မျှော်လင့်ထားသည့်အတိုင်းပင်၊ ဒေါက်တာ ဖီးလစ် ရှာနာ သည် ဖရစ်ဇ် ဘောင်ဝါ ထံမှရရှိသော အိုက်ခ်မန်း နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနသို့ အချိန်မီ သတင်းပို့ခဲ့သည်။ ထိုမှတစ်ဆင့် အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက် ၏ ညွှန်ကြားရေးမှူးထံ ရောက်လာခဲ့သည်။
ထိုသူမှာ အစ်ဆာ ဟာရဲလ် ပင် ဖြစ်သည်။ (ပုံတွင် တွေ့နိုင်သည်)၊ ရုရှားနိုင်ငံဖွားဖြစ်ပြီး အရပ်အမောင်း ပုပြတ်ပြတ်နှင့် ကားထွက်နေသော နားရွက်ကြီးများမှာ သူ၏ ထင်ရှားသော ရုပ်သွင်ပြင်လက္ခဏာပင် ဖြစ်သည်။ ဘီလာရုစ် နွယ်ဖွားဖြစ်သော ဟာရဲလ်သည် အသက် ၁၆ နှစ်အရွယ်တွင် ပါလက်စတိုင်းသို့ ပြောင်းရွှေ့အခြေချခဲ့သည်။ ဂျီနိုအာ မြို့မှ သင်္ဘောဖြင့် ခရီးနှင်လာစဉ်က မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက် ပေါင်မုန့်လုံးထဲတွင် ပစ္စတိုတစ်လက်ကို ဝှက်ယူလာခဲ့သူဖြစ်သည်။
သူသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သားသမီးနှစ်ယောက်ရှိကာ အားလပ်ချိန်များတွင် စုံထောက်ဝတ္ထုများ ဖတ်ရသည်ကို နှစ်သက်သည်။ သူ၏အသက်မွေးဝမ်းကျောင်း အလုပ်ကဲ့သို့ပင် သူ၏ လုပ်ငန်းဆောင်တာများကိုလည်း အလွန်လျှို့ဝှက်စွာ လုပ်ကိုင်တတ်သူ ဖြစ် သည်။ ဟာရဲလ်၏ အိမ်နီးနားချင်းများမှာမူ ၎င်းတို့ဘေးတွင် နေထိုင်သူသည် အစ္စရေးနိုင်ငံ၏ သြဇာအာဏာအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်မှန်း လုံးဝရိပ်စားမိကြခြင်း မရှိပေ။
သာမန်အခြေအနေမျိုးတွင်မူ အိုက်ခမန်း ကို တွေ့လိုက်ရသည်ဆိုသည့် သံသယ ဖြစ်ဖွယ် သတင်းပေးချက်မျိုးကို ညွှန်ကြားရေးမှူးအနေဖြင့် အယုံအကြည် သိပ်ရှိမည်မဟုတ်ပေ။
"သူ့ကို မြင်တွေ့ခဲ့ရတယ်လို့ အခိုင်အမာ ပြောဆိုကြတဲ့ ခိုင်လုံလှပါတယ်ဆိုတဲ့ သက်သေအထောက်အထား တခု တလေ ကိုတောင် ကျွန်တော်တို့ တစ်ခါမှ အတည်မပြုနိုင်ခဲ့ဖူးဘူး" ဟု ဟာရယ် က နောက်ပိုင်းတွင် ရေးသားခဲ့သည်။
သို့သော်လည်း ဖရစ်ဇ်ဘောင်ဝါ က သူ၏ သတင်းရင်းမြစ်ကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်နေသော်ငြားလည်း အစိုးရရှေ့နေ၏ ပြောကြားချက်ထဲတွင် မှန်ကန်နိုင်ခြေရှိသည့် အချက်တစ်ခုခု ပါဝင်နေသည်ဟု ခံစားနေရသည်။ "ဒါဟာ အခြေအမြစ်မရှိတဲ့! ကောလာဟလတစ်ခု မဟုတ်ဘူးဆိုတာ ကျွန်တော့်ရဲ့ ဗီဇစိတ်က ပြောနေတယ်" ဟု သူက ဆိုသည်။
အစ္စရေးနိုင်ငံ၏ ဥပဒေပြုလွှတ်တော်ဖြစ်သော ကနက်ဆက် သည် နာဇီစစ်ရာဇဝတ်ကောင်များနှင့် ၎င်းတို့၏ လက်ပါးစေများကို တရားစွဲဆိုရန် အမိန့်ပေးသည့် ဥပဒေတစ်ရပ်ကို ၁၉၅၀ ပြည့်နှစ်တွင် အတည်ပြုခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ဟာရယ်၏ လက်အောက်တွင် ထိုလူသတ်သမားများကို ဖမ်းဆီးရန် အာရုံစိုက်လုပ်ကိုင်နေသည့် ဝန်ထမ်းဟူ၍ တစ်ဦးတည်းသာ ရှိသေးသည်။ ဟာရယ်သည် ထိုဝန်ထမ်းအပေါ် ဝန်ထုပ်ဝန်ပိုးများ ထပ်မတိုးစေဘဲ အိုက်ခမန်းနှင့် ပတ်သက်၍ ရသမျှ ဖိုင်တွဲအကုန်လုံးကို သူ၏ စားပွဲပေါ်သို့ ပို့ခိုင်းကာ မိမိဘာသာ လေ့လာရန် စတင်ပြင်ဆင်တော့သည်။
သူ၏ အလေ့အကျင့်တစ်ခုမှာ အချက်အလက်များကို ကတ်ပြားလေး တခုစီ ပေါ်တွင် မှတ်တမ်းတင် စုဆောင်းခြင်းဖြစ်သည်။ ထိုဖိုင်တွဲများကို လက်ဝယ်ရရှိသောအခါ ဟာရဲလ် သည် တညလုံး အချိန်ပေး၍ မှတ်စုများ ထုတ်တော့သည်။ "ကျွန်တော့်ရဲ့ စိတ်ကူးအာရုံထဲမှာ ပုံရိပ်တစ်ခု ပေါ်လာတယ်၊ အဲဒါကတော့ လူသားမျိုးနွယ်သမိုင်းမှာ တခါမှမရှိဖူးသေးတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ မိစ္ဆာကောင်ကြီးရဲ့ ပုံရိပ်ပဲ၊ လူသန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်အတွက် တိုက်ရိုက်တာဝန်ရှိတဲ့သူပေါ့" ဟု ဟာရဲလ်က ရေးသားခဲ့သည်။
ဟာရဲလ်သည် ၁၉၅၂ ခုနှစ်တွင် မော့ဆက် ၏ ညွှန်ကြားရေးမှူး ဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍ နာဇီစစ်ရာဇဝတ်ကောင်များအပေါ် ထားရှိသည့် သဘောထားများမှာ ပြောင်းလဲလာခဲ့သည်။ ဂျာမနီနိုင်ငံတွင် နုရင်ဘတ်စစ်ခုံရုံး၌ ပြစ်ဒဏ်ချမှတ်ခံထားရသူများ၏ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးရန် ပြောဆိုဆွေးနွေးမှုများ ရှိနေသည်။ ပြဿနာ၏ တစ်စိတ်တစ်ပိုင်းမှာ ဂျူးလူမျိုးများ ကိုယ်တိုင်ပင် ဖြစ်သည်—ဟိုလိုကော့စ် ခေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှ လွတ်မြောက်လာသူ အနည်းငယ်ကသာ ထိုဆိုးရွားလှသော နှစ်များအကြောင်းကို ပြန်လည်ပြောပြလိုကြသည်။ သူတို့၏ နှုတ်ဆိတ်နေမှုကပင် အတိတ်ကို မေ့ပျောက်သင့်ပြီဟူသော ယုံကြည်ချက်ကို ပိုမိုခိုင်မာစေခဲ့သည်။
"လူတွေက ရက်စက်ကြမ်းကြုတ်မှုတွေအကြောင်း ကြားရတာကို ငြီးငွေ့နေကြပြီ” ဟု သူက နောက်ပိုင်းတွင် ပြန် ပြောပြခဲ့သည်။ “သူတို့ရဲ့ တစ်ခုတည်းသော ဆန္ဒကတော့ အဲဒီလို ပြောပြလို့မရ လောက် အောင် ဆိုးဝါးလှတဲ့ ဖြစ်ရပ်ဆိုးတွေကို စိတ်ထဲကနေ ထုတ်ပစ်ဖို့ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလောက်အထိ ကြီးမားလှတဲ့ စော်ကားမော်ကား ပြုကျင့်မှုတွေအတွက်တော့ ကမ္ဘာပေါ်က ဘယ်လို အပြစ်ပေးမှုမျိုးကမှ ထိုက်တန် အောင် လုပ်ပေး နိုင်မှာ မဟုတ်ဘူးလို့ သူတို့က ယူဆထားကြသလို၊ ဥပဒေကို ချိုးဖောက်တာနဲ့ မတရား အလုပ်ခံရတာ တွေကိုလည်း သူတို့က ရောင့်ရဲ လက်ခံနေကြပြီ။”
အစ္စရေးနိုင်ငံတွင် စစ်ရာဇဝတ်မှုဆိုင်ရာ တရားစီရင်မှုကို တစ်ကြိမ်သာ ပြုလုပ်ခဲ့ဖူးသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအမှုသည် အဒေါ့ဖ် အိုက်ခ်မန်း နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု စွပ်စွဲခံရသော ဂျူး-ဟန်ဂေရီလူမျိုး သတင်းထောက်တစ်ဦး အပေါ်တွင်သာ ဖြစ်သည်။
ထိုစုံစမ်းစစ်ဆေးမှု၏ အကျိုးဆက်များမှာ ဟာရဲလ် ၏ မှတ်ဉာဏ်ထဲတွင် လတ်ဆတ်နေဆဲပင်။ ရူးဒေါ့ဖ် ကတ်စနာ ဟု လူသိများသော ထိုပုဂ္ဂိုလ်သည် နာဇီများကို ကူညီခဲ့မှုဖြင့် အပြစ်ရှိကြောင်း အမိန့်ချမှတ်ခြင်း ခံခဲ့ရသော်လည်း၊ နောက်ပိုင်းတွင် ထိုပြစ်ဒဏ်ကို ပြန်လည်ပယ်ဖျက်ပေးခဲ့သည်။
ပြီးခဲ့သည့် ခြောက်လခန့်ကပင် တဲလ်အဗီးမြို့ တွင် ကတ်စ်နာ ဆိုသူ သည် ဟိုလိုကော့စ် မျိုးတုံးသတ်ဖြတ်မှုအတွက် လက်စားချေရန် ရည်ရွယ်သည့် အစွန်းရောက် ပြောက်ကျားအဖွဲ့နှင့် ဆက်နွှယ်သော လူသတ်သမား သုံးဦး၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ဝမ်းနည်းစရာကောင်းသည်မှာ ကတ်စ်နာ ကိုယ်တိုင်ကလည်း ရန်သူနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟူသော စွပ်စွဲချက်များမှ လုံးဝ ကင်းစင်သူတဦး မဟုတ်ခဲ့။ သို့သော်လည်း ဟန်ဂေရီရှိ ဂျူးလူမျိုး တထောင့်ခြောက်ရာကျော်၏ လွတ်မြောက်ရေးအတွက် အဒေါ့ဖ် အိုက်ခ်မန်း နှင့် ပြောင်ပြောင်တင်းတင်း ညှိနှိုင်းပြီး လုပ်ဆောင်ခဲ့သူ ဖြစ်သည်။
ထိုဂျူးအမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များကို ၁၉၄၄ ခုနှစ် ဇွန်လတွင် နိုင်ငံပြင်ပသို့ ခိုးထုတ်နိုင်ခဲ့ပြီး ရှည်လျားပြီး အန္တရာယ်များလှသော ခရီးကို ဖြတ်ကျော်ပြီးနောက် ဆွစ်ဇာလန်နိုင်ငံသို့ ဘေးကင်းစွာ ရောက်ရှိခဲ့ကြသည်။ ကတ်စ်နာ၏ တရားရင်ဆိုင်ရမှုနှင့် နောက်ဆက်တွဲ လုပ်ကြံခံရမှုတို့သည် စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ အစ္စရေးနိုင်ငံအတွင်း သဘောထားကွဲလွဲမှု မည်မျှနက်ရှိုင်းကြောင်းကို ဖော်ပြနေသည်။
၎င်း ဟန်ဂေရီမှ ခိုးထုတ်ပေးခဲ့သူများသည် ထိုနိုင်ငံရှိ အချမ်းသာဆုံး ဂျူးလူမျိုးများဖြစ်ကြပြီး ၎င်းတို့၏ အသက်နှင့်လဲလှယ်ရန် နာဇီများကို ငွေကြေးအမြောက်အမြား ပေးဆောင်ခဲ့ကြသည်။ အမှန်စင်စစ် "ကတ်စ်နာ ရထား" ဟု လူသိများလာမည့် ရထားတွဲ ၃၅ တွဲပေါ်တွင် နေရာရရှိရန်အတွက် ရွှေ၊ စိန်နှင့် ငွေသား အမြောက်အမြားကို အဖိုးအခအဖြစ် ပေးခဲ့ကြရခြင်း ဖြစ်သည်။
ထိုသို့ မပေးကမ်း နိုင် ကြသည့် ဂျူးဆင်းရဲသားများမှာမူ သေမင်းတမန် စခန်းများသို့သာ ပို့ဆောင်ခြင်း ခံခဲ့ရသည်။ ကက်စ်နာ ကို သူရဲကောင်းတစ်ဦးအဖြစ် ရှုမြင်မည့်အစား၊ အစိုးရရှေ့နေတစ်ဦးက သူသည် အိုက်ခ်မန်း နှင့် ညှိနှိုင်းရာတွင် "သူ၏ ဝိညာဉ်ကို နတ်ဆိုးထံ ရောင်းချခဲ့သူ" ဟု ဆိုခဲ့သည်။
ကက်စ်နာနှင့် သူ၏ မိသားစုသည် ဆွစ်ဇာလန်သို့ သွားမည့် ရထားပေါ်တွင် နေရာရရှိခဲ့ခြင်းက သူသည် ရန်သူ နှင့် ပေါင်း၍ ကိုယ်ကျိုးရှာသူ တဦးထက် မပိုကြောင်း အမြင်ကို ပိုမိုခိုင်မာစေခဲ့သည်။
ကက်စ်နာ၏ အမှုတွင် အပြစ်ရှိကြောင်း စီရင်ချက်သည် အလွန်ပင် အငြင်းပွားဖွယ် ဖြစ်ခဲ့သဖြင့် အစ္စရေးအစိုးရပင် ပြုတ်ကျသွားခဲ့ရသည်။ နာဇီစစ်ရာဇဝတ်ကောင်များကို ဖမ်းဆီးရန် ဂျူးလူမျိုးများ လက်တွဲဆောင်ရွက်ကြရမည့်အစား၊ မည်သူက ဂျူးလူကောင်း၊ မည်သူက ဂျူးလူဆိုး ဖြစ်သည်ဟူသောအချက်အပေါ် ငြင်းခုံရင်း အချင်းချင်း ပြန်လည်တိုက်ခိုက်နေကြသည်။
သို့သော်လည်း ဟာရယ် သည် တရားမျှတမှု ယိုင်နဲ့သွားခြင်းကို ဆက်လက်ခွင့်မပြုတော့ပေ။ ဝင်ရောက်လာသော ဒုက္ခသည်များကို စီစစ်ခြင်းက မော့ဆက် ၏ အရင်းအမြစ်များကို ပိုမိုထိရောက်စွာ အသုံးချခြင်း ဖြစ်နိုင်သော်လည်း၊ လူထု၏ အယူအဆ မည်သို့ပင်ရှိစေကာမူ "လူသတ် ခေါင်းဆောင်" ကို တရားဥပဒေရှေ့မှောက် ပို့ဆောင်ခြင်းသည်သာ ကိုယ်ကျင့်တရားအရ မှန်ကန်သည့် လုပ်ရပ်ဖြစ်သည်ဟု ယူဆသည်။
ထို့ကြောင့် ဖရစ်ဇ် ဘောင်ဝါ ထံမှ ရရှိသော သတင်းအချက်အလက်ဖြင့် အစ်ဆာ ဟာရယ် သည် မော့ဆက်၏ လုပ်ငန်းစဉ်တွင် ဦးစားပေးအသစ်တခုကို ထည့်သွင်းလိုက်လေသည်။
"အိုက်ခ်မန်းသာ အသက်ရှင်နေသေးရင် ဘယ်လို အခက်အခဲမျိုးပဲ ရှိရှိ၊ သူ့ကို မဖြစ်ဖြစ်အောင် ဖမ်းမယ်ဆိုသော ဆုံးဖြတ်ချက်ပင် ဖြစ်သည်။"
*******************