အိမ်အကူ ကလောဒီယာ ကက်တလက် ၏ မိသားစုဝင် သုံးဦးသည် အငြင်းပွားဖွယ် ဖြစ်နေသော အချိန်ကာလအတွင်း ဝုဒ်စတော့ခ် လက်နှိပ်စက်သည် ၎င်းတို့ လက်ဝယ်တွင် ရှိနေခဲ့ကြောင်း သက်သေထွက်ဆိုချက်ပေးကာ တရားခံဘက်မှ ကူညီအားဖြည့်ပေးခဲ့ကြသည်။
မိသားစုဝင်တစ်ဦး၏ ထွက်ဆိုချက်အရ ထိုလက်နှိပ်စက်သည် စာရိုက်ရာတွင် ခလုတ်များ ခဏခဏ ငြိနေတတ်သည်ဟု ဆိုသည်။ ထိုပြဿနာကို ဖြေရှင်းရန်အတွက် ၁၉၃၇ ခုနှစ်တွင် “ကွန်နက်တီကတ် ရိပ်သာလမ်း အနီးရှိ K လမ်းမပေါ်က လက်နှိပ်စက် ပြင်ဆိုင်” သို့ ယူသွားခဲ့သည်ဟု ဆိုသည်။ သို့သော် အစိုးရရှေ့နေ မာဖီ က ပြန်လှန်စစ်မေးရာတွင် အချက်အလက်အမှားတစ်ခုကို ထောက်ပြပြီး ထိုသက်သေထွက်ဆိုချက်ကို ချေဖျက်ခဲ့သည်။ “ကွန်နက်တီကတ်နဲ့ K လမ်းထောင့်က ဝုဒ်စတော့ခ် လက်နှိပ်စက် ပြင်ဆိုင်ဟာ ၁၉၃၈ ခုနှစ် စက်တင်ဘာလကျမှ စတင်ဖွင့်လှစ်ခဲ့တာပါ ဆိုရင်ကော ခင်ဗျား ဘယ်လိုပြောမလဲ။”
တရားခံရှေ့နေအဖွဲ့သည် ဟစ်၏ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း အာမခံပေးမည့် အထင်ကရ သက်သေများကိုလည်း အင်တိုက်အားတိုက် ခေါ်ယူ ထွက်ဆို စေခဲ့သည်။ ထိုစာရင်းတွင် အမေရိကန် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး နှစ်ဦး၊ ရှေ့နေချုပ်ဟောင်း တစ်ဦးတို့အပြင် ယခင် သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခံခဲ့ရသူ ဂျွန် ဒဗလျူ ဒေးဗစ် နှင့် နောင်တွင် သမ္မတလောင်း ဖြစ်လာမည့် အက်ဒ်လိုင်း စတီဗင်ဆင် တို့လည်း ပါဝင်ခဲ့သည်။ သို့သော် ဟစ်၏ ဂုဏ်သတင်းအပေါ် ထိုပုဂ္ဂိုလ်တို့၏ အကောင်းမြင် ထွက်ဆိုချက်များသည် ဂျူရီလူကြီးများ၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲစေနိုင်မည်လော။
အယ်ဂါ ဟစ် (ပုံတွင် တွေ့ရသူ) သည် တရားခွင်တွင် ထွက်ဆိုသည့်အခါ၊ ချိမ်ဘားစ်တင်ပြခဲ့သော လက်ရေးမူ ၄ စောင်ကို သူကိုယ်တိုင်ရေးသားခဲ့ကြောင်း ဝန်ခံခဲ့သည်။ သို့သော် ချိမ်ဘားစ်၏ လယ်ကွင်းထဲရှိ ဖရုံသီးထဲတွင် တွေ့ရှိခဲ့ရသော မိုက်ခရိုဖလင် များနှင့်မူ ပတ်သက်မှု မရှိကြောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာရွက်စာတမ်း ၆၅ စောင်ကို ရိုက်နှိပ်ရာတွင်လည်း သူသည် မည်သည့်အခန်းကဏ္ဍမှ မပါဝင်ကြောင်း ငြင်းဆိုခဲ့သည်။ ထို့အပြင်—သူသည် ဂျူရီအဖွဲ့ကြီးအား ပြောကြားခဲ့သည့်အတိုင်းပင်—၁၉၃၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နောက်ပိုင်းတွင် ချိမ်ဘားစ်နှင့် မည်သည့်အခါမျှ မတွေ့ဆုံခဲ့ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။
ရှေ့နေ စထရိုက်ကာ ကမူ ဂျူရီလူကြီးများထံ အပြီးသတ် လျှောက်လဲချက်ပေးရာတွင် ဝှစ်တိတ်ကာ ချိမ်ဘားစ် ကို အပြင်းအထန် ဝေဖန်တိုက်ခိုက်ခဲ့သည်။ ချိမ်ဘားစ်ကို "နိုင်ငံတော်၏ ရန်သူ၊ ခရစ်တော်ကို စော်ကားသူ၊ ဘုရားမဲ့ဝါဒီ၊ အိမ်ထောင်ရေးနှင့် မိခင်ဘဝအပေါ် လေးစားမှုမရှိသူ" ဟု ပြောဆိုခဲ့သည်။ တစ်ဖက်တွင်မူ ဟစ်ကို "ရိုးသားဖြောင့်မတ်ပြီး မတရားစွပ်စွဲခံထားရသော လူကြီးလူကောင်းတစ်ဦး" အဖြစ် တင်စားခဲ့သည်။ သူ၏ အမှုသယ် အယ်ဂါ ဟစ် အတွက် "ရှည်လျားလှတဲ့ အိပ်မက်ဆိုးကြီးဟာ အခုတော့ အဆုံးသတ်ဖို့ နီးကပ်နေပါပြီ" ဟု ယုံကြည်ချက်အပြည့်ဖြင့် ပြောကြားရင်း နိဂုံးချုပ်ခဲ့လေသည်။
တရားလိုဘက်မှ ရှေ့နေ မာဖီ က ဂျူရီလူကြီးများအနေဖြင့် သက်သေအထောက်အထားများအရ “ကောက်ချက်တစ်ခုတည်း” သာ ထွက်ပေါ်စရာ ရှိတော့သည်ဟု ပြောကြားခဲ့သည်။ ယင်းမှာ “တရားခံသည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လျှို့ဝှက်စာရွက်စာတမ်းများကို ချိမ်းမ်ဘာစ် ထံ ပေးအပ်ခဲ့သည်” ဆိုသည့်အချက်ပင် ဖြစ်သည်ဟု ဆိုသည်။ သူသည် နိဂုံးချုပ် လျှောက်လဲချက်ကို “ပြန်လာကြပါ၊ ပြီးတော့ အဲဒီလူရဲ့ မျက်နှာကိုကြည့်ပြီး သူဟာ လူလိမ်ဖြစ်ကြောင်း သက်သေပြလိုက်ကြပါ” ဟု ဂျူရီလူကြီးများကို တောင်းဆိုရင်း အဆုံးသတ်ခဲ့သည်။
၁၉၄၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် အမှုအား ဂျူရီအဖွဲ့ထံ လွှဲအပ်ခဲ့သည်။ နောက်တစ်နေ့ ညနေစောင်းတွင် ဂျူရီအဖွဲ့က သူတို့အနေဖြင့် တညီတညွတ်တည်း ဆုံးဖြတ်ချက် မချနိုင်ကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့သည်။
တရားသူကြီး ကောက်ဖ်မန်း က ဆုံးဖြတ်ချက်တစ်ခုရအောင် နောက်ဆုံးအကြိမ်အဖြစ် ကြိုးစားကြည့်ရန် ဂျူရီအဖွဲ့ကို တိုက်တွန်းခဲ့သည်။ သို့သော် နာရီပိုင်းအတွင်းမှာပင် ဂျူရီအဖွဲ့ ပြန်လာပြီး သူတို့ကြား သဘောထားကွဲလွဲမှုများမှာ လုံးဝညှိနှိုင်း၍မရတော့ကြောင်းအစီရင်ခံခဲ့သည်။
ထို့ကြောင့် အမှုအား အထမြောက်ခြင်းမရှိသည့် တရားစီရင်မှု Mistrial အဖြစ် ကြေညာခဲ့သည်။ ဂျူရီအဖွဲ့၏ ဆွေးနွေးတိုင်ပင်မှုများနှင့် ပတ်သက်၍ မေးမြန်းကြည့်ရာတွင် နောက်ဆုံးမဲခွဲရာတွင် ပြစ်ဒဏ်ချမှတ်ရန် (၈) မဲနှင့် အပြစ်မရှိကြောင်း လွှတ်ပေးရန် (၄) မဲ ဖြစ်နေကြောင်း သိရှိခဲ့ရသည်။
အယ်ဂါ ဟစ် ၏ ပထမအကြိမ် တရားစီရင်မှုအပြီးနှင့် ဒုတိယအကြိမ် တရားခွင်မစတင်မီ ကြားကာလသည် ထူးခြားသော အဖြစ်အပျက်များနှင့် ပြည့်နှက်နေသော ကာလတစ်ခု ဖြစ်ဘာခဲ့သည်။ ဆိုဗီယက်ယူနီယံက အနုမြူ ဗုံးကို အောင်မြင်စွာ စမ်းသပ်ဖောက်ခွဲနိုင်ခဲ့သည်။ မော်စီတုန်း၏ ကွန်မြူနစ် တပ်နီတော်က ချန်ကေရှိတ်၏ တပ်ဖွဲ့များကို ဖော်မိုဆာကျွန်း (ထိုင်ဝမ်) သို့ မောင်းထုတ်လိုက်နိုင်သည်။
အယ်ဂါ ဟစ်အတွက် အဆိုးရွားဆုံး အတိတ်နိမိတ်မှာ အမေရိကန်ပြည်သူတို့၏ သဘောထားသည် ပြည်တွင်းရှိ ကွန်မြူနစ်များအပေါ် ပိုမိုပြင်းထန်စွာ အရေးယူ ရေး ဘက်သို့ ကူးပြောင်းလာကြောင်း လူထုစစ်တမ်းများက ဖော်ပြနေခြင်းပင် ဖြစ်သည်။ ဒုတိယအကြိမ် တရားခွင်ကို အပြောင်းအလဲအချို့နှင့် စတင်ခဲ့သည်။ အစိုးရရှေ့နေအဖြစ် မာဖီ ကပင် ဆက်လက်ဆောင်ရွက်သော်လည်း၊ ဟစ်၏ ခုခံချေပရေးအဖွဲ့ကိုမူ ကလော့ဒ် ခရော့စ် က ဦးဆောင်ခဲ့သည်။ ပထမတရားခွင်တွင် တရားခံဘက်သို့ ယိမ်းသော ဆုံးဖြတ်ချက်များချမှတ်ခဲ့သည်ဟု ဝေဖန်ခံရသည့် တရားသူကြီး ကောက်ဖ်မန်း ၏ နေရာတွင် ဟင်နရီ ဂေါ့ဒတ် က အစားထိုး ဝင်ရောက်လာခဲ့သည်။
ဒုတိယအကြိမ်မြောက် တရားစီရင်ရာတွင် တရားခံဘက်မှ စိတ်ကျန်းမာရေးပညာရှင် ဒေါက်တာ ကားလ် အေ ဘင်ဂါ ၏ သက်သေထွက်ဆိုချက်အပေါ် အဓိက အားပြု၍ ခုခံ ချေပလာခဲ့သည်။
ဒေါက်တာ ဘင်ဂါသည် တိုက်ရိုက်စစ်ဆေးမေးမြန်းမှုတွင် ချိမ်ဘားစ် ၏ ရေးသားချက်များကို ဖတ်ရှုခြင်းနှင့် တရားခွင်အတွင်း သူ၏ သက်သေထွက်ဆိုမှုများကို စောင့်ကြည့်လေ့လာခြင်းတို့အပေါ်တွင်သာ အခြေခံ၍ ချိမ်ဘားစ်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေနှင့် ပတ်သက်သော သူ၏ အယူအဆများကို ယုံကြည်ချက်အပြည့်ဖြင့် တင်ပြခဲ့သည်။ ဘင်ဂါက ချမ်းဘားစ်ကို "စိတ်ရောဂါရှိသူ" နှင့် "မွေးရာပါ ဗီဇကြောင့် လိမ်ညာတတ်သူ" ဟု ခေါ်ဆိုခဲ့သည်။
ယင်းနောက်တွင် တရားခွင်သမိုင်းတစ်လျှောက် အကျော်ကြားဆုံးနှင့် အပြင်းထန်ဆုံးသော အပြန်အလှန် စစ်ဆေးမေးမြန်းမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ထိုစစ်ဆေးမှုတွင် အစိုးရရှေ့နေ မာဖီသည် ဘင်ဂါ၏ ယုံကြည်စိတ်ချရမှုကို ဖျက်ဆီးပစ်ခဲ့သည်။ မာဖီသည် သူ၏ မေးခွန်းများဖြင့် "စိတ်ရောဂါရှိသူ" ဟူသော တံဆိပ်ကပ်ခြင်းမှာ ရောဂါလက္ခဏာ အမြောက်အမြားအတွက် အသုံးမဝင်သည့်အပြင် အဓိပ္ပာယ်မရှိသော စကားလုံးသက်သက်သာ ဖြစ်ကြောင်း သက်သေပြရန် ကြိုးပမ်းခဲ့သည်။
ဥပမာအားဖြင့်၊ ချိမ်ဘားစ်သည် သက်သေထွက်ဆိုရာတွင် မျက်နှာကျက်ကို မော့ကြည့်တတ်သော အလေ့အထမှာ စိတ်ရောဂါရှိသည့် လက္ခဏာတစ်ခုဖြစ်သည်ဟု ဘင်ဂါက ကောက်ချက်ချခဲ့သည်။ ထိုအခါ မာဖီက ဒေါက်တာ ဘင်ဂါအား— ခင်ဗျား ကိုယ်တိုင် သက်သေထွက်ဆိုနေစဉ်အတွင်း တစ်နာရီမပြည့်မီသော အချိန်အတွင်းမှာပင် မျက်နှာကျက်ကို အကြိမ်ပေါင်း ၅၀ တိတိ မော့ကြည့်နေသည်ကို တရားလိုဘက်မှ ရေတွက်ထားမိသည့် အချက်အပေါ် မည်သို့မှတ်ချက်ပြုလိုသနည်းဟု ပြန်လည်မေးခွန်းထုတ်ခဲ့လေသည်။
မာဖီ က ချိမ်ဘားစ်တွင် ရှိသည်ဆိုသော စိတ်ဖောက်ပြန်သည့် ကိုယ်ရည်ကိုယ်သွေး၏ အခြားသော လက္ခဏာရပ်ဟု ပြောလာသည့် “ဖရိုဖရဲနိုင်မှု” နှင့် မိမိရုပ်ရည်သွင်ပြင်အပေါ် ဂရုမစိုက်မှုတို့နှင့် ပတ်သက်၍လည်း ပြန်လည် ချေပခဲ့သည်။ ကမ္ဘာကျော်ပုဂ္ဂိုလ် အများအပြားမှာလည်း ထိုကဲ့သို့ ဖရိုဖရဲနိုင်မှုကြောင့် လူသိများကြသည်ကို မာဖီက ထောက်ပြခဲ့သည်။ သို့ဆိုက အဲလ်ဘတ် အိုင်းစတိုင်း၊ ဘင်း ခရော့စဘီ နှင့် သောမတ်စ် အက်ဒီဆင် တို့ကိုလည်း စိတ်ဖောက်ပြန်သူများဟု ဒေါက်တာ ဘင်ဂါက ထင်ပါသလားဟု မေးမြန်းခဲ့သည်။
ထို့နောက် ချိမ်ဘားစ်၏ စကားအလှည့်အပတ်များမှာ စိတ်ဖောက်ပြန်သည့် ကိုယ်ရည်ကိုယ်သွေး၏ နိမိတ်လက္ခဏာ ဖြစ်သည်ဟူသော ဘင်ဂါ၏ အယူအဆကို မာဖီက အဓိကထား တိုက်ခိုက်ခဲ့ပြန်သည်။
အယ်ဂါ ဟစ်ကိုယ်တိုင်က သူ၏ စာမျက်နှာ ၅၅၀ ရှိသော သက်သေထွက်ဆိုချက်များတွင် စကားအလှည့်အပတ် (၁၅၈) ကြိမ် ပြုလုပ်ခဲ့ခြင်းအပေါ် မည်သို့ ကောက်ချက်ချသင့်သနည်းဟု ဒေါက်တာအား မေးခွန်းထုတ်ခဲ့သည်။
နောက်ဆုံးတွင် မာဖီသည် မိုက်ခရိုဖလင် လိပ်များကို ဖရုံသီးထဲ၌ ဝှက်ထားခြင်းသည် စိတ်ဖောက်ပြန်သည့် ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြနေသည်ဟူသော ဘင်ဂါ၏ ကောက်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ မာဖီက သမိုင်းတစ်လျှောက် ထင်ရှားသော "ပစ္စည်းဝှက်နည်းများ" နှင့် ပတ်သက်၍ မေးခွန်းထုတ်ခဲ့သည်။ မိမိ၏ ကလေးငယ်ကို ကျူတောထဲတွင် ဝှက်ထားခဲ့သော "မိုးဇက် ၏ မိခင်" သည်လည်း ဆိုးရွားသော စိတ်ဝေဒနာ ခံစားနေရသူလားဟု မေးခဲ့သည်။
ပြန်လှန်စစ်မေးမှု ပြီးဆုံးသွားသောအခါ ဝေဖန်သုံးသပ်သူတစ်ဦးက "မစ္စတာ မာဖီကတော့ ရှင်းလင်းတဲ့ မေးခွန်းတွေအတွက် ရှင်းလင်းတဲ့ အဖြေတွေကိုပဲ လိုချင်ခဲ့တာပါ၊ ဒါဟာ စိတ်ကျန်းမာရေး ဆရာဝန်တစ်ယောက်အတွက်တော့ အဆိုးရွားဆုံး ရင်ဆိုင်ရတဲ့ ပြဿနာ တခု ဖြစ်လာခဲ့တာပဲ" ဟု ရေးသားခဲ့သည်။