ချေ ၏ ပြောက်ကျားစစ် လက်စွဲ(37)

by Hla Soewai - May 11 2026

ချေ ၏ ပျောက်ကျားစစ် လက်စွဲ (၃၄)

**************

 

သတင်းထောက်လှမ်းရေး

 

“မိမိကိုယ်ကိုလည်းသိ၊ ရန်သူ့အကြောင်းကိုလည်း သိပါက တိုက်ပွဲပေါင်း ရာချီတိုက်ခိုက်သော်လည်း တကြိမ်တခါမျှ ဘေးဒုက္ခမကြုံရဘဲ အောင်ပွဲခံနိုင်လိမ့်မည်” ဆိုသည့် တရုတ်စကားပုံသည် ပြောက်ကျားစစ်ဆင်ရေးအတွက် သမ္မာကျမ်းစာလာ ဆာလံသီချင်းတစ်ပုဒ်ကဲ့သို့ပင် တန်ဖိုးရှိလှပေသည်။ တိုက်ခိုက်ရေးတပ်ဖွဲ့များအတွက် မှန်ကန်သော သတင်းအချက်အလက်ထက် ပိုမိုအထောက်အကူပြုသည့်အရာ မရှိပေ။

 

ထိုသတင်းအချက်အလက်များသည် မိမိတို့အပေါ် လိုလားသော ဒေသခံပြည်သူများထံမှ အလိုအလျောက် ရရှိလာမည်ဖြစ်ပြီး၊ ၎င်းတို့က မိမိတို့ ထောက်ခံမှု ပေးနေသည့် ပြောက်ကျား တပ်ဖွဲ့များအား နေရာအသီးသီးတွင် ဘာတွေဖြစ်ပျက်နေသည်ကို ပြောပြကြလိမ့်မည်။ 

 

သို့သော် ထိုသို့ရရှိလာသည့် သတင်းများကို စနစ်တကျ စုစည်းမှု ပြုလုပ်ရန်လည်း လိုအပ်သည်။ ကျွန်ုပ်တို့ မြင်တွေ့ခဲ့ရသည့်အတိုင်း ပြောက်ကျားနယ်မြေများ၏ အတွင်းနှင့် အပြင်တွင် သတင်းစကားများနှင့် ပစ္စည်းများ ပို့ဆောင်နိုင်ရန်အတွက် မှန်ကန်သော ဆက်သွယ်ရေးကွန်ရက်ဖြင့် ဖွဲ့စည်းထားသည့် စာပို့စနစ် တခု ရှိရမည်။

 

ထို့အပြင် သတင်းထောက်လှမ်းရေးဌာနသည် ရန်သူ့ ရှေ့တန်း တပ် များနှင့်လည်း တိုက်ရိုက်ထိတွေ့မှု ရှိနေရမည်။ ထိုနေရာများသို့ အမျိုးသားများနှင့် အမျိုးသမီးများ (အထူးသဖြင့် အမျိုးသမီးများ) က ထိုးဖောက်ဝင်ရောက် ရမည်ဖြစ်သည်။ ၎င်းတို့သည် ရန်သူ့စစ်သည်များနှင့် အမြဲမပြတ် ထိတွေ့ဆက်ဆံပြီး သိရှိလိုသမျှ အကြောင်းအရာများကို တဖြည်းဖြည်းချင်း စုံစမ်းထောက်လှမ်းရမည်။ ဤစနစ်ကို ရန်သူ့စစ်ကြောင်းများကို ဖြတ်ကျော်၍ ပြောက်ကျားစခန်းများသို့ ဘေးအန္တရာယ်ကင်းစွာ ပြန်လည်ရောက်ရှိနိုင်မည့် နည်းလမ်းဖြင့် စနစ်တကျ ပေါင်းစပ်ညှိနှိုင်းထားရမည်။ ကျွမ်းကျင်သော အေးဂျင့်များက ဤလုပ်ငန်းစဉ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပါက တော်လှန်ရေးစခန်းများမှာ ပိုမိုအေးချမ်းစွာ အိပ်စက်နိုင်ကြမည်ဖြစ်သည်။

 

ဤထောက်လှမ်းရေးကဏ္ဍ၏ အဓိကကျသော တတိယမြောက်အချက်မှာ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ရှေ့တန်းစစ်မျက်နှာများ သို့မဟုတ် "လူသူမနီးသောနယ်မြေ" (No man's land) နှင့် ထိစပ်နေသည့် ရန်သူ့ရှေ့တန်းစခန်းများကို စောင့်ကြည့်လေ့လာရန်ဖြစ်သည်။ သို့သော် ၎င်းသည် ပြောက်ကျားတပ်ဖွဲ့နှင့်အတူ တပြိုင်တည်း ဖွံ့ဖြိုးတိုးတက်လာရမည်ဖြစ်ပြီး၊ စစ်ဆင်ရေးနယ်မြေကို ရန်သူ့နောက်တန်းအထိ ပိုမိုနက်ရှိုင်းစွာ ထိုးဖောက်နိုင်စွမ်းရှိရမည့်အပြင်၊ ရန်သူ့တပ်၏ ပိုမိုကြီးမားသော လှုပ်ရှားမှုများကို ကြိုတင်ခန့်မှန်းနိုင်စွမ်းရှိရန်လည်း လိုအပ်သည်။

 

ပြောက်ကျားတပ်ဖွဲ့များ လွှမ်းမိုးထားသော သို့မဟုတ် ဝင်ရောက်တိုက်ခိုက်သော ဒေသများရှိ ဒေသခံပြည်သူအားလုံးသည် ပြောက်ကျား တပ်ဖွဲ့အတွက် ထောက်လှမ်းရေးသမားများပင် ဖြစ်ကြသည်။

 

သို့သော်ငြားလည်း ဤတာဝန်အတွက်သီးသန့် တာဝန်ပေးအပ်ထားသော ပုဂ္ဂိုလ်များ ရှိထားခြင်းသည် ပိုမိုကောင်းမွန်သည်။

 

လယ်သမား (ကျေးလက်နေလူထု) များသည် တိကျသည့် စစ်ဘက်ဆိုင်ရာ အသုံးအနှုန်းများနှင့် ယဉ်ပါးကျွမ်းကျင်သူများ မဟုတ်ကြ၍ ဖြစ်စဉ်တွေကို ချဲ့ကားပြောဆိုတတ်တဲ့ အလေ့အထ ရှိစမြဲပင်။ ထို့ကြောင့် ၎င်းတို့ဆီကရသည့် သတင်းပို့ချက်များကို ပြန်လည်စစ်ဆေးဖို့ လိုအပ်သည်။

 

လူထု၏ အလိုအလျောက် ပူးပေါင်းဆောင်ရွက်လာမှု ပုံစံများကို စနစ်တကျ တည်ဆောက်ပြီး စုဖွဲ့နိုင်ပြီဆိုက သတင်း ထောက်လှမ်းရေး ယန္တရားကို အရေးကြီးသည့် ကျောထောက်နောက်ခံ အင်အားစုအဖြစ်သာမကဘဲ တိုက်စစ်လက်နက်တစ်ခု အဖြစ်ပါ အသုံးပြုလာနိုင်မည် ဖြစ်သည်။ 

 

ဥပမာအားဖြင့် သတင်းထောက်လှမ်းရေး အဖွဲ့ဝင်များကို "ကြောက်ရွံ့မှု မျိုးစေ့ချသူများ" အဖြစ် အသုံးချခြင်းမျိုး ဖြစ်သည်။ ၎င်းတို့သည် ရန်သူ့ ဘက်တော်သားများ အဖြစ် ဟန်ဆောင်ပြီး စိတ်ဓာတ်ကျဆင်းစေမည့် သတင်းဆိုးများကို ပျံ့နှံ့စေခြင်းဖြင့် ရန်သူ့တပ်ထဲတွင် ကြောက်ရွံ့မှုနဲ့ မတည်ငြိမ်မှု များ ဖြစ်အောင် ဖန်တီးကြသည်။

 

အခြေခံ စစ်ဗျူဟာဖြစ်သည့် လျင်မြန်စွာ လှုပ်ရှားနိုင်မှုကိုလည်း အမြင့်ဆုံးအဆင့်အထိ မြှင့်တင်နိုင်သည်။ ရန်သူ့စစ်ကြောင်းများ မည်သည့် နေရာကို တိုက်ခိုက်မည်ဆိုသည်ကို တိတိကျကျ သိထားခြင်းအားဖြင့် ရှောင်တိမ်းဖို့ လွယ်ကူစေသလို၊ အခြေအနေ ပေးပြီ ဆိုက လုံးဝမမျှော်လင့်ထား သည့် နေရာမှာ ပြန်လည်တိုက်ခိုက်နိုင်မည် ဖြစ်သည်။

 

************