အင်္ဂလိပ်-မြန်မာ စစ်ပွဲများ (၁၈၂၄-၁၈၈၆)(25)

by Hla Soewai - May 11 2026

#မဟာဗန္ဓုလပြန်လာပြီ (၃)

 

ခံတပ်အတွင်းရှိ ယေးတ်စ် သည် မီးဖောင်များမှမီးတောက်များ၏အကူအညီဖြင့် ရန်သူကို မြင်တွေ့နေရသဖြင့် မြန်မာတပ်များ ကိုက် ၃၀ ခန့်အကွာအထိ ရောက်ရှိလာမှသာ ပစ်ခတ်ရန် အမိန့်ပေးခဲ့သည်။ ထို့နောက် သူသည် စပျစ်သီးစေ့အမြောက်ဆန် (Grape-shot) နှင့် ရိုင်ဖယ်သေနတ်များဖြင့် စတင်ပစ်ခတ်ခဲ့ပြီး အခက်အခဲအချို့ ရှိခဲ့သော်လည်း မြန်မာတို့ကို နောက်ဆုတ်သွားအောင် လုပ်ဆောင်နိုင်ခဲ့သည်။ 

 

ဗြိတိသျှရေတပ်သားများကလည်း မြန်မာတို့လွှတ်လိုက်သော မီးဖောင်များကို ကမ်းတင်သွား အောင် ပြုလုပ်နိုင်ခဲ့သဖြင့် မည်သည့်ထိခိုက်မှုမျှ မရှိခဲ့ပေ။

 

မြန်မာတပ်များသည် တိုက်စစ်ဆင်သည့်အခါတွင် စနစ်တကျ ထိန်းချုပ်ထားခြင်းမရှိသော လူအုပ်ကြီးကဲ့သို့ တက်လာတတ်ကြသည်။မြန်မာစစ်သားများသည် ရန်သူ ပစ်ခတ်မှု ခံရမည့် ကွင်းပြင်တွင် ရင်ဆိုင်တိုက်တာထက် ခံတပ်များ၊ ရင်တားများ ဆောက်ပြီး အကာအကွယ်ယူ တိုက်ရသည်ကို ပို၍ နှစ်သက်သူများ ဖြစ်သည်။ 

 

 ၎င်းနှင့်ဆန့်ကျင်ဘက်အနေဖြင့် အနိမ့်ဆုံးအဆင့်ရှိသော ဗြိတိသျှစစ်သား သို့မဟုတ် အိန္ဒိယ စစ်ဗာရီများ ပင်လျှင် ပစ်မှတ်တစ်ခုကို မသိမ်းပိုက်မီ အစုအဖွဲ့လိုက် စနစ်တကျချီတက်ခြင်းနှင့် တပြိုင်နက်တည်း ပစ်ခတ်ခြင်း (Volley firing) တို့သည် မဖြစ်မနေလိုအပ်ကြောင်း နားလည်ထားကြသည်။

 

ထိုညတွင်လည်း ကြည့်မြင်တိုင်ခံတပ်ကို ဆက်လက် ခုခံထားနိုင်ခဲ့သည်။ သို့သော် မိုးသောက်အလင်းရောက်သည့်အခါတွင်မူ မြန်မာတပ်များသည် ညဖက်အမှောင်ထုကို အကာအကွယ်ယူကာ ဝါးရုံပင်များကြားမှ တဆင့် ခံတပ်အနီး ကိုက် ၅၀ အကွာအဝေးအထိ ကတုတ်ကျင်းများကို တိုးချဲ့တူးလာနိုင်ခဲ့ကြောင်း တွေ့ရှိရသည်။ ထိုအကွာအဝေးမှနေ၍ မြန်မာတို့က ခံတပ်အတွင်းသို့ အဆက်မပြတ် တိကျစွာ ပစ်ခတ်နိုင်ခဲ့ကြသည်။

 

ယိတ်စ်နှင့် သူ၏တပ်ဖွဲ့မှာ အလွန်တရာ အကျပ်အတည်း ဆိုက်နေရ ချိန်တွင် ကံကောင်းထောက်မစွာပင် ရေတပ်က သူတို့ကို လာရောက်ကူညီခဲ့သည်။ အိပ်ချ်အမ်အက်စ် အာရက်ခ်နေး သင်္ဘောမှ ဒုဗိုလ် ကဲလက် သည် သင်္ဘောငယ်တစီး၊ သင်္ဘောသားများ တင်ဆောင်လာသည့် လှေသုံးစီးတို့နှင့်အတူ ကြည့်မြင်တိုင်နှင့် တတန်းတည်းရှိသော မြစ်ကြောင်းအတွင်းသို့ ရောက်ရှိလာခဲ့သည်။

 

အခြေအနေ စိုးရိမ်ရသည်ကို မြင်လျှင် ကဲလက်သည် သင်္ဘောငယ်ပေါ်ရှိ အမြောက်များကို ရန်သူ့တောင်ပံများဘက်သို့ လှည့်၍ အနီးကပ် ပစ်ခတ်ချေမှုန်းလေတော့သည်။ ထိုအချိန်တွင် ခံတပ်တံတိုင်းများအထိ ရောက်ရှိကာ လှေကားများဖြင့် စီးနင်းတက်ရောက်ရန် ကြိုးပမ်းနေကြသော မြန်မာစစ်သည်အများအပြား ကျဆုံးခဲ့ရပြီး ကတုတ်ကျင်းများအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ရသည်။ ဤသို့ဖြင့် ယိတ်စ်သည် နောက်တစ်ကြိမ် ထပ်မံလွတ်မြောက်ခဲ့ပြန်သည်။

 

တိန်းမောက် သင်္ဘောသည် ရန်ကုန်မှ ပြန်လည်ရောက်ရှိလာသော်လည်း ရန်သူ့တိုက်လှေများ ၏ အမြောက်ဒဏ်ကို ခံခဲ့ရသည်။ ထိုတိုက်လှေများသည် လက်ဖတင်နင် ကဲလက် ၏ လှေများကိုလည်း တိုက်ခိုက်ခဲ့ကြသလို၊ တဖက်တွင်လည်း မြန်မာတို့သည် အင်္ဂလိပ်တို့၏ ခံတပ်ကို သိမ်းပိုက်နိုင်ရန် အစွမ်းကုန် ပြန်လည်ထိုးစစ်ဆင်လာကြသည်။

 

မွန်းလွဲပိုင်းတွင်တော့ ယိတ်စ် နှင့် ခံတပ်ကို ခုခံ နေသူ များ သည် မြေပြင်မှရော၊ ပတ်ဝန်းကျင်ရှိ သစ်ပင်များပေါ်မှပါ မြန်မာတို့၏ အလုံးအရင်းနှင့် ပစ်ခတ်မှုကြောင့် ခေါင်းမဖေါ် နိုင်‌ အောင် ဖြစ်‌ နေကြသည်။ ခံတပ်အတွင်း၌လည်း ခိုနားစရာနေရာ မရှိတော့သလောက် ဖြစ်သွားပြီး ထိခိုက်ကျဆုံးမှုများကြောင့် ယိတ်စ်၏ တပ်ဖွဲ့မှာ သိသိသာသာ အင်အားချည့်နဲ့လာခဲ့လေသည်။

 

ဒိုဗ် တန်နှင့် အခြားအရာရှိအချို့ ခိုလှုံ နေရာ ဝါးနှင့် မြက်ခြောက်မိုး တဲလေးမှာ ရန်သူ့ကျည်ဆန်များကြောင့် အပေါက်ဗလပွ ဖြစ်နေခဲ့သည်။

 

 ‘ကျွန်တော်တို့ရဲ့ တိုင်းရင်းသား အစေအပါးတွေဟာလည်း ကြောက် နေကြလွန်းလို့ ဘေးကင်းရာအမှတ်နဲ့ သူတို့သခင်တွေရဲ့ နွားလှည်းတင် သေတ္တာကြီးတွေကြားထဲမှာ တစ်နေ့ကုန် အတင်းတိုးဝင် ပုန်းအောင်းနေတတ်ကြတာဟာ ကျွန်တော်တို့အတွက် တကယ့်ကို အနှောင့်အယှက် ဖြစ်ရပါတယ်’ ဟု သူက ရေးသားခဲ့သည်။

 

အမှန်တကယ်ပင် ရန်သူ့ဘက်က ပစ်ခတ်လိုက်သော လက်နက်များမှာ အတော်ပင် ဒုက္ခပေးလှပြီး ထိုစဉ်က ကျွန်တော်တို့၏ အသက်မှာလည်း အလွန်ပင် စိုးရိမ်ရသည့် အခြေအနေတွင် ရှိခဲ့သည်။ သေနတ်ကျည်ဆန်များဆိုသည်မှာ ပစ္စည်းကိုဖြစ်စေ၊ လူကိုဖြစ်စေ မျက်နှာသာပေးသည်မဟုတ်ဘဲ ထိုအချက်ကို ကျွန်တော်တို့ နာရီတိုင်း လက်တွေ့ကြုံနေရသည်။ 

 

ဥပမာတစ်ခုဆိုရသော် မနက်ခင်းတွင် ကျွန်တော် လက်ဆေးနေစဉ် ကျည်ဆန်တ‌ တောင့် က ကျွန်တော့်အနီးရှိ ရေထည့်ထားသော မြေအိုးကို လာရောက်မှန်ကန်ပြီး ကွဲထွက်သွားခဲ့သည်။ ညဖက်တွင်လည်း (အိန္ဒိယတွင် ဖယောင်းတိုင်များ လေမတိုက်စေရန် အသုံးပြုသည့်) ဖန်အုပ်ဆောင်းကြီးတစ်ခုကို ဂျင်ဂေါ အမြောက်ကျည်တလုံးက အမှတ်၂၆ တပ်ရင်း၏ ထမင်းစား စားပွဲပေါ်တွင် လာရောက်မှန်ကန်ပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့သည်။ (ကျွန်တော် မှတ်မိသလောက်ဆိုလျှင်) ထိုအချိန်မှာ အရာရှိများ စုရုံးကာ ညစာစားနေချိန်ဖြစ်သည်။ သို့သော် ဤအဖြစ်အပျက်များမှာ သေးဖွဲသောအရာများသာ ဖြစ်ပြီး ကျွန်တော်တို့၏ ပျော်ရွှင်စရာ အကောင်းဆုံး အချိန်များတွင်ပင် မည်မျှအထိ အနှောင့်အယှက်များ ကြုံတွေ့ခဲ့ရသည်ကို သိနိုင် ရန်အတွက်သာ ဤနေရာ၌ မှတ်တမ်းတင်ခြင်း ဖြစ်သည်။

 

ညဖက်တွင် ကမ်းလွန်၌ ကျောက်ချရပ်နားထားသော ဗုံးပစ်သင်္ဘောငယ်လေးပေါ်မှ ရန်သူ့ဘက်သို့ မကြာခဏ ပစ်ခတ်လေ့ရှိသည့် ဗုံးဆန်များ၏ လမ်းကြောင်းကို ကြည့်ရသည်မှာမူ အလွန်လှပပြီး စိတ်ဝင်စားစရာ ကောင်းလှသည်။ ၎င်းတို့သည် ကျွန်တော်တို့၏ ဦးခေါင်းပေါ်မှနေ၍ ဥက္ကာခဲများ သို့မဟုတ် ကြွေလွင့်နေသော ကြယ်ပွင့်များကဲ့သို့ ဖြတ်သန်းသွားပြီးနောက် ရန်သူ့ခံတပ်များအတွင်း ကျရောက်ပေါက်ကွဲသွားတတ်သည်။ မှောင်မိုက်နေသော ညအမှောင်ထုအတွင်း ထိုမြင်ကွင်းမှာ တကယ့်ကို ခမ်းနားထည်ဝါလှပေသည်။

 

ဒီဇင်ဘာလ ၂ ရက်နေ့ ညအချိန်တွင် ရန်သူ့ဖက်မှ တီးခတ်လိုက်သော မောင်းသံ၊ စည်သံများ ဟိန်းထွက်လာပြီး မြန်မာစစ်သည်များကို တိုက်ပွဲဝင်ရန် ဆော်ဩလိုက်တော့သည်။ မြန်မာတို့သည် လှေကားထောင်၍ တက်ရန် လှေကားများကိုယ်စီ ကိုင်ဆောင်ကာ မှောင်မည်းနေသော ညဥ့်သန်းခေါင်ယံတွင် ခံတပ်ကို အတင်းအဓမ္မ စီးနင်းပြီး အင်အားနည်းပါးလှသော ဗြိတိသျှ တပ်သားများကို အသာစီးရယူ ချေမှုန်းရန် ပြတ်သားသော စိတ်ဓာတ်ဖြင့် တစ်ကျော့ပြန် အပြင်းအထန် ထိုးစစ်ဆင်လာကြသည်။

 

သို့သော် သူတို့သည် တဖန်ပြန်၍ တိုက်ထုတ်ခြင်းကို ခံလိုက်ရပြန်သည်။ ထို့နောက် တပ်ကို ပြန်လည်စုစည်းကာ ဒုတိယအကြိမ် ထပ်မံကြိုးစားကြပြန်ရာ ထိုစဉ်အတွင်းမှာပင် မြစ်အတွင်းမှ မီးဖောင်များ၏ တောက်ပသော မီးလျှံများကြောင့် တိုက်ပွဲမြေပြင်သည် လင်းထိန်သွားခဲ့သည်။ ထိုအလင်းရောင်ကြောင့်ပင် အင်္ဂလိပ်စစ်ဗိုလ် ယိတ်စ် အဖို့ သူ၏ အမြောက်များကို မြန်မာတို့ရှိရာသို့ ပိုမိုတိကျ ထိရောက်စွာ လှည့်၍ ပစ်ခတ်နိုင်ခဲ့သည်။ မြန်မာတို့သည် ကြီးမားသော အကျအဆုံးများဖြင့် နောက်သို့ ထပ်မံဆုတ်ခွာခဲ့ကြရပြန်သည်။

 

တတိယအကြိမ်အဖြစ် သူတို့ ထပ်မံကြိုးစားကြသော်လည်း ယခင်ကလောက် စိတ်ဓာတ်မပြတ်သားတော့ဘဲ အလွယ်တကူပင် တိုက်ထုတ်ခြင်း ခံလိုက်ရလေသည်။ ထိုအချိန်မှစ၍ သူတို့သည် ညဘက်တွင် ထိုးစစ်ဆင်ခြင်း မပြုတော့ဘဲ ခံစစ် ဆင်ထားသူများကို အနှောင့်အယှက်ဖြစ်စေရန်အတွက် စိန်ပြောင်း များဖြင့် အဆက်မပြတ် ပစ်ခတ်ခြင်းကိုသာ ပြုလုပ်ကြလေတော့သည်။

 

အရုဏ်တက်ပြီး မကြာမီအချိန်တွင် အမြောက် ၁၈ လက်တင် ဆော်ဖီ သင်္ဘောသည် တတ်နိုင်သမျှ ကူညီပံ့ပိုးပေးရန် ကြည့်မြင်တိုင်အနီးတွင် ကျောက်ချရပ်နားလာသည်။ ထို့နောက် လမ်းလွဲနေခဲ့သော တိန်းမောက် သင်္ဘောမှာလည်း မကြာမီ ပြန်လည်ရောက်ရှိလာသော်လည်း ရောက်ရောက်ချင်းမှာပင် မြန်မာတို့၏ နောက်ထပ် မီးဖောင်တခုဖြင့် တိုက်ခိုက်ခြင်းကို ခံရ၍ မီးလောင်ကျွမ်းခဲ့သည်။ သို့သော် အနည်းငယ်သာ ပျက်စီးပြီး မီးကို အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့သည်။

 

ထိုအတောအတွင်း တိုက်ပွဲဝင်နေကြသော မြန်မာ့တိုက်လှေတပ်သားများသည် မိမိတို့၏ အမြောက်ဆံများ ဗြိတိသျှတို့၏ အမြောက်တင်လှေငယ်များ ပေါ်က အမြောက်များ ထက် ပစ်ခတ်နိုင် သည့် အကွာအဝေး သာ သည် ကို သတိပြုမိသွားကြသည်။

 

ထို့ကြောင့် ၎င်းတို့သည် ဗြိတိသျှသင်္ဘောသားများကို အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်ကြတော့သည်။ ၎င်းအခြေအနေမှာ ကြည့်မြင်တိုင်ကို နံဘေး တိုက်စစ်ဆင်နေသော မြန်မာတပ်များကို အမြောက်ဖြင့် ပြန်လည်ပစ်ခတ်ရမည့် ကဲလက် ၏ တာဝန်ကို ပိုမိုခက်ခဲသွားစေသည်။ မြန်မာတပ်များသည် ဒီဇင်ဘာလ ၃ ရက်နေ့ တနေ့လုံး ကြည့်မြင်တိုင်ကို ဆက်လက်တိုက်ခိုက်ခဲ့ကြသည်။

 

ထို့ကြောင့် ကဲလက် သည် သင်္ဘောသား ၈၀ ခန့်နှင့် အရာရှိငယ်အချို့ ပါဝင်သော လှေတပ်စုငယ် ၈ စင်းကို စုစည်းခဲ့သည်။ ဒီဇင်ဘာလ ၄ ရက်နေ့၏ အေးမြသော အရုဏ်ဦးအချိန်တွင် ရွှေချထားသော မြန်မာ့တိုက်လှေကြီးများကို အရှိန်အဟုန်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ခုနစ်စင်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်ရှိသော လှေများကို မြစ်ညာဘက်သို့ မောင်းထုတ်နိုင်ခဲ့သည်။ သိမ်းဆည်းရမိသော တိုက်လှေတစင်းမှာ ၉၆ ပေ ရှည်လျားပြီး လှေလှော်သား ၇၆ ဦး စာ နေရာပါရှိကာ လှေဦးတွင် ၉ ပေါင်ပစ် အမြောက်ရှည် တလက် တပ်ဆင်ထားသည်ကို တွေ့ရသည်။