နယ်လ်ဆင် မင်ဒဲလား အား အလုပ်ကြမ်း နှင့် ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့သည့် ရီဗိုးနီးယား တရားခွင် (၂)
ပုန်းအောင်းနေသည့်နေရာကို အတည်ပြုနိုင်ခဲ့ပြီးနောက် ရဲအရာရှိ ၁၄ ဦးနှင့် ရဲခွေးတကောင်သည် အဝတ်လျှော် လုပ်ငန်းသုံး ဗန်ကားတစ်စီးဖြင့် လယ်တောအိမ်သို့ ချဉ်းကပ်လာခဲ့သည်။ ရောက်ရှိသည်နှင့် လူများမှာ ကားပေါ်မှ ခုန်ဆင်းကာ အိမ်ကို ဝိုင်းလိုက်ပြီး အပြင်းအထန် ရှာဖွေကြတော့သည်။ စီးနင်းမှုအပြီးတွင် သံသယရှိသူ ၈ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ယင်းတို့ထဲတွင် ရဲတို့အတွက် အဓိကပစ်မှတ်ဖြစ်သည့် ဝါရင့် ANC တက်ကြွလှုပ်ရှားသူ ဝေါ်လ်တာ စီဆူလူ လည်း ပါဝင်သည်။
ရဲတပ်ဖွဲ့သည် ရေဒီယိုအသံလွှင့်စက်တလုံး၊ မိတ္တူကူးစက်တလုံးနှင့် စာရွက်စာတမ်းပေါင်းများစွာကိုလည်း သိမ်းဆည်းသွားခဲ့သည်။ ထိုအထဲတွင် ပေးစာများ၊ လက်ကမ်းစာစောင်များ၊ ကွန်မြူနစ်စာပေများ၊ မြေပုံများနှင့် “Operation Mayibuye” ဟု ခေါင်းစဉ်တပ်ထားသည့် ရိုက်နှိပ်ပြီးသား စာရွက်စာတမ်းတခုတို့ ပါဝင်သည်။
ရီဗိုနီးယား တရားစီရင်မှု ၏ တရားလိုဘက်မှ တင်ပြချက်များသည် ဤသက်သေခံပစ္စည်းများပေါ်တွင် အခြေခံ တည်ဆောက်ထားခြင်းဖြစ်သည်။ အာဏာပိုင်များကလည်း ရီဗိုနီးယား စီးနင်းမှုကို တစ်နိုင်ငံလုံးသို့ အလျင်အမြန် ထုတ်ပြန်ကြေညာခဲ့သည်။
ထိုသို့ စီးနင်းမှုဖြစ်ပွားချိန်တွင် နယ်လ်ဆင် မင်ဒဲလားသည် ပရီတိုးရီးယား အကျဉ်းထောင်တစ်ခုရှိ ၎င်းတဦးတည်းသာ ထားသည့် အကျဉ်းခန်း၌ ပြစ်ဒဏ်ကျခံနေရပြီး ယခင်က စွဲချက်များဖြင့် ထောင်ဒဏ် ၅ နှစ် ကျခံနေရခြင်းဖြစ်သည်။ မင်ဒဲလားသည် အကျဉ်းထောင်ရုံးခန်းသို့ ဆင့်ခေါ်ခံရပြီး အခြား ANC အဖွဲ့ဝင် ၁၀ ဦးကို တွေ့လိုက်ရချိန်မှသာ စီးနင်းမှုအကြောင်းကို စတင်သိရှိခဲ့ခြင်းဖြစ်သည်။
ထိုအုပ်စုကို စုပေါင်း၍ “ရီဗိုနီးယား ၁၁ ဦး” ဟု လူသိများလာခဲ့သည်။ ၎င်းတို့ထဲတွင် ရီဗိုနီးယား၌ ဖမ်းဆီးရမိသူ ၇ ဦး၊ ယခင်ကတည်းက ထိန်းသိမ်းခံထားရသူ ၂ ဦးနှင့် ANC နှင့် ဆက်နွှယ်မှုရှိသည့် ဥပဒေလုပ်ငန်းမှ ရှေ့နေတစ်ဦးတို့ ပါဝင်သည်။ မင်ဒဲလားမှလွဲ၍ ကျန်သူအားလုံးကို နိုင်ငံရေးပြစ်မှုဖြင့် သံသယရှိပါက စွဲချက်မတင်ဘဲ ရက်ပေါင်း ၉၀ တိတိ ထိန်းသိမ်းထားခွင့်ရှိသည့် ဥပဒေသစ်အရ ဖမ်းဆီးထားခြင်း ဖြစ်သည်။
နောက်ထပ် သုံးလတာ ကာလအတွင်း မည်သည့်တရားစွဲဆိုချက်မျှ တရားဝင် မတင်သွင်းရသေးဘဲ ဖမ်းဆီးထိန်းသိမ်းခံထားရသူများသည် ရှေ့နေများနှင့် တိုင်ပင်ဆွေးနွေးခွင့် သို့မဟုတ် မိသားစုဝင်များနှင့် တွေ့ဆုံခွင့်များကို ပိတ်ပင်ခြင်း ခံခဲ့ရသည်။ ၎င်းတို့ကို တဦးတည်း သီးသန့် ချုပ်နှောင်ထားခဲ့ပြီး အချို့မှာမူ ညှဉ်းပန်းနှိပ်စက်ခြင်းကိုပင် ခံခဲ့ရသည်။
တရားခံများသည် ၎င်းတို့အတွက် ခုခံချေပ ပေး မည့် ရှေ့နေများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ရချိန်မှာ တရားခွင် စတင်ရန် သတ်မှတ်ထားသည့်နေ့ မတိုင်မီ ညအချိန် ရောက်မှသာ ဖြစ်သည်။ တရားခံ ကိုးဦးတို့သည် စုပေါင်းခုခံချေပရန် သဘောတူခဲ့ကြသည်။ ရှေ့နေ ဂျိမ်းစ် ကန်တာ ကမူ အခြားသော တရားခံများနှင့် ပတ်သက်ဆက်နွှယ်မှု မရှိသောကြောင့် သူ၏ ကိုယ်ပိုင်ရှေ့နေကိုသာ ရှာဖွေခဲ့သည်။ သူသည် အာဖရိက အမျိုးသား ကွန်ဂရက် (ANC) အတွက် အလုပ်လုပ်ပေးနေသော ခဲအိုဖြစ်သူ (တစ်နည်းအားဖြင့် ၎င်း၏ ဥပဒေလုပ်ငန်းမှ ပါတနာ) အစား အငြိုးဖြင့် တရားစွဲဆိုခံခဲ့ရပုံ ရှိသည်။
ရီဗိုးနီးယား ၁၁ ဦး" အဖွဲ့ဝင်များထဲတွင် အဖွဲ့နှင့်ပူးပေါင်း၍ ခုခံချေပခြင်းမပြုသည့် နောက်ထပ် ကျန်ရှိနေသူတစ်ဦးမှာ ဘော့ပ်ဟက်ပယ် ဖြစ်သည်။ အာဏာပိုင်များက ဟက်ပယ်အား အစိုးရဘက်တော်သား သက်သေအဖြစ် ဆောင်ရွက်ပေးပါက တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့်ပေးမည်ဟု ကတိပြုခဲ့ကြသည်။ ဟက်ပယ်ကလည်း ထိုကမ်းလှမ်းချက်ကို စဉ်းစားနေသည်ဟု ပြောဆိုခဲ့သည်။ ထိုသို့သော အခြေအနေများကြောင့် ဟက်ပယ်သည် ကိုယ်ပိုင်ရှေ့နေ လိုအပ်လာပြီး တရားခံဘက်မှ ခုခံချေပမည့် နည်းဗျူဟာဆွေးနွေးပွဲများတွင် ပါဝင်ခွင့် မရတော့ပေ။
နောက်တစ်နေ့တွင် ပရီတိုးရီးယားမြို့ရှိ တရား ရေး နန်းတော် ၏ ခွဲခြားသတ်မှတ်ထားသော တရားခွင်အတွင်း၌ တရားလိုရှေ့နေ ပါစီယူတာ က "နိုင်ငံတော် နှင့် အမျိုးသားအဆင့် စစ်ဌာနချုပ်နှင့် အပေါင်းအပါများ" ဟူသော အမှုကို စတင်ခေါ်ယူလိုက်သည်။ ထို့နောက် တရားခံ ၁၁ ဦးကို အဖျက်အမှောင့်လုပ်ငန်း လုပ်ဆောင်မှု နှစ်မှု၊ ပူးပေါင်းကြံစည်မှု နှစ်မှုတို့ဖြင့် အစိုးရက တရားစွဲဆိုထားကြောင်း ကြေညာခဲ့သည်။ ထိုအချိန်ရောက်မှသာ တရားခံများသည် မိမိတို့ ရင်ဆိုင်ရမည့် စွဲချက်များကို သိရှိခွင့်ရခဲ့ကြခြင်း ဖြစ်သည်။ တရားသူကြီး ကွာတပ်စ် ဒီဝက် က တရားခံဘက်မှ ရှေ့နေများအား အမှုအတွက် ပြင်ဆင်ရန် သုံးပတ်အချိန် ပေးခဲ့လေသည်။
တရားခွင် ပြန်လည်စတင်သောအခါ နယ်ဆင် မင်ဒဲလားသည် တရားရုံး၏ အလယ်ဗဟိုသို့ ပေါက် လှေကားထစ်များအတိုင်း တရားခံများကို ရှေ့ဆောင်ကာ တက်လာခဲ့သည်။ ထို့နောက် တရားခံများသည် အထူးပြုလုပ်ထားသော တရားခံထိုင်ရမည့် ဝက်ခြံ ဆီသို့ တန်းစီလျှောက်လှမ်းလာကြသည်။ မင်ဒဲလားသည် အာဖရိကအမျိုးသားကွန်ဂရက် (ANC) ၏ အမှတ်အသားဖြစ်လာသည့် လက်သီးဆုပ်မြှောက်ကာ အလေးပြုခြင်းဖြင့် ဝန်းရံထောက်ခံသူများကို နှုတ်ဆက်လိုက်သည်။
မင်ဒဲလားက “အာမန်ဒလာ!” (Amandla - အာဏာ) ဟု ဟစ်ကြွေးလိုက်ရာ၊ လူအုပ်ကြီးကလည်း “ငါဝေတူး!” (Ngawethu - ငါတို့အပိုင်ဖြစ်ရမည်) ဟု ပြန်လည်အော်ဟစ် တုံ့ပြန်ခဲ့ကြသည်။
တရားစွဲဆိုမှု လုပ်ထုံးလုပ်နည်းများ စတင်ရာတွင် ခုခံချေပသူ ရှေ့နေ ဘရမ် ဖစ်ရှာ က စွဲချက်၏ ခိုင်လုံမှု မရှိခြင်းကို အရင်ဆုံး တိုက်ခိုက်ပြောဆိုခဲ့သည်။ ၎င်းစွဲချက်များသည် အလွန်အမင်း ဝေဝါးလွန်းနေပြီး၊ စွပ်စွဲထားသည့် ဖောက်ခွဲဖျက်ဆီးမှုများကို မည်သည့်တရားခံက မည်သည့်လုပ်ရပ်ကို ကျူးလွန်ခဲ့သည်ဆိုသည့် အချက်ကို ဖော်ပြနိုင်ခြင်း မရှိကြောင်း သူက ထောက်ပြချေပခဲ့သည်။
သစ်သားအမိုးအကာအောက်တွင် အနီရောင်ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်၍ ထိုင်နေသော တရားသူကြီး ဒီဝက် က တရားခံရှေ့နေများ၏ လျှောက်လဲချက်သည် ခိုင်လုံကြောင်း ဆုံးဖြတ်ခဲ့ပြီး အမှုစွဲချက်ကို ပယ်ဖျက်ရမည်ဟု အမိန့်ချမှတ်လိုက်သည်။
ထိုသို့ မမျှော်လင့်ဘဲ ဖြစ်သွားသည့်အတွက် လုံခြုံရေးအရာရှိများသည် တရားခံအားလုံးကို ချက်ချင်းပြန်လည် ဖမ်းဆီးရန် လောလောလောလော လုပ်ဆောင်ကြတော့သည်။ သို့သော် တရားခံတစ်ဦးကိုမူ ချွင်းချက်ထားခဲ့သည်။
အစိုးရရှေ့နေ ယူတာ က ဘော့ပ်ဟက်ပဲလ် အပေါ် စွဲဆိုထားသော စွဲချက်များကို ရုပ်သိမ်းပေးမည်ဟု ကြေညာကာ တရားစွဲဆိုရေးအဖွဲ့အတွက် လူထုထောက်ခံမှုအချို့ကို ပြန်လည်ရယူခဲ့သည်။ ဟက်ပဲလ်သည် အစိုးရဘက်က ပထမဆုံးသက်သေ ဖြစ်လာလိမ့်မည်ဟု သူက ဆိုသည်။
နောက်ထပ် နှစ်လအကြာတွင် "ရီဗိုးနီးယား (၁၀) ဦး" ဟု လူသိများလာသည့် အဖွဲ့သည် ပိုမိုတိကျသော စွဲချက်သစ်များဖြင့် တရားခွင်သို့ ပြန်ရောက်လာကြသည်။ တရားခံများသည် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ခဲယမ်းမီးကျောက်များ မှာယူခြင်း၊ ပြောက်ကျားစစ်အတွက် လူငယ်များကို စုဆောင်းခြင်း၊ နိုင်ငံခြားစစ်တပ်များ ကျူးကျော်ဝင်ရောက်ရန် တိုက်တွန်းခြင်းနှင့် တော်လှန်ရေးအတွက် နိုင်ငံခြားတိုင်းပြည်များထံမှ ရန်ပုံငွေရယူရန် ပူးပေါင်းကြံစည်ခြင်း စသည့် စွဲချက်များဖြင့် တရားစွဲဆိုခြင်း ခံရသည်။
တရားခံ တဦးချင်းစီသည် မတ်တတ်ရပ်၍ ထွက်ဆိုခဲ့ ကြရသည်။ ပထမဆုံး တရားစွဲဆိုခံရသူ နယ်ဆင် မင်ဒဲလားက "တရားသူကြီး မင်း ခင်ဗျား... တရားခံကုလားထိုင်ပေါ်မှာ ရှိနေရမှာက ကျွန်တော် မဟုတ်ပါဘူး၊ အစိုးရသာ ဖြစ်သင့်ပါတယ်။ ကျွန်တော်ကတော့ အပြစ်မရှိကြောင်း ထွက်ဆိုပါတယ်" ဟု ပြောကြားခဲ့သည်။ အခြားသော တရားခံများကလည်း တဦးပြီးတဦး အပြစ်မရှိကြောင်း ထွက်ဆိုကြသည်။
ထို့နောက် ယူတာက အစိုးရဘက်မှ နေ၍ စွပ်စွဲချက်များ အပေါ် ယခုလို စတင် ပြောဆိုလာခဲ့သည်။ - "တရားခံများသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် အကြမ်းဖက်မှုနှင့် ဖျက်ဆီးမှုများ ဖြစ်ပေါ်လာစေရန် တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ယုတ်မာစွာ ပူးပေါင်းကြံစည်ခဲ့ကြသည်။ ၎င်းတို့၏ စုပေါင်းလှုပ်ရှားမှုများသည် ရှုပ်ထွေးမှုများ၊ အကြမ်းဖက်အုံကြွမှုများနှင့် ပုန်ကန်မှုများကို ဦးတည်စေရန် စီစဉ်ထားခြင်းဖြစ်ပြီး၊ ထိုမှတစ်ဆင့် နိုင်ငံခြားတပ်ဖွဲ့များ၏ လက်နက်ကိုင်ကျူးကျော်မှုကို ဖိတ်ခေါ်ရန် နှင့် နောက်ပိုင်း ဖြစ်ပေါ်လာမည့် ပရမ်းပတာအခြေအနေနှင့် ဆူပူအုံကြွမှုများကြားတွင် တရားခံများသည် ဤနိုင်ငံ၏ အုပ်ချုပ်ရေးအတွက် ယာယီတော်လှန်ရေးအစိုးရတရပ်ကို တည်ထောင် ထိန်းချုပ်သွား နိုင် ရန် စီစဉ်ထားခဲ့ကြခြင်းဖြစ်သည်" ဟု ပြောဆိုသွားခဲ့သည်။