ဂေါ်ကီ ၏ အမေ(60)

by Hla Soewai - May 04 2026

ဗိုင်ဆိုဗ်ရှီကော့ဗ် သည် စက်ရုံသို့ ပြန်မရောက်ဖြစ်တော့ဘဲ သစ်ကုန်သည်တဦးထံတွင် အလုပ်ဝင်ခဲ့သည်။ တစ်နေ့ကုန်လုံး ရွာထဲ၌ မြင်းနက်ကြီး နှစ်ကောင်ကို မောင်းနှင်ကာ သစ်ချောင်းများနှင့် သစ်ခွဲသားများကို တရွတ်တိုက်ဆွဲကာ သွားလာနေရတော့သည်။ ဝန်ဒဏ်ကြောင့် တုန်ရီနေသော ခြေလှမ်းများကို မြေပြင်ပေါ်သို့ အားစိုက်ချ၍ လမ်းမပေါ်တွင် သူ နှင့် အတူ တရွေ့ရွေ့သွားနေသော မြင်းများကို "အမေ" သည် နေ့စဉ်လိုလို မြင်တွေ့နေရသည်။

 

 ထိုမြင်းနှစ်ကောင်စလုံးမှာ အိုမင်း၍ အရိုးပေါ်အရေတင်ဖြစ်နေကာ၊ ပင်ပန်းနွမ်းနယ်ပြီး ကြည့်ရသည်မှာ ဝမ်းနည်းဖွယ် ကောင်းလောက်အောင် ခေါင်းများကို ခါယမ်းနေကြသည်။ ၎င်းတို့၏ စိုပြည်မှုမရှိသော၊ နွမ်းလျနေသော မျက်လုံးများမှာလည်း လေးလံစွာဖြင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေကြ၏။

 

၎င်းတို့၏ နောက်ကွယ်တွင်မူ သစ်သားတန်းအရှည်ကြီးတစ်ခု သို့မဟုတ် ဆူညံစွာ အသံမြည်နေသော သစ်ပျဉ်ပုံကြီးမှာ တဆတ်ဆတ်နှင့် တရွတ်တိုက်ပါလာသည်။ မြင်းများ၏ ဘေးတွင်မူ နီကိုလိုင်း သည် ဇက်ကြိုးကို လျော့တိ လျော့ရဲ ကိုင်ကာ ပင်ပန်းကြီးစွာဖြင့် လျှောက်လိုက်ပါလာသည်။ နီကိုလိုင်းမှာ ဖရိုဖရဲ၊ ညစ်ပတ်ပေရေနေကာ ဖိနပ်အစုတ်ကြီး စီးထားပြီး ဦးထုပ်ကိုလည်း နောက်သို့တွန်းပို့ထားသည်။ သူ၏ ပုံစံမှာ မြေကြီးထဲမှ အသစ်စက်စက် တူးဖော်ထားသော သစ်ငုတ်တိုကြီးတစ်ခုကဲ့သို့ပင် ရုပ်ဆိုးအကျည်းတန်၍ ကြမ်းတမ်းခက်ထရော်နေတော့သည်။

 

သူကိုယ်တိုင်လည်း ခေါင်းကိုခါယမ်းကာ ဘာကိုမျှ မမြင်ချင်တော့သယောင် သူ၏ခြေဖျားကိုသာ စိုက်ကြည့်နေမိသည်။ မြင်းများသည်လည်း ဆန့်ကျင်ဘက်အရပ်မှ လာနေသော လူအုပ်နှင့် လှည်းတန်းများထဲသို့ မမြင်မကမ်း တိုးဝင်မောင်းနှင်သွားကြ၏။ ဒေါသတကြီး ဆဲဆိုသံများသည် ပျားအုံကို တုတ်နှင့်ထိုးလိုက်သကဲ့သို့ သူ့ပတ်ဝန်းကျင်တွင် ပျံနှံ့သွားပြီး ကြောက်မက်ဖွယ် ဟိန်းဟောက်သံများက လေထုထဲတွင် ပဲ့တင်ထပ်နေတော့သည်။ သူသည် ခေါင်းကိုမမော့၊ မည်သူ့ကိုမျှလည်း ပြန်မဖြေဘဲ စူးရှသော လေချွန်သံတစ်ချက်ကို ခပ်ပြင်းပြင်း ချွန်ကာ မြင်းများကိုသာ တိုးတိုးတိတ်တိတ် ရေရွတ်ခိုင်းစေရင်း ရှေ့သို့ ဆက်လက်ထွက်ခွာသွားလေသည်။

 

အန်ဒရေ၏ ရဲဘော်ရဲဘက်များ စာစောင်များ သို့မဟုတ် နိုင်ငံခြားသတင်းစာ အသစ်စက်စက်များကို ဖတ်ရှုရန် အမေ့အိမ်သို့ စုရုံးရောက်ရှိလာကြသည့် အကြိမ်တိုင်းတွင် နီကိုလိုင်း ဗိုင်ဆိုဗ်ရှီကော့ဗ်သည်လည်း ရောက်လာစမြဲပင်။ သူသည် ထောင့်တစ်နေရာတွင် ဝင်ထိုင်ကာ တနာရီ၊ နှစ်နာရီခန့် ငြိမ်သက်စွာ နားထောင်လေ့ရှိသည်။ စာဖတ်ဝိုင်းပြီးဆုံး၍ လူငယ်များ အပြန်အလှန် အကြိတ်အနယ် ဆွေးနွေးကြသည့်အခါတွင်မူ ဗိုင်ဆိုဗ်ရှီကော့ဗ်သည် ထိုအငြင်းအခုန်များတွင် ပါဝင်ပတ်သက်ခြင်း မရှိပေ။

 

သူသည် အခြားသူများထက် ပို၍ နောက်ကျသည်အထိ နေရစ်ခဲ့ပြီး အန်ဒရေနှင့် နှစ်ကိုယ်ချင်း တွေ့ရသည့်အခါတွင်မှ စိတ်မသက်မသာဖြင့် ဤသို့ မေးခွန်းထုတ်လေသည်။

 

"ဒါနဲ့... အဓိက တရားခံက ဘယ်သူလဲ။ ဇာဘုရင်လား။"

 

"တရားခံဆိုတာ 'ဒါ ငါ့ဟာ' လို့ အရင်ဆုံး စပြောခဲ့တဲ့သူပေါ့ ဗျာ။ အဲဒီလူ သေသွားတာတောင် နှစ်ပေါင်း ထောင်ချီနေပြီ။ သူ့ကို ရန်ငြိုးဖွဲ့နေလို့လည်း ဘာမှ ထူးမှာမဟုတ်ပါဘူး" ဟု ရုရှားလေးက နောက်ပြောင်သလိုနှင့် ပြန်ပြောလိုက်သည်။ သို့သော် သူ၏ မျက်လုံးများတွင်မူ စိုးရိမ်တကြီး ဖြစ်နေသော အရိပ်အယောင်များ ထင်ဟပ်နေလေသည်။

 

"ဒါဖြင့် ချမ်းသာတဲ့သူတွေနဲ့ သူတို့ဘက်က ရပ်တည်ပေးနေတဲ့သူတွေကော... သူတို့က မှန်နေတာလား"

 

ရုရှား လေး သည် သူ၏ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်ပြီးနောက် နှုတ်ခမ်းမွှေးကို ဆွဲလိုက်သည်။ ထို့နောက် ဘဝအကြောင်းနှင့် လူတို့အကြောင်းကို ရိုးရှင်းသောစကားလုံးများဖြင့် အကြာကြီး ရှင်းပြလေတော့သည်။ သို့သော် သူ၏ပြောစကားများအရ လူအားလုံးတွင် အပြစ်ရှိသကဲ့သို့ ဖြစ်နေသဖြင့် နီကိုလိုင်းသည် ကျေနပ်မှုမရှိပေ။

 

နီကိုလိုင်းသည် သူ၏ထူထဲသော နှုတ်ခမ်းများကို တင်းတင်းစေ့ရင်း သဘောမတူကြောင်း ခေါင်းခါပြကာ ဤသို့ဖြစ်နိုင်သည်ဟု သူ မယုံကြည်နိုင်ကြောင်းနှင့် နားမလည်နိုင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ သူသည် စိတ်မကျေမနပ်ဖြစ်ကာ မျက်နှာက ပျက်နေဆဲပင် ဖြစ်သည်။ သူက ပြောလာပြန်သည်။

 

"မဟုတ်ဘူး၊ အပြစ်တင်ရမယ့်သူတွေ ရှိကိုရှိရမယ်။ ငါ သေချာပေါက် ပြောရဲတယ်။ ငါတို့က ဘဝတစ်ခုလုံးကို ပေါင်းပင်တွေ ထူထပ်နေတဲ့ လယ်ကွင်းပြင်ကြီးကို ထွန်သလို မျိုး ဘယ်သူ့ကိုမှ ငဲ့ညှာမနေဘဲ အကုန်ထွန်ယက်ပစ်ရမယ်။"

 

"ဒါမျိုး မှတ်တမ်းစာရေး အီဆေး ပြောဖူးတဲ့ စကားမျိုးပဲ" ဟု အမေက ဆိုလိုက်သည်။

 

ခဏမျှ သူတို့နှစ်ဦး တိတ်ဆိတ်သွားကြသည်။

 

"အီဆေး ဟုတ်လား?"

 

"အေးလေ၊ သူက လူယုတ်မာပဲ။ လူတိုင်းနောက်ကို လိုက်ချောင်းပြီး သတင်းအချက်အလက် ရနိုင်သမျှ လိုက်စုံစမ်းနေတာ။ အခုဆို လမ်းထဲကို ခဏခဏ လာနေပြီး ပြတင်းပေါက်တွေကနေ ချောင်းကြည့်နေတတ်တယ်"

 

"အမေတို့ ပြတင်းပေါက်တွေကို ချောင်းကြည့်တယ် ဟုတ်လား?"

 

အမေကတော့ အိပ်ရာထဲ ရောက်နေပြီဖြစ်သဖြင့် သူ့မျက်နှာကို မမြင်ရတော့ပေ။ သို့သော် သူမ စကားလွန်သွားပြီဆိုသည်ကိုမူ အမေ နားလည်လိုက်သည်။ ထို့ကြောင့်လည်း နီကိုလိုင်း ပြေရာ ပြေကြောင်း ဖြစ်သွားစေရန် ရုရှားလေးက က ဝင်ပြီး ဖာဖာထေးထေး ပြောလိုက်ရသည်။

 

"သူ့ဘာသာသူ ကြည့်ပါစေဗျာ။ သူက အားနေတာကိုး။ ဒါ သူ့ရဲ့ အချိန်ဖြုန်းနည်း တစ်မျိုးပဲလေ။"

 

"မဟုတ်ဘူး၊ နေဦး!" ဟု နီကိုလိုင်းက ပြောလိုက်သည်။ "ဒီကောင်က အပြစ်ရှိတဲ့သူပဲ!"

 

"ဘာအတွက် အပြစ်ရှိတာလဲ?" ဟု ရုရှား လေးက ခပ်ဆတ်ဆတ် မေးလိုက်သည်။ "သူက လူအ ဖြစ် နေလို့လား?"

 

သို့သော် ဗိုင်ဆော့ပ်ရှီကော့ဗ် က ပြန်မဖြေတော့ဘဲ လှည့်ထွက်သွားလေတော့သည်။

 

"အမေဖြင့် သူ့ကို ကြောက်တာပဲ သိတယ်။ သူက အပူလွန်နေတဲ့ မီးဖိုကြီးတစ်ခုလိုပဲ။ အရာရာကို နွေးထွေးအောင် လုပ်ပေးတာမဟုတ်ဘဲ အကုန် လောင်မြိုက်ပြာကျအောင် လုပ်နေတာ”

 

“ဟုတ်တာပေါ့၊ ဟုတ်တာပေါ့ဗျာ” ဟု ရုရှားလေး က ခပ်လေးလေး ဆိုလိုက်သည်။ “သူက စိတ်ဆတ်တဲ့ လူဗျ။ အမေ... အဲဒီ အီဆေး အကြောင်းကို သူ့သွားမပြောနဲ့ဦး။ အဲဒီကောင် အီဆေးက တကယ့်ကို သူလျှိုလုပ်နေတာ၊ ပြီးတော့ အဲဒီအတွက်လည်း ပိုက်ဆံရနေတာဗျ။”

 

“ဒါက ဘာဆန်းလို့လဲကွယ်။ သူ့ရဲ့ ဖခင်အရင်းကလည်း ရဲပုလိပ်တစ်ယောက်ပဲလေ” ဟု အမေက ပြောလိုက်သည်။

 

“အေးလေ၊ အဲဒီတော့ နီကိုလိုင်းက သူ့ကို ပညာပေးလိမ့်မယ်။ အဲဒါ ဘာဖြစ်လဲ” ဟု ရုရှား လေး က စိုးရိမ်တကြီး ဆက်ပြောသည်။ “ကျွန်တော်တို့ ဘဝကို အုပ်ချုပ်နေတဲ့သူတွေက သာမန်လူတန်းစားတွေအပေါ်မှာ ဘယ်လောက်တောင် နာကျည်းချက်တွေ ဖြစ်အောင် လုပ်ခဲ့သလဲဆိုတာ ကြည့်စမ်းပါဦး။ နီကိုလိုင်းလို လူမျိုးတွေက သူတို့ရဲ့ မတရားမှုကို သိလာပြီး စိတ်ရှည်သည်းခံမှုတွေ ကုန်ဆုံးသွားတဲ့အခါ ဘာတွေဖြစ်လာမလဲ၊ မိုးကောင်းကင်တစ်ခုလုံး သွေးတွေနဲ့ ဖုံးလွှမ်းသွားလိမ့်မယ်၊ ကမ္ဘာမြေကြီးကလည်း ဆပ်ပြာမြှုပ်တွေလိုပဲ သွေးတွေနဲ့ အိုင်ထွန်းပြီး ပွက်ပွက်ထလာလိမ့်မယ်။”

 

“ဒါ တကယ့်ကို ထိတ်လန့်စရာပဲ အန်ဒရူးရှာ!”ဟု အမေက အသံတိုးတိုးဖြင့် ရေရွတ်မိသည်။ အန်ဒရူးရှာက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် “သူတို့တွေ ယင်ကောင်တွေကို မျိုချခဲ့ကြတယ်၊ အခုတော့ အဲဒါတွေကို ပြန်အန်ထုတ်နေကြရပြီပေါ့ဗျာ” ဟု ဆိုသည်။ “ဒါပေမဲ့ အမေ... သူတို့ဆီက စီးကျလာမယ့် သွေးတစက်ချင်းစီတိုင်းဟာ ပြည်သူတွေရဲ့ မျက်ရည်ပင်လယ်ထဲမှာ ဆေးကြောပြီးသား ဖြစ်နေလိမ့်မယ်။”

 

ရုတ်တရက် သူက တိုးတိုးလေး ရယ်မောလိုက်ပြီးမှ... “ဒါက အမှန်တရားပဲ၊ ဒါပေမဲ့ ဒါက နှစ်သိမ့်စရာတော့ မဟုတ်ဘူးပေါ့ဗျာ!” ဟု ထပ် ပြောလိုက်ပြန်သည်။