အင်္ဂလိပ်-မြန်မာ စစ်ပွဲများ (၁၈၂၄-၁၈၈၆)(24)

by Hla Soewai - May 04 2026

#မဟာဗန္ဓုလပြန်လာပြီ (၂)

 

နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မဟာဗန္ဓုလသည် ၎င်း၏တပ်မတော်ကို ရွှေတိဂုံစေတီတော်ရှေ့ရှိ သစ်တောများအတွင်း ဖြန့်ကြက်နေရာယူထား‌ ‌‌ စေသည်။ ကြည့်မြင်တိုင်အထက်ပိုင်းမှသည် ရန်ကုန်မြို့အောက်ဘက် ပုဇွန်တောင်ချောင်းအထိ သွယ်တန်းထားသော စစ်ကြောင်းတစ်လျှောက်၊ စိမ်းမှောင်သော သစ်ပင်တောအုပ်များအထက်တွင် စခန်းချမီးပုံများမှ ထွက်ပေါ်လာသည့် မီးခိုးတန်းများသည် လခြမ်းပုံသဏ္ဌာန် ရစ်ဝိုင်းလျက်ရှိသည်။

 

ဒီဇင်ဘာလ ၁ ရက်နေ့ အရုဏ်တက်ပြီး မကြာမီမှာပင် ဗန္ဓုလသည် အမြောက်ကြီးများဖြင့် တရစပ်ပစ်ခတ်ပြီး၊ သေနတ်သံများ တဖြောင်းဖြောင်း နှင့် ကြည့်မြင်တိုင်ကို စတင်တိုက်ခိုက်လေတော့သည်။ 

 

"ကျွန်ုပ်တို့ကတော့ (နှစ်မိုင်ခန့်ကွာဝေးသော်လည်း) မြင့်မားသော ရွှေတိဂုံစေတီတော်ပေါ်ကနေ ကြည့်နေရတာမို့... ဒေါသတကြီးနဲ့ တိုက်စစ်ဆင်လာတဲ့ မြန်မာတပ်သားတွေရဲ့ အော်ဟစ်ကြွေးကြော်သံတွေကို အတိုင်းသား ကြားနေရပါတယ်။ တစ်ခါတရံမှာတော့ ဇွဲနပဲကြီးကြီးနဲ့ တိုးဝင်လာတဲ့ မြန်မာစစ်ကြောင်းကြီးတွေဆီကို ဗြိတိသျှရေတပ်သားတွေက အမြောက်ကြီးတွေနဲ့ ဝိုင်းဝန်းပစ်ခတ်ပြီး ဟစ်ကြွေးလိုက်တဲ့ အောင်ပွဲခံအသံတွေကိုလည်း ကြားနေရတယ်" ဟု စနော့ဂရက် က မှတ်တမ်းတင်ခဲ့သည်။

 

တစ်ချိန်တည်းမှာပင် မှောင်ရီပျိုးစအချိန်၌ ကြည့်မြင်တိုင်အထက်ပိုင်း မြစ်ညာဘက်မှ မီးဖောင် အုပ်စုကြီးသည် မြစ်ကြောင်းအတိုင်း မီးဟုန်းဟုန်းတောက်လျက် မျှောဆင်းလာကြသည်။ ပေ ၃၀၊ ၄၀ ခန့် မြင့်တက်နေသော မီးလျှံများ ကြောင့် ပတ်ဝန်းကျင် တောအုပ်ကြီး တခုလုံး ကြောက်မက်ဖွယ်ကောင်းလောက်အောင် အလင်းရောင်များဖြင့် ထိန်ထိန်ညီးသွားစေသည်။

 

အရှေ့အိန္ဒိယကုမ္ပဏီပိုင် 'တိန်းမောက်' တိုက်သင်္ဘောသည် ထိုမီးဖောင်များကို ကြားဖြတ်ဟန့်တားရန် ကြည့်မြင်တိုင်အထက်တွင် နေရာယူထားသော်လည်း၊ ယခုအခါ ဘေးလွတ်ရာသို့ ရှောင်တိမ်းရန် ကျောက်ဆူးကိုနှုတ်၍ ရန်ကုန်ဘက်သို့ မြစ်ကြောင်းအတိုင်း မျှောဆင်းသွားခဲ့သည်။ ၎င်း၏နောက်တွင် မီးတောက်နေသော မီးဖောင်များက ထပ်ကြပ်မကွာ လိုက်ပါလာကြသည်။

 

ထိုမီးဖောင်များ၏ နောက်နားလေးတွင် ရွှေချထားသော တိုက်လှေအုပ်စု တစုသည် တက်များကို ညီညာစွာ ခတ်လျက် ပေါ်ထွက်လာသည်။ ထိုတိုက်လှေအုပ်စုသည် ကြည့်မြင်တိုင်ခံတပ်နှင့် အပြိုင်နေရာယူပြီးနောက် အမြောက်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်လေတော့သည်။

 

အမိန့်ပေးကွပ်ကဲနေသည့် အမှတ် (၂၆) မဒရပ်တိုင်းရင်းသား ခြေလျင်တပ်မှ မေဂျာ ယိတ်စ် သည် ၎င်း၏ အမြောက်တပ်ကို မြန်မာတို့ဘက်သို့ လှည့်၍ ပစ်ခတ်ခဲ့သည်။ သို့သော် ထိုစဉ်မှာပင် ကုန်းဘက်ရှိ ပတ်ပတ်လည်တောအုပ်များအတွင်းမှ မြန်မာစစ်သည်များ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြန်သည်။ ၎င်း၏ သေနတ်ကိုင်တပ်သားများက ထိုတိုက်ခိုက်မှုများကို ခုခံဟန့်တားထားစဉ် အမြောက်တပ်က မြန်မာတိုက်လှေများကို ဆုတ်ခွာသွားအောင် ဖိအားပေးနိုင်ခဲ့သည်။

 

တစ်ချိန်တည်းမှာပင် မြန်မာတို့၏ မီးဖောင်များသည် မြစ်ကွေ့တစ်ခုတွင် သောင်တင်သွားပြီး ကံကောင်းထောက်မစွာဖြင့် ထိုနေရာ၌ပင် လောင်ကျွမ်းပျက်စီးသွားခဲ့သည်။ ကပ္ပတိန် ရိုက်ဗ်စ် က တိန်မောက် သင်္ဘောကို ၎င်း၏စခန်းသို့ ချက်ချင်းပြန်လာရန် အမိန့်ပေးလိုက်သည့်အတွက် ပထမ အကျပ်အတည်းမှာ ပြီးဆုံးသွားခဲ့သည်။ သို့သော် မေဂျာ ယိတ်စ်အတွက်မူ ကြည်မြင်တိုင် ၏ အခြေအနေမှာ အန္တရာယ်ရှိနေဆဲပင် ဖြစ်သည်။ အကြောင်းမှာ ခံတပ်ကို ထိန်းထားနိုင်ရန်အတွက် ၎င်းတွင် ဗြိတိသျှစစ်သည် ၈၇ ဦးနှင့် အိန္ဒိယ စစ်ဗာရီ တပ်သား ၂၀၀ ခန့်သာ ရှိပြီး ရေတပ်၏ အကူအညီကိုသာ အားကိုးနေရသောကြောင့် ဖြစ်သည်။

 

မွန်းလွဲပိုင်းအချိန်တွင် မြစ်တစ်ဖက်ကမ်းရှိ ဒလလွင်ပြင်ကို ဖြတ်ကျော်၍ ရန်ကုန်မြို့ဘက်သို့ ချီတက်လာကြသော မြန်မာစစ်ကြောင်း ငါးကြောင်း သို့မဟုတ် ခြောက်ကြောင်းခန့်ရှိ စစ်ကဲ၊ ဗိုလ်မှူးတို့၏ ရွှေထီးများမှာ နေရောင်အောက်တွင် တလက်လက်တောက်ပနေကြသည်။ ၎င်းတို့သည် ရန်ကုန်မြို့နှင့် မျက်နှာချင်းဆိုင်နေရာသို့ ရောက်ရှိလာသောအခါ ရေတပ်သင်္ဘောများကို တိုက်ခိုက်ရန်အတွက် ခံတပ်ကျုံးများ တူးကြပြီး အမြောက်တပ်များကို စတင်နေရာချကြသည်။ အချို့ကမူ အမြောက်များ၏ ပတ်ပတ်လည်တွင် သစ်လုံး ခံတပ်များကို တည်ဆောက်ကြသည်။

 

ထိုအချိန်တွင် ကြည့်မြင်တိုင်၌ ရှိနေသော အင်္ဂလိပ်အရာရှိ ယေးတ်စ် အတွက်မူ အခြေအနေမှာ ပိုမိုတင်းမာလာနေသည်။ မြန်မာတို့သည် ကြည့်မြင်တိုင် သစ်လုံး ခံတပ်ကို ဘက်ပေါင်းစုံမှ ဝိုင်းရံပိတ်ဆို့ထားပြီးဖြစ်ကာ အနီးဝန်းကျင်ရှိ တောအုပ်အတွင်းမှနေ၍ အဆက်မပြတ် ပစ်ခတ်နေကြသည်။ ပြင်ပလောကနှင့် အဆက်အသွယ်ဖြတ်တောက်ကာ အင်အားသုံး၍ဖြစ်စေ၊ ရိက္ခာဖြတ်၍ဖြစ်စေ လက်နက်ချလာအောင် လုပ်ဆောင်ခြင်းမှာ လိမ္မာပါးနပ်သော အစီအစဉ်တစ်ခုဖြစ်သည်။ သို့သော် ထိုအစီအစဉ် အောင်မြင်ရန်မှာ ဒလဘက်မှ အမြောက်တပ်များ၏ ပစ်ကူမှု၊ မီးဖောင်များနှင့် တိုက်လှေများ၏ စွမ်းဆောင်ရည်အပေါ်တွင်သာ အလုံးစုံ တည်မှီနေပေသည်။

 

ရွှေတိဂုံစေတီတော်နှင့် ရန်ကုန်မြို့အကြားရှိ မြန်မာတပ်သားများသည် မိမိတို့ကိုယ်ကို ကာကွယ်ရန် မြေကျင်းများ တူးကြရာတွင် မည်မျှထိ အားသွန်ခွန်စိုက် ရှိလှသနည်းဆိုမူ၊ နှစ်နာရီခန့်အတွင်းမှာပင် သူတို့အားလုံးသည် မြေအောက်သို့ လုံးဝကွယ်ပျောက်သွားကြတော့သည်။ 

 

တပ်မှူးများ စစ်ဆေးရန် သွားလာလှုပ်ရှားနေသည့် အခါ၌သာ တခါတရံ မြင်တွေ့ရတတ်သော ရွှေထီးများမှအပ၊ သူတို့ မည်သည့်နေရာတွင် ရှိနေသည်ကို မြေတံတိုင်းများကသာ သက်သေ ခံနေရသည်။

 

"အဝေးကနေ ကြည့်နေတဲ့သူတစ်ယောက်အဖို့တော့ မြေဆိုင် မြေခဲတွေ ဖုံးနေတဲ့ အဲဒီကုန်းတောင်တန်းတွေကို မြင်ရင် တိုက်ခိုက်ဖို့ ပြင်နေတဲ့ စစ်တပ်တတပ်ရဲ့ ချဉ်းကပ်ရာလမ်းတွေလို့ ထင်စရာ အကြောင်းကို မရှိပါဘူး။ ဒါပေမဲ့ ထူးထူး ဆန်းဆန်း မြင်တွေ့နေခဲ့ရတဲ့ ကျွန်တော်တို့အဖို့တော့ ဒါဟာ မှော်အတတ် ဒါမှမဟုတ် ဂါထာမန္တန်တွေနဲ့ ဖန်တီးထားတဲ့ လက်ရာတစ်ခုလိုပဲ ထင်မှတ်ရပါတယ်" ဟု စနော့ဂရက်စ်က မှတ်တမ်းတင်ခဲ့သည်။

 

၎င်းမှာ ဗြိတိသျှတို့ကို အံ့အားသင့်စေခဲ့သော စစ်ဆင်ရေးနည်းဗျူဟာတစ်ခုဖြစ်ပြီး၊ နောင်နှစ်ပေါင်း တစ်ရာခန့်အကြာ ကမ္ဘာ့အဖျက်စွမ်းအားအကြီးဆုံး စစ်ပွဲကြီး ဖြစ်သည့် ပထမ ကမ္ဘာစစ် ၏ စစ်မျက်နှာများတွင် အဓိကလွှမ်းမိုးလာမည့် တိုက်ခိုက်ရေးနည်းလမ်းလည်း ဖြစ်သည်။

 

 သို့သော် မြန်မာတို့၏ ကတုတ်ကျင်းခံစစ်များသည် မည်မျှအထိ ထိရောက်မှုရှိသနည်း။ ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ကမ်းဘဲလ် က ထိုအချက်ကို စမ်းသပ်ရန် ဆုံးဖြတ်ခဲ့ပြီး၊ မေဂျာဆေးလ် ကို ဘုရားအနီးတွင် အလုပ်ရှုပ်နေသော ရန်သူ မြန်မာတပ်များအား ရုတ်တရက် ဝင်ရောက်စီးနင်းရန် အမိန့်ပေးခဲ့သည်။ ဆေးလ်သည် အမှတ် (၁၃) တပ်ရင်းနှင့် အမှတ် (၁၈) မဒရပ်တိုင်းရင်းသားခြေလျင်တပ်ခွဲများကို ဦးစီး၍ အလစ်အငိုက် တိုက်ခိုက်ခဲ့ရာ မြန်မာတို့၏ ခံစစ်ကို အလွယ်တကူ ထိုးဖောက်နိုင်ခဲ့သည်။ 

 

ရန်သူ့နံဘေးမှ ကပ်၍ တိုက်ခိုက်ကာ မြန်မာတပ်များကို အကာအကွယ်များနောက်မှ မောင်းထုတ်နိုင်ခဲ့သဖြင့် မြန်မာဘက်မှ အကျအဆုံး များပြားခဲ့သည်။ ဆေးလ်သည် ရန်သူ့ထံမှ သိမ်းဆည်းရမိသော လက်နက်များကို သယ်ဆောင်၍ မြန်မာတို့ ပြန်လည်မတိုက်ခိုက်နိုင်မီ အမြန်ဆုတ်ခွာခဲ့သည်။ သူ နှင့် အတူ ကတုတ်ကျင်းများ၏ အနေအထားနှင့် ထိုကတုတ်ကျင်းများသည် အမြောက်ဒဏ်ကို မည်မျှအထိ ကာကွယ်ပေးနိုင်သည်ဟူသော အဖိုးတန် သတင်းအချက်အလက်များကိုပါ ယူဆောင်လာနိုင်ခဲ့လေသည်။

 

ကြည့်မြင်တိုင်တွင် မေဂျာယိတ်စ် နှင့် သူ၏တပ်ဖွဲ့သည် ရန်သူ၏အကြိမ်ကြိမ် တိုက်ခိုက်မှုများကို အခိုင်အမာ တွန်းလှန် ခုခံထား နိုင် ဆဲဖြစ်သည်။ ခုခံသူများသည် ၃၆ နာရီတိုင်တိုင် အနားမရဘဲ ဝိုင်းရံပိတ်ဆို့ခြင်း ခံထားရသဖြင့် မှောင်စပျိုးချိန်တွင် အနားယူရန် မျှော်လင့်ခဲ့ကြသည်။ 

 

သို့သော် မြန်မာတို့သည် ညဘက်တိုက်ခိုက်ခြင်းကို ပိုမိုနှစ်သက်ကြရာ ည ၈ နာရီခန့် အမှောင်ထုအတွင်း၌ ဟိန်းထွက်နေသော မောင်းသံများဖြင့် စုရပ် အတွက် အချက်ပေးသံများ ထွက်ပေါ်လာလေသည်။

 

မကြာမီမှာပင် မြန်မာတပ်သားများသည် ပိန်းပိတ်အောင် မှောင်နေသော တောအုပ်အတွင်းမှ အင်အားအလုံးအရင်းဖြင့် ထွက်ပေါ်လာပြီး ဗြိတိသျှတို့၏ ခံတပ်ကို လှေကားများဖြင့် ကျော်တက်တိုက်ခိုက်သည့် နည်းလမ်းဖြင့် သိမ်းပိုက်ရန် ကြိုးပမ်းကြသည်။ တစ်ချိန်တည်းမှာပင် မြစ်အတွင်းမှ နေ၍လည်း ကြည့်မြင်တိုင်ကို ကူညီပေးနေသော ဗြိတိသျှ သင်္ဘောများနှင့် လှေများကို မောင်းထုတ်ရန် သို့မဟုတ် ဖျက်ဆီးရန်အတွက် မြန်မာတို့က မီးဖောင် အုပ်စုကြီးကို လွှတ်လိုက်ရာ မီးလျှံများက ညအမှောင်ထုကို ထိန်လင်းသွားစေသည်။ ထိုအစီအစဉ်သည် တစိတ်တပိုင်း အောင်မြင်ခဲ့သည်ဟု ဆိုရမည်။ အကြောင်းမှာ တိန်းမောက် သင်္ဘောသည် မြစ်ကြောင်းအတိုင်း အောက်ဘက်သို့ တဖန်ပြန်၍ ဆုတ်ခွာသွားခဲ့ရသောကြောင့် ဖြစ်သည်။