ကြေမွ သွားခဲ့ရသော တရုတ်ပြည်၏ အိမ်မက်များ(18)

by Hla Soewai - Apr 27 2026

#ပြန်လည်သုံးသပ်ချက်

 

၁၉၈၀ ပြည့်လွန်နှစ်များအတွင်း တရုတ်ကွန်မြူနစ်ပါတီက ဖော်ဆောင်ခဲ့သော ပြုပြင်ပြောင်းလဲမှုများသည် ယဉ်ကျေးမှုတော်လှန်ရေး၏ အစွန်းရောက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုများကြောင့် ပျက်စီးယိုယွင်းနေသည့် အုပ်ချုပ်ရေးစနစ်ကို ပြန်လည်တည်ငြိမ်လာစေရန် ရည်ရွယ်ပြီး အဖက်ဖက်မှ အားထုတ်လာမှုပင် ဖြစ်သည်။

 

ခြုံငုံသုံးသပ်ရလျှင် စုပေါင်းခေါင်းဆောင်မှုစနစ် ကို ပြန်လည်ကျင့်သုံးခြင်း၊ အထက်ပိုင်း ခေါင်းဆောင်များ၏ လုံခြုံမှုကို မြှင့်တင်ခြင်းနှင့် ရာထူးသက်တမ်းနှင့် အသက်အရွယ် ကန့်သတ်ချက်ဆိုင်ရာ စည်းမျဉ်းများကို ချမှတ်ခြင်းတို့သည် အာဏာရှင်တစ်ဦးတည်းက အကြွင်းမဲ့ချုပ်ကိုင်သည့် Totalitarianism စနစ်မှ ကူးပြောင်းရာတွင် အရေးပါသော ခြေလှမ်းများ ဖြစ်ခဲ့သည်။ 

 

ထို့အပြင် ဥပဒေစနစ် ထူထောင်ခြင်းနှင့် လူမှုရေးဆိုင်ရာ ထိန်းချုပ်မှုများကို လျှော့ချခြင်းစသည့် ထပ် ဆောင်း ပြုပြင်ပြောင်းလဲမှုများသည် စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်နှင့် တဦးချင်း လွတ်လပ်ခွင့်များအတွက် ပိုမိုကျယ်ပြန့်သော နေရာလပ်များကို ဖန်တီးပေးနိုင်ခဲ့သည်။

 

သို့သော်လည်း ပြန်လည်ပြုပြင်ရေး လုပ်ငန်းစဉ်များတွင် ကြီးမားသော အကန့်အသတ်များ ရှိနေခဲ့သည်။ ထိပ်တန်းခေါင်းဆောင်များ၊ အထူးသဖြင့် တိန့်ရှောင်ဖိန် ကိုယ်တိုင်၏ ကိုယ်ကျိုးစီးပွား ကြည့်မှု များသည် ပြုပြင်ပြောင်းလဲမှုများ၏ ထိရောက်မှုနှင့် လက်တွေ့ကျင့်သုံးမှုတို့ကို အားနည်းသွားစေခဲ့သည်။

 

လက်တွေ့တွင် ထိုထိပ်တန်းခေါင်းဆောင်များသည် စည်းမျဉ်းစည်းကမ်းများမှ ကင်းလွတ်ခွင့်ရနေသဖြင့် ၎င်းတို့ကိုယ်တိုင် ချမှတ်ရန် ကြိုးပမ်းနေသည့် စံနှုန်းနှင့် စည်းမျဉ်းများကို ၎င်းတို့ကိုယ်တိုင် ချိုးဖောက်ခြင်းကို တားဆီးရန် ပျက်ကွက်ခဲ့သည်။

 

အရေးအကြီးဆုံးအချက်မှာ ဤပြုပြင်ပြောင်းလဲမှုများကို ထိရောက်စွာ အာဏာတည်စေမည့် ယန္တရားများ နောက်မှ ပါမလာ နိုင်ခဲ့ခြင်းပင် ဖြစ်သည်။ ၁၉၈၀ ပြည့်လွန်နှစ်များနှင့် တီယန်မင်အရေးအခင်းအပြီး ကာလများ (၁၉၉၂-၂၀၁၂) အတွင်းကဲ့သို့ ပြိုင်ဘက်အုပ်စုများကြား အာဏာချိန်ခွင်လျှာ မျှခြေရှိနေချိန်တွင် ဤအချက်မှာ ပြဿနာမဟုတ်ခဲ့သော်လည်း၊ အာဏာချိန်ခွင်လျှာ ပျက်ပြားသွားပြီး အာဏာရှင် ခေါင်းဆောင်တဦး နောက်တကျော့ပြန် ပေါ်ထွက်လာသည့်အခါတွင်တော့ တိန့်ရှောင်ဖိန် ချမှတ်ခဲ့သော အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများသည် လျင်မြန်စွာပင် ပြိုလဲသွားခဲ့ရတော့သည်။

 

ဖြစ်နိုင်ခြေရှိသည်က အုပ်ချုပ် ရေး စနစ်အတွင်း၌ စစ်မှန်သော အဖွဲ့အစည်းဆိုင်ရာ ကန့်သတ်ချက်များကို တည်ဆောက်ရန်ဖြစ်သည်။ ဥပမာအားဖြင့် ပါတီတွင်း ဒီမိုကရေစီကို ဖော်ဆောင်ခြင်း၊ လီနင်ဝါဒီ ပါတီ-နိုင်ငံတော်စနစ်၏ အာဏာကို လျှော့ချခြင်းနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော အခြားလူမှုအင်အားစုများအတွက် နိုင်ငံရေးအကွက်အကင်း ပိုမိုဖန်တီးပေးခြင်းတို့ ဖြစ်သည်။ 

 

အမှန်စင်စစ် ၁၉၈၆-၁၉၈၇ ခုနှစ်များတွင် ကျောက်ကျိယန် နှင့် ၎င်း၏ အကြံပေးများ ရေးဆွဲခဲ့သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှု မူဘောင်မှာ ထိုရည်မှန်းချက်များကို အောင်မြင်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ ဤရှုထောင့်မှကြည့်လျှင် ကျောက်ကျိယန် ကြိုးပမ်းခဲ့သော အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများသည် စနစ်ဟောင်းကို ပြန်လည်ပြင်ဆင်ခြင်း မဟုတ်ဘဲ အသွင်ကူးပြောင်းမှု ကို ဦးတည်ခဲ့ခြင်းဖြစ်သည်။

 

၎င်းတို့သည် ဆယ်စုနှစ်အစောပိုင်းတွင် မော်စီတုန်းကြောင့် ပါတီအတွင်း ထိခိုက်ခဲ့သည့် ပျက်စီးမှုများကို ကုစားရန် တိန့်ရှောင်ဖိန် လုပ်ဆောင်ခဲ့သော အသင့်အတင့်သာ ရှိသည့် အပြောင်းအလဲများထက် ပိုမို၍ အစွန်းရောက် ခဲ့သည်။ တိန့် ရှောင်ဖိန် ၏ ပြုပြင်ပြောင်းလဲမှုများသည် လီနင်ဝါဒ၏ အဓိကသွင်ပြင်လက္ခဏာများကို ထိန်းသိမ်းရန်နှင့် ပါတီ၏ အုပ်ချုပ်မှုကို ပိုမိုခိုင်မာတည်တံ့စေရန် ရည်ရွယ်သော်လည်း၊ ကျောက်ကျိယန် ၏ ပြုပြင်ပြောင်းလဲမှုများမှာမူ 'အာဏာရှင်စနစ်လွန်' အုပ်ချုပ်ရေးယန္တရားကို ပါတီတခုကသာ လွှမ်းမိုးထားသည့် အဖြစ်မှ ပိုမို လွတ်လပ်ပြီး အများဆန္ဒပါဝင်သော အာဏာရှင်စနစ်သို့ ပြောင်းလဲရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

 

ဝမ်းနည်းစရာ ဖြစ်ခဲ့ရသည်က ကျောက်ကျိယန် ၏ ကြိုးပမ်းအားထုတ်မှုများ မအောင်မြင်ခဲ့ခြင်း ဖြစ်သည်။ အစောပိုင်းတွင် အသင့်အတင့်ရှိသော တိုးတက်မှုအချို့ကို အမှန်တကယ် ဖော်ဆောင်နိုင်ခဲ့သော်လည်း၊ နောက်ပိုင်းတွင် ရှေ့မဆက်နိုင်ဘဲ ရပ်တန့်သွားခဲ့သည်။ "အမှန်တကယ်တော့ (၁၃) ကြိမ်မြောက် ပါတီကွန်ဂရက်အပြီးမှာ နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲမှုကို ဆက်လက်လုပ်ဆောင်ဖို့ ဒါမှမဟုတ် ထိန်းသိမ်းဖို့ဆိုတာ အလွန်ခက်ခဲသွားခဲ့ပါတယ်" ဟူ၍ ဝန်ခံ ပြောဆိုခဲ့သည်။ 

 

၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ တင့်ကားများ တီယန်မင်ရင်ပြင် အတွင်းသို့ ဝင်ရောက်လာခြင်းဖြင့်၊ ပါတီသည် ဒီမိုကရေစီလိုလားသော လှုပ်ရှားမှုကို ချေမှုန်းလိုက်ရုံသာမက အုပ်ချုပ် ရေး စနစ်အတွင်းမှ စတင်မည့် တဆင့်ချင်း အသွင်ကူးပြောင်းရေး ဆိုသည့် မျှော်လင့်ချက်အားလုံးကိုပါ မီးငြှိမ်းသတ်ပစ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

 

သို့သော်လည်း ပြန် ပြောင်း သုံးသပ် ကြည့်မည်ဆိုက ပါတီက ခွင့်ပြုထားသော ပြုပြင်ပြောင်းလဲရေး အစီအစဉ်မှတစ်ဆင့် ဒီမိုကရေစီဆီသို့ သွားမည့်လမ်းမှာ လက်တွေ့တွင် ဖြစ်နိုင်ခြေ မရှိလောက်အောင် အလွန်ကျဉ်းမြောင်းလွန်းနေခဲ့သည်။ 

 

ဆင်မြူရယ် ဟန်တင်တန် ၏ အဆိုအရ အုပ်ချုပ်သူအစိုးရကိုယ်တိုင်က စတင်ဖော်ဆောင်သော ပြုပြင်ပြောင်းလဲမှု သို့မဟုတ် “အသွင်ကူးပြောင်းမှု” လုပ်ရန် အတွက် အစိုးရအတွင်းရှိ ပြုပြင်ပြောင်းလဲရေးသမားများက နိုင်ငံရေးအရ အသာစီးရယူထားနိုင်ရန် လိုအပ်သည်။ ဤနေရာတွင် ပါတီ၏ အာဏာကို ထိပါးလာနိုင်မည့် မည်သည့်အပြောင်းအလဲကိုမဆို ဆန့်ကျင်ရာတွင် တိန့်ရှောင်ဖိန်သည် သဘောထားတင်းမာသူများဘက်မှ ခိုင်ခိုင်မာမာ ရပ်တည်နေခဲ့သဖြင့် အာဏာချိန်ခွင်လျှာမှာ သဘောထားတင်းမာသူများဘက်သို့သာ အပြတ်အသတ် ယိမ်းသွားခဲ့သည်။ 

 

၁၉၈၇ ဇန်နဝါရီလတွင် ဟူယောင်ပန်း ရာထူးမှ ထုတ်ပယ်ခံရပြီးနောက် ထိုချိန်ခွင်လျှာမှာ ပို၍ပင် တိမ်းစောင်းသွားခဲ့သည်။

 

၁၉၈၀ ပြည့်လွန်နှစ်များက ချန်ရစ်ခဲ့သည့် အဆိုးဝါးဆုံး အမွေအနှစ်မှာ အာဏာရှင်စနစ် ယန္တရား၏ အဓိက အဖွဲ့အစည်းများကို ဆက်လက် ထိန်းသိမ်းထားခဲ့ခြင်းပင် ဖြစ်သည်။ တိန့်ရှောင်ဖိန်နှင့် ၎င်း၏ သဘောထားတင်းမာသော အပေါင်းအပါများသည် နိုင်ငံရေးအရ လွတ်လပ်ခွင့်ပေးရန် ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြရာ၊ ၁၉၈၇ ခုနှစ်တွင် ကျောက်ကျိယန်၏ လုပ်ငန်းအဖွဲ့က မျှော်မှန်းခဲ့သည့် အလတ်စား ပြုပြင်ပြောင်းလဲမှုများပင် ထိုအဖွဲ့အစည်းများကို ကာကွယ်ပေးထားသကဲ့သို့ ဖြစ်ခဲ့သည်။

 

၁၉၈၀ ပြည့်လွန်နှစ်များတစ်လျှောက်၊ ထိုမှတစ်ဆင့် တီယန်မင် အရေးအခင်းနောက်ပိုင်း ကာလနှင့် ရှီကျင့်ဖျင် ခေတ်အထိပင်၊ တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် စစ်တပ်နှင့် အခြားသော အကျပ်ကိုင် အင်အားစုများကို တိုက်ရိုက် ထိန်းချုပ်ခြင်းအားဖြင့် အကြမ်းဖက်မှုအပေါ် တစ်ဦးတည်း မူပိုင်ခွင့်ကို ဆက်လက် ဆုပ်ကိုင်ထားခဲ့သည်။ 

 

၁၉၈၉ ခုနှစ် နွေဦးပေါက်တွင် တစ်နိုင်ငံလုံး၌ ဖြစ်ပွားခဲ့သော ပြည်သူလူထု၏ ဒီမိုကရေစီ အရေးတော်ပုံကြီးမှ ပါတီကို ကယ်တင်ပေးခဲ့သည်မှာ စစ်တပ်ပင် ဖြစ်သည်။

 

"ပါတီနှင့် အစိုးရကို သီးခြားစီ ခွဲထုတ်ရန်" ကျောက်ကျိယန် လုပ်ဆောင်ခဲ့သော အနည်းငယ်မျှသော ခြေလှမ်းများသည်လည်း သူ ရာထူးမှ ဖယ်ရှားခံရပြီးနောက်တွင် အတော်များများ ပြောင်းပြန် ပြန်ဖြစ်သွားခဲ့ရာ၊နိုင်ငံတော်အပေါ် ပါတီ၏ တင်းကျပ်သော ချုပ်ကိုင်မှုမှာ အနည်းငယ်မျှပင် ယိမ်းယိုင်ခြင်း မရှိခဲ့ပေ။ မော်စီတုန်း နောက်ပိုင်း ကာလတစ်လျှောက်လုံးတွင် ပါတီသည် နိုင်ငံတော် ယန္တရားအတွင်း၌ ယခင်အတိုင်းပင် အမြစ်တွယ် ခိုင်မြဲနေခဲ့လေသည်။

 

၁၉၈၀ ပြည့်လွန်နှစ်များအတွင်း သတင်းအချက်အလက်များအပေါ် ပါတီ၏ ထိန်းချုပ်နိုင်စွမ်းသည် အတော်အသင့် လျော့ပါးသွားခဲ့သည်။ ယင်းမှာ တစ်ဖက်တွင် ဟူ ယောင်ပန်း နှင့် ကျောက်ကျိယန် ကဲ့သို့သော ပြုပြင်ပြောင်းလဲရေးသမားများက လစ်ဘရယ်သမားများကို အကာအကွယ်ပေးခဲ့ခြင်းကြောင့် ဖြစ်သလို၊ အခြားတစ်ဖက်တွင်လည်း စီးပွားရေးဆန်လာသော မီဒီယာစျေးကွက်၏ ရိုက်ခတ်မှုကြောင့်လည်း ဖြစ်သည်။

 

သို့သော်လည်း သတင်းအချက်အလက် ရရှိနိုင်မှုကို ကန့်သတ်ထားသည့် ယန္တရားများဖြစ်သော နိုင်ငံပိုင် ရုပ်မြင်သံကြားကွန်ရက်များ၊ သတင်းစာများနှင့် စာပေထုတ်ဝေရေး ကုမ္ပဏီများ၊ ပုဂ္ဂလိက မီဒီယာပိုင်ဆိုင်ခွင့် ပိတ်ပင်ထားမှုများနှင့် သတင်းများကို ဆင်ဆာဖြတ်သည့်နိုင်ငံလုံးဆိုင်ရာ ဝါဒဖြန့်ချိရေး ကွန်ရက်များကိုမူ ဆက်လက် ထိန်းသိမ်းထားခဲ့သည်။

 

ထို့ကြောင့် ပါတီအနေဖြင့် လိုအပ်သည့်အချိန်တိုင်းတွင် ထိန်းချုပ်မှုများကို ပြန်လည် တင်းကျပ်နိုင်ခဲ့သည်။ အာဏာရှင်စနစ်၏ ထူးခြားချက်ဖြစ်သော ထိတ်လန့်တုန်လှုပ်ဖွယ် အကြောက်တရားဖြင့် အုပ်ချုပ်ခြင်း သည် ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း သိသိသာသာ လျော့နည်းသွားခဲ့သည်။ သို့သော်လည်း ပါတီသည် လူထု၏ အချို့သော အစိတ်အပိုင်းများကို အကြောက်တရားဖြင့် ဖိနှိပ်ရန် (ဥပမာ ၁၉၈၃ ခုနှစ် တိန့်ရှောင်ဖိန်၏ ပြင်းထန်သော ရာဇဝတ်မှု နှိမ်နင်းရေး ကာလကဲ့သို့) သော် ၎င်း၊ ဒီမိုကရေစီလိုလားသော အင်အားစုများကို ချေမှုန်းရန် (ဥပမာ ၁၉၈၉ ခုနှစ် တီယန်နန်မင် ရင်ပြင် အရေးအခင်းကဲ့သို့) သော်၎င်း၊ ပါတီ၏ စွမ်းဆောင်ရည်ကို ဆက်လက် ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

 

၁၉၈၀ ပြည့်လွန်နှစ်များက ပြုပြင်ပြောင်းလဲမှုများ ကြောင့် ပါတီ၏ချုပ်ကိုင်မှုကို သိသိသာသာ လျော့ပါးစေခဲ့သည့် တူခုတည်းသော နယ်ပယ်မှာ စီးပွားရေးကဏ္ဍ ဖြစ်သည်။ ပုဂ္ဂလိကကဏ္ဍ၏ လျင်မြန်သော တိုးတက်မှုသည် စီးပွားရေးအပေါ် ပါတီ-အစိုးရ၏ တစ်ဦးတည်းမူပိုင် ချုပ်ကိုင်ထားမှုကို ချိုးဖျက်နိုင်ခဲ့သည်။ ထို့ပြင် ဈေးကွက်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာပြီး ခိုင်မာလာခြင်းကြောင့် ခေတ်မီဖွံ့ဖြိုးမှုကို အရှိန်အဟုန်မြှင့်တင်ပေးနိုင်ရုံသာမက အရေးကြီးသော ရင်းမြစ်များကိုလည်း နိုင်ငံတော်၏ လက်ဝယ်မှ ခွဲထုတ်ပေးနိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်များကိုပါ လှုံ့ဆော်ပေးခဲ့သည်။

 

သို့သော်လည်း တီယန်မင် အရေးအခင်း နောက်ပိုင်း ဆယ်စုနှစ်များအတွင်း အတွေ့အကြုံများကို ကြည့်လျှင် အရင်းရှင်စနစ်ဖြင့် စီးပွားရေး ခေတ်မီအောင် ဆောင်ရွက်ခြင်းသည် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပေါ်စေရန်အတွက်မူ အကန့်အသတ်များ ရှိနေကြောင်း ထင်ရှားလာသည်။ 

 

၁၉၉၂ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ နှစ်ပေါင်း ၂၀ ကြာ စီးပွားရေး တိုးတက်မှုနှုန်းမှာ ဂဏန်းနှစ်လုံးအထိ ဆက်တိုက် တိုးတက်နေခဲ့ပြီး၊ ပုဂ္ဂလိကကဏ္ဍသည်လည်း စီးပွားရေး ထုတ်ကုန်များတွင် အကြီးမားဆုံး ပါဝင်ပံ့ပိုးသူ ဖြစ်လာခဲ့သော်လည်း အာဏာအပေါ် ပါတီ၏ ချုပ်ကိုင်နိုင်မှုမှာမူ အားနည်းသွားသည့် အရိပ်အယောင် လုံးဝမပြခဲ့ပေ။ တကယ်တမ်းတွင် ပါတီသည် အစဉ်တစိုက် မြင့်တက်လာသော လူနေမှုအဆင့်အတန်းများကြောင့် ပြည်သူ့ထောက်ခံမှု ကို ပိုမိုရရှိလာခဲ့ရုံသာမက ပါတီ၏ နိုင်ငံရေး လက်ဝါးကြီးအုပ်မှုကို ကာကွယ်ရန်အတွက် ပိုမိုထိရောက်သော ထိန်းချုပ်မှုနှင့် အကျပ်ကိုင် နိုင်သည့် အခွင့် အလန်း များကိုပါ ရရှိပိုင်ဆိုင်လာခဲ့သည်။

 

**************