ဂေါ်ကီ ၏ အမေ(56)

by Hla Soewai - Apr 05 2026

နီကိုလိုင်းက တုန်ယင် အက်ကွဲသော အသံမျိုး ဖြင့် ဆက်ပြောပြန်သည်။ "မိဘကို သားသမီးတွေက ပြန်ပြီး ရှက်နေကြတဲ့ ခေတ်ကြီးထဲမှာ ကျုပ်တို့ တတွေ နေနေကြရတာဗျ။"

 

"ဘာပြောတယ်!" ဟု အမေဖြစ်သူက လန့်ဖျန့်ကာ အာမေဍိတ်သံဖြင့် မေးလိုက်သည်။

 

သူက အမေဖြစ်သူကို တစ်ချက် မော့ကြည့်ပြီး မျက်လုံးများကို မှိတ်ချလိုက်လေသည်။ ကျောက်ပေါက်မာများဖြင့် ပြည့်နှက်နေသော သူ၏မျက်နှာမှာ မျက်မမြင်တစ်ယောက်၏ မျက်နှာကဲ့သို့ပင် ဖြစ်နေတော့သည်။

 

“ကလေးတွေဟာ သူတို့ရဲ့ မိဘတွေအတွက် ရှက် နေကြရတယ်လို့ ကျွန်တော်ပြောတာပါ” ဟု သူက သက်ပြင်းတစ်ချက် အသံမြည်‌ အောင် ချရင်း ထပ်ပြောလိုက်သည်။

 

“ကဲ... အမေ မကြောက်ပါနဲ့။ အ မေ့ကို ဆိုလိုတာ မဟုတ်ပါဘူး။ ပါဗယ်လ်ကတော့ အမေ့ အတွက် ဘယ်တော့မှ ရှက်မှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ ကျွန်တော့်အဖေကို ရှက်တယ်၊ သူ့အိမ်ကိုလည်း ဘယ်တော့မှ ခြေဦးပြန်မလှည့်တော့ဘူး။ ကျွန်တော့်မှာ အဖေလည်းမရှိဘူး၊ အိမ်လည်းမရှိတော့ဘူး! အခုလည်း ကျွန်တော့်ကို ရဲတွေက စောင့်ကြည့်စာရင်းထဲ ထည့်ထားလို့သာပေါ့၊ မဟုတ်ရင် ဆိုင်ဘေးရီးယားကို ကျွန်တော် ရောက်နေ ‌ လောက် ပြီ။ ကိုယ့်ကိုယ်ကိုယ် မညှာတာ တတ်တဲ့ လူတစ်ယောက်ဟာ ဆိုင်ဘေးရီးယားမှာ အများကြီး လုပ်နိုင်မယ်လို့ ကျွန်တော် ထင်တယ်။ အဲဒီမှာရှိတဲ့ အကျဉ်းသားတွေကို လွှတ်ပေးမယ်၊ သူတို့ ထွက်ပြေးနိုင်အောင် စီစဉ်ပေးမယ်။”

 

အမေဖြစ်သူသည် သူ့တွင် ရှိပြီးသား ခံစားချက်များဖြင့် ထိုလူ ခံစားနေရသော ဝေဒနာကို နားလည်မိသော်လည်း၊ သူ၏ နာကျင်မှုသည် အမေ၏ ကိုယ်ချင်းစာစိတ်ကိုမူ နှိုးဆွပေး နိုင်ခြင်း မရှိခဲ့ပေ။

 

“အင်းလေ... အခြေအနေက ဒီလိုဆိုရင်တော့ ရှင် သွားလိုက်တာကပဲ ပိုကောင်းမှာပေါ့” ဟုသာ ပြောလိုက်သည်။ ဤသည်မှာ တိတ်ဆိတ်နေမည် ဆိုက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်မည်စိုး၍ ပြောလိုက်ခြင်းသာ ဖြစ်သည်။

 

အန်ဒရေးသည် မီးဖိုချောင်ထဲမှ ပြုံးလျက် ထွက်လာပြီး "ကဲ... အမေတို့ တရားဟောနေကြတာလား" ဟု ဆိုလိုက်သည်။ အမေက "ငါ စားစရာတစ်ခုခု သွားပြင်ဦးမယ်" ဟု ပြောကာ ထရပ်ပြီး ထွက်သွားလေသည်။

 

ဗိုင်ဆိုဗ်ရှီကော့ဗ်သည် ရုရှား‌ လေး ကို စိုက်ကြည့်ပြီး ရုတ်တရက် အခုလို ပြောလိုက်သည်။

 

"လူတချို့ကိုတော့ အပြတ်ရှင်းပစ်သင့်တယ်လို့ ငါထင်တယ်"

 

"အိုဟိုး... ဘာဖြစ်လို့လဲ" ဟု ရုရှားလေးက အေးအေးဆေးဆေးပင် ပြန်မေးလိုက်သည်။

 

"သူတို့တွေ လောကမှာ မရှိတော့အောင်လို့ ပေါ့"

 

"အဟမ်း... နေပါဦး၊ အသက်ရှင်နေတဲ့ လူတွေကို အလောင်းကောင်တွေ ဖြစ်သွားအောင် လုပ်ဖို့ ခင်ဗျား မှာ အခွင့်အရေးရှိလို့လား"

 

"ရှိတာပေါ့၊ ငါ့မှာ ရှိတယ်"

 

"အဲဒီအခွင့်အရေးကို ဘယ်ကရတာလဲ"

 

"အဲဒီလူတွေ ကိုယ်တိုင်ကပဲ ငါ့ကို ပေးခဲ့တာပေါ့"

 

အရပ်ရှည်ရှည် ခန္ဓာကိုယ်ကလည်း ပါးပါးလျလျ ရှိလှသော ရုရှား‌ လေးသည် ကိုယ်ကို ဟိုဒီယိမ်းနွဲ့ကာ လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားရင်း နီကိုလိုင်းကို ငုံ့ကြည့်နေသည်။ နီကိုလိုင်းကမူ ဆေးလိပ် မီးခိုးငွေ့များကြားမှ မြင်နေရသော သူ၏မျက်နှာပေါ်တွင် အနီကွက်များ ထနေသည်။

 

"ဒါကို လူတွေကပဲ ငါ့ကို ပေးခဲ့တာ!" ဟု သူက လက်သီးကို တင်းတင်းဆုပ်ရင်း ထပ်ပြောပြန်သည်။ "သူတို့က ငါ့ကို ကန်ကျောက်မယ်ဆိုရင် ငါ့မှာလည်း သူတို့ရဲ့ မျက်လုံးတွေ ထွက်သွားအောင် ပြန်ထိုးကြိတ်ပိုင်ခွင့်ရှိတယ်။ ငါ့ကို မထိနဲ့၊ ငါလည်း သူတို့ကို မထိဘူး။ ငါ့စိတ်ကြိုက် ငါ့ဘာသာ နေပါရစေ၊ အေးအေးဆေးဆေး နေပါ့မယ်၊ ဘယ်သူ့ကိုမှလည်း မထိပါဘူး။ ဖြစ်နိုင်ရင် ငါတောထဲမှာပဲ သွားနေချင်တယ်။ ချောက်ကမ်းပါးနားက စမ်းချောင်းလေးဘေးမှာ တဲတစ်လုံးဆောက်ပြီး နေမယ်။ ဘာပဲဖြစ်ဖြစ် တစ်ယောက်တည်းပဲ နေချင်တာ။"

 

"အေးလေ... ခင်ဗျား အဲ့လို နေရတာ သဘောကျတယ်ဆိုရင်လည်း အဲ့ နေရာမျိုးပဲ သွားနေပေါ့" ဟု ရုရှားလေး က ပုခုံးနှစ်ဖက်ကို တွန့်လိုက်ရင်း ဆိုသည်။

 

"ခုချက်ချင်းလား" ဟု နီကိုလိုင်းက မေးရင်းက ခေါင်းကို ခါယမ်းကာ ငြင်းဆိုလိုက်ပြီး သူ၏ဒူးကို လက်သီးဖြင့် ထုရင်း ပြန်ပြောလိုက်သည်မှာ....

 

အခုတော့ မဖြစ်နိုင် သေး ဘူး!"

 

"ခင်ဗျား ကို ဘယ်သူက ပိတ်ပင်နေလို့လဲ"

 

"လူတွေပေါ့!" ဗိုင်ဆိုဗ်ရှီကော့ဗ် က ဒေါသတကြီးဖြင့် ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။ 

 

"ငါ့ အဖြစ် က သေသည်အထိ သူတို့နဲ့ တစ်ပါးတည်း ချည်နှောင်ခံထားရတာ။ သူတို့က ငါ့နှလုံးသားကို မုန်းတီးမှုတွေနဲ့ ဝန်းရံထားပြီး၊ သူတို့ရဲ့ မကောင်းမှုတွေနဲ့ တုတ်နှောင်ထားကြတာ။ ဒါဟာ အင်မတန် ခိုင်မြဲတဲ့ အနှောင်အဖွဲ့ပဲ! ငါ သူတို့ကို မုန်းတယ်၊ ဒါကြောင့် ဘယ်တော့မှ ထွက်မသွားဘူး။ မဟုတ်ဘူး၊ ဘယ်တော့မှ မသွားဘူး! သူတို့လမ်းမှာ ငါ ကန့်လန့်ခံနေမယ်။ သူတို့ဘဝတွေကို နှောင့်ယှက်ဖျက်ဆီးပစ်မယ်။ သူတို့က ငါ့ လမ်းကို ပိတ်ရင်၊ ငါကလည်း သူတို့လမ်းကို ပြန်ပိတ်မယ်။ 

 

ငါ့ တာဝန် ငါ ယူမယ်၊ ကိုယ့်အတွက်ကိုယ်ပဲ ဖြေရှင်းမယ်၊ တခြားဘယ်သူ့အတွက်မှ မဟုတ်ဘူး။ တကယ်လို့ ငါ့ အဖေက သူခိုးတစ်ယောက် ဖြစ်နေမယ်ဆိုရင်တောင်—"

 

"အို..." ဟု ရုရှားလေး က တိုးညှင်းသော အသံဖြင့် ရေရွတ် လိုက်ရင်းက နီကိုလိုင်းအနားသို့ တိုးကပ်သွားသည်။

 

"ပြီးတော့ အီဆိုင် ဂေါ်ဘော့ဗ် ဆိုတဲ့လူ ကိုလည်း သူ့ခေါင်းကို ငါ လိမ်ချိုးပစ်မယ်! မင်း စောင့်ကြည့်နေလိုက်!"

 

"ဘာဖြစ်လို့လဲ" ဟု ရုရှားလေးက တည်ငြိမ် လေးနက်သော အသံဖြင့် မေးလိုက်သည်။

 

"သူက ဒလျှိုတစ်ယောက် မဖြစ်သင့်ဘူး။ လူတွေကို လိုက်ပြီး တိုင်တောနေတာမျိုး မလုပ်သင့်ဘူး။ သူ့ကြောင့်ပဲ ငါ့အဖေဟာ ဘဝပျက်ပြီး ခွေးဖြစ်ခဲ့ရတာ၊ အခုလည်း သူ့ကြည့်ပြီး ငါ့အဖေလည်း ဒလျှိုဖြစ်ဖို့ ကြိုးစားနေပြီ" ဟု ဗိုင်ဆို့ဗ် ရှီကော့ဗ်က အန်ဒရေးကို ရန်လိုသော အကြည့်ဖြင့် စိုက်ကြည့်ရင်း ပြန် ပြောလိုက်သည်။

 

"အော်... ဒါကြောင့်ကိုး!" ဟု ရုရှားလေး က အာမေဍိတ်သံဖြင့် ဆိုသည်။ "ဒါပေမဲ့ အဲဒီအတွက် ခင်ဗျားကို ဘယ်သူက အပြစ်တင် နေကြတာတုန်း၊ မိုက်လိုက်ကြတာ!"

 

"လူမိုက်တွေရော၊ လူလိမ္မာတွေရော အားလုံးအတူတူပဲ၊ တစ်အိုးတည်းထွက်တဲ့ အမဲစက်တွေပဲ!" ဟု နီကိုလိုင်းက လေးပင်စွာ ပြောလိုက်သည်။ "ဒီမှာကြည့်... မင်းဟာ လူလိမ္မာတယောက်၊ ပါဗယ်လည်း အတူတူပဲ။ ဒါပေမဲ့ မင်းတို့နှစ်ယောက် အချင်းချင်း ဆက်ဆံသလိုမျိုး၊ ဒါမှမဟုတ် ဖက်ဒရာ မာဇင်တို့၊ စမွိုင်လော့ဗ်တို့နဲ့ ဆက်ဆံသလိုမျိုး ငါ့ကို ဆက်ဆံတယ်လို့ မင်းပြောချင်တာလား၊ လိမ်မနေနဲ့! ငါ ဘယ်လိုမှ မယုံနိုင်ဘူး။ မင်းတို့အားလုံးဟာ ငါ့ကို ဖယ်ကြဉ်ထားပြီး သီးသန့်တနေရာကို ပို့ထားကြတာပဲ။"

 

"နီကိုလိုင်း... မင်းရဲ့ နှလုံးသားက နာကျင်နေတာပါ!" ဟု ရုရှားလေး က သူ့ဘေးတွင် ဝင်ထိုင်ရင်း နူးညံ့သိမ်မွေ့စွာ ပြောလိုက်သည်။

 

"ဟုတ်တယ်၊ ငါ့နှလုံးသားက နာကျင်နေတာ၊ မင်းလည်း နာကျင်နေတာပဲ။ ဒါပေမဲ့ မင်းရဲ့ နာကျင်မှုက ငါ့ထက် ပိုပြီး မြင့်မြတ်တယ်လို့ မင်းထင်နေတာပဲ။ ငါပြောရဲတာကတော့... ငါတို့အားလုံးဟာ တယောက်က တယောက်အပေါ်မှာ ယုတ်မာ နေကြတဲ့ သူတွေပဲ။ အဲဒါကို မင်း ဘာပြန်ပြောချင်သေးလဲ?"

 

သူသည် ရုရှား လေး ကို စူးစူးရဲရဲ စိုက်ကြည့်ရင်း အံကြိတ်ကာ စောင့်ဆိုင်းနေသည်။ သူ၏ အကွက်အပြောက်များရှိသော မျက်နှာမှာ မလှုပ်မယှက် တည်ငြိမ်နေသော်လည်း ထူထဲသော နှုတ်ခမ်းများမှာမူ မီးလောင်ခံလိုက်ရသကဲ့သို့ တဆတ်ဆတ် တုန်ယင်နေ၏။

 

"ကျွန်တော် ဘာမှ ပြောစရာမရှိပါဘူး!"

 

ရုရှားလေး က ဗိုင်ဆိုဗ်ရှီကော့ဗ်၏ ရန်လိုနေသော အကြည့်ကို သူ၏ တောက်ပနွေးထွေးသော်လည်း အနည်းငယ် ညှိုးငယ်နေသည့် ပြာလဲ့လဲ့မျက်ဝန်းများဖြင့် ပြန်ကြည့်ရင်း က ပြောလိုက်သည်။

 

"နှလုံးသားက ဒဏ်ရာတွေအားလုံး သွေးစိမ်းရှင်ရှင် ထွက်နေတဲ့အချိန်မျိုးမှာ လူတစ်ယောက်ကို အငြင်းအခုန်လုပ်တာဟာ သူ့ကို စော်ကားတာနဲ့ အတူတူပဲဆိုတာ ကျွန်တော်သိပါတယ်။ နားလည်း လည်ပါတယ် ဘရာသား"