၁၉၄၅ ခုနှစ်၊ မေလ ၁ ရက်နေ့ တွင်တော့ ဘာလင်မြို့ကြီး လုံးဝ ပျက်သုဉ်းသွားပြီ ဖြစ်သည်။ မည်သည့် ဂျာမန်နိုင်ငံသားမျှ ဘေးမကင်းတော့ပေ။ ဆိုဗီယက်တပ်နီတော်သည် မြို့အတွင်းသို့ တရကြမ်း စီးနင်းဝင်ရောက်လာပြီး အန္တိမပန်းတိုင်ဖြစ်သော 'ရိုက်ခ်စတက်' လွှတ်တော်အဆောက်အအုံဆီသို့ အရောက်လှမ်းနိုင်ရန် တိုက်ပွဲဝင်ရင်း တလမ်းဝင် တလမ်းထွက် လုယက်ဖျက်ဆီးခြင်း၊ မုဒိမ်းကျင့်ခြင်းတို့ဖြင့် တမြို့လုံး တုန်လှုပ် ခြောက်ခြား နေကြသည်။
နာဇီအာဏာစက်၏ အထွတ်အမြတ်နေရာနှင့် အဒေါ့ဖ် ဟစ်တလာကို ကိုယ်တိုင်ဖမ်းဆီးနိုင်မှသာ လွန်ခဲ့သော ငါးနှစ်ခန့်က ဂျာမနီ၏ ကျူးကျော်ခဲ့မှုကို ကောင်းကောင်းကြီး လက်စားချေနိုင်မည် ဖြစ်သည်။ လမ်းမများပေါ်တွင် အပျက်အစီးများ၊ အလောင်းများနှင့် အညစ်အကြေးများသာ ပြည့်နှက်နေ၏။
တပ်မှ ထွက်ပြေးသောကြောင့် အစွန်းရောက် နာဇီများ၏ ကွပ်မျက်ခြင်းကို ခံလိုက်ရသည့် ဂျာမန်စစ်သားအလောင်းများသည် လမ်းထောင့်ရှိ မီးတိုင်များတွင် လည်ပင်း၌ ကြိုးကွင်းစွပ်လျက် တန်းလန်းကြီး ရှိနေကြသည်။ ဘာလင်မြို့၏ ကောင်းကင်ယံမှာလည်း မီးခိုးလုံးများနှင့် မီးတောက်မီးလျှံများကြောင့် ဝေဝါးနေပြီး အမြောက်ကျည်များ၏ တုန်ဟီးသံမှာလည်း မရပ်မနား ထွက်ပေါ်နေလေသည်။
အဒေါ့ဖ် ဟစ်တလာ၏ မြေအောက်ဗုံးခိုကျင်းအတွင်း၌ အခြေအနေများက ပြီးဆုံးလုနီးပါး ဖြစ်နေသည်။ လွန်ခဲ့သော နှစ်ရက်က ဖျူရာ (ဟစ်တလာ) ကိုယ့်ကိုယ်ကိုယ် သတ်သေပြီးကတည်းက စစ်သားများ၊ အတွင်းရေးမှူးများနှင့် ဗုံးခိုကျင်းဝန်ထမ်းများသည် ၎င်းတို့၏ နောက်ဆုံးရက်များ ဖြစ်နိုင်သည်ဟု သိလျက်နှင့် ရှန်ပိန်သောက်ကာ ကခုန်နေခဲ့ကြသည်။
ဟစ်တလာ မသေဆုံးမီက လွှမ်းမိုးနေသော သံသယစိတ်များနေရာတွင် ယခုအခါ နောက်ဆက်တွဲ ဘာဖြစ်လာမလဲဆိုသည့် ကြောက်ရွံ့မှုများက အစားထိုးဝင်ရောက်လာသည်။
ရုရှားတို့သည် ဖျူရာ၏ ဝန်ထမ်းများအပေါ် သက်ညှာမည်မဟုတ်ပေ။ သူတို့ကို သတ်ပစ်မည်လား သို့မဟုတ် ဆိုဗီယက် ဂူလက် အကျဉ်းစခန်းများတွင် ချုပ်နှောင်မလားဆိုသည်မှာ ဘယ်သူမှ မသိနိုင်ကြ။ အမျိုးသား၊ အမျိုးသမီးတိုင်းမှာ ဗုံးခိုကျင်းထဲမှ ထွက်ပြေးပြီး အသက်ဘေးမှ လွတ်မြောက်ရန် တောင့်တနေကြသည်။ သို့သော် ထိုသို့ပြုမူခြင်းမှာ သစ္စာဖောက်မှုဟု အယူဆခံရနိုင်သဖြင့် မဖြစ်နိုင်ပြန်။ ထိုသို့လုပ်ဆောင်ပါက တာဝန်ကျနေဆဲဖြစ်သော SS သို့မဟုတ် ဂက်စတာပို တို့မှ ဦးခေါင်းတည့်တည့် ကို သေနတ်ဖြင့် အပစ်ခံရမည့် အန္တရာယ် ရှိနေသည်။
မာတင် ဘော်မန် တယောက်သာ တည်တည်ငြိမ်ငြိမ်နှင့် ရှိနေ၏။ ယခုအခါ ဘန်ကာကြီးမှာ ၎င်း၏ လက်ထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။ အသက် ၄၄ နှစ်အရွယ်ရှိပြီဖြစ်သော ထို ဗျူရိုကရက်သည် အဒေါ့ဖ် ဟစ်တလာ၏ ကိုယ်ရေးအတွင်းဝန်နှင့် လက်ရုံးတစ်ဦးအဖြစ် ဆယ်စုနှစ် တခုကျော်ကြာ သစ္စာရှိရှိ အလုပ်အကျွေး ပြုခဲ့သူ ဖြစ်သည်။
ဘော်မန်သည် အက်စ်အက်စ်-ရိုက်ခ်လိုင်တာ (SS-Reichsleiter) ရာထူးကို ရယူထားသူဖြစ်ပြီး စစ်ပွဲအတွင်း ဟစ်တလာ လုပ်ဆောင်ခဲ့သမျှ ကိစ္စအဝဝမှာ ဘော်မန် မသိဘဲ မည်သည့်အရာမျှ ဖြစ်မလာခဲ့ပေ။
သူသည် ဂါဒါဘွတ်ချ်နှင့် အိမ်ထောင်ကျခဲ့သည်မှာ ၁၆ နှစ်ရှိပြီဖြစ်ပြီး သားသမီး ၁၀ ယောက်ပင် ထွန်းကားခဲ့သည်။ သို့သော် ဘော်မန်သည် မိသားစုနှင့် တွေ့ရခဲလှ၏။ သူ၏ သစ္စာတရားမှာ ဟစ်တလာ တဦးတည်းအပေါ်တွင်သာ ရှိခဲ့သည်။
"အညိုရောင် လွှမ်းမိုးရှင်" (The Brown Eminence) ဟု လူသိများသော ဘော်မန်သည် ဖျူရာ ၏ အရင်းနှီးဆုံး လူယုံ၊ ဘဏ္ဍာရေး အကြံပေးနှင့် ကိစ္စအဝဝကို လိုက်လံစောင့်ရှောက်ပေးသူ ဖြစ်သည်။ သူသည် ခေါင်းဆောင်ဖြစ်သူ၏ စိတ်အလိုမကျမှုများနှင့် စိတ်ကူးပေါက်ရာ လုပ်တတ်မှုများကို သည်းခံခြင်း၊ ပါးနပ်ခြင်းတို့ဖြင့် ရင်ဆိုင်ကျော်ဖြတ်ရင်း မိမိ၏ ကိုယ်ပိုင်အာဏာ စက်ဝိုင်းကို ချဲ့ထွင် နိုင်မည့် နည်းလမ်းများကို အမြဲမပြတ် ရှာဖွေနေခဲ့သူလည်း ဖြစ်သည်။
ဘော်မန် သည် အရပ်ပုပု၊ ကိုယ်လုံးတောင့်တောင့်နှင့် ရက်ရက်စက်စက် လက်စားချေ ရသည် များကို နှစ်သက်သူတစ်ဦးဖြစ်သည်။ ဒုတိယကမ္ဘာစစ် အစောပိုင်းကာလများတွင် ကျော်ကြားသော တင့်ကားတပ် ဗိုလ်ချုပ်ကြီး အာဝင် ရွမ်းမားလ် ၏ အထင်အမြင်သေးခြင်းကို ခံခဲ့ရသူမှာ ဘော်မန်ဖြစ်ပြီး၊ ငါးနှစ်အကြာ ဟစ်တလာကို သတ်ရန် ကြံစည်မှု ပျက်ပြားသွားချိန်တွင်မူ ထိုအငြိုးကို ပြန်လည်လက်စားချေသည့်အနေဖြင့် ရွမ်းမားလ်ကို ကွပ်မျက်ရန် ဖျူရာ ကို နားချနိုင်ခဲ့သူလည်း ဖြစ်သည်။
ထို့ပြင် ဘော်မန်သည် လက်တွေ့ဆန်သူတစ်ဦးလည်း ဖြစ်သည်။ သူသည် လွန်ခဲ့သော နှစ်နှစ်ခန့်ကတည်းက နာဇီအင်ပါယာ ပြိုလဲတော့မည်ကို ကြိုတင် တွက်ဆ နိုင်ခဲ့သူ ဖြစ်သည်။
ထို့ကြောင့် ဟစ်တလာ၏ ခွင့်ပြုချက်ဖြင့် စစ်ပြီးခေတ် ဂျာမနီနိုင်ငံ ပြန်လည်နိုးထလာစေရန် စီမံကိန်းများကို စတင်ရေးဆွဲခဲ့သည်။ ၁၉၄၄ ခုနှစ် ဩဂုတ်လတွင် သူသည် စထရာဘတ် မြို့၌ ဂျာမန်စက်မှုလုပ်ငန်းရှင်များ အစည်းအဝေး တခုကို ခေါ်ယူ ခဲ့သည်ဟု ဆိုကြသည်။ ယင်းမှာ ကုမ္ပဏီပိုင်အရင်းအနှီးများကို အခြားနိုင်ငံများသို့ ရွှေ့ပြောင်းထားနိုင်ရန်ဖြစ်ပြီး စစ်ပြီးသည်အထိ ဘေးကင်းစွာ ဝှက်ထားနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ဘော်မန်၏ ကြိုးပမ်းမှုကြောင့် နာဇီတို့၏ ပိုင်ဆိုင်မှုများကို ဖုံးကွယ်ထားရန် ကမ္ဘာတစ်ဝန်းတွင် ကုမ္ပဏီအသစ်ပေါင်း ၇၅၀ ကို တည်ထောင်နိုင်ခဲ့လေသည်။
အာဂျင်တီးနားနိုင်ငံသည် ထိုကဲ့သို့သော လျှို့ဝှက်ကော်ပိုရေးရှင်းပေါင်း ၉၈ ခု အခြေစိုက်ရာ နေရာဖြစ်သည်။ ထို့အပြင် ဘောမန်းသည် စိန်ထည်၊ ရွှေထည် များနှင့် အဖိုးတန် ရှယ်ယာလက်မှတ်များကိုလည်း ထိုတောင်အမေရိက နိုင်ငံအတွင်းသို့ ရောက်ရှိအောင် ကြီးကြပ်ကွပ်ကဲခဲ့သည်။
ယနေ့တိုင် သက်သေမပြနိုင်သေးသော အံ့ဩဖွယ်ရာ လိမ်လည်လှည့်ဖြားမှုတစ်ခုတွင်မူ— ဘောမန်းသည် ထိုစည်းစိမ်ဥစ္စာများကို ဗျူနိုအေးရိစ်မြို့သို့ ရေငုပ်သင်္ဘောဖြင့် ပို့ဆောင်ရန် ‘အော်ပရေးရှင်း တီယေရာ ဒယ် ဖျူဂို’ (Operation Tierra Del Fuego) ကို ကြံစည်ဖန်တီးခဲ့သည်ဟု ဆိုကြသည်။
ဘောမန်းသည် ဘာလင်မှ အာဂျင်တီးနားသို့ သူထွက်ပြေးရမည့်လမ်းကြောင်းကိုလည်း နာရီပေါင်းများစွာ အချိန်ယူကာ စေ့စေ့စပ်စပ် စီမံထားခဲ့သည်။ ထိုနိုင်ငံတွင် အာဏာနှင့် စည်းစိမ်တို့ဖြင့် ပြည့်စုံသော ဘဝသစ်တစ်ခုကို တည်ဆောက်ရန် စိတ်ကူးယဉ်ထားပြီး လည်း ဖြစ်၏။ သူသည် ကျဆုံးသွားခဲ့ပြီဖြစ်သော ဟစ်တလာ ကဲ့သို့ပင် ၊ ‘ဖျူရာ’ အသစ် ဖြစ်လာပေလိမ့်မည်။
မိမိ သေဆုံးတော့မည်ကို ကြိုတင်သိမြင်နေသော အဒေါ့ဖ် ဟစ်တလာက ဘောမန်းအား “အရာအားလုံးကို မြှုပ်နှံထားလိုက်” ဟု သတိပေးခဲ့ဖူးသည်။ “အာဏာပြန်ရဖို့အတွက် မင်း ဒါတွေ လိုအပ်လိမ့်မယ်။”
ယခုအချိန်တွင် ဘောမန်းအတွက် လိုအပ်သည်မှာ ထိုမြေအောက် ဘန်ကာထဲမှ အသက်ရှင်လျက် ထွက်သွားနိုင်ရန်သာ ဖြစ်လေတော့သည်။
ဘန်ကာ ထဲတွင် ဝောာ့ လေဝင်လေထွက် မကောင်းလှ၍ အနံ့အသက်များဖြင့် မွန်းကြပ်နေသည်။ မာတင် ဘော်မန် က ဘန်ကာအတွင်းရှိ ဝန်ထမ်းများကို စုရုံးစေပြီး ၎င်းတို့ ထွက်ပြေးလွတ်မြောက်နိုင်မည့် အစီအစဉ် များကို ရှင်းပြနေသည်။ အားလုံး အုပ်စုငယ်လေးများ ခွဲသွားကြမည်ဖြစ်ပြီး၊ ထို့နောက် မြေအောက်လှိုဏ်ခေါင်းမှတစ်ဆင့် ဝီလ်ဟမ်းပလပ်ဇ် ရှိ မြေအောက်ဘူတာရုံသို့ သွားကြရမည်ဖြစ်သည်။ ထိုနေရာမှတစ်ဆင့် မြေအောက်ရထားလမ်းကြောင်းအတိုင်း လိုက်သွားကာ ဖရိုင်းဒရစ်ရှထရပ်ဆေး ဘူတာရုံ သို့ ဆက်သွားကြရမည်။
ထို ဘူတာရုံ ရောက်မှသာ မြေပြင်ပေါ်သို့ တက်ကြရမည်ဖြစ်သည်။ မြေပြင်ပေါ်ရောက်လျှင် စပရီး မြစ်ကမ်းတစ်လျှောက် နေရာယူထားသော ဆိုဗီယက်တင့်ကားများကို ရှောင်ကွင်းကာ မြို့တွင်းလမ်းများအတိုင်း လျှောက်သွားရမည်။ ထို့နောက် ဝိုင်ဒန်ဒမ်မာ တံတားကို ဖြတ်ကျော်ကြရမည်ဖြစ်သည်။ နောက်ဆုံးတွင် အုပ်စုကို လူစုခွဲလိုက်ပြီး လူများ ကြား ရောနှောဝင်ရောက် ပျောက်ကွယ်သွားကြရမည်။ ထိုအချိန်မှစ၍ လူတိုင်းသည် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးကာ ကိုယ့်ဘာသာကိုယ် ရုန်းကန်ကြရတော့မည် ဖြစ်သည်ဟု ဆိုသည်။
သန်းခေါင်ယံ မတိုင်မီလေးတွင် ဘော်မန်၏ အဖွဲ့ စတင်ထွက်ခွာသည်။ ဘော်မန်ကိုယ်တိုင်သည် အဒေါ့ဖ် ဟစ်တလာ၏ နောက်ဆုံးသေတမ်းစာကို မျက်မြင်တွေ့ရှိခဲ့သူဖြစ်ပြီး၊ ထိုသေတမ်းစာအရ ဖျူရာ သေဆုံးပြီးနောက် နာဇီပါတီကို ထိန်းချုပ်ခွင့်အား သူက ရရှိခဲ့သည်။ ဤအချက်က ဘော်မန်အား ဂျာမနီနိုင်ငံ၏ နိုင်ငံတော်အကြီးအကဲအဖြစ် ထိရောက်စွာ အာဏာတည်စေခဲ့ပါသည်။
ဘန်ကာ အတွင်းရှိ ဝန်ထမ်းများသည် သီတင်းပတ်ပေါင်းများစွာတိုင်အောင် မြေအောက်ထဲတွင် နေ့ညမပြတ် ပုန်းအောင်းနေခဲ့ကြရသဖြင့်၊ မြေပြင်ပေါ်သို့ ပြန်လည်ရောက်ရှိလာချိန်တွင် မီးဟုန်းဟုန်းတောက်နေသော ၎င်းတို့ မြို့ တော် ကြီးကို မြင်တွေ့လိုက်ရ၍ စိတ်နှလုံး ထိခိုက် ကြေကွဲစွာ ခံစားခဲ့ကြရသည်။
မြေအောက်လှိုဏ်ခေါင်းလမ်းမှ ထွက်ပြေးလာပြီးနောက် ဘောမန်းသည် 'အင်ဗာလီဒန်' လမ်းမအတိုင်း မြို့၏ အဓိကဘူတာရုံဖြစ်သော 'စတက်တီးနား' ဘက်သို့ ဦးတည်သွားခဲ့သည်။ ပတ်ဝန်းကျင်တခုလုံးတွင် ရုရှားစစ်သားများသည် လမ်းမများပေါ်၌ လှည့်လည်သွားလာနေကြပြီး ဂျာမန်စစ်သားရော အရပ်သားများကိုပါ မြင်မြင်သမျှ အကုန်ပစ်သတ်နေကြသည်။
လမ်းမပေါ်တွင် ရုရှားတို့၏ တင့်ကား ဖျက် အတားအဆီးတခုက ပိတ်ဆို့နေသည်။ ဘောမန်းနှင့်အတူ ဟစ်တလာ၏ လေယာဉ်မှူး၊ ကားဆရာနှင့် ခွဲစိတ်ဆရာဝန်တို့ ပါဝင်သော အုပ်စုသည် ဂျာမန်တင့်ကားငယ် တဖွဲ့ ရှေ့တက်လာပြီး ထိုအတားအဆီးကို ဝိုင်းရံတိုက်ခိုက်ပေးမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။ ဘောမန်းသည် ပထမဆုံးတင့်ကား၏ နောက်ကွယ်တွင် ပုန်းခိုပြီး ၎င်းကို အကာအကွယ်အဖြစ် အသုံးပြုကာ ရုရှားတို့၏ ပိတ်ဆို့ထားသည့်နေရာဆီသို့ အားအင်အပြည့်ဖြင့် လိမ့်တက်သွားခဲ့သည်။
ပြင်းထန်လှသော ပစ်ခတ်မှုများကြောင့် အတားအဆီးမှာ ပျက်စီးသွားသော်လည်း၊ တချိန်တည်းမှာပင် 'ပန်ဇာဖောက်စ်' ဟု ခေါ်သော တင့်ကားဖျက် ဘာဇူကာ ကျည်တ တောင့် သည် ဂျာမန်တင့်ကားကို ထိမှန်သွားခဲ့သည်။ ပြင်းထန်လှသော ပေါက်ကွဲမှုကြောင့် ဘောမန်းမှာ လေထဲသို့ လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ကျဆင်းသွားခဲ့သည်။ အဖွဲ့ထဲရှိ အခြားသူများလည်း ဒဏ်ရာရရှိခဲ့ကြပြီး သူတို့အကြားတွင် ထိတ်လန့်တုန်လှုပ်မှုနှင့် အတူ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတော့သည်။