ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(78)

by Hla Soewai - Apr 13 2026

ကျွန်တော်တို့ထဲက တချို့ကတော့ ထိပ်တန်းဖက်ရှင်မော်ဒယ်လ်တွေဟာ သူတို့အချင်းချင်းပဲ အတူနေ လိင်ဆက်ဆံ ကြတာကလွဲလို့ တခြားဘာမှမလုပ်ဘူး လို့ ယုံကြည်ချက်အပြည့်နဲ့ အခိုင်အမာ ပြောဆိုခဲ့ကြဖူးသည်။ အကယ်၍သာ ကျွန်တော်တို့ကိုယ်တိုင်က ထိပ်တန်းမော်ဒယ်လ်တွေ ဖြစ်ခဲ့မယ်ဆိုရင်၊ ကိုယ့်လို အမျိုးသား အချင်းချင်း အတူနေပါ့မလား ဒါမှမဟုတ် ကိုယ်လို လှပသည့် အမျိုးသမီး များနဲ့ပဲ အတူနေမလားဆိုသည့် မေးခွန်းမျိုးပေါ့၊ ဒီလို အကျိုး နဲ့ အကြောင်းနဲ့ မေးခွန်းမျိုးက အမျိုးသားတစ်ယောက်၏ မာနကို အနည်းငယ်တော့ လျော့ပါးစေတာ တော့အမှန်ပင် ဖြစ်သည်။ ဒါကြောင့်လည်း ဟိုတယ်ရေကူးကန်နားမှာ သူမဆီ ချဉ်းကပ်သွားတုန်းက ကျွန်တော် အတော်လေး စိုးရိမ်တုန်လှုပ်နေခဲ့မိခြင်း ဖြစ်သည်။

 

"ဟိုင်း" လို့ ကျွန်တော် နှုတ်ဆက်လိုက်သည်။ ကျွန်တော့်ရဲ့ ကိုယ်ဟန်အနေအထားကြောင့်လား၊ ဒါမှမဟုတ် မျက်လုံးထဲက တစ်ခုခုကြောင့်လားတော့ မသိဘူး။ ကျွန်တော် ဘာမှ ဆက်မပြောရသေးခင်မှာပဲ သူမက ဖတ်လက်စ Jonathan Livingston Seagull စာအုပ်ကို ချလိုက်ပြီး— "ရှင်က ချစ်စရာကောင်းပါတယ်၊ ဒါပေမဲ့ ကျွန်မ ကြိုက်တဲ့ပုံစံမျိုး မဟုတ်ဘူး။ ရှင် အပြစ်မရှိပါဘူး၊ ရှင်က ယောင်္ကျားတစ်ယောက် ဖြစ်နေလို့ပါ" လို့ ပြောလိုက်သည်။

 

တစ်ခါပြန်ပြီး အံ့အားသင့်သွားရပြန်တာကြောင့် ကျွန်တော် ပြောနိုင်တာဆိုလို့ "ကြိုးစားကြည့်တာကိုတော့ အပြစ်မတင်ပါနဲ့ဗျာ" လို့သာ ဖြစ်သည်။ သူမကလည်း အပြစ်မတင်ခဲ့။ ဒါကြောင့် ကျွန်တော်တို့လည်း သူငယ်ချင်းတွေ ဖြစ်သွားခဲ့ကြသည်။ ဒါတွေကတော့ 'The Hamlet' ရုပ်ရှင်ထဲက အဓိက ဇာတ်ကောင်တွေ အကြောင်းများ ဖြစ်သည်။ ကျွန်တော်နဲ့ သရုပ်ဆောင်တွေ၊ ပြီးတော့ ဓါတ်ပုံထဲ ပါဖို့ ဝန်လေးနေတဲ့ ဒါရိုက်တာ တို့နဲ့အတူ ရိုက်ထားတဲ့ ပိုလာရွိုက် (Polaroid) ဓာတ်ပုံတွေနဲ့အတူ ဒီအကြောင်းတွေကို ကျွန်တော့်အဒေါ်ဆီ ပေးပို့တဲ့ စာထဲတွင် အကုန်ထည့်ရေးထားခဲ့သည်။

 

ဒါ့အပြင် ဒုက္ခသည်စခန်းမှာ ရှိနေသည့် လူတွေ၏ ဓာတ်ပုံတွေ၊ ကျွန်တော် မထွက်ခွာခင်က ဗိုလ်ချုပ်ကြီး ပေးထားတဲ့ သတင်းစာဖြတ်ပိုင်းတွေကိုလည်း ထည့်ပေးလိုက်သေးသည်။

 

 'ရေနစ်သေဆုံးခြင်း!'၊ 'လုယက်ဖျက်ဆီးခြင်း!'၊ 'မုဒိမ်းကျင့်ခြင်း!'၊ 'လူသားချင်း ပြန်စားနေကြပြီလား?' ဆိုသည့် သတင်းခေါင်းကြီးပိုင်းများ ဖြစ်သည်။ ကျွန်တော်တို့ မိခင်နိုင်ငံ ကမ်းခြေများရှိ ထွက်ပေါက် များကနေ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့လို စိတ်မပါ့တပါ့နှင့် ဖော်ရွေဟန် ပြနေသည့် ကမ်းခြေများ ဆီ ဦးတည်လာသည့် လှေနှစ်စီးတွင် တစီးပဲ လွတ်မြောက်သည် ဆိုတာရယ်၊ ကျန်တဲ့လှေတွေကတော့ မုန်တိုင်းဒဏ်နဲ့ ပင်လယ်ဓားပြတွေကြောင့် နစ်မြုပ်ကုန်ကြသည့် အကြောင်းများကို ဒုက္ခသည်တွေက သတင်းပေးပို့နေကြသည့်ကို ဗိုလ်ချုပ်ကြီးက ထိတ်လန့်တုန်လှုပ်မှုနဲ့ အောင်နိုင်မှု လေသံများ ရောပြွမ်းကာ ကျွန်တော့်ကို ဖတ်ပြခဲ့၍ ဖြစ်သည်။

 

"ဒီမှာ ကြည့်စမ်း" ဟု ဗိုလ်ချုပ်ကြီး သတင်းစာတစောင်ကို ကျွန်တော့်ဘက်သို့ ခါယမ်းပြသည်။ "ဒီကွန်မြူနစ်အောက်တန်းစားတွေ တိုင်းပြည်ကို သုတ်သင်ရှင်းလင်းနေတယ်ဆိုတဲ့ သက်သေပဲ!"

 

မန်း၏ အဒေါ်ထံ ကျွန်တော် စာရေးရာတွင် ထိုသတင်းများကို မြင်ရသည်မှာ မည်မျှဝမ်းနည်းစရာကောင်းကြောင်း အလေးအနက် ရေးသားခဲ့သည်။ သို့သော် မမြင်နိုင်သော စာသားများ (လျှို့ဝှက်စာ) ဖြင့်မူ "ဒါတွေ တကယ်ဖြစ်နေတာလား၊ ဒါမှမဟုတ် ဝါဒဖြန့်နေတာလား" ဟု ကျွန်တော် မေးမြန်းခဲ့သည်။ "တပ်မှူးကြီးခင်ဗျား... ခရစ္စတိုဖာ ကိုလံဘတ်စ်ကိုပင် ထိတ်လန့်တုန်လှုပ်စေမည့် ယိုစိမ့်နေသော လှေအိုကလေးများဖြင့် ပင်လယ်ပြင်ကိုဖြတ်ကာ ထွက်ပြေးရန် ထိုဒုက္ခသည်များကို မည်သည့်အိပ်မက်က တိုက်တွန်းနှိုးဆော်ခဲ့သည်ဟု ထင်ပါသလဲ။ ကျွန်ုပ်တို့၏ တော်လှန်ရေးသည် ပြည်သူကို အလုပ်အကျွေးပြုသည်ဆိုပါက၊ အချို့သောပြည်သူများသည် အဘယ်ကြောင့် ထွက်ပြေးတိမ်းရှောင်ခြင်းဖြင့် ဆန္ဒထုတ်ဖော်နေကြရသနည်း။ ထိုစဉ်က ကျွန်တော့်ထံတွင် ဤမေးခွန်းများအတွက် အဖြေမရှိခဲ့ပါ။ ယခုမှသာ ကျွန်တော် စတင်နားလည်လာရခြင်း ဖြစ်သည်။

 

ရုပ်ရှင်ရိုက်ကွင်းပေါ်ရှိ အခြေအနေများမှာ ခရစ္စမတ်ကာလအထိ အဆင်ပြေချောမွေ့စွာ လည်ပတ်နေခဲ့သည်။ ထိုအချိန်တွင် ရာသီဥတုမှာ တော်တော်လေး အေးမြလာပြီဖြစ်သော်လည်း အမေရိကန်များ အဆိုအရမူ ရေနွေးနွေးဖြင့် တစ်ချိန်လုံး ရေချိုးနေရသကဲ့သို့ ခံစားရဆဲပင် ဖြစ်သည်။ ဒီဇင်ဘာလ မတိုင်မီ ရိုက်ကူးခဲ့သော အခန်းအများစုမှာ တိုက်ပွဲဝင်အခန်းများ မဟုတ်ကြပေ။ 

 

၎င်းတို့မှာ- တပ်ကြပ်ကြီး ဘယ်လာမီ ဗီယက်နမ်သို့ ရောက်ရှိလာပြီး မကြာမီမှာပင် ဆိုင်ကယ်စီး လူမိုက်တစ်ဦးက သူ၏ ကင်မရာကို လက်ထဲမှ လုယူသွားသည့်အခန်း (ဤအခန်းကို ရီနိုး တက္ကစီများ၊ ဗီယက်နမ်စာတန်းများ ရေးသားထားသော ဆိုင်းဘုတ်များနှင့် လမ်းဘေးဈေးသည်များဖြင့် ဆိုင်ဂုံမြို့လယ်ကောင်နှင့်တူအောင် ပြန်လည်ဖန်တီးထားသော အနီးအနားရှိ မြို့ကလေးတွင် ရိုက်ကူးခဲ့သည်)။

 

ဗိုလ်ကြီး ရှေးမတ်စ်ကို ထိုမြို့ရှိ ဌာနချုပ်သို့ ဆင့်ခေါ်ကာ အကျင့်ပျက်ခြစားနေသော ARVN (တောင်ဗီယက်နမ်တပ်မတော်) ဗိုလ်မှူးကြီးတစ်ဦးကို တိုင်တောမှုကြောင့် ဗိုလ်ချုပ်တစ်ဦးက ၎င်းကို ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းပြီး ကျေးရွာလေးတစ်ခုကို သွားရောက်ကွပ်ကဲရန် ပြစ်ဒဏ်ပေးလိုက်သည့်အခန်း၊ လယ်သမားများက လယ်ကွင်းထဲတွင် စပါးစိုက်ပျိုးနေစဉ် Green Beret (အမေရိကန်အထူးတပ်ဖွဲ့) များက ရွာ၏ ခံတပ်တည်ဆောက်ရေးကို ကြီးကြပ်နေသည့် ကျေးလက်လူနေမှု ၏ သာယာလှပသော အခန်းများ၊ စိတ်ပျက်နေသော Green Beret စစ်သားတစ်ဦးက သူ၏ စစ်ဦးထုပ်ပေါ်တွင် "ကျွန်ုပ်သည် ဘုရားသခင်ကို ယုံကြည်ပါသည်၊ သို့သော် ဘုရားသခင်က နာပမ်း (Napalm) ဗုံးကို ယုံကြည်သည်" ဟု ရေးသားနေသည့်အခန်း၊ ဗိုလ်ကြီး ရှေးမတ်စ်က သံချေးတက်နေသော ရိုင်ဖယ်များ ကိုင်ဆောင်ကာ ညှပ်ဖိနပ်များဖြင့် လေးကန်စွာ လျှောက်လှမ်းနေသော ရွာသူရဲကောင်းများကို စိတ်ဓာတ်တက်ကြွဖွယ် မိန့်ခွန်းပြောနေသည့်အခန်း၊ တပ်ကြပ်ကြီး ဘယ်လာမီက ထိုပြည်သူ့စစ်များကို ပစ်ခတ်မှုလေ့ကျင့်ခန်း၊ ဆူးကြိုးအောက်တွင် တွားသွားခြင်းနှင့် L-ပုံသဏ္ဌာန် ည ဖေါက်ခွဲ ဖျက်ဆီးရေး အလစ်အငိုက် တိုက်ခိုက်မှုများ သင်ကြားပေးနေသည့်အခန်း၊ နှင့် မမြင်နိုင်သော ဗီယက်ကောင်း များနှင့် ရွာ၏ ကာကွယ်ရေးတပ်ဖွဲ့များကြား ပထမဆုံး အပြန်အလှန် ပစ်ခတ်မှုများ (ထိုအခန်း တွင် ပြည်သူ့စစ်များက ၎င်းတို့၏ တခု တည်းသော မော်တာဖြင့် မှောင်မိုက်ထဲသို့ ရမ်းသန်းပစ်ခတ်နေခြင်းများ သာလျှင် အဓိကပါဝင်သည်) တို့ ဖြစ်ကြသည်။

 

ကျွန်ုပ်၏ ရုပ်ရှင်ရိုက်ကူးရေး နေ့ရက်များမှာ— ဇာတ်ပို့သရုပ်ဆောင်များ (Extras) အနေဖြင့် အဝတ်အစားဌာန မည်သည့်နေရာတွင် ရှိသည်ကို သိရှိစေရန်၊ ၎င်းတို့၏ ရိုက်ကွင်းဝင်ရမည့်အချိန်တွင် အသင့်ဖြစ်နေစေရန်၊ ၎င်းတို့၏ စားဖို့ သောက်ဖို့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်၊ ၎င်းတို့ရရှိမည့် တနေ့ တဒေါ်လာနှုန်း လစာကို အပတ်စဉ် ပေးချေရန်နှင့် လိုအပ်သော ဇာတ်ကောင်နေရာများတွင် လူပြည့်စုံစေရန် စသည်တို့ကို လုပ်ဆောင်ရင်းဖြင့်သာ အချိန် ကုန်လွန်ခဲ့ရသည်။

 

ဇာတ်ပို့ အများစုသည် “အရပ်သား” များ အဖြစ် အသုံးတော်ခံကြရမည့် သူများ ဖြစ်သည်။ သူတို့သည် အပြစ်မဲ့ အရပ်သားများလည်း ဖြစ်နိုင်သလို၊ ဗီယက်ကောင်း များလည်း ဖြစ်နိုင်သည်၊ မည်သို့ပင်ဆိုစေ အပြစ်မဲ့လို့ပဲဖြစ်ဖြစ်၊ ဗီယက်‌ ကောင်း ပဲဖြစ်ဖြစ် ဇာတ်လမ်းထဲတွင် အသတ်ခံရဖို့ ရာခိုင်နှုန်းများသူ တွေ ဖြစ်သည်။ ဇာတ်ပို့အများစုသည် ထိုကဲ့သို့ ဇာတ်ရုပ်မျိုးနှင့် ရင်းနှီးပြီးသားဖြစ်၍ သူတို့ ဗုံးခွဲခံရတာ၊ ကိုယ်လက်အင်္ဂါ ပြတ်တောက်သွားတာ သို့မဟုတ် အသေပစ်သတ်ခံရတာမျိုးများ အတွက် သဏ္ဍန်လုပ် သရုပ်တူ ဖြစ်လာအောင် ကျွန်တော့်ဘက်ကနေ အထူးတလည် တိုက်တွန်းနေဖို့ မလိုလှပေ။

 

ဒုတိယအများဆုံး ကဏ္ဍကတော့ ဗီယက်နမ်သမ္မတနိုင်ငံ စစ်တပ် (ARVN) ၏ စစ်သားများ (ဆိုလိုခြင်သည်က - လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သူများ) ဖြစ်သည်။ အမေရိကန်စစ်သားများ၏ အမြင်မှာတော့ ၎င်းတို့သည် “မဟာမိတ်လည်း ဖြစ်နိုင်သလို၊ ရန်သူလည်း ဖြစ်နိုင်သည်၊ ထို့အတွက် မဟာမိတ်ဖြစ်လို့ပဲဖြစ်ဖြစ်၊ ရန်သူဖြစ်လို့ပဲဖြစ်ဖြစ် အသတ်ခံရဖို့ ရာခိုင်နှုန်းများသူတွေ” ဖြစ်နေ သော်လည်း အမျိုးသား ဇာတ်ပို့ အားလုံးက ထိုနေရာကိုသာ သရုပ်ဆောင်ချင်ကြသည်။ 

 

ဇာတ်ပို့တွေထဲမှာ ARVN စစ်ပြန်များ အတော်များများ ပါဝင်နေသည့်အတွက် ဒီဇာတ်ရုပ်အတွက် လူရွေးရတာ ကျွန်တော့်အတွက် ဘာအခက်အခဲမှ မရှိခဲ့။

 

အခက်ခဲဆုံး အပိုင်းသည်က အမျိုးသားလွတ်မြောက်ရေးတပ်ဦး (NLF) ပြောက်ကျားတပ်သား နေရာများ ဖြစ်သည်။ ၎င်းတို့ကိုတော့ နှိမ်ချသည့် အနေနှင့် “ဗီယက်‌ ကောင်း” ဟု ခေါ်ဝေါ်ကြသည်။ ၎င်းတို့သည် လွတ်လပ်ရေးကို မြတ်နိုးသည့် အမျိုးသားရေးဝါဒီများလည်း ဖြစ်နိုင်သလို၊ ရွံရှာဖွယ်ကောင်းသည့် ကွန်မြူနစ်အနီများလည်း ဖြစ်နိုင်သည်။ တကယ်တမ်း ဘယ်သူက မှ ဂရုမစိုက်၊ ဘာပဲဖြစ်ဖြစ် သတ်သာသတ်လိုက်တော့၊ ကျားကျားမမ။ ဘယ်သူကမှ ဗီယက် ကောင်း (လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သူများ) အဖြစ် သရုပ်မဆောင်ချင်ကြ။ တစ်ခါတလေပဲ သရုပ်ဆောင်ရမှာ ဖြစ်နေလျင်ပင် ဒုက္ခသည်တွေထဲက လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သူများသည် တဘက်က လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သူများကို အံ့ဩစရာ မဟုတ်သော် လည်း တုန်လှုပ်စရာကောင်းလောက် အောင် ပြင်းထန်လှသည့် အာဃာတများနှင့် မုန်းတီးနေကြသည်။