ကောင်စီ အပြင် ဒေသတစ်ခုလုံး၏ အထွေထွေကျန်းမာရေးအခြေအနေကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ ယင်းတွင် လယ်သမားထု တစ်ရပ်လုံးကို အပြည့်စုံဆုံး ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်မည့် ဗဟိုစစ်ဆေးရုံများ ပါဝင်နိုင်သည်။ လုံလောက်သော ဆေးကုသမှု ပေးနိုင်ခြင်း ရှိ၊ မရှိမှာ တော်လှန်ရေးသည် မည်သည့်အဆင့်သို့ ရောက်ရှိနေပြီလဲ ဆိုသည့်အပေါ်တွင် မူတည်သည်။
အရပ်ဘက်ဆေးရုံများနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုလုပ်ငန်းများတွင် အရာရှိများနှင့် စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များသည် ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်ပေးရန်နှင့် ၎င်းတို့၏ ကျန်းမာရေးအခြေအနေ မည်သို့တိုးတက်အောင် လုပ်ဆောင်ရမည်ကို လမ်းညွှန်ပြသရန်ဟူသော နှစ်ဦးနှစ်ဖက် တာဝန်ဝတ္တရားများ ရှိကြပြီး ယင်းလုပ်ငန်းများသည် ပြောက်ကျားစစ်တပ်နှင့် တိုက်ရိုက်ချိတ်ဆက်နေသည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင်ရှိသည့် ပြည်သူများ ကြား၌ ကြုံတွေ့ရလေ့ရှိသော အဓိက ကျန်းမာရေးပြဿနာများမှာ အခြေခံ တစ်ကိုယ်ရေ သန့်ရှင်းရေး အတွက် လိုက်နာသင့်သည် များကို လုံးဝနားမလည်ခြင်း သို့မဟုတ် မသိရှိခြင်းတို့တွင် အခြေခံနေပြီး ယင်းက ၎င်းတို့တွင် ရှိ နေပြီးသား စိုးရိမ်ရသော အခြေအနေကို ပိုမိုဆိုးရွားစေသည်။
အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အခွန်အတုတ်များ ကောက်ခံခြင်းသည်လည်း အထွေထွေကောင်စီ၏ တာဝန်ဝတ္တရားတစ်ခု ဖြစ်သည်။ ထို့ပြင် ရိက္ခာနှင့် ပစ္စည်းသိုလှောင်ရုံ များသည် အလွန်ပင် အရေးကြီးလှ၏။ ပြောက်ကျားတပ်ဖွဲ့အတွက် အခြေစိုက်စခန်းအဖြစ် အသုံးချနိုင်မည့် နေရာတစ်ခုကို သိမ်းပိုက်ရရှိသည်နှင့် တစ်ပြိုင်နက် သိုလှောင်ရုံများကို စနစ် အကျဆုံးဖြစ်အောင် တည်ဆောက်ရမည်။ ဤသို့ ဆောင်ရွက်ခြင်းဖြင့် ပစ္စည်းများကို အနည်းဆုံးအဆင့် ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်ပြီး၊ အဓိကအားဖြင့် အနာဂတ်တွင် ပစ္စည်းများကို မျှတစွာ ခွဲဝေဖြန့်ဖြူးပေးနိုင်ရန် လိုအပ်သည့် ထိန်းချုပ်မှုကို ပေးစွမ်းနိုင်မည်ဖြစ်သည်။
ပြင်ပမျက်နှာစာတွင်မူ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များသည် ပမာဏရော အရည်အသွေးပါ ကွာခြားလှသည်။ ဥပမာအားဖြင့် ဝါဒဖြန့်ချိရေး လုပ်ငန်းသည် တနိုင်ငံလုံး အတိုင်းအတာဖြင့် လမ်းညွှန်မှုပေးနိုင်ရမည်။ ပြောက်ကျားတပ်ဖွဲ့များ၏ အောင်ပွဲများကို ရှင်းလင်းတင်ပြခြင်း၊ အလုပ်သမားနှင့် လယ်သမားထုကြီးအား ထိရောက်သော လူထုလှုပ်ရှားမှုများတွင် ပါဝင်လာရန် တိုက်တွန်းနှိုးဆော်ခြင်းနှင့် မိမိတို့ စစ်မြေပြင်မှ အောင်ပွဲသတင်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။
ရန်ပုံငွေ အလှူခံခြင်း လုပ်ငန်းစဉ်သည် အလွန်တရာ လျှို့ဝှက်ရမည်ဖြစ်ပြီး အထူးဂရုစိုက် လုပ်ဆောင်ရမည်ဖြစ်သည်။ ရန်ပုံငွေ ကောက်ခံပေးရသည့် အခြေခံအဆင့် ကောက်ခံသူများကို အဖွဲ့အစည်း၏ ဘဏ္ဍာရေးမှူးနှင့် လုံးဝအဆက်အသွယ်မရှိအောင် သီးခြားစီ ခွဲထုတ်ထားရမည်။ ဤအဖွဲ့အစည်းကို လှုပ်ရှားမှု၏ အတိုင်းအတာပေါ် မူတည်၍ ပြည်နယ်များ၊ မြို့ကြီးများ၊ ကျေးရွာများ စသည်ဖြင့် တစ်ခုနှင့်တစ်ခု အပြန်အလှန် အထောက်အကူပြုနိုင်သော နယ်မြေဇုန်များအဖြစ် တစ်စုတစ်စည်းတည်း ဖြစ်လာအောင် ဖြန့်ကြက်ထားရမည်ဖြစ်သည်။
အဖွဲ့အစည်းတစ်ခုချင်းစီတွင် ကောက်ခံရရှိသော ရန်ပုံငွေများကို စနစ်တကျ အသုံးပြုနိုင်ရန် တာဝန်ယူရသည့် "ဘဏ္ဍာရေး ကော်မရှင်" တစ်ခုစီ ရှိရမည်။ ရန်ပုံငွေများကို ငွေတိုက်စာချုပ် (Bonds) များ ရောင်းချခြင်းဖြင့်သော်လည်းကောင်း၊ တိုက်ရိုက် အလှူခံခြင်းဖြင့်သော်လည်းကောင်း စုဆောင်းနိုင်သည်။ တော်လှန်ရေး အရှိန်အဟုန် မြင့်မားလာသည့်အခါတွင် အခွန်အခများကို ကောက်ခံနိုင်သည်။ စက်မှုလုပ်ငန်းရှင်များအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့၏ ကြီးမားသော အင်အားကို အသိအမှတ်ပြုလာကြသည့်အခါတွင် ၎င်းတို့ကိုယ်တိုင် အခွန်ပေးဆောင်ရန် သဘောတူလာကြပေလိမ့်မည်။
ရိက္ခာနှင့် အထောက်အပံ့များ စုဆောင်းမှုကို ပြောက်ကျားတပ်ဖွဲ့များ၏ လိုအပ်ချက်နှင့်အညီ ချိန်ညှိဆောင်ရွက်သင့်သည်။ အထောက်အပံ့ပေးရေး ကွင်းဆက် Supply Chain ကို တည်ဆောက်ရာတွင် အသုံးများသောပစ္စည်းများကို အနီးအနား ပတ်ဝန်းကျင်မှပင် ရယူစုဆောင်းပြီး၊ ဒေသတွင်း၌ ရှားပါးသော သို့မဟုတ် ရှာဖွေရန် မဖြစ်နိုင်သော ပစ္စည်းများကိုမူ မြို့ကြီးပြကြီးများတွင် ရှာဖွေရမည်။
ဤထောက်ပံ့ရေးလမ်းကြောင်းကို လူသိနည်းနိုင်သမျှ နည်းအောင်နှင့် ပါဝင်ပတ်သက်သူ အရေအတွက် အနည်းဆုံးဖြစ်အောင် ကြိုးပမ်းရမည်။ ထိုသို့ပြုလုပ်ခြင်းဖြင့်သာ မိမိတို့၏ တာဝန်ဝတ္တရားများကို ရေရှည်ဆောင်ရွက်နိုင်မည် ဖြစ်သည်။
ဖောက်ခွဲ ဖျက်ဆီးရေးလုပ်ငန်း များကို ပြင်ပကဏ္ဍရှိ အရပ်ဘက်အဖွဲ့အစည်းများက ဗဟိုစစ်ဌာနချုပ်နှင့် ညှိနှိုင်း၍ ဦးဆောင်ဆောင်ရွက်သင့်သည်။ အထူးအခြေအနေများတွင် သေချာစွာ လေ့လာဆန်းစစ်ပြီးနောက်မှသာ တစ်ဦးတစ်ယောက်ချင်းအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများကို စတင်ရမည်။ ယေဘုယျအားဖြင့်မူ ပြည်သူလူထုအပေါ် ယုတ်မာရက်စက်မှုကြောင့် နာမည်ကျော်နေသူများ သို့မဟုတ် ပြည်သူကို အပြင်းအထန် ဖိနှိပ်ချုပ်ချယ်နေသူများကို ဖယ်ရှားရန်အတွက်မှလွဲ၍ ဤကဲ့သို့ တိုက်ခိုက်မှုမျိုးကို ကျွန်ုပ်တို့ အားမပေးပါ။
ကျူးဘားတော်လှန်ရေး တိုက်ပွဲတစ်လျှောက် ကျွန်ုပ်တို့ ရရှိခဲ့သည့် အတွေ့အကြုံများအရ အောင်မြင်လည်း ဘာမှ အကျိုးများဖို့ မရှိသည့် တာဝန်များ ဥပမာအားဖြင့် စစ်ဆေးရေးဂိတ်လေးတစ်ခုကို သွားတိုက်တာမျိုး တွင် အသက်စွန့်သွားခဲ့ကြရသည့် ရဲဘော်ကောင်း အများအပြား၏ အသက်သည် အလဟသ ဖြစ်နိုင်သည် တွေ့ရှိရသည်။ တစ်ခါတစ်ရံတွင် ထိုသို့သော လုပ်ရပ်များတွင် ကိုယ့်ဘက်က ကျဆုံးမှု များ ရှိလာမည် ဆိုက မတန်လှဟု ဆိုရမည် ဖြစ်သည်။
တွေ့ရာ မြင်ရာ တိုက်ခိုက်မှုများနှင့် အကြမ်းဖက် မှု မျိုးကို မကျင့်သုံးသင့်ပါ။ ယင်းအစား တော်လှန်ရေး အယူအဆများကို ပျိုးထောင်ပေးနိုင်ရန် လူထု ကြီးကို ဦးတည် ကြိုးပမ်းခြင်းကသာ ပို၍ သင့်လျော်ပါသည်။ သို့မှသာ အဆုံးအဖြတ် ပေးမည့် အရေးကြီးသော အချိန် ရောက်လာသည့် အခါတွင် ထိုလူထုကို စုစည်း လှုံ့ဆော်နိုင်မည်ဖြစ်ပြီး လက်နက် အင်အား၏ အကူအညီဖြင့် တော်လှန်ရေး အောင်ပွဲဘက်သို့ အသာစီးရအောင် အလှည့်အပြောင်း ပြုလုပ်နိုင်မည် ဖြစ်သည်။
ထို့အပြင် မိမိတို့၏ သက်ဆိုင်ရာ လူထုလူတန်းစားများအကြား တော်လှန်ရေး မျိုးစေ့များကို ချပြ ပျိုးထောင် ပေးမည့် အလုပ်သမား၊ ပညာရှင်နှင့် လယ်သမား လူထုအဖွဲ့အစည်းများလည်း လိုအပ်ပါသည်။ ၎င်းတို့သည် ပြဿနာရပ်များကို မိမိတို့ နှင့် ဆိုင်ရာ အုပ်စုများ အတွင်း ရှင်းလင်းတင်ပြခြင်း၊ တော်လှန်ရေးဆိုင်ရာ စာပေများကို ဖတ်ရှုစေခြင်းနှင့် အမှန်တရားကို သင်ကြားပြသပေးခြင်းများဖြင့် တော်လှန်ရေး အသိပညာကို ပြန့်ပွားအောင် လုပ်ဆောင်ကြရမည် ဖြစ်သည်။
မှန်ကန်မှု သစ္စာတရား ဆိုသည်က တော်လှန်ရေး ဝါဒဖြန့်ချိရေး၏ ဝိသေသလက္ခဏာတစ်ခု ဖြစ်ရ မည်။ ဤနည်းလမ်းဖြင့်သာ လူထုကြီးတစ်ရပ်လုံးကို တဖြည်းဖြည်းချင်း စည်းရုံးသိမ်းသွင်းနိုင်မည် ဖြစ်သည်။ အလုပ်ကို အကောင်းဆုံး လုပ်ဆောင်နိုင်သူတွေကိုတော့ တော်လှန်ရေးတပ်တော်ထဲတွင် ပါဝင်ဖို့ ရွေးချယ်နိုင်သလို၊ တခြားသော ကြီးလေးသည့် တာဝန်များကိုလည်း ပေးအပ်နိုင်ပေသည်။
ယခု တင်ပြခဲ့သည်များသည် လူထုတိုက်ပွဲအတွင်း ပြောက်ကျားတပ်ဖွဲ့များ၏ နယ်မြေအတွင်းနှင့် အပြင် တွင် ရှိ နေမည့် အရပ်ဘက် အဖွဲ့အစည်းဆိုင်ရာ ဖွဲ့စည်းပုံ အကျဉ်းချုပ်ပင် ဖြစ်သည်။ ယင်း ဝိသေသလက္ခဏာ အားလုံးကို သိသိသာသာ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်သည့် အခွင့်အလမ်းများ ရှိ နေဦး မည် ဖြစ်သည်။
ကျွနုပ် ထပ်လောင်းပြောလိုတာသည်က- ယခု ဆွေးနွေးနေသည်များသည် ကျူးဘားတွင် ရရှိခဲ့သည့် အတွေ့အကြုံများပင် ဖြစ်သည်။ နောက်ထပ် အတွေ့အကြုံသစ် များ ရလာပါက အဆိုပါ အယူအဆများကို ပြောင်းလဲနိုင်သလို ပိုမိုကောင်းမွန်အောင်လည်း လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ကျွနုပ်တို့ တင်ပြသည်များသည် လမ်းညွှန်ထားသည့် အကျဉ်းချုပ် မျှသာဖြစ်ပြီး၊ လုံးဝဥဿုံ လိုက်နာရမည့် ကျမ်းစာမျိုး တော့ မဟုတ်ပေ။
*************