ကျွနုပ်သည် ဘွဲ့လွန်ကျောင်းသား တဦး အဖြစ် သုံးနှစ်တာ ကာလအတွင်း အင်္ဂလိပ်စာ သင်တန်းများ ကို ထပ်မံ တက်ရောက်ခဲ့ရပြီး စာတမ်းများ ပြုစုရခြင်း၊ တင်သွင်းသော စာတမ်းများကို ခုခံချေပရှင်းလင်း ရခြင်း များ ပြုလုပ်ခဲ့ရပြီးနောက် ၁၉၃၆ တွင် စီးပွားရေး သိပ္ပံ အကယ်ဒမီ ကျောင်းတိုက်ကြီးတွင် သုတေသန လက်ထောက် အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ထိုအချိန်က အဆိုပါ သိပ္ပံကျောင်းတိုက်ကြီး၏ အကြီးအကဲ သည် လီနင်၏ မိတ်ဆွေဟောင်းလည်း ဖြစ်၊ ဘော်ရှီဗစ် လက်ဟောင်းကြီးလည်း ဖြစ်သော အမ် အေ ဆာဗယ်ရက် ဆိုသူပင် ဖြစ်သည်။
ကျွနုပ်သည် သုတေသန လက်ထောက် တဦး အဖြစ် အလုပ်အကိုင် အတည်တကျ ရရှိသွားခဲ့ပြီဟု ယူဆမိသည်၊ ထိုအချိန်က မော်စကို စက်မှု တက္ကသိုလ် မြို့ပြ အင်ဂျင်နီယာ ဌာနတွင် နိုင်ငံရေးနှင့် ဆိုင်သော စီးပွားရေး ဘာသာရပ်ကို အချိန်ပိုင်း သွားရောက် ပို့ချပေးနေချိန်လည်း ဖြစ်သည်၊ ကျွနုပ်၏ တပည့်များသည် နောင်အခါတွင် ထင်ရှား ကျော်ကြားသူများ ဖြစ်လာကြသည်၊ ထိုအချိန်က ကျောင်းသား နှင့် ဆရာသည် ရွယ်တူတန်းတူ ဖြစ်နေကြသည်က များပေသည်၊ ကျွနုပ်အဖို့ မနေတတ် မထိုင်တတ် ဖြစ်ပြီး အသက်အားဖြင့် သူတို့ထက် ပိုကြီးက ကောင်းလေစွ ဟု မကြာခဏ အတွေးများ ဝင်ခဲ့ရသည်။
ထိုမျှမကသေး ကျွနုပ် အဖို့ အားလျှင် အားသလို မော်စကိုရှိ စက်ရုံကြီးတခု၌ အလုပ်သမားများကို နိုင်ငံရေး၊ စီးပွားရေး နှင့် သိပ္ပံဆိုင်ရာ အကြောင်းအရာ များ အား ကိုယ့်အား တာဝန်ပေးထားသော အုပ်စုကို သွားရောက် ရှင်းလင်း ပို့ချရသည့် ပါတီတာဝန်ကလည်း ရှိနေပြန်သည်။ ကျွနုပ်၏ အုပ်စုတွင် လူအယောက် သုံးဆယ်ခန့် ရှိပြီး ဟောပြောရသည့် ခေါင်းစဉ်များက ပြည်တွင်းရေး နှင့် နိုင်ငံတကာ ရေးရာများ ဖြစ်သည်၊ နောက်ပိုင်းတွင် ကျွနုပ်သိလာရသည်က သံတမန် လုပ်ငန်းများ အတွက် ကျွနုပ်အား ရွေးချယ်ခဲ့ရာတွင် ထို သင်တန်းများ ကို ထည့်သွင်း စဉ်းစားခဲ့သည် ဆိုသော အချက်ပင် ဖြစ်သည်။
နောက်ပိုင်းတွင် စီးပွားရေး တက္ကသိုလ်ကြီး၏ သိပ္ပံဆိုင်ရာ အတွင်းရေးမှုး ဖြစ်လာခဲ့သည်၊ ၁၉၃၈ ခုနှစ် အကုန်ပိုင်း တရက်တွင် ထိုအချိန်က USSR သိပ္ပံအကယ်ဒမီ အကြီးအကဲ ရုက္ခဗေဒ ပညာရှင် ဗလာဒီမာ လီယွန်ရီဗစ်ချ် ကိုမာရော့က ကျွနုပ်အား တွေ့ချင်သည်ဟု ဆိုကာ ဆင့်ခေါ်ခဲ့သည်၊ ထိုကဲ့သို့ ထင်ရှားသော ပညာရှင်ကြီးက ကျွနုပ်အား အဘယ်အတွက်ကြောင့် ဆင့်ခေါ်ခဲ့ရသနည်းကို မတွေးတတ်အောင်လည်း ဖြစ်ခဲ့ရသည်။
သူက “ကျုပ်တို့ မောင်ရင်ကို ဗလာဒီဗော့စတော့ရဲ့ ဌာနခွဲမှာ သိပ္ပံဆိုင်ရာ အတွင်းရေးမှုး အဖြစ် ခန့်ထားချင်တယ်” ဟု ပြောလာခဲ့သည်။
ကျွနုပ်အဖို့က သူ၏ ကမ်းလှမ်းချက်သည် စွဲဆောင်စရာဟု မမြင်ခဲ့ပေ၊ “ကျွန်တော်က အငယ်တန်း သုတေသီ လက်ထောက် အဆင့်ပဲ ရှိပါသေးတယ်ခင်ဗျ၊ ဒီလို ရာထူးမျိုးက အနည်းဆုံး သိပ္ပံဘာသာရပ်မှာ ဒေါက်တာ ဘွဲ့ရထားသူ တဦးဦးနဲ့ပဲ သင့်တော်မယ်လို့ မြင်မိပါတယ်”၊ သို့သော်လည်း အကယ်ဒမီကြီး၏ အကြီးအကဲသည် ရုက္ခဗေဒ ပညာရှင်သာ မဟုတ်ပဲ စိတ်ပညာရှင်များ ဖြစ်နေလေရော့သလား မသိ၊ သို့ဆိုက ကျွနုပ် အတွင်းစိတ်ကို ထိုးထွင်း မြင်နိုင်စွမ်း ရှိပေမည်ဟု သံသယ ရှိခဲ့သည်။
ကံကောင်း ထောက်မစွာပင် သူက ဘာမှ ဆက်မပြောပဲ သူ၏ ကမ်းလှမ်းချက်ကို ပြန်လည် စဉ်းစားရန်သာ ပြောခဲ့သည်။
သို့သော် နောက်ပိုင်း ဖြစ်လာခဲ့ရသည်များကို ကြည့်မည်ဆိုက ကျွနုပ်၏ ကံကြမ္မာသည် သုတေသန ဝန်ထမ်းတဦး အဖြစ် ဆက်လက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်ထားခဲ့ပုံ မရပေ၊ ၁၉၃၉ ခုနှစ် အစပိုင်းတွင် သံတမန်များ ရွေးချယ်ပေးရသည့် ဗဟိုကော်မတီ၏ ကော်မရှင်တခုမှ ကျွနုပ်အား ဆင့်ခေါ်ခဲ့ပြန်သည်၊ ကျွနုပ်အား ဒီတကြိမ် ဆင့်ခေါ်ခဲ့သူများက ဗီ အမ် မိုလိုတော့ နှင့် ဂျီ အမ် မာလင်ကော့တို့ပင် ဖြစ်သည်။
“မောင်ရင့်ကို နိုင်ငံခြားရေး မူဝါဒ ပိုင်း နဲ့ ဆိုင်တဲ့ အလုပ်ဖက်ကို ရွှေ့ပြောင်းပေးဖို့ စဉ်းစားနေတယ်၊ သံတမန် အလုပ် ဆိုပါတော့ကွာ”
ဒီတကြိမ်လည်း ကော်မရှင်က ကျွနုပ်အား အဘယ်အတွက်ကြောင့် ရွေးချယ်ခဲ့ရသနည်းကို မစဉ်းစားတတ်အောင် ဖြစ်ခဲ့ရပြန်သည်၊ ကျွနုပ်အနေဖြင့် ပါတီတာဝန်ဖြင့် မကြာခဏ ခရီးထွက်ရပြီး ပြည်တွင်း နှင့် နိုင်ငံခြားရေး မူဝါဒများ အပေါ် ရှင်းလင်း ဟောပြောခဲ့ဖူးသည့် အတွက်ကြောင့်သာ ဖြစ်မည်ဟု ယူဆသည်။ ထို့အပြင် ဘွဲ့လွန်သင်တန်း ရှိ အင်္ဂလိပ်စာ သင်တန်းများတွင် ကျွနုပ်သည် အမှတ်အများဆုံး ဖြင့် အောင်မြင်ခဲ့သည်ကလည်း တကြောင်းအပါအဝင် ဖြစ်နိုင်ပေသည်။
ကျွနုပ်အား အင်္ဂလိပ်စာပေနှင့် ပတ်သက်၍ ဘယ်လို စာအုပ်တွေ ဖတ်ခဲ့ဖူးသလဲ ဟု မေးလာခဲ့ပြန်သည်၊ ကျွနုပ်က ဖတ်ခဲ့ဖူးသော စာအုပ် အနည်းငယ်၏ ခေါင်းစဉ်များကို ရွတ်ပြလိုက်သည်။ ထို့နောက် ကျွနုပ် စိတ်အဝင်စားဆုံးက အမေရိကန် ဘောဂဗေဒ ပညာရှင် စတူးဝပ် ချေ့စ် ၏ “Rich Land, Poor Land” ဖြစ်ကြောင်း ထည့်ပြောပြခဲ့သည်။ နောက်ထပ် ဘာမှ ထပ်ပြောစရာ မလိုတော့ပဲ ကော်မရှင်က ကျွနုပ်အား ရွေးချယ်ခဲ့ပြီ ဖြစ်သည်။
နောက်ပိုင်း ရက်အနည်းငယ် အကြာတွင် ဗဟိုကော်မတီမှ ကျွနုပ်အား နောက်တကြိမ် ဆင့်ခေါ်လိုက် ပြန်သည်။ “မောင်ရင် သဘောတူမယ်ဆိုရင် လက်ရှိ သိပ္ပံအကယ်ဒမီကနေ သံတမန် လုပ်ငန်းဖက်ကို ပြောင်းရွှေ့ပေးတော့မယ်” ဟု ပြောလာခဲ့သည်။
စကား အနည်းငယ် ပြောဆိုပြီးနောက် ကျွနုပ်က လက်ခံကြောင်း ပြန်ပြောခဲ့သည်၊ နောက်ပိုင်း ကျွနုပ်သည် ဝါရှင်တန်၊ ထို့နောက် လန်ဒန်တွင် သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသည်၊ ၁၉၅၇ တွင် ကျွနုပ်သည် ဂျီ အင်ဒရေယက် ကလောင်အမည်ဖြင့် “The Export of American Capital” စာအုပ်ကို ရေးသားခဲ့သည်၊ ထိုစာအုပ်အတွက် မော်စကို အစိုးရ တက္ကသိုလ်ကြီးမှ ကျွနုပ်အား စီးပွားရေး ဘာသာရပ်ဆိုင်ရာ ဒေါက်တာဘွဲ့ကို အပ်နှင်း ချီးမြှင့်လာခဲ့သည်။
၁၉၆၁ တွင် ထိုကလောင်အမည်ဖြင့်ပင် “The Expansion of the Dollar” စာအုပ်ကို ရေးသားခဲ့ပြန်သည်၊ ၁၉၈၂ တွင် “The External Expansion of Capital: Past and Present” စာအုပ်ကို ရေးသားပြီးစီးခဲ့သည်။
ကျွနုပ်သည် ထိုသို့ အရေးပါလှသော စီးပွားရေး ဆိုင်ရာ အကြောင်းအရာများကို ရေးသာနိုင်ရန် သုတေသန ပြုလုပ်ခဲ့ရသဖြင့် ကျွနုပ်၏ အဓိက အလုပ်ကို များစွာ အထောက်အကူ ပြုလာခဲ့ပေသည်။