဲခဲ့မှုများကြောင့် ကျဆင်းသွားသော တရုတ်ကွန်မြူနစ်ပါတီ၏ တရားဝင်ရပ်တည်မှုကို ပြန်လည်မြှင့်တင်ရန်အတွက် စီးပွားရေး တိုးတက်မှုနှုန်း ပိုမိုမြင့်မားလာအောင် လုပ်ဆောင်ရမည်ကို သိရှိထားကြသည်။
၁၉၇၉ ခုနှစ်၊ အောက်တိုဘာလတွင် တိန့်ရှောင်ဖိန်က "စီးပွားရေးလုပ်ငန်းဟာ ဒီကနေ့ခေတ်ရဲ့ အကြီးမားဆုံးသော နိုင်ငံရေးပဲ။ စီးပွားရေးပြဿနာဟာ လွှမ်းမိုးမှုအရှိဆုံး နိုင်ငံရေးပြဿနာပဲ ဖြစ်တယ်" ဟု ပြတ်ပြတ်သားသား ပြောကြားခဲ့သည်။
ဤရည်မှန်းချက်ကို မည်သို့အောင်မြင်အောင် လုပ်ဆောင်မည်နည်းဟူသော မေးခွန်းအတွက်မူ တိန့်ရှောင်ဖိန်၏ အဖြေမှာ တိတိကျကျ ဖော်ပြထားခြင်း မရှိသော်လည်း ရှင်းလင်းလှပါသည်။ ၎င်းမှာ "ကျွန်တော်တို့ တော်လှန်ရေးရဲ့ ရည်မှန်းချက်ဟာ ကုန်ထုတ်စွမ်းအားကို ချုပ်နှောင်မထားဘဲ ဖွံ့ဖြိုးတိုးတက်စေဖို့ပဲ ဖြစ်တယ်" ဟူ၍ ဖြစ်သည်။
“ကုန်ထုတ်စွမ်းအားကို လွတ်လပ်ခွင့် ပေးရန်” အတွက် တရုတ်နိုင်ငံ၏ ကနဦးကြိုးပမ်းမှုများသည် လက်ရှိစနစ်တခုလုံးကို အစားထိုးပစ်ရန်ထက် လုပ်ပိုင်ခွင့်များကို ခွဲဝေပေးခြင်း (Decentralization) အားဖြင့် ရှိရင်းစွဲစနစ်ကို ပိုမိုထိရောက်လာစေရန် အဓိကထားခဲ့သည်။
၁၉၇၉ ခုနှစ်မှ စတင်ကာ လုပ်ပိုင်ခွင့်ခွဲဝေပေးခြင်းတွင် ဒေသန္တရအစိုးရများကို စီးပွားရေးစီမံခန့်ခွဲမှု၌ ပိုမိုကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးခြင်းနှင့် “ဘဏ္ဍာရေးဆိုင်ရာ ကန်ထရိုက်စနစ်” (Fiscal Contracting) ဖြင့် မက်လုံးပေးခြင်းတို့ ပါဝင်ခဲ့သည်။ ဤစနစ်အရ ပြည်နယ်အစိုးရများသည် ဗဟိုအစိုးရသို့ ပေးဆောင်ရမည့် အခွန်ခွဲတမ်း ပြည့်မီပြီးနောက် ပိုလျှံနေသော အခွန်ဝင်ငွေများကို ၎င်းတို့ဘာသာ ဆက်လက်သိမ်းဆည်းထားခွင့် ရရှိခဲ့ကြသည်။
တရုတ်ခေါင်းဆောင်များ၏ လက်တွေ့ကျသော အသိစိတ်ဓာတ်များက ၎င်းတို့ကို ပြတ်ပြတ်သားသား နှင့် စွန့်စားပြီး လုပ်ရမည်ထက် စမ်းသပ်လုပ်ဆောင်သည့် အစီအမံများကို ပိုမိုနှစ်သက်လာခဲ့သည်။ ဤကဲ့သို့ သတိကြီးစွာ ထားရှိသော ချဉ်းကပ်ပုံမှာ ပြုပြင်ပြောင်းလဲမှုကို အလုံးစုံလက်မခံလိုသည့် ရှေးရိုးစွဲဝါဒီများ၏ ကန့်ကွက်မှုကြောင့်၎င်း၊ လိုအပ်သော အသိပညာနှင့် သီအိုရီဆိုင်ရာ လမ်းညွှန်မှု ကင်းမဲ့နေခြင်းကြောင့်၎င်း ထိုသို့ မဖြစ်မနေ လုပ်လာခဲ့ရခြင်း ဖြစ်သည်။
ထို့ကြောင့် ပြုပြင်ပြောင်းလဲရေး အစီအမံများကို တဖြည်းဖြည်းချင်းသာ အကောင်အထည် ဖော်ခဲ့ကြပြီး အဖိုးတန်သော အတွေ့အကြုံများရရှိရန်နှင့် အမှားအယွင်းများကို ရှောင်လွှဲနိုင်ရန် ပုံမှန်အားဖြင့် ဒေသအနည်းငယ်တွင် မြေစမ်းခရမ်းပျိုး လာခဲ့သည်။ အနောက်နိုင်ငံများနှင့် စီးပွားရေးအရ တံခါးဖွင့်ဆက်ဆံခြင်းကိုလည်း ၁၉၈၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် ဂွမ်ဒေါင်း နှင့် ဖူကျန့် ပြည်နယ်တို့၌ အထူးစီးပွားရေးဇုန် (SEZ) လေးခု တည်ထောင်ခြင်း၊ ကမ်းရိုးတန်းမြို့ကြီးများသို့ မူဝါဒများ တဖြည်းဖြည်း တိုးချဲ့ခြင်းနှင့် နိုင်ငံခြားကုန်သွယ်မှုစနစ်ကို အပိုင်းလိုက် ပြုပြင်ပြောင်းလဲခြင်းစသည့် သတိကြီးစွာထားသော ပြုပြင်ပြောင်းလဲမှုများဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
အခြားဥပမာတစ်ခုမှာ ၁၉၈၀ ပြည့်လွန်နှစ်များအတွင်းက ဈေးနှုန်းပြုပြင်ပြောင်းလဲမှု ဖြစ်ပြီး ၎င်းကို အစိုးရက သတ်မှတ်သည့်ဈေးနှုန်းနှင့် ဈေးကွက်က ဆုံးဖြတ်သည့်ဈေးနှုန်း နှစ်မျိုးစလုံး ပါဝင်သော ထူးခြားသည့် “လမ်းကြောင်းနှစ်သွယ်” (Dual-track) ဈေးနှုန်းစနစ်ဖြင့် စတင်ခဲ့သည်။
စိုက်ပျိုးရေးကဏ္ဍတွင် ဖြစ်ပေါ်ခဲ့သော တဟုန်ထိုး ပြုပြင်ပြောင်းလဲမှုကြီးမှာမူ ထိပ်ပိုင်းခေါင်းဆောင်များ၏ ရည်ရွယ်ချက်ရှိရှိ ချမှတ်ထားသော မဟာဗျူဟာကြောင့် မဟုတ်ဘဲ ၁၉၇၉ ခုနှစ်တွင် တောင်သူလယ်သမားများ၏ အောက်ခြေမှ တက်ကြွစွာ စတင်လှုပ်ရှားမှုနှင့် အဓိကပြည်နယ်အချို့ရှိ ပြုပြင်ပြောင်းလဲရေးဝါဒီများ၏ ပံ့ပိုးကူညီမှုတို့ ပေါင်းစပ်မိခြင်းကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှု အစောပိုင်းကာလ အောင်မြင်မှုများအတွက် ၁၉၈၀ ပြည့်လွန်နှစ်များက ကျင့်သုံးခဲ့သည့် "လက်တွေ့လုပ်ဆောင်ရင်း သင်ယူခြင်း" (Learn-by-doing) မဟာဗျူဟာ ကြောင့်ဟု အသိအမှတ်ပြုခဲ့ကြသည်။ သို့သော်လည်း တရုတ်မူဝါဒချမှတ်သူများနှင့် စီးပွားရေးပညာရှင်များအနေဖြင့် မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်၏ သဘောသဘာဝ၊ အတိုင်းအတာနှင့် စိန်ခေါ်မှုများကို ပိုမိုနက်နက်ရှိုင်းရှိုင်းနှင့် အဆင့်မြင့်မြင့် နားလည်သဘောပေါက်လာစေရန် အရှေ့ဥရောပနှင့် အနောက်နိုင်ငံများမှ အတွေးအခေါ်များ၊ သင်ခန်းစာများက ကူညီပေးခဲ့သည်ကို လျစ်လျူရှုလိုက်ပါက မတရားရာ ရောက်ပေလိမ့်မည်။
အမှန်စင်စစ် တရုတ်နိုင်ငံ၏ အစောပိုင်းခြေလှမ်းများထဲမှ တခုမှာ စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်သည့် အကျိုးရှိသော သင်ခန်းစာများ၊ အမြင်သစ်များနှင့် ဗဟုသုတများ ရရှိနိုင်ရန်အတွက် အဆင့်မြင့်အရာရှိကြီးများနှင့် စီးပွားရေးပညာရှင် အများအပြားကို အရှေ့ဥရောပ၊ အနောက်ဥရောပနှင့် အရှေ့အာရှနိုင်ငံများသို့ စေလွှတ်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၏ လမ်းကြောင်းကို ပုံဖော်ပေးရန် စိတ်အားထက်သန်နေသည့် ကမ္ဘာ့ဘဏ် ကလည်း အဖိုးမဖြတ်နိုင်သော နည်းပညာဆိုင်ရာ အကူအညီများကို ပံ့ပိုးပေးခဲ့သည်။ ဘီဂျင်းရှိ ကမ္ဘာ့ဘဏ်ရုံးအကြီးအကဲသည် တရုတ်အစိုးရအတွင်းရှိ နည်းပညာကျွမ်းကျင်သူများနှင့် ပေါ်ထွန်း လာစ စီးပွားရေးပညာရှင်များအတွက် ဆွေးနွေးပွဲများကို စီစဉ်ပေးခဲ့သည်။
အထင်ရှားဆုံး ဖြစ်ရပ်မှာ ၁၉၈၅ ခုနှစ် စက်တင်ဘာလတွင် ယန်ဇီမြစ်အတွင်း သင်္ဘောဖြင့် လှည့်လည်ရင်း ခုနစ်ရက်ကြာ ကျင်းပခဲ့သော ဆွေးနွေးပွဲဖြစ်ပြီး ယင်းသို့ အရှေ့ဥရောပနှင့် အနောက်နိုင်ငံများမှ ထင်ရှားသော စီးပွားရေးပညာရှင်များ တက်ရောက်ခဲ့ကြသည်။
ထိုဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တရုတ်ကိုယ်စားလှယ်များထဲမှ ဝူကျင်းလျန်၊ ကောက်ရှန်ချွမ် ၊ ကော်ရှုချင်း နှင့် လောင်ကျိဝေ တို့ကဲ့သို့သော ပုဂ္ဂိုလ်များသည် နောက်ပိုင်းတွင် တရုတ်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်၌ သြဇာကြီးမားသူများ ဖြစ်လာခဲ့ကြသည်။
ကမ္ဘာ့ဘဏ်၏ နည်းပညာဆိုင်ရာ အကူအညီများ၏ တန်ဖိုးကို သဘောကျသွားသောကြောင့် ၁၉၈၃ ခုနှစ်တွင် တိန့်ရှောင်ဖိန် က တရုတ်စီးပွားရေးကို ဘက်စုံလေ့လာမှုပြုလုပ်ရန်နှင့် ရင်ဆိုင်နေရသော မူဝါဒဆိုင်ရာ ရွေးချယ်စရာများကို ဖော်ထုတ်ပေးရန် ကမ္ဘာ့ဘဏ်ကို ဖိတ်ခေါ်ခဲ့သည်။ ၎င်းသည် ကမ္ဘာ့ဘဏ်၏ ဖွံ့ဖြိုးဆဲစီးပွားရေးစနစ်များဆိုင်ရာ ဗဟုသုတများကို အခြေခံ၍ ၁၉၈၅ ခုနှစ်တွင် ထုတ်ဝေခဲ့သော “ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြဿနာရပ်များနှင့် ရွေးချယ်စရာများ” ဟူသည့် မှတ်တိုင် စိုက်ထူ ရမည့် စာတမ်းကြီး ထွက်ပေါ်လာစေရန် လမ်းခင်းပေးလိုက်ခြင်းပင် ဖြစ်သည်။
အရှေ့ဥရောပမှ စီးပွားရေးပညာရှင်များ ထဲမှ သြဇာအရှိဆုံးသူများ ဖြစ်ကြသည့် ဟန်ဂေရီမှ ယာနော့စ် ကော်နိုင်း၊ ပိုလန်မှ ဗလိုဒီမာ ဘရုစ် နှင့် ချက်ကိုစလိုဗက်ကီးယားမှ အိုတာ ရှစ်ခ် တို့ နှင့် အသိပညာရပ်ဆိုင်ရာ အပြန်အလှန် ဆွေးနွေးဖလှယ်မှုများသည် တဖြည်းဖြည်းနှင့် အရှိန်အဟုန် ရလာခဲ့သည်။ အဆိုပါ ထိတွေ့မှုများက တရုတ်ပြုပြင်ပြောင်းလဲရေးသမားအချို့ကို စီးပွားရေးပြုပြင်ပြောင်းလဲမှုဆိုသည်မှာ "ကျပန်းချမှတ်ထားသော မူဝါဒများ စုစည်းမှု" မျှသာမဟုတ်ဘဲ "စနစ်တကျ အကူးအပြောင်း" သာလျှင် ဖြစ်သည်ဟု ယုံကြည် လာစေခဲ့သည်။
၁၉၈၀ ပြည့်လွန်နှစ်များက တရုတ်ပြည်၏ တဖြည်းဖြည်းချင်း ပြုပြင်ပြောင်းလဲရေး လမ်းစဉ်တွင် အဓိကကျသော လုပ်ပိုင်ခွင့် ခွဲဝေပေးခြင်း (Decentralization) နှင့် ဖြေလျှော့ပေးခြင်း (Liberalization) တို့သည် မတူညီသော စီးပွားရေးစနစ်တစ်ခုသို့ ကူးပြောင်းနိုင်ရန်အတွက် အကန့်အသတ်များလွန်းနေခဲ့သည်။
ထို့ကြောင့် တရုတ်ပြုပြင်ပြောင်းလဲရေးသမားများသည် အခြားသော အမြင်သစ်နှင့် စိတ်ကူးသစ်များကို ရှာဖွေလာကြသည်။ ထိုစဉ်က မော်ဒယ်နှစ်မျိုးဖြစ်သည့် အနောက်တိုင်း လစ်ဘရယ်မော်ဒယ် နှင့် အရှေ့အာရှ ဖွံ့ဖြိုးရေး မော်ဒယ် တို့သည် ဩဇာလွှမ်းမိုးလာခဲ့သည်။
တိန့်ရှောင်ဖိန် အတွက်မူ အာဏာရှင်ဆန်သော အစိုးရက ဦးဆောင်သည့် အခန်းကဏ္ဍတွင် ရှိနေသောကြောင့် အရှေ့အာရှမော်ဒယ် က ပိုမိုဆွဲဆောင်မှုရှိနေခဲ့သည်။
တရုတ်နိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုဗျူဟာ ဆင့်ကဲပြောင်းလဲလာပုံနှင့် ပတ်သက်သည့် အကျဉ်းချုပ်ဖော်ပြရမည်ဆိုလျင် ၁၉၈၀ ပြည့်လွန်နှစ်များတွင် တရုတ်နိုင်ငံသည် "ကျောက်တုံးများကို စမ်းပြီး မြစ်ကိုဖြတ်ကူးခြင်း" ဟူသော စကားပုံနှင့်အညီ လက်တွေ့စမ်းသပ်မှုနှင့် အခြေအနေအရ ကြံဖန်လုပ်ဆောင်သည့် နည်းလမ်းကိုသာ အဓိကကျင့်သုံးခဲ့ကြောင်း တွေ့ရသည်။ သို့သော် တရုတ်ခေါင်းဆောင်များသည် အောင်မြင်မှုရခဲ့သည့် ထိုဗျူဟာကို မလွှဲမရှောင်သာသည့် အခြေအနေကြောင့်သာ ကျင့်သုံးခဲ့ကြခြင်းဖြစ်သည်။
ထိုစဉ်က ထိပ်တန်းခေါင်းဆောင်များသည် ပြုပြင်ပြောင်းလဲရေး၏ ပန်းတိုင်နှင့် အရှိန်အဟုန်အပေါ် သဘောထားကွဲလွဲနေကြပြီး၊ ပြုပြင်ပြောင်းလဲရေးကို လိုလားသူများ ကိုယ်တိုင်ကပင် လိုအပ်သော ပညာရပ်ဆိုင်ရာ ဗဟုသုတ သို့မဟုတ် လက်တွေ့ကျသော စံနမူနာပုံစံများ ကင်းမဲ့နေခဲ့ကြသည်။ ကံကောင်းထောက်မစွာဖြင့် အနောက်နိုင်ငံများနှင့် အရှေ့ဥရောပနိုင်ငံများမှ ပညာရှင်များနှင့် အပြန်အလှန် ထိတွေ့ဆက်ဆံမှုများက တရုတ်စီးပွားရေးပညာရှင်များအား တစစီ စမ်းသပ်ခြင်းနှင့် စီမံခန့်ခွဲမှုအာဏာ ခွဲဝေပေးခြင်းတို့၏ အကန့်အသတ်များကို သဘောပေါက်စေခဲ့ပြီး၊ ပိုမိုပြည့်စုံ၍ စနစ်ကျသော အသွင်ကူးပြောင်းရေးဗျူဟာတစ်ခုဆီသို့ ဦးတည်သွားစေခဲ့သည်။
၁၉၈၉ တီယန်မင် ဖြစ်ရပ်အပြီး နိုင်ငံရေးမငြိမ်မသက်မှုများနှင့် ၁၉၉၀-၁၉၉၁ ကာလအတွင်း ပြုပြင်ပြောင်းလဲရေးအပေါ် ရှေးရိုးစွဲဝါဒီများ၏ တုံ့ပြန်မှုများကြောင့် တရုတ်နိုင်ငံအနေဖြင့် ခေတ္တ စောင့်ဆိုင်းခဲ့ရသည်။ ၁၉၉၂ ခုနှစ် တိန့်ရှောင်ဖိန်၏ သမိုင်းဝင် တောင်ပိုင်းခရီးစဉ်အပြီးမှသာ အသွင်ကူးပြောင်းမှု၏ အရည်အသွေးပိုင်းအရ ကွဲပြားခြားနားသော အဆင့်သစ်တခုကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။