အင်္ဂလိပ်-မြန်မာ စစ်ပွဲများ (၁၈၂၄-၁၈၈၆)(23)

by Hla Soewai - Apr 27 2026

#မဟာဗန္ဓုလပြန်လာပြီ

 

စစ်သူကြီး မဟာဗန္ဓုလသည် သူ၏ တပ်မတော်ကို အဖွဲ့ငယ်များခွဲ၍ ရခိုင်ရိုးမကို ဖြတ်ကျော်ကာ ဓနုဖြူမြို့တွင် ပြန်လည်စုရုံးရန် အမိန့်ပေးခဲ့ပြီး၊ သူကိုယ်တိုင်မှာမူ ဘကြီးတော်မင်းတရားထံမှ အမိန့်တော်ခံယူရန် အင်းဝနေပြည်တော်သို့ ရှေ့ဦးစွာ သွားရောက်ခဲ့သည်။

 

ဩဂုတ်လ၏ အဆိုးရွားဆုံး မိုးရာသီကာလအတွင်း အင်အား ၆,၀၀၀ ရှိသော ထိုစစ်ကြောင်းသည် ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ချီတက်လာခဲ့ပြီးနောက်၊ ဘယ်ဘက်သို့ ချိုးကာ မြန်မာပြည်တွင်းသို့ ဆက်သွယ်ထားသည့် ကြမ်းတမ်းလှသော အမ်းတောင်ကြားလမ်းအတိုင်း ဝင်ရောက်လာ ခဲ့ကြသည်။

 

ထိုကဲ့သို့သော ရာသီဥတုမျိုးတွင် ဒေသခံများအတွက်ပင်လျှင် အလွန်ပင်ပန်းကြီးစွာ သွားလာရမည့် ခရီးမျိုး ဖြစ်သည်။ မိုး ရေများ နှင့် ရွှဲနစ်နေသော တောတောင်များပေါ်တွင် မြူနှင်းများ ပိတ်ဖုံးနေပြီး၊ မွဲပြာရောင် ကောင်းကင်ယံမှ မိုးများကလည်း တသီတတန်းကြီး ရွာသွန်းနေသလို၊ စိုထိုင်းဆများသော လေအေးများကလည်း အရိုးထဲထိ အေးစိမ့် အောင် တိုက်ခတ်နေပြန်သည်။ တောင်ကျချောင်းများမှာ ရေလျှံနေပြီး၊ ကျွတ်နှင့် မျှော့များက သွေးကို စုပ်ယူနေသလို၊ ခြင်များကလည်း အလွန်ပြင်းထန်သော ငှက်ဖျားရောဂါပိုးများကို သွေးထဲသို့ ထည့်ပေးနေကြသည်။

 

လူသူမနီးသော တောနက်ထဲတွင် ဆန်တစ်အိတ်ကိုသာ အားကိုး၍ ချီတက်ခဲ့ကြရသော ထိုစစ်တပ်မှ စစ်သည်အများအပြားမှာ လမ်းခုလတ်တွင် လဲကျကျန်ရစ်ခဲ့ကြသော်လည်း၊ အများစုမှာမူ ခေါင်းဆောင် ဖြစ်သူ၏ ပြင်းထန်လှသော စိတ်ဓာတ်ခွန်အားကို အတုယူကာ သတ်မှတ်ထားသည့် စုရပ်သို့ မရောက်ရောက်အောင် အားခဲ၍ ရုန်းကန်ချီတက်နိုင်ခဲ့ကြလေသည်။

 

ဗန္ဓုလသည် အခြားသော သာမန် မြန်မာစစ်သူကြီးများနှင့် နှိုင်းယှဉ်မည်ဆိုက ကျားတကောင်နှင့် ပျင်းရိသော တိရစ္ဆာန် တကောင်ကဲ့သို့ ကွာခြားလှသည်။ သူသည် နန်းတွင်းထုံးတမ်းစဉ်လာများ၊ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားမှုများ၊ နန်းတွင်းအမူအရာနှင့် တရားဝင်ပြုမူနေထိုင်ရသော ဘောင်များကို အရေးမစိုက်ပေ။

 

ဤသည်မှာ ဆင်ခြင်တုံတရားကြောင့်ဟု မဆိုနိုင်သော်လည်း သူ၏ ပင်ကိုယ်စရိုက်မှာ အလွန်ပင် ထက်သန်ပြင်းပြပြီး မီးတောင်ကဲ့သို့ ပေါက်ကွဲလွယ်သောကြောင့် ထိုကဲ့သို့သော ချုပ်ချယ်မှုများကို လက်မခံနိုင်ခြင်း ဖြစ်သည်။

 

သူသည် ထိန်းမနိုင် သိမ်းမရအောင်ပင် ဒေါသကြီးသူဖြစ်သည်။ တစ်ခါက တွန့်ဆုတ်နေသော စစ်ဗိုလ်ချုပ်တစ်ဦးကို မြင်သောအခါ သူ၏ မြင်းပေါ်မှ ခုန်ဆင်းပြီး ထိုသူ၏ခေါင်းကို ဓားဖြင့် တချက်တည်း ပိုင်းချလိုက်သည်ဟု ဆိုကြသည်။ စစ်သည်များအတွင်း အမိန့်မနာခံမှုကိုလည်း ထိုနည်းတူပင် ပြင်းပြင်းထန်ထန် အပြစ်ပေးလေ့ရှိသည်။

 

သို့သော် သူသည် ဒေါသကြီးသော အာဏာရှင် မျိုး‌ တော့ မဟုတ်။ အောက်လက်ငယ်သား များသည် သူ့အပေါ် အလွန်သစ္စာရှိကြသည်ဟု ဆိုကြပြီး၊ သူ၏ အာဏာစက်မှာလည်း လက်အောက်ငယ်သားများက သူ၏အမိန့်ကို တိတိကျကျ လိုက်နာလိုသည့် စိတ်ဆန္ဒကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ အမိန့်မနာခံလျှင် သေဒဏ်ပေးမည်ဟူသော ခြိမ်းခြောက်မှုကြောင့် ဖြစ်နိုင်သော်လည်း၊ သူသည် ရာထူးဂုဏ်ရှိန်အပြင် လူတို့အပေါ် လွှမ်းမိုးနိုင်သော ထူးခြားသည့် စွမ်းအားတစ်ရပ် ရှိနေသည်မှာတော့ အမှန်ပင်ဖြစ်သည်။

 

ရလဒ်အနေဖြင့် သူ၏ စစ်တပ်များသည် အခြားသော စစ်သူကြီးများ၏ နှေးကွေးလေးလံသော ပုံစံမျိုး နှင့်မတူဘဲ စစ်မြေပြင် ရှိရာ နေရာများသို့ အချိန်ကိုက် အမြဲရောက်ရှိလေ့ရှိသည်။ သူသည် မြန်မာစစ်သူကြီးများထဲတွင် ဗေဒင်ဆရာ၏ စကားထက် စစ်ရေးအခြေအနေပေါ် မူတည်ပြီး တစ်ကိုယ်တော် ဆုံးဖြတ်လုပ်ဆောင်လေ့ရှိသူ ဖြစ်သည်။ လျင်မြန်ခြင်း၊ ကြိုတင်တွေးခေါ်ခြင်းနှင့် တက်ကြွမှုတို့မှာ သူ၏ စစ်ဆင်ရေးတိုင်းတွင် ထင်ရှားနေသဖြင့် စစ်တိုက်ရန် အတွက်သာ မွေးဖွားလာသူတစ်ဦး ဖြစ်ပေတော့သည်။

 

ဗန္ဓုလသည် ဩဂုတ်လလယ်ခန့်တွင် အင်းဝသို့ ပြန်လည်ရောက်ရှိလာပြီး ရာမူးတိုက်ပွဲ၌ အောင်ပွဲဆင်နိုင်ခဲ့ခြင်းကြောင့် အမျိုးသားကယ်တင်ရှင်အဖြစ် တစ်ခဲနက် ချီးကျူးဂုဏ်ပြုခြင်း ခံခဲ့ရသည်။ သူနှင့်အတူ အနီရောင်ဝတ်စုံနှင့် ဘောင်းဘီဖြူများကို ဝတ်ဆင်ထားဆဲဖြစ်သော စစ်သုံ့ပန်း ကုလားစစ်သား ၂၅၀ ခန့်လည်း ပါလာခဲ့သည်။

 

ထိုစစ်သုံ့ပန်းများသည် ဘုရင်နှင့် မှူးမတ်များရှေ့တွင် ချီတက်နေရင်း သေနတ်ပစ်ခြင်း၊ ကျည်ဖြည့်ခြင်း စသည့် ခြေလျင်တပ်၏ စစ်ရေးလေ့ကျင့်ခန်းများကို သရုပ်ပြခဲ့ကြသည်။ သူတို့၏ သိသာထင်ရှားလှသော စစ်ရေးကျွမ်းကျင်မှုများက စုရုံးရောက်ရှိနေသည့် မြန်မာတို့အပေါ် အတော်ပင် အထင်ကြီးစရာ ဖြစ်စေခဲ့သည်။ ဗြိတိသျှစစ်တပ်သည် ထိုစစ်ဗာရီ များထက်ပင် ပို၍ ကျွမ်းကျင်ကြသည်ဟု သတင်းထွက်နေသည်ကို မြန်မာတို့က ပြန်လည်သတိရမိလာကြ၏။ 

 

သို့ဖြစ်ရာ ဤမျှကျွမ်းကျင်သော တပ်ဖွဲ့များကို အောင်နိုင်ခဲ့သည့် မိမိတို့ ၏ စစ်ရေးစွမ်းရည်မှာ မည်မျှတောင် သာလွန် နေပြီ ဆိုသည်ကို ဆင်ခြင် တွေးတောခဲ့ကြသည်။ ထိုသို့သော ယုံကြည်စိတ်ချမှုများက ရန်ကုန် ဖက်တွင် ကြုံတွေ့ခဲ့ရသော မြန်မာတို့၏ ရှုံးနိမ့်မှု သတင်းများ ပပျောက်စေရန် အထောက်အကူ ဖြစ်စေခဲ့သည်။

 

ဘကြီးတော်မင်းတရားက ဆင့်ခေါ်လိုက်သဖြင့် ပြန် ရောက်လာ‌ သော သာယာဝတီမင်းသားသည် များစွာ သတိသံဝေဂရနေပြီး ဗန္ဓုလအား အင်္ဂလိပ်တို့နှင့် ဖြစ်ပွားမည့်စစ်ပွဲသည် သူမျှော်လင့်ထားသကဲ့သို့ ဖြစ်လာမည်မဟုတ်ကြောင်း သတိပေးခဲ့သည်။ ဗန္ဓုလက ရယ်မောကာ ဤသို့ပြန်ပြောခဲ့သည်ဟု ဆိုကြသည် - “နောက်ရှစ်ရက်နေရင် ကျွန်ုပ် ရန်ကုန်မြို့က ဇရပ်တစ်ခုမှာ ညစာစားပြီး ရွှေတိဂုံဘုရားမှာ ဆုတောင်းပွဲ လုပ်နေပါလိမ့်မယ်။” မင်းသားကလည်း “နောက်ရက်အနည်းငယ်နေရင် မင်းတို့ ထွက်ပြေးရတဲ့သတင်းကို ငါကြားရလိမ့်မယ်၊ ဘာလို့လဲဆိုတော့ မင်းတို့ ရင်ဆိုင်ရမယ့်သူတွေက အတော်လေး ကြမ်းတမ်းခက်ထန်တဲ့လူတွေ ဖြစ်လို့ပဲ” ဟု ပြန်လည်မိန့်ကြားခဲ့သည်ဟူ သတည်း။

 

သို့သော်လည်း နန်းတွင်းသူနန်းတွင်းသားများနှင့် မြို့တော်ရှိ လူအားလုံးက မြန်ဆန်သော အောင်ပွဲကိုသာ မျှော်လင့်နေကြပြီး အင်းဝမြစ်ကမ်းနဖူးတွင် အောင်ပွဲခံအလေးပြုရန်အတွက် အမြောက် အလက် တစ်ရာကို အဆင်သင့် ပြင်ဆင်ထားခဲ့ကြသည်။

 

မြန်မာတို့သည် စစ်အင်အားနှင့် အရင်းအမြစ်များကို စုဆောင်းပြင်ဆင်ရန် သုံးလခန့် အချိန်ယူခဲ့ကြသည်။ ထိုအင်အားစုများအပြင် ရခိုင်စစ်မျက်နှာမှ ပြန်လည်ရောက်ရှိလာသော တပ်ဖွဲ့ဝင်များ ပေါင်းစည်းလိုက်သောအခါ မဟာဗန္ဓုလ၏ လက်အောက်တွင် စုစုပေါင်း အင်အား ၆၀,၀၀၀ ခန့် ရှိလာခဲ့သည်။ ဤစစ်တပ်ကြီးသည် မြန်မာ့သမိုင်းတွင် အင်အားအကြီးဆုံးနှင့် အကောင်းဆုံး တပ်မတော်ကြီးဖြစ်သည်ဟု ယူဆခြင်း ခံခဲ့ရသည်။

 

ထိုစစ်အင်အားစုထဲတွင် သေနတ်ကိုင်တပ်သား: ၃၅,၀၀၀ ခန့်၊ ၁၂ အောင်စခန့်ရှိသော ကျည်ဆံများကို ပစ်ခတ်နိုင်သည့် လှုပ်ရှားမှုလွယ်ကူသော စိန်ပြောင်းငယ် အမြောက် အမြား၊ မဏိပူရ မှ ကသည်း မြင်းသည်တော် ၇၀၀ ခန့် (၎င်းတို့သည် ခြေတံတိုသော်လည်း အလွန်သန်မာသော မြင်းပုများကို စီးနင်းကြသဖြင့် ကသည်းမြင်းတပ်ဟု အမည်တွင်ခြင်းဖြစ်သည်)၊ ဆင်ပေါ်တွင် တင်ဆောင်လာသော အမြောက်တပ်ဖွဲ့ဝင် အမြောက်အမြား၊ဓား၊ လှံများအပြင် ခံတပ်နှင့် ကာကင်းများ တည်ဆောက်ရန်အတွက် လိုအပ်သော တူးဆွရေးကိရိယာများ ကိုင်ဆောင်ထားသည့် တပ်သား ၂၀,၀၀၀ ခန့် ပါဝင်သည်။

 

နောက်ဆုံးတွင် "ဗြဟ္မာစို တပ် သား" များ ဟု ခေါ်သော လက်နက်ပြီး၊ ကျည်ပြီး သူများ အဖွဲ့လည်း ပါဝင်နေသေးသည်။ ထိုသူတို့သည် "အဆောင်အယောင်များ၊ မန္တန်များနှင့် ဘိန်းများ အပြည့်အစုံဖြင့်... ရန်သူကို စိန်ခေါ် ကခုန်ပြရာတွင် မိမိကိုယ်ကို အကာအကွယ်မဲ့စွာ ဖော်ထုတ်ပြသတတ်ကြ၍ ကြည့်ရသည်မှာ လွန်စွာ မှ ရယ်မောဖွယ်ကောင်းလှသည်" ဟု အင်္ဂလိပ် စစ်ဗိုလ် စနော့ဂရက်စ် က သူ၏မှတ်တမ်းတွင် လှောင်ပြောင် ရေးသားခဲ့သည်။

 

နိုဝင်ဘာလလယ်တွင် မဟာဗန္ဓုလ ချီတက်လာနေပြီဟူသော သတင်းများ ထွက်ပေါ်နေသော်လည်း၊ ကမ်းဘဲလ် သည်လည်း စစ်ပွဲကို ရန်သူ့နယ်မြေအတွင်းပိုင်း အင်းဝမြို့အထိ နက်နက်ရှိုင်းရှိုင်း ထိုးစစ်ဆင်ရန် ပြင်ဆင်မှုများ ပြုလုပ်နေခဲ့သည်။ မြစ်ကြောင်းသယ်ယူပို့ဆောင်ရေးအတွက် စစ်တကောင်းမှ မဂ် လှေလုပ်သား ၅၀၀ ရောက်ရှိလာခဲ့ပြီး၊ ဗြိတိသျှ တပ်ရင်းနှစ်ရင်း ၊ တိုင်းရင်းသား ခြေလျင်တပ်ရင်းအချို့၊ မြင်းစီးတပ်ရင်းတရင်း၊ မြင်းတင်အမြောက်တပ်စုတစုနှင့် ဒုံးပျံတပ်ဖွဲ့တဖွဲ့တို့သည်လည်း စစ်ကူအဖြစ် ရောက်ရှိလာကြသည်။

 

ထို့နောက် နိုဝင်ဘာလကုန်ခါနီးတွင် မဟာဗန္ဓုလထံမှ မုတ္တမမြို့ဝန်ဟောင်းထံ ပေးပို့သော စာချွန်လွှာတစ်ခုကို ဗြိတိသျှတို့က ကြားဖြတ်ဖမ်းဆီးရမိခဲ့သည်။ ထိုစာထဲတွင် မဟာဗန္ဓုလသည် ရန်ကုန်မြို့၏ မြောက်ဘက် မိုင် ၂၂၀ ခန့်အကွာ ဧရာဝတီမြစ်ပေါ်ရှိ ပြည်မြို့မှ စတင်ထွက်ခွာလာပြီဖြစ်ကြောင်း၊ သူ၏ ဦးဆောင်မှုအောက်တွင် မည်သူမျှ မယှဉ်နိုင်သော စစ်သည်ဗိုလ်ပါများ၊ မြင်းတပ်၊ ဆင်တပ်များနှင့်အတူ အင်္ဂလိပ်တို့ကို ဖမ်းဆီးရန် သို့မဟုတ် ပင်လယ်ထဲသို့ မောင်းထုတ်ရန် လိုအပ်သော စစ်အသုံးအဆောင်ပစ္စည်းများ အပြည့်အစုံ ပါရှိကြောင်း ဖော်ပြထားလေသည်။

 

ဗြိတိသျှတို့သည် မြန်မာတပ်များနှင့် လွင်ပြင်တွင် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲနွှဲရတော့မည်ဟူသော အလားအလာကြောင့် ဝမ်းသာအားရ ဖြစ်နေကြသော်လည်း ကမ်းဘဲလ် ကမူ အသင့်ဖြစ်နေသည့် အခြေအနေတွင် လုံးဝမရှိသေးပေ။ သူ၏ တပ်ဖွဲ့မှာ ဖျားနာမှုများကြောင့် အင်အားချည့်နဲ့နေဆဲဖြစ်ပြီး အဓိကအားဖြင့် ဆားနယ်ဝက်သား၊ မှိုတက်နေသော ဘီစကစ်များနှင့် တောထဲမှရသည့် မမှည့်သေးသော နာနတ်သီးများကိုသာ မှီဝဲစားသောက်နေရသည်။ 

 

ဂေါ့ဒွင် ၏ တပ်ဖွဲ့မှာလည်း မုတ္တမမှ ပြန်မရောက်သေးဘဲ ကြည့်မြင်တိုင်တွင်လည်း တပ်အင်အား အနည်းငယ်သာ ချထားနိုင်ခဲ့သည်။ ထို့ကြောင့် ရန်ကုန်နှင့် ရွှေတိဂုံစေတီတော်အကြား နှစ်မိုင်ခန့်စီ ရှည်လျားသော စစ်မျက်နှာနှစ်ခုလုံးကို တောက်လျှောက် ကာကွယ်ထားရန်မှာ မဖြစ်နိုင်သလောက်ပင်။

 

ထို့ကြောင့် ထိုသို့ ရှည်လျားစွာ ခံစစ်ပြင်မည့်အစား အရှေ့မှ အနောက်သို့ တန်းစီလျက်ရှိသော ခံတပ်ငယ်လေးများကိုသာ အလျင်အမြန် တည်ဆောက်ခဲ့ရသည်။ ထိုခံတပ်များတွင် အခိုင်အမာ ပြုပြင်ထားသော စေတီပုထိုးများနှင့် ကင်းတဲများ ပါဝင်ပြီး အမြောက်တပ်ဖွဲ့ဝင် အင်အားအနည်းငယ်စီဖြင့် ကာကွယ်ထားသည်။ တစ်ဖက်တွင်လည်း အရေးကြုံလာသည့် ခံတပ်ငယ်များကို အချိန်မီ ကူညီနိုင်ရန်အတွက် အရန်တပ်ဖွဲ့တခုကိုလည်း အသင့်ပြင်ထားခဲ့သည်။ ကြည့်မြင်တိုင် ခံစစ်ကိုမူ မြစ်ထဲရှိ အမြောက် ၁၈ လက်ပါ အိပ်ချ်အမ်အက်စ် ဆိုဖီ စစ်သင်္ဘော၊ အရှေ့အိန္ဒိယကုမ္ပဏီပိုင် ကင်းလှည့်သင်္ဘောနှင့် အမြောက်တင် လှေငယ်တပ်စုများဖြင့် ပံ့ပိုးကူညီထားလေသည်။