ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(81)

by Hla Soewai - May 04 2026

စစ်ဆေးမေးမြန်းခန်း ရိုက်ကွင်းအတွင်း မျက်နှာပေါ်က ပိတ်စကို ဖယ်ရှားလိုက်သည့် အကြိမ်တိုင်းတွင် (ထိုသို့ ဖယ်ရှားခြင်းမှာလည်း အကြိမ်ကြိမ်ပင် ဖြစ်သည်) ဂျိမ်းယွန်းသည် ထိုအခိုက်အတန့်ကို အငမ်းမရ အသုံးချ ပစ်တော့သည်။ သူ၏ သရုပ်ဆောင်ကွက်ကို လုယူသွားမည့်သူ မရှိတော့ကြောင်း သိနေသော ငတ်မွတ်နေသူတဦးကဲ့သို့ ပြင်းပြသော စိတ်ဆန္ဒဖြင့် သူက သရုပ်ဆောင် ပြနေခြင်း ဖြစ်သည်။

 

ထို အခန်း ကို တော့ မိခင် ဖြစ်သူ တဦးသည်သူမ ၏ ချစ်စရာကောင်းလှသည့် ကလေးငယ်ကိုတော့ ပေးကြည့်မည် မဟုတ်သည်က သိသာ နေသည်။ 

 

သူသည် မျက်နှာကို ရှုံ့မဲ့ပြသည်၊ ညည်းညူ သည်၊ အသံနက်ကြီးဖြင့် အော်ဟစ်သည်၊ ငိုကြွေးသည်၊ ရှိုက်ကြီးတငင် ငိုချလိုက်ရာတွင်လည်း သူ့ခန္ဓာကိုယ်၏ နက်ရှိုင်းသော တစ်နေရာမှ ပုံးလိုက်ချီ၍ ခပ်ယူလာရသည့် တကယ့်မျက်ရည်များဖြင့် ငိုကြွေးနေခြင်း ဖြစ်သည်။

 

ထို့နောက်တွင်တော့ သူသည် အော်ဟစ်သည်၊ စူးစူးဝါးဝါး အော်သည်၊ လူးလိမ့်သည်၊ ခန္ဓာကိုယ်ကို လိမ်ကျစ် ကွေးကောက်ကာ ရုန်းကန်သည်၊ ပြင်းပြင်းထန်ထန် အသက်ရှူသည်— ဇာတ်ရှိန်အမြင့်ဆုံး အပိုင်းမှာတော့ သူသည် မနက်က စားထားသည့် ငန်ကျိကျိ၊ ချဉ်တူးတူး အရသာရှိသော ဝက်အူချောင်း နှင့် ကြက်ဥများကို ဟင်းချိုပျစ်ပျစ်များအလား အန်ထုတ်လိုက်ခြင်းပင် ဖြစ်သည်။

 

ပထမဆုံး ရိုက်ချက်ပြီးဆုံးသွားချိန်တွင်တော့ ရိုက်ကူးရေးအဖွဲ့သားများအားလုံး ဘုရားကျောင်းအတွင်း ရောက်‌ နေသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ သူတို့အားလုံးသည် အမေရိကန် စိုက်ခင်းတခုက အရိုက်အနှက်ခံထားရသည့် ကျွန်တစ်ဦးကဲ့သို့ ဖတ်ဖတ်မွမ်းနေသော ဂျိမ်းယွန်း၏ အခြေအနေကို ကြည့်ပြီး မှင်သက်နေကြသည်။

 

ရုပ်ရှင် ဒါရိုက်တာ ကိုယ်တိုင် ရေစိုဝတ်တခုဖြင့် ရောက်လာပြီး ကုလားထိုင်တွင် ချည်နှောင်ခံထားရဆဲဖြစ်သော သရုပ်ဆောင်၏ ဘေးတွင် ဒူးထောက်ထိုင်ကာ ဂျိမ်းယွန်း၏ မျက်နှာပေါ်မှ အန်ဖတ်များကို ကြင်နာစွာ သုတ်ပေးလိုက်သည်။

 

"ဒါဟာ တကယ့်ကို အံ့သြစရာပဲ ဂျင်မီ၊ တကယ့်ကို အံ့သြစရာပဲ"

 

"ကျေးဇူးတင်ပါတယ်" ဟု ဂျိမ်းယွန်းက အမောတကောဖြင့် ပြန်ပြောလိုက်သည်။

 

"ကဲ... သေချာသွားအောင် နောက်တစ်ခေါက်လောက် ထပ်ရိုက်ကြည့်ရအောင်"

 

တကယ်တမ်း တကြိမ်သာ မဟုတ် ဒါရိုက်တာ ကြီး က စိတ်ကျေနပ်မှုမရမချင်း နောက်ထပ် ခြောက်ကြိမ်တိုင်တိုင် ထပ်မံရိုက်ကူးခဲ့ရသည်။ မွန်းတည့်ချိန် တတိယအကြိမ် ရိုက်ကူးပြီးနောက် ဒါရိုက်တာက ဂျိမ်းယွန်း ကို နေ့လယ်စာစားရန် ခေတ္တနားချင်သလားဟု မေးသော်လည်း မင်းသားမှာ တစ်ကိုယ်လုံး တုန်ရီနေရင်းက - "ဟင့်အင်း၊ ကျွန်တော့်ကို မဖြုတ်ပေးပါနဲ့ဦး၊ ကျွန်တော် အခု နှိပ်စက်ခံနေရတာပဲ မဟုတ်လား" ဟု တိုးတိုးလေး ဆိုခဲ့သည်။ အခြားသော သရုပ်ဆောင်များနှင့် အဖွဲ့သားများမှာ ထမင်းစားဆောင်၏ အေးမြသော အရိပ်အောက်သို့ အနားယူရန် သွားကြသော်လည်း ကျွန်တော်ကမူ ဂျိမ်းယွန်းအနားတွင် ထိုင်ပြီး ထီးဖြင့် မိုးပေးရန် ကမ်းလှမ်းခဲ့သည်။ 

 

သို့သော် သူက လိပ်တစ်ကောင်ကဲ့သို့ ခိုင်မာသော ဇွဲဖြင့် ခေါင်းခါယမ်းကာ ငြင်းဆန်ခဲ့၏။ "မဖြစ်ဘူးဗျာ၊ ကျွန်တော် ဒါကို အဆုံးထိ ကြိုးစားကြည့်မယ်။ နေပူထဲမှာ တစ်နာရီလောက်ပဲဟာ။ 'ဘင်' တို့လို လူမျိုးတွေဆိုရင် ဒီထက်ဆိုးတဲ့ ဒုက္ခတွေကိုတောင် ဖြတ်ကျော်ခဲ့ရတာပဲ မဟုတ်လား" ဟု ဆိုသည်။

 

"အများကြီး ပိုဆိုးတာပေါ့" ဟု ကျွန်တော်က ပြောလိုက်သည်။ ဂျိမ်းယွန်း၏ ကြောက်မက်ဖွယ် ကောင်းလှသော အတွေ့အကြုံမှာ အနည်းဆုံးတော့ ယနေ့တွင် ပြီးဆုံးသွားမည် ဖြစ်သော်လည်း (သို့မဟုတ် သူက ထိုသို့ မျှော်လင့်နေသော်လည်း) အကျဉ်းသား စစ်စစ် ဖြစ်ခဲ့သူ တဦး၏ ဝေဒနာမှာမူ ရက်ပေါင်း၊ လပေါင်း၊ နှစ်ပေါင်းများစွာ ဆက်လက် တည်ရှိနေပေလိမ့်မည်။ 

 

ကျွန်တော်တို့၏ ထောက်လှမ်းရေး အစီရင်ခံစာများအရ ဖမ်းဆီးထားသူ ကျွန်တော့်၏ ကွန်မြူနစ် ရဲဘော်များ အတွက်သာမက "အထူးအဖွဲ့" (Special Branch) မှ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်များ၏ စစ်ဆေးမေးမြန်းခြင်း ခံနေရသူများအတွက်ပါ ဤအချက်မှာ မှန်ကန်လှသည်။

 

"အထူးအဖွဲ့" ၏ စစ်ဆေးမေးမြန်းမှုများမှာ ရဲများက သေသေချာချာ ဆောင်ရွက်နေ၍လော၊ စိတ်ကူးစိတ်သန်း ကင်းမဲ့၍လော၊ သို့မဟုတ် ရက်စက်ကြမ်းကြုတ်မှုကို ခံစားနေကြ၍လော။ "အကုန်လုံးပဲ" ဟု ကလောဒ် က ဆိုသည်။ သို့သော် စိတ်ကူးစိတ်သန်း ကင်းမဲ့ခြင်းနှင့် ရက်စက်ခြင်းတို့မှာ သေသေချာချာ လုပ်ဆောင်ခြင်းနှင့် ဆန့်ကျင်ဘက် ဖြစ်နေပြန်သည်။ 

 

ကလောဒ်သည် ဆိုင်ဂုံ သင်္ဘောကျင်းများဆီသို့ မျက်နှာမူထားသော ပြတင်းပေါက်များနောက်ရှိ အမျိုးသား စစ်ဆေးမေးမြန်းရေး ဗဟိုဌာနတွင် သူသည် လျှို့ဝှက်ရဲတပ်ဖွဲ့ဝင် များကို ဟောပြောပို့ချနေခြင်း ဖြစ်သည်။ သူ၏ မြေအောက် အထူးဘာသာရပ်ကို တက်ရောက်နေသည့် ကျွန်တော်အပါအဝင် သင်တန်းသား အယောက် ၂၀ မှာ စစ်တပ်နှင့် ရဲတပ်ဖွဲ့မှ ဝါရင့်သူများ ဖြစ်ကြသော်လည်း၊ သူ၏ ဆော်ဘွန်းသို့မဟုတ် ဟားဗတ်၊ သို့မဟုတ် ကင်းဘရစ်ချ် တက္ကသိုလ်မှ ပါမောက္ခတစ်ဦးကဲ့သို့ ပြောဆိုနေသော အရှိန်အဝါ အောက်တွင် ကြောက် ကြောက်လန့် လန့် ဖြစ်နေကြရသည်။

 

"လူကြီးမင်းတို့... သတင်းအချက်အလက်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဘယ်လို ရယူမလဲဆိုတဲ့ မေးခွန်းအတွက် ရိုင်းစိုင်းတဲ့ အင်အားသုံးမှုဟာ အဖြေမဟုတ်ပါဘူး။ ရိုင်းစိုင်းတဲ့ အင်အားသုံးမှုကနေ ရလာဖို့ ရှိတာက မှားယွင်းတဲ့ အဖြေတွေ၊ လိမ်ညာမှုတွေ၊ လမ်းလွဲမှုတွေပဲ ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် အဲ့ဒီထက် ပိုဆိုးတာက အကျဉ်းသားထံက ခင်ဗျား တို့ကြားချင်တယ်လို့ ထင်တဲ့ အဖြေမျိုးကိုပဲ ထွက်လာပါလိမ့်မယ်။ နာကျင်မှုကို ရပ်တန့်ဖို့ အတွက်ဆိုရင် ဘယ်သူ မဆို ပြောချင်ရာ ပြောလာမှာမို့လို့ပါပဲ" ဟု သူက ဆိုလေသည်။

 

“ဒါတွေ အကုန်လုံးက...” ဟု ဆိုကာ ကလော့ဒ် က သူ၏ စားပွဲပေါ်တွင် စုပုံထားသော ပြင်သစ်လုပ် အဓိကရုဏ်း နှိမ်နင်းရေး တုတ်တို၊ ဆပ်ပြာရည် ထည့်ထားသည့် ပလတ်စတစ် ဓာတ်ဆီပုံး၊ ပလာယာ နှင့် စစ်မြေပြင်သုံး ဖုန်းအတွက် လက်လှည့်လျှပ်စစ်မော်တာ အစရှိသည့် လုပ်ငန်းသုံး ပစ္စည်းကိရိယာများကို လက်ဝေ့ယမ်းပြရင်း “...ဒါတွေ အကုန်လုံးက အလကားပဲ။ စစ်မေးခြင်းဆိုတာ နှိပ်စက်အပြစ်ပေးတာ မဟုတ်ဘူး။ စစ်မေးခြင်းဆိုတာ သိပ္ပံပညာရပ်တစ်ခုပဲ” ဟု ပြောလိုက်သည်။

 

ကျွန်တော်နှင့် အခြားလျှို့ဝှက်ရဲအရာရှိများသည် သူပြောသမျှကို မှတ်စုစာအုပ်ထဲတွင် တာဝန်သိစွာဖြင့် အသေအချာ လိုက်ရေးကြသည်။ ကလော့ဒ်မှာ ကျွန်တော်တို့၏ အမေရိကန်အကြံပေးဖြစ်ပြီး၊ သူနှင့် အခြားအမေရိကန်အကြံပေးများထံမှ နောက်ဆုံးပေါ် ခေတ်မီအသိပညာများကို ရရှိရန် ကျွန်တော်တို့ မျှော်လင့်ထားကြသည်။ ကျွန်တော်တို့ မျှော်လင့်သလိုလည်း ဖြစ်ခဲ့ပါသည်။

 

“စစ်မေးခြင်းဆိုတာ စိတ်ပိုင်းဆိုင်ရာက ပထမ၊ ရုပ်ပိုင်းဆိုင်ရာက ဒုတိယပဲ” ဟု သူက ဆိုသည်။ “ခင်ဗျားတို့အနေနဲ့ ခန္ဓာကိုယ်ပေါ်မှာ အညိုအမည်းစွဲတာ ဒါမှမဟုတ် ဒဏ်ရာအမှတ်အသား တခုတောင် ကျန်အောင် လုပ်ဖို့ မလိုဘူး။ ကျွန်တော် ဒီလို ပြောတာဟာ လက်တွေနဲ့ ဆန့်ကျင်နေသလို ထင်ရတယ် မဟုတ်လား။ ဒါပေမဲ့ အဲ့တာဟာ တကယ့် အမှန်တရားပဲ။ ဒါကို လက်တွေ့ခန်းထဲမှာ သက်သေပြဖို့အတွက် ကျွန်တော်တို့ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံခဲ့ပြီးပြီ။ အခြေခံသဘောတရားတွေကတော့ ရိုးရှင်းပါတယ်။ ဒါပေမဲ့ အသုံးချပုံကတော့ တီထွင်ဆန်းသစ်နိုင်သလို စစ်မေးခံရသူ တစ်ဦးချင်းစီရဲ့ အခြေအနေ ဒါမှမဟုတ် စစ်မေးသူရဲ့ စိတ်ကူးစိတ်သန်းပေါ်မှာ မူတည်ပြီး ပြောင်းလဲနိုင်တယ်။ ဥပမာ - ဘယ်နေရာ ရောက်နေလဲ၊ ဘယ် အချိန်လဲ ဆိုတာ မသိနိုင်သည့် လားရာပျောက်ဆုံးအောင် လုပ်ခြင်း (Disorientation)၊ အာရုံခံစားမှုတွေကို ပိတ်ပင်ခြင်း (Sensory deprivation) နဲ့ မိမိကိုယ်ကိုယ် ပြန်လည်အပြစ်ပေးစေခြင်း (Self-punishment) တို့ပေါ့။ ဒီသဘောတရားတွေကို ကမ္ဘာ့အတော်ဆုံး သိပ္ပံပညာရှင်တွေဖြစ်တဲ့ အမေရိကန်သိပ္ပံပညာရှင်တွေက သိပ္ပံနည်းကျ သက်သေပြထားပြီးသား။ သင့်တော်တဲ့ အခြေအနေတွေ ဖန်တီးပေးမယ်ဆိုရင် လူ့စိတ်ဟာ လူ့ခန္ဓာကိုယ်ထက် ပိုပြီး မြန်မြန်ဆန်ဆန် ပြိုလဲသွားနိုင်တယ်ဆိုတာကို ကျွန်တော်တို့ ပြသခဲ့ပြီးပြီ။”

 

သူက စားပွဲပေါ်က ပစ္စည်းတွေကို တစ်ချက်ကြည့်ပြီး နှာခေါင်းရှုံ့ကာ ထပ်ပြောပြန်သည်။ ထိုအခါမှသာ ထိုပစ္စည်းများသည် ကမ္ဘာသစ် သိပ္ပံပညာရှင်များ၏ ကိရိယာများမဟုတ်ဘဲ ကမ္ဘာဟောင်း လူရိုင်းများ၏ ကိရိယာများ၊ ခေတ်သစ် စစ်မေးခြင်းထက် အလယ်ခေတ် နှိပ်စက်ခြင်းမျိုးအတွက်သာ သုံးသည့် ပြင်သစ် လုပ် အမှိုက်သရိုက်များအဖြစ် မြင်ယောင်လာကြသည်။

 

“ဒီပစ္စည်းတွေနဲ့ လူတစ်ယောက်ကို စိတ်ဓာတ်ကျဆင်းအောင် လုပ်ဖို့ဆိုရင် လပေါင်းများစွာ ကြာလိမ့်မယ်။ ဒါပေမဲ့ စစ်မေးခံရသူရဲ့ ခေါင်းကို အိတ်နဲ့စွပ်၊ လက်တွေကို ဂွမ်းလုံးတွေနဲ့ ပတ်ထား၊ နားကို ပိတ်ထားပြီး လုံးဝမှောင်မည်းနေတဲ့ အခန်းထဲမှာ တပတ်လောက် တယောက်တည်း ပစ်ထားလိုက်မယ်ဆိုရင်တော့... ခင်ဗျားတို့ရှေ့မှာ ပြန်လှန်ခုခံနိုင်တဲ့ လူသားတစ်ယောက် အဖြစ် ရှိတော့မှာ မဟုတ်ဘူး။ အားအင်ကုန်ခမ်း ပျော့ခွေနေသော အရာတခု အဖြစ်ပဲ ကျန်တော့မှာ။”

 

ရေ... ရေ... လို့ ဂျိမ်းစ်ယွန်း က ပြောသံ ကြားလိုက်သည်။ "ကျွန်တော့်ကို ရေနည်းနည်းလောက် ပေးလို့ရမလား ခင်ဗျာ" တဲ့။ ကျွန်တော် သူ့အတွက် ရေသွားခပ်ပေးလိုက်သည်။ "ရေဖြင့် နှိပ်စက်ခန်း" ဟု သာ ပြောရသော်လည်း၊ တကယ်တမ်းတွင်မူ သူသည် စိုစွတ်နေသော အဝတ်စမှတစ်ဆင့် စိမ့်ဝင်သွားသော ရေအနည်းငယ်မှအပ ကျန်သည့်ရေကို မသောက်ခဲ့ရပေ။ ထိုအဝတ်စမှာလည်း အသက်ရှူကျပ်ရုံမျှသာ စိုစွတ်နေခြင်းဖြစ်သည်ဟု သူက ဆိုသည်။

 

သူ၏ လက်များကို ချည်နှောင်ထားဆဲဖြစ်သဖြင့် ကျွန်တော်က သူ့ လည်ချောင်းထဲသို့ ရေကို ဖြည်းညှင်းစွာ လောင်းထည့်ပေးလိုက်သည်။ "ကျေးဇူးပဲ" ဟု သူက တိုးတိုးလေး ပြောရှာသည်။ ညှဉ်းပန်းနှိပ်စက်သူက ပေးကမ်းတတ်သည့် ရေတစ်ပေါက်၊ အစားတစ်လုတ် သို့မဟုတ် အိပ်စက်ခွင့် တမိနစ်စာလေးအတွက် မည်သည့်အကျဉ်းသားမဆို ကျေးဇူးတင်တတ်ကြသည်မှာ ထုံးစံပင် မဟုတ်ပါလား။

 

"ကဲ... အားလုံး အမြန်ပြီးအောင်လုပ်ကြစို့၊ ဂျင်မီ လည်း ရေကူးကန်ကို ပြန်သွားလို့ရအောင်!" ဟု အော်ပြောလိုက်သော ဒါရိုက်တာ ၏ အသံကို ကြားလိုက်ရသဖြင့် ကျွန်တော် ပထမဆုံးအကြိမ်အဖြစ် စိတ်သက်သာရာ ရသွားတော့သည်။