ဝါဒ ဖြန့်ချီ ရေး နှင့် ပြည်သူ့ ဆက်ဆံရေး
တော်လှန်ရေး၏ အယူအဆ စိတ်ကူးစိတ်သန်းများကို လက်လှမ်းမှီ သမျှသော မီဒီယာလမ်းကြောင်းများမှတဆင့် အကျယ်ပြန့်ဆုံး ပျံ့နှံ့သွားအောင် ဆောင်ရွက်ရမည်။ ယင်းသို့ ဆောင်ရွက်နိုင်ရန်အတွက် ပြည့်စုံသော အထောက်အပံ့ပစ္စည်းများနှင့် အဖွဲ့အစည်းတခု လိုအပ်သည်။ ထိုအဖွဲ့အစည်းတွင် တစ်နိုင်ငံလုံး အတိုင်းအတာကို လွှမ်းခြုံနိုင်သည့် အပြန်အလှန် အထောက်အကူပြုသော ဌာနခွဲနှစ်ခု ပါဝင်ရမည်။
ပထမတခုမှာ လွတ်မြောက်နယ်မြေ၏ ပြင်ပ (ဆိုလိုသည်မှာ အမျိုးသားရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ) ထံမှ မြစ်ဖျားခံလာသော ဝါဒဖြန့်ချိရေးဖြစ်ပြီး၊ ဒုတိယတစ်ခုမှာ လွတ်မြောက်နယ်မြေ အတွင်းရှိ ပြောက်ကျားတပ်ဖွဲ့၏ အခြေစိုက်စခန်းများမှ ထွက်ပေါ် လာသော ဝါဒဖြန့်ချိရေး ဖြစ်သည်။
လုပ်ငန်းသဘာဝအရ အပြန်အလှန် နီးကပ်စွာ ဆက်နွှယ်နေသည့် ဤဝါဒဖြန့်ချိရေး ပုံစံနှစ်မျိုးလုံးကို ပေါင်းစပ်ညှိနှိုင်းနိုင်ရန်အတွက် ညွှန်ကြားရေးမှူး တဦးတည်းကသာ တာဝန်ယူ ကိုင်တွယ်သင့်သည်။
လွတ်မြောက်နယ်မြေပြင်ပရှိ အရပ်ဘက်အဖွဲ့အစည်းများမှ ထုတ်ပြန်သော အမျိုးသားရေးဆိုင်ရာ ဝါဒဖြန့်ချိမှုများကို သတင်းစာများ၊ သတင်းလွှာများနှင့် ကြေညာချက်များမှတဆင့် ပျံ့နှံ့အောင် လုပ်ဆောင်ရမည်။ အရေးအပါဆုံးသော သတင်းစာများသည် ယေဘုယျအားဖြင့် အမျိုးသားရေးရာ ကိစ္စရပ်များကို အလေးပေးဖော်ပြရမည်ဖြစ်ပြီး၊ ပြောက်ကျားတပ်ဖွဲ့များ၏ အခြေအနေနှင့် ပတ်သက်၍လည်း ပြည်သူလူထုထံသို့ တိကျမှန်ကန်သော သတင်းအချက်အလက်များ ပေးရမည်။ ထိုသို့ဆောင်ရွက်ရာတွင် ‘ရေရှည်၌ အမှန်တရားသည်သာလျှင် အကောင်းဆုံးသော မူဝါဒဖြစ်သည်’ ဟူသော အခြေခံသဘောတရားကို အမြဲတစေ လိုက်နာစောင့်ထိန်းရမည် ဖြစ်သည်။
ယေဘုယျ စိတ်ဝင်စားဖွယ်ရာ ထုတ်ဝေမှုများအပြင် လူထုအတွင်းရှိ ကဏ္ဍအသီးသီးအတွက် သီးသန့် ရည်ရွယ်သော အခြားထုတ်ဝေမှုများလည်း ရှိရပေမည်။ ကျေးလက်ဒေသအတွက် ထုတ်ဝေသော စာစောင်သည် တော်လှန်ရေး၏ အကျိုးကျေးဇူးများကို လက်တွေ့ခံစားနေရပြီဖြစ်သော လွတ်မြောက်နယ်မြေများရှိ ရဲဘော်များထံမှ သတင်းစကားကို လယ်သမားထုထံသို့ ပါးနိုင်ရမည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ၎င်းတို့၏ မျှော်လင့်ချက်ဆန္ဒများကို ပိုမိုခိုင်မာစေသည်။
အလုပ်သမားသတင်းစာတွင်လည်း အလားတူအင်္ဂါရပ်များ ပါရှိရမည်ဖြစ်သော်လည်း ခြားနားချက်တစ်ခုမှာ အလုပ်သမားထုအတွင်းရှိ တိုက်ပွဲဝင်ကဏ္ဍမှ သတင်းစကားများကို အမြဲတမ်း ဖော်ပြပေးနိုင်ရန် ခဲယဉ်းလိမ့်မည် ဖြစ်သည်။ အကြောင်းမှာ အလုပ်သမားအဖွဲ့အစည်းများသည် တော်လှန်ရေး၏ နောက်ဆုံးအဆင့်များသို့ ရောက်ရှိချိန်အထိ ပြောက်ကျားစစ် ယန္တရားအတွင်း၌ ပါဝင်လှုပ်ရှားနိုင်ဦးမည် မဟုတ်သောကြောင့် ဖြစ်သည်။
တော်လှန်ရေးလှုပ်ရှားမှု၏ အဓိကဆောင်ပုဒ်များ၊ သင့်တော်သောအချိန်တွင် တော်လှန်ရေးအင်အားစုများကို အထောက်အကူပြုစေမည့် "အထွေထွေသပိတ်" ဆိုင်ရာ လမ်းညွှန်ချက်များနှင့် ညီညွတ်ရေး၏ လိုအပ်ချက်တို့ကို ရှင်းလင်းတင်ပြရမည်။
အခြားသော စာစောင်များကိုလည်း ထုတ်ဝေနိုင်သည်။ ဥပမာအားဖြင့် - တိုက်ခိုက်ရေးတပ်ဖွဲ့ဝင် မဟုတ်သော်လည်း အဖျက်အမှောင့်လုပ်ငန်းများနှင့် တိုက်ခိုက်မှုများ စသည်တို့ကို နည်းမျိုးစုံဖြင့် ဆောင်ရွက်နေကြသည့် ကဏ္ဍအသီးသီးမှ ပြည်သူများ လုပ်ဆောင်ရမည့် တာဝန်များကို ရှင်းလင်းသည့် စာစောင်မျိုး ဖြစ်သည်။
တော်လှန်ရေးအဖွဲ့အစည်းအတွင်း၌ ရန်သူ့စစ်သားများကို ဦးတည်သည့် စာစောင်များလည်း ရှိသင့်သည်။ ထိုစာစောင်များသည် ရန်သူ့စစ်သားတို့အား အမှောင်ချခြင်း ခံထားရသည့် အဖြစ်မှန်များကို သိရှိနားလည်အောင် ရှင်းပြပေးလိမ့်မည်။ ထို့အပြင် သတင်းထုတ်ပြန်ချက်များနှင့် တော်လှန်ရေးအဖွဲ့၏ ကြေညာချက်များသည်လည်း အလွန်ပင် အသုံးဝင်လှပေသည်။
ပြောက်ကျားနယ်မြေအတွင်း၌ ဝါဒဖြန့်ချိရေးအထိရောက်ဆုံး ဖြစ်အောင် ပြင်ဆင်ဖန်တီး ပေးထားရမည်။ ထိုနယ်မြေအတွင်းရှိ ဒေသခံပြည်သူများက လက်တွေ့ဘဝဖြင့် နားလည်သဘောပေါက်ပြီးဖြစ်သည့် "တော်လှန်ပုန်ကန်မှု၏ သီအိုရီဆိုင်ရာ အရေးပါမှုများ" ကို ၎င်းတို့ကြားတွင် ပျံ့နှံ့သွားစေရန် ဦးစားပေး လုပ်ဆောင်ရမည်။
ထိုနယ်မြေအတွင်း၌ -တောင်သူလယ်သမား ဂျာနယ်များ၊ ပြောက်ကျားတပ်ဖွဲ့အားလုံး၏ အထွေထွေသတင်းစဉ်များ၊သတင်း ထုတ်ပြန်ချက်နှင့် ကြေညာချက်များ ရှိရမည့်အပြင်၊ ထိုထက် ပို၍အရေးပါသော "ရေဒီယို" လည်း ရှိရမည်။
ပြဿနာအရပ်ရပ်ကို ရေဒီယိုမှတစ်ဆင့် ဆွေးနွေးတင်ပြသင့်သည်။ ဥပမာအားဖြင့် လေကြောင်းတိုက်ခိုက်မှုမှ မည်သို့ကာကွယ်ရမည်၊ ရန်သူ့တပ်ဖွဲ့များ မည်သည့်နေရာတွင် ရှိနေသည် စသည်တို့ကို ရန်သူ့တပ်ထဲမှ လူသိများသူများ၏ အမည်ကိုပင် တိတိကျကျ ထည့်သွင်းပြောကြားသင့်သည်။
အမျိုးသားအဆင့် ဝါဒဖြန့်ချိရေးတွင်မူ လွတ်မြောက်နယ်မြေပြင်ပ၌ ထုတ်ဝေသော သတင်းစာများနှင့် ဆင်တူသည့် ပုံစံမျိုးကို အသုံးပြုမည်ဖြစ်သော်လည်း၊ ပိုမိုလတ်ဆတ်ပြီး တိကျသော သတင်းများ၊ စာဖတ်သူတို့ အလွန်စိတ်ဝင်စားမည့် တိုက်ပွဲသတင်းများနှင့် ဖြစ်ရပ်မှန်များကို ထည့်သွင်းဖော်ပြနိုင်ရမည်ဖြစ်သည်။
နိုင်ငံတကာရေးရာ သတင်းအချက်အလက်များကို လွတ်မြောက်ရေးတိုက်ပွဲနှင့် တိုက်ရိုက်သက်ဆိုင်သည့် အချက်အလက်များအပေါ် ဝေဖန်သုံးသပ်ချက်များအဖြစ်သာ သီးသန့်ကန့်သတ်ဖော်ပြရမည်။ အထူးသဖြင့် ရေဒီယိုမှတစ်ဆင့် ပြောသောစကားသည် အထိရောက်ဆုံးသော ဝါဒဖြန့်ချိရေးဖြစ်ပြီး၊ နိုင်ငံတစ်ဝန်းလုံးသို့ အလွယ်တကူ ပျံ့နှံ့ရောက်ရှိနိုင်ကာ ပြည်သူတို့၏ အကျိုးအကြောင်းဆင်ခြင်တုံတရားနှင့် ခံစားချက်များကို လှုံ့ဆော်ပေးနိုင်သည်။
ရေဒီယိုသည် အလွန်တရာ အရေးပါသော အခန်းကဏ္ဍတွင် ရှိသည်။ ဒေသတခု သို့မဟုတ် နိုင်ငံတနိုင်ငံ အတွင်းရှိ လူတိုင်း၏ရင်ထဲတွင် စစ်ပွဲစိတ်ဓာတ်များ အနည်းနှင့်အများ တရှိန်ရှိန်တောက်လောင်နေချိန်တွင်၊ စိတ်ဓာတ်တက်ကြွဖွယ်ရာ ပြင်းပြသော စကားလုံးများက ထိုစိတ်ဓာတ်ကို ပိုမိုမြင့်မားစေပြီး နောင်လာမည့် တိုက်ပွဲဝင်မည့်သူများထံသို့ ကူးစက်ပျံ့နှံ့စေမည် ဖြစ်သည်။
မိမိတို့နှင့်အတူ ရပ်တည်မည့်သူများမှာ မည်သူမည်ဝါဖြစ်ကြောင်း အသိပေးပြီး စည်းလုံးစေရမည်။ မိမိတို့၏ ရန်သူသည် မည်သူဖြစ်ကြောင်း၊ သူတို့သည် မည်မျှ ဆိုးယုတ်ကြောင်း သတ်မှတ်ပေးလိုက်ပြီး လူထုကို ရန်သူနှင့် မပတ်သက်မိအောင် သတိပေးနိုင် သည်။ ဤနည်းဖြင့် လူထုကို နားလည်အောင်ရှင်းပြ နိုင်ယုံသာမက၊ စိတ်ဓာတ်တက်ကြွလာအောင် လုပ်ရမည်ဖြစ်ပြီး၊ နောက်ဆုံးတွင် "ဘယ်သူ့ဘက်က ရပ်တည်ရမည်နည်း" ဆိုသည့် ရန် ငါ ပြတ်သွားအောင် လုပ်ဆောင်ပေးရမည် ဖြစ်သည်။
သို့ရာတွင် ရေဒီယိုသည် လူထုဝါဒဖြန့်ချိရေး၏ အခြေခံမူဖြစ်သော ‘အမှန်တရား’ အပေါ်တွင်သာ အခြေခံရမည်။ လှပအောင် ပြင်ဆင်မွမ်းမံထားသည့် ကြီးမားသော မုသာဝါဒထက်၊ အရေးမပါစေကာမူ အမှန်တရားကိုသာ ပြောကြားခြင်းက ပို၍ ကောင်းမွန်သည်။ ရေဒီယိုသည် တိုက်ပွဲသတင်းများ၊ ရင်ဆိုင်တွေ့ဆုံမှုများနှင့် ဖိနှိပ်ရေးယန္တရားများက ကျူးလွန်သော လုပ်ကြံသတ်ဖြတ်မှု သတင်းများကို ထုတ်လွှင့်ပေးသင့်သည်။
ထို့အပြင် အရပ်သားပြည်သူများအတွက် လိုက်နာရမည့် ဝါဒပိုင်းဆိုင်ရာ လမ်းညွှန်မှုများနှင့် လက်တွေ့သင်ခန်းစာများကိုလည်း ပေးသင့်သည်၊ အခါအားလျော်စွာ တော်လှန်ရေးခေါင်းဆောင်များ၏ မိန့်ခွန်းများကိုလည်း ထုတ်လွှင့်ပေးရမည်။
လှုပ်ရှားမှု၏ အဓိကသတင်းစာကို အမည်ပေးရာတွင်လည်း အမျိုးသားအာဇာနည် သို့မဟုတ် ထိုကဲ့သို့သော လူထုကို စည်းလုံးစေနိုင်သည့် ပုံရိပ်တစ်ခုခုကို အမှတ်ရစေမည့် အမည်မျိုး ပေးသင့်သည်ဟု ကျွန်ုပ်တို့ ယူဆသည်။
အတွင်းကျကျ ရေးသားထားသော ဆောင်းပါးများကလည်း လှုပ်ရှားမှုသည် မည်သည့်ဦးတည်ချက်သို့ သွားနေသည်ကို ရှင်းလင်းတင်ပြရမည်ဖြစ်ပြီး၊ စာဖတ်သူများ စိတ်ဝင်စားဖွယ်ရာ ကဏ္ဍများအပြင် နိုင်ငံ၏ ကြီးမားသော ပြဿနာရပ်များနှင့် ပတ်သက်၍ နိုးကြားမှုရှိလာအောင် ဖန်တီးပေးရမည်ဖြစ်သည်။
************