နှစ်ဆယ်ရာစုနှစ် အကျော်ကြားဆုံး တရားခွင်များ(33)

by Hla Soewai - May 04 2026

နယ်လ်ဆင် မင်ဒဲလား အား အလုပ်ကြမ်း နှင့် ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့သည့် ရီဗိုးနီးယား တရားခွင် (၃)

 

တရားလိုပြရှေ့နေ ယူတာ ၏ လျှောက်လဲချက်ကို နားထောင်ရင်း တရားခံရှေ့နေများမှာ စိတ်မသက်မသာ ဖြစ်နေကြသည်။ ရှေ့နေ ဂျိုးလ်ဂျော့ဖ် က ၎င်း၏ The State vs. Nelson Mandela: The Trial That Changed South Africa အမည်ရှိ စာအုပ်တွင် ပြန်လည်ရေးသားထားသည်မှာ - "တရားစွဲဆိုခံထားရသူ အများစုအတွက် ထွက်လာနိုင်သမျှသော အမိန့်မှာ 'ပြစ်မှုထင်ရှားစီရင်ခြင်း' သာ ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ဘက်မှ ကြည့်လျှင် ဤအမှုသည် သေဒဏ်မကျမှတ်ရအောင် တိုက်ပွဲဝင်ရမည့် တိုက်ပွဲတစ်ခုသာ ဖြစ်တော့သည်" ဟု ဆိုသည်။

 

တရားခံများဘက်တွင်မူ နောက်ထပ် ရည်မှန်းချက်များ ရှိနေသေးသည်။ ၎င်းတို့အနက် အများစုက ဤတရားခွင်သည် တောင်အာဖရိက၏ ဖိနှိပ်ခံပြည်သူများအတွက် ၎င်းတို့ဘာကြောင့် ဤသို့လုပ်ဆောင်ရသည်ကို တနိုင်ငံလုံး သိရှိအောင် ရှင်းပြနိုင်မည့် ပထမဆုံးနှင့် နောက်ဆုံးအခွင့်အရေးဟု ရှုမြင်ကြသည်။

 

 တရားလိုဘက်မှ အစောပိုင်းက ကတိပေးထားသကဲ့သို့ ပထမဆုံး သက်သေမှာ ဘော့ပ် ဟက်ပယ်လ် ဖြစ်မလာခဲ့ပေ။ ဟက်ပယ်လ်သည် နိုင်ငံပြင်ပသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။ သူက ကင်ညာနိုင်ငံ၏ ဘေးကင်းရာနေရာမှနေ၍ သတင်းထောက်များကို ပြောကြားရာတွင် - သူ၏ ရဲဘော်ရဲဘက် တရားခံများအပေါ် သက်သေထွက်ဆိုရန် မည်သည့်အခါမှ ရည်ရွယ်ချက်မရှိခဲ့ကြောင်း၊ သူသည် ထွက်ပြေးလွတ်မြောက်ရန် အခွင့်အရေးကိုသာ စောင့်နေခဲ့ခြင်းဖြစ်ပြီး ယခုမှ ထိုအခွင့်အရေးကို ရရှိသွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့အတွက် တရားလိုဘက်မှ အဓိကသက်သေအဖြစ် ထွက်ဆိုခဲ့သူမှာ (တရားခွင်တွင် "Mr. X" ဟုသာ လူသိများသော) ဘရူနို မတိုလို ဖြစ်သည်။ မတိုလိုသည် "နိုင်ငံတော်၏လှံတံ" (Spear of the Nation - MK) အဖွဲ့မှ ဖောက်ခွဲရေးသမားဟောင်းတဦး ဖြစ်သည်။

 

အမျိုးသားအဆင့် စစ်ဌာနချုပ်၏ အမိန့်အရ စည်ပင်သာယာရုံး၊ လျှပ်စစ်တာဝါတိုင်တတိုင်နှင့် လျှပ်စစ်လိုင်းတလိုင်း တို့ကို သူကိုယ်တိုင် ဖောက်ခွဲခဲ့ကြောင်း မတိုလိုက ထွက်ဆိုခဲ့သည်။ ထို့အပြင် မင်ဒဲလားသည် ၎င်းတို့၏ ဒေသန္တရစစ်ဌာနချုပ်ရှိ ရဲဘော်များအား စစ်ဆင်ရေးများမစတင်မီ စိတ်ဓာတ်မြှင့်တင်ရေး စကားများ ပြောကြားခဲ့သည်ဟုလည်း သူက ထွက်ဆိုသည်။ မတိုလိုသည် "နိုင်ငံတော်၏လှံတံ" အဖွဲ့ဝင်များ အသုံးပြုခဲ့သော ဗုံးများ၊ လက်ပစ်ဗုံးများ၊ မြေမြှုပ်မိုင်းများနှင့် အခြားလက်နက်များ၏ လုပ်ဆောင်ပုံများကိုလည်း ရှင်းလင်းတင်ပြခဲ့သည်။

 

ထို့ပြင် အာဖရိကအမျိုးသားကွန်ဂရက် (ANC) နှင့် "နိုင်ငံတော်၏လှံတံ" အဖွဲ့တို့သည် ကွန်မြူနစ်ပါတီ၏ လက်ကိုင်တုတ်များ ဖြစ်လာခဲ့သည်ဟု သူယုံကြည်ကြောင်းလည်း မတိုလိုက ထွက်ဆိုခဲ့သေးသည်။ သူသည် ငွေကြေးအခက်အခဲနှင့် မိသားစုအကြောင်းပြချက်များကြောင့် အဖွဲ့မှ နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။

 

 "ကျွန်တော့်ကို ငွေပေးမယ်လို့ ANC က အမြဲကတိပေးခဲ့တယ်၊ သူတို့ဆီက ဘာမှရတော့မှာမဟုတ်ဘူးလို့ ကျွန်တော် မျှော်လင့်ချက်ကုန်သွားပြီးတဲ့နောက်မှာတောင် ကတိတွေပေးနေတုန်းပဲ။ သူတို့က ကျွန်တော့်ကိုရော၊ တခြားဖမ်းဆီးခံခဲ့ရတဲ့ လူသစ်တွေကိုရော ဘာမှဂရုမစိုက်ကြဘူး" ဟု ထွက် ဆိုခဲ့သည်။

 

မတိုလို ၏ သစ္စာဖောက်မှုက မင်ဒဲလားနှင့် အဖွဲ့ကို ဇဝေဇဝါ ဖြစ်သွားစေခဲ့သည်။ မင်ဒဲလားက သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိဖြစ်သော "လွတ်လပ်မှုဆီသို့ ခရီးရှည်" (Long Walk to Freedom) တွင် ရေးသားခဲ့သည်မှာ— အဆိုပါအမှု၌ တရားစွဲဆိုခြင်း မခံထားရသည့် မြေအောက်လှုပ်ရှားသူများကိုပါ မတိုလိုက အမည်တပ် ထွက်ဆိုခဲ့ခြင်းအပေါ် သူ အထူးပင် စိတ်ပျက်မိသည် ဟူ၍ ဖြစ်သည်။ မင်ဒဲလားက ထိုလုပ်ရပ်ကို "ခွင့်မလွှတ်နိုင်သော လုပ်ရပ်" ဟု မှတ်ယူခဲ့သည်။

 

တရားလိုဘက်မှ တင်သွင်းသည့် အခြားအရေးကြီးသော သက်သေတစ်ခုမှာ ရီဗိုးနီးယား စီးနင်းမှုအတွင်း သိမ်းဆည်းရမိခဲ့သည့် "အော်ပရေးရှင်း မေယီဘူယဲ" (Operation Mayibuye) ဟု အမည်တပ်ထားသော ခြောက်မျက်နှာပါ စာတမ်းဖြစ်သည်။ ထိုစာတမ်းမှာ ပြောက်ကျားစစ်ဆင်နွှဲရန်နှင့် ပြည်ပစစ်တပ်များ၏ အကူအညီဖြင့် တောင်အာဖရိကကို ကျူးကျော်ဝင်ရောက်ရန် တောင်းဆိုထားသည့် အစီအစဉ်တစ်ခု ဖြစ်နေသည်။ 

 

တရားလိုဘက်က ထိုအစီအစဉ်သည် "နိုင်ငံတော်၏လှံတံ" အဖွဲ့၏ လက်တွေ့ အကောင်အထည်ဖော်နေသည့် စစ်ဆင်ရေးစီမံချက်ဖြစ်သည်ဟု တင်ပြခဲ့သည်။ တရားခံရှေ့နေများကမူ "အော်ပရေးရှင်း မေယီဘူယဲ" သည် ဖြစ်နိုင်ခြေရှိသော အစီအစဉ်ကြမ်းတစ်ခုမျှသာဖြစ်ပြီး "နိုင်ငံတော်၏လှံတံ" သို့မဟုတ် ANC အဖွဲ့က အတည်ပြုထားခြင်း မရှိကြောင်း ချေပခဲ့သည်။ အမှန်စင်စစ်အားဖြင့် ၎င်းစာတမ်းပါ ရည်မှန်းချက်များနှင့် အစီအစဉ်များသည် "လုံးဝ လက်တွေ့မကျနိုင်သော အရာများ" သာဖြစ်သည်ဟု နယ်လ်ဆင် မင်ဒဲလားကိုယ်တိုင် ထွက်ဆိုခဲ့လေသည်။

 

တရားလိုရှေ့နေ ယူတာ သည် တရားခွင်အတွင်း အခြားသော အပြစ်မကင်းသည့် စာရွက်စာတမ်းများကိုလည်း ဟန်ပန်အပြည့်ဖြင့် ဖတ်ကြားတင်ပြခဲ့သည်။ ရီဗိုးနီးယားတွင် ရှာဖွေတွေ့ရှိခဲ့သည့် တရားခံတစ်ဦး၏ လက်ရေးဖြင့် ရေးသားထားသော “အထူးလျှို့ဝှက်” ဟု မှတ်သားထားသည့် စာရွက်စာတမ်းတခုတွင် ဆိုဗီယက်ယူနီယံ၊ တရုတ်၊ ဂျာမနီနှင့် ယူဂိုဆလားဗီးယား အပါအဝင် အခြားနိုင်ငံများထံမှ အကူအညီရရှိနိုင်ခြေများကို ဖော်ပြထားသည်။ ယမ်းဘီလူးများ အပါအဝင် လက်နက်များ ရယူနိုင်မည့် နည်းလမ်းများကိုလည်း အသေးစိတ် ရေးသားထားသည်။

 

တရားခံများကမူ ထိုသက်သေအထောက်အထားများကို ဂရုမစိုက်သလိုပင် ကြည့်နေကြသည်။ ၎င်းတို့သည် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ရန်နှင့် လူမျိုးရေးဆိုင်ရာ တရားမျှတမှုအတွက် လက်နက်ကိုင် တိုက်ပွဲဝင်ရန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြကြောင်း အလွယ်တကူပင် ဝန်ခံခဲ့ကြသည်။ ရီဗိုးနီးယား တရားခွင်မှ တရားလိုပြ သက်သေအများစုမှာ တော်လှန်ရေးထဲသို့ အသစ်ဝင်ရောက်လာသူများ ဖြစ်ကြပြီး ၎င်းတို့သည် ထိန်းသိမ်းခံထားရစဉ်အတွင်း (အထူးသဖြင့် တစ်ဦးတည်း သီးခြားချုပ်နှောင်ခံထားရစဉ်အတွင်း) ပြင်းထန်သော စစ်ဆေးမေးမြန်းမှုများကို အလူးအလဲ ခံခဲ့ရပြီးနောက်မှသာ သက်သေထွက်ဆိုကြသူများ ဖြစ်သည်။

 

အချို့မှာ ကိုယ်ထိလက်ရောက် နှိပ်စက်ညှဉ်းပန်းမှုကိုပင် ခံခဲ့ရသည်။ ၎င်းတို့သည် ပြန်လည်လွတ်မြောက်ရေးနှင့် နောင်တွင် တရားစွဲဆိုခံရခြင်းမှ ကင်းဝေးရေးတို့အတွက် ရဲနှင့် တရားလိုပြရှေ့နေများ လိုလားသည့်အတိုင်း သက်သေထွက်ဆိုပေးရမည့် သူ များ ဖြစ်သည့် အတွက် မည်မျှအထိ ယုံကြည်စိတ်ချရနိုင်ပါသနည်း။ 

 

ခုခံချေပရသူများ၏ ရှုထောင့်မှကြည့်လျှင်မူ အဖြေမှာ “လုံးဝ ယုံကြည်စိတ်ချ၍ မရနိုင်ပါ” ဟူ၍ ဖြစ်သည်။ အမှန်စင်စစ်အားဖြင့် အချို့သော သက်သေများသည် အစိုးရဘက်မှ အမှုခိုင်မာစေရန်အတွက် အမှန်တရားကို လိုသလို လှည့်ဖျားပြောဆိုခြင်း သို့မဟုတ် ဗြောင်ကျကျ လိမ်လည်ထွက်ဆိုခြင်းများ ပြုလုပ်ခဲ့ကြသည်မှာ ထင်ရှားလှပေသည်။

 

နယ်လ်ဆင် မင်ဒဲလား အပါအဝင် တရားခံအချို့အတွက်မူ တရားလိုဘက်က တင်ပြသည့် အပြစ်ရှိကြောင်း သက်သေအထောက်အထား များသည် အလွန်ခိုင်မာနေသည်။ အခြားတရားခံအချို့အတွက်မူ အပြစ်ရှိကြောင်း သက်သေများသည် ထင်သလောက် အားမကောင်းလှသော်လည်း ထိုစဉ်က တရားခွင်၏ နိုင်ငံရေးအခြေအနေအရ ပြစ်ဒဏ်စီရင်ဖို့ လုံလောက်‌ နေသည်။

 

သို့သော်လည်း ကျန် တရားခံအချို့အတွက်မူ တရားလိုပြ သက်သေအထောက်အထားများသည် အားနည်းလွန်းနေရုံသာမက လုံးဝမရှိသလောက်ကို ဖြစ်နေသည်။

 

ဥပမာအားဖြင့် တရားခံတဦးအား ပူးပေါင်းကြံစည်မှုတွင် ပါဝင်သည် ဆို သော စွပ်စွဲချက်သည် သက်သေတဦးတည်း၏ ထွက်ဆိုချက်အပေါ်ပဲ အခြေခံထားသည်။ သက်သေက ထိုတရားခံသည် လက်ကမ်းစာစောင် နှစ်စောင်လောက်ကို ရေးသားခဲ့ပြီး ANC ရေဒီယိုအတွက် အသံလွှင့်ချက်တခုကို အသံသွင်းပေးခဲ့သည်ဟု ဆိုသည်။ နောက်ထပ် သက်သေတဦးကလည်း ၎င်းတို့ ခိုအောင်းရာအိမ် ခေါင် မိုးပေါ် တွင် ရေဒီယို အင်တင်နာတခု တပ်ဆင်နေသည်ကို မြင်တွေ့ခဲ့ရသည်ဟု ပြောခဲ့သည်။

 

ဂျိမ်းစ် ကန်တာ အတွက်မူ အထိခိုက်ဆုံး ဖြစ်ခဲ့ရသည့် သက်‌ သေ ထွက်ချက်သည်က (အကယ်၍ သက်သေဟု ခေါ်၍ ရမည် ဆိုက) ၎င်း၏ ဥပဒေအကျိုးဆောင်ရုံးခန်းကို တခြားသူများက ဆက်သွယ်ရေး ပိတ်ပင်ထားမှုကို ချိုးဖောက်သည့် ပုံစံမျိုးနှင့် အသုံးပြုခဲ့ပုံရသည် ဆိုသော အချက်သာ ဖြစ်သည်။

 

တရားလိုဘက်က သက်သေပြချက်များ တင်ပြလို့ ပြီးဆုံးသွားသည့် အခါတွင်တော့ တရားခံရှေ့နေ ဘရမ် ဖစ်ရှာ ၏ က အလှည့် ရောက်လာခဲ့သည်။ တရားခံ ၁၀ ဦးအနက် ၇ ဦးသည် "နိုင်ငံတော်၏လှံတံ" အဖွဲ့ဝင်များ ဖြစ်သည်ဆိုသည်ကို ဖစ်ရှာက ဝန်ခံခဲ့ သော်လည်း၊ အဆင့်မြင့် ကွပ်ကဲမှုအဖွဲ့အနေနှင့် ပြောက်ကျားစစ် ဆင်နွှဲဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့သည် ဆိုတာကိုတော့ ငြင်းဆိုခဲ့သည်။

 

"မေယီဘူရယ်" စစ်ဆင်ရေး" သည် "လူထုနိုင်ငံရေးတိုက်ပွဲနှင့် အဖျက်အမှောင့်လုပ်ငန်းတများ ပေါင်းစပ်ပြီး ၎င်းတို ရည်မှန်းချက်များကို အောင်မြင်အောင် လုပ်ဆောင်နိုင်မည့် အခွင့်အလမ်း ရှိနေသရွေ့ အတည်ပြုပြဋ္ဌာန်းခဲ့ခြင်း မရှိသလို၊ အတည်ပြုမှာလည်း မဟုတ်ပါဘူး" လို့ ဖစ်ရှာက ဆိုသည်။ 

 

ဖစ်ရှာသည် ၎င်း၏ အဖွင့် လျှောက်လှဲချက်၏ နိဂုံး တွင် - ၎င်းက တရားခံဘက်မှ ခုခံလျှောက်လဲချက်ကို "နယ်လ်ဆင် မင်ဒဲလား၏ ထွက်ဆိုချက်နှင့် စတင်မည်ဟု ကြေညာလိုက်သည်။ မင်ဒဲလားသည် သက်သေစင်ပေါ်တက်ပြီး တရားလိုရှေ့နေ၏ ပြန်လှန်မေးခွန်းထုတ်သည် ကို အစစ်ဆေးမခံဘဲ၊ Statement from the dock ဆိုသည့် တရားခံရှိ‌ နေသည့်နေရာ ကနေ ၎င်း၏ ယုံကြည်ချက် နှင့် ရပ်တည်ချက်ကို တဖက်သတ် မိန့်ခွန်းပြောကြားမည့် အစီအစဉ် ပင် ဖြစ်သည်။