နှစ်ဆယ်ရာစုနှစ် အကျော်ကြားဆုံး တရားခွင်များ(26)

by Hla Soewai - Mar 15 2026

ကွန်မြူနစ် တစ္ဆေ ခြောက်ခံခဲ့ရသည့် အယ်လ်ဂါ ဟစ် တရားခွင်

 

ဝစ်တေကာ ချိန်းဘားစ် သည် အမေရိကန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ တိုက်ဖျက်ရေး ကော်မတီ House un-American Activities Committee (HUAC) ရှေ့မှောက်တွင် သက်သေထွက်ဆိုခြင်စိတ် မရှိ ဖြစ်‌ နေသည်။ အမှန်စင်စစ် ထိုအခြေအနေမျိုး မရောက်ပါစေနှင့်ဟုပင် ဆုတောင်းခဲ့သူ ဖြစ်သည်။ သို့သော်လည်း ကွန်မြူနစ်အေးဂျင့်ဟောင်းတစ်ဦးအဖြစ် သူ၏အတိတ်က အခန်းကဏ္ဍကို သက်သေထွက်ဆိုခြင်းသည် အမှန်တရားကို ဖော်ထုတ်ဖို့အတွက်သာဟု ယုံကြည်နေသည်။

 

သူ့တွင် ကွန်မြူနစ်အတိတ်သမိုင်း ရှိခဲ့သော်လည်း ယခုအခါ ချိန်းဘားစ်က ကွန်မြူနစ်ဝါဒသည် အထင်အရှား ရှိနေသော အန္တရာယ်တစ်ခုဟု ယုံကြည်လာခဲ့သည်။ ၎င်းဝါဒသည် သူ့နိုင်ငံ၏ တည်ရှိမှုကိုပင် ခြိမ်းခြောက်နေပြီး သက်သေထွက်ဆိုရန်မှာ သူ့တွင် မျိုးချစ်စိတ်အရ တာဝန်ရှိသည်ဟု ယူဆသည်။ ထို့ကြောင့် ၁၉၄၈ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့တွင် ချိန်းဘားစ်သည် လွှတ်တော်အမတ်များ၏ မေးခွန်းများကို ဖြေကြားရန် လွှတ်တော်ကြားနာပွဲခန်းမသို့ ရောက်လာခဲ့သည်။

 

ထိုနေ့က ချိန်းဘားစ် ပြောကြားခဲ့သည့် စကားများသည် အမေရိကန်ကို ပြောင်းလဲစေခဲ့သည့် ဖြစ်စဉ်များ၏ အစဟု ဆိုရမည် ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆင့်မြင့်အရာရှိဟောင်း အယ်လ်ဂါ ဟစ် ကို မမှန်သက်သေခံမှုဖြင့် တရားစွဲဆိုသည့်အထိ ဖြစ်ပွားစေခဲ့သည်။ ထိုအမှုသည် တစ်ဖန် နိုင်ငံရေးအရ အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့ပြန်သည်။

 

ကယ်လီဖိုးနီးယားပြည်နယ်မှ လူသိနည်းသော လွှတ်တော်အမတ် ရစ်ချတ် နစ်ဆင် ကို တနိုင်ငံလုံး သိသွားသည်အထိ ကျော်ကြားသွားခဲ့သည်။

 

အထက်လွှတ်တော်အမတ် ဂျိုးဆက် မက္ကာသီ ၏ နာမည်ဆိုးဖြင့် ကျော်ကြားသော ကွန်မြူနစ်အမဲလိုက်ပွဲများအတွက် လမ်းခင်းပေးခဲ့သည်။

 

နောက်ဆုံးတွင် ဆယ်စုနှစ်များစွာအကြာ၌ ရော်နယ်လ် ရေဂင် ကို အိမ်ဖြူတော်သို့ တက်လှမ်းစေခဲ့သည့် ကွန်ဆာဗေးတစ် အသိဉာဏ်ပညာနှင့် နိုင်ငံရေးလှုပ်ရှားမှုများ၏ အစပျိုး ပေးခဲ့မှု အဖြစ်လည်း မှတ်ကျောက်တင်နိုင်ခဲ့သည်။

 

HUAC ကော်မတီရှေ့တွင် သက်သေထွက်ဆိုရာ၌ ချိန်းဘားစ်က သူသည် ၁၉၃၈ ခုနှစ်တွင် ကွန်မြူနစ်ပါတီမှ နုတ်ထွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ နောက်တစ်နှစ်ဖြစ်သည့်— "ဟစ်တလာနှင့် စတာလင်တို့၏ ပူးပေါင်းရေးစာချုပ်ချုပ်ဆိုပြီး နှစ်ရက်အကြာ" တွင်— ချိန်းဘားစ်သည် ဝါရှင်တန်သို့ တာဝန်တစ်ခုဖြင့် ရောက်ရှိခဲခိုက် အစိုးရ အတွင်းသို့ ကွန်မြူနစ်များ စိမ့်ဝင်နေသည့်အကြောင်း သူသိသမျှကို အာဏာပိုင်များအား ပြောပြခဲ့သည်။ သို့သော် သူ၏အစီရင်ခံစာအပေါ် အုပ်ချုပ်ရေးပိုင်းက ထိထိရောက်ရောက် ဆက်လက်လုပ်ဆောင်ခြင်း မရှိသည်ကို တွေ့ရသဖြင့် အလွန်အံ့သြပြီး စိတ်ပျက်ခဲ့ရကြောင်း ချိန်းဘားစ်က သက်သေထွက်ဆိုခဲ့သည်။

 

မေးခွန်းများကို ပြန်လည်ဖြေကြားရာတွင် ချိန်းဘားစ်သည် လွန်ခဲ့သော ကိုးနှစ်ခန့်က သူကိုယ်တိုင် တိုင်ကြားခဲ့ဖူးသည့် ကွန်မြူနစ်မြေအောက်အဖွဲ့တွင် ပါဝင်လှုပ်ရှားနေသူများ၏ အမည်စာရင်းကို ထုတ်ဖော်ပြောကြားခဲ့သည်။ ထိုသူများထဲမှ တစ်ဦးသည် အယ်လ်ဂါ ဟစ် ဖြစ်သည်။ ဟစ်သည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန တွင် အရေးပါသော အခန်းကဏ္ဍများမှ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်သည်။ ဥပမာအားဖြင့် ဆိုရသော် ယော်လ်တာ ညီလာခံ တွင် အမေရိကန်ဘက်မှ ဦးဆောင်စီစဉ်သူအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်သည်။

 

ကော်မတီသည် ချိန်းဘားစ် အား သူနှင့် ဟစ် တို့၏ ပတ်သက်ဆက်နွှယ်မှုများနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းခဲ့သည်။ ထိုသို့ ပြုလုပ် နေချိန်တွင် ဟစ်သည် နိုင်ငံခြားရေးဝန်ကြီးဌာန တွင် မရှိတော့ဘဲ ကာနက်ဂီ နိုင်ငံတကာငြိမ်းချမ်းရေး အလှူဒါနရန်ပုံငွေအဖွဲ့ ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေပြီဖြစ်သည်။

 

ချိန်းဘားစ်က သူတို့နှစ်ဦး၏ ယခင်က ပတ်သက်မှုကို အလွန်ရင်းနှီးသော ဆက်ဆံရေးမျိုးအဖြစ် ဖော်ပြခဲ့သည်။ သူသည် ဟစ်၏ နေအိမ်တွင် အယ်လ်ဂါ နှင့် သူ၏ဇနီး ပရစ်စီလာ တို့နှင့်အတူ အချိန်ဖြုန်းခဲ့ဖူးကြောင်း သက်သေထွက်ဆိုခဲ့သည်။ ထို့အပြင် ဟစ် ၏ နေအိမ်တွင် နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ပုံကိုလည်း သူက ရှင်းပြခဲ့သည်။

 

ချိန်းဘားစ်က သူသည် အယ်လ်ဂါ အား ကွန်မြူနစ်ပါတီမှ နုတ်ထွက်ရန် အသနားခံ ပြောဆိုခဲ့ဖူးကြောင်း၊ သို့သော် ဟစ်သည် ဝါဒအပေါ် အလွန်အမင်း သက်ဝင်ယုံကြည်သူတစ်ဦး ဖြစ်နေခဲ့သည်ဟု ဆိုသည်။ 'ကျွန်တော်တို့ လမ်းခွဲကြတဲ့အချိန်မှာ သူ ငိုခဲ့တယ်၊ ဒါပေမဲ့ ပါတီနဲ့ အဆက်အသွယ်ဖြတ်ဖို့ကိုတော့ သူ လုံးဝ ငြင်းဆန်ခဲ့တယ်' ဟု ချိန်းဘားစ်က ထွက်ဆိုခဲ့သည်။

 

ချိမ်းဘာ ၏ ဟစ်အပေါ် စွပ်စွဲချက်များသည် မီဒီယာများတွင် အကြီးအကျယ် ရေပန်းစားသွားခဲ့သည်။ ထိုစွပ်စွဲချက်များကို လျစ်လျူရှုထား၍ မရတော့ကြောင်း ဟစ် ဆုံးဖြတ်လိုက်သည်။ သူသည် အမေရိကန် အောက်လွှတ်တော်၏ HUAC ဥက္ကဋ္ဌထံသို့ ကြေးနန်းစာတစ်စောင် ပေးပို့ခဲ့သည်။ ယင်းသည် နောင်တွင် အကြီးမားဆုံး အမှားတစ်ခု ဖြစ်လာခဲ့ပြီး ထိုစာထဲတွင် ချိမ်းဘာ၏ စွပ်စွဲချက်များကို ပြတ်ပြတ်သားသား ငြင်းဆိုထားသည်။

 

ဟစ် ပေးပို့ခဲ့သော ကြေးနန်းစာမှာ အောက်ပါအတိုင်း ဖြစ်သည် -

"ကျွန်ုပ်သည် မစ္စတာ ချိမ်းဘာကို မသိပါ။ ကျွန်ုပ် သိရသလောက်ဆိုလျှင် သူ့ကို တစ်ခါဖူးမျှပင် မြင်ဖူးတွေ့ဖူးခြင်း မရှိပါ။ ယခု ကော်မတီသို့ ကျွန်ုပ်နှင့် ပတ်သက်၍ ထွက်ဆိုသွားသည့် စကားများသည် အခြေအမြစ် လုံးဝမရှိပါ။ ထို့အတွက် လူကြီးမင်း တို့၏ ကော်မတီရှေ့မှောက်တွင် ကိုယ်တိုင်လာရောက် ဖြေရှင်းခွင့်ရမည်ဆိုပါက ပို၍ ကျေးဇူးတင်ရှိပါမည်။"

 

ချိမ်းဘာ နှင့် ဟစ် တို့သည် ထူးချွန်ထက်မြက်သည့် ဉာဏ်ရည်ဉာဏ်သွေး ရှိကြသည်ဟူသော အချက်မှလွဲ၍ ကျန်သည့်အချက်များတွင် လုံးဝကို ဆန့်ကျင်ဘက်ဖြစ်နေသည့် လူနှစ်ဦး ဖြစ်သည်။ အယ်လ်ဂါ ဟစ် မှာ အရပ်ရှည်ရှည်၊ ရုပ်ရည်ချောမောပြီး ဟားဗတ်တက္ကသိုလ်မှ ဘွဲ့ရထားသည့် ရှေ့နေတစ်ဦးဖြစ်ကာ မျိုးရိုးဂုဏ်သရေ အပြစ်ပြောစရာမရှိအောင် ကောင်းမွန်သူဖြစ်သည်။

 

ဝှစ်တေကာ ချိမ်းဘာ မှာမူ အရပ်ပုပု၊ ကိုယ်လုံးတောင့်တောင့်နှင့် အဝတ်အစား ဖရိုဖရဲ ဝတ်ဆင်တတ်သူဖြစ်ပြီး ကိုလံဘီယာတက္ကသိုလ် မှ ပညာတပိုင်းတစ နှင့် ကျောင်းထွက်လာသူ တဦး ဖြစ်သည်။ ထို့အပြင် သူသည် ဖီလာဒဲလ်ဖီးယားရှိ ပြဿနာများလှသည့် ဆင်းရဲသား မိသားစုမှ ဆင်းသက်လာသူ ဖြစ်ပြီး ကွန်မြူနစ်ဟောင်း တစ်ဦးဖြစ်ကြောင်း ဝန်ခံထားသူလည်း ဖြစ်သည်။

 

၎င်းတို့ နှစ်ယောက်ထဲက တယောက်ကတော့ လိမ်နေပြီး၊ နောက်တယောက်ကတော့ အမှန်အတိုင်း ပြောနေခြင်းသာ ဖြစ်မည်။ အကယ်၍ ချိမ်းဘားစ် သာ အမှန်အတိုင်း ပြောသည်ဆိုလျင် ဟစ် သည် ၁၉၃၃ မှ ၁၉၃၈ အတွင်း အမေရိကန်အစိုးရ၏ အဆင့်မြင့်ဆုံး ရာထူးနေရာ များတွင် တာဝန်ထမ်းဆောင်နေရင်း၊ သူလျှိုလုပ်ငန်းများကို လုပ်ဆောင်နေသည့် အမာခံကွန်မြူနစ်တစ်ဦး ဖြစ်နေရမည်။

 

အကယ်၍ ဟစ် ကသာ အမှန်အတိုင်း ပြောနေသည် ဆိုလျင်တော့ ၎င်းသည် မိမိနိုင်ငံအပေါ် မယိမ်းမယိုင်ဘဲ သစ္စာရှိရှိ အလုပ်အကျွေးပြုခဲ့သူဖြစ်ပြီး ကွန်မြူနစ်ပါတီဝင်လည်း မည်သည့် အခါမျှ မဖြစ်ခဲ့ဘူးဟု ယူဆရမည်သာ ဖြစ်သည်။

 

ပူပူနွေးနွေး လွှတ်တော်အမတ်ဖြစ်လာပြီး HUAC အဖွဲ့ဝင်လည်းဖြစ်သည့် ရစ်ချက် နစ်ဆင် သည် ချိမ်းဘားစ်၏ ပြောဆိုသည် များကိုသာ မှန်သည်ဟု ထင်မြင်နေခဲ့သည်။ အဆိုပါ လွှတ်တော်ကော်မတီသည်လည်း နိုင်ငံရေးအရ အရေးမပါသည့် အဖွဲ့အစည်းတခု အဖြစ် မှ မကြာခင်မှာပင် လွှတ်တော်အတွင်း လူပြောအများဆုံး ကော်မတီတစ်ခု ဖြစ်လာခဲ့သည်။

 

ကော်မတီသည် ဟစ် ၏ သက်သေထွက်ဆိုခွင့် တောင်းလာသည်ကို ခွင့်ပြုပေးခဲ့သည်။ လူများ ပြည့်နှက်နေသည့် လွှတ်တော်ခန်းမထဲတွင် ဟစ်က တည်တည်ငြိမ်ငြိမ်နှင့် ယုံကြည်မှု အပြည့်ဖြင့် 'ကျွန်တော်ဟာ ကွန်မြူနစ်ပါတီဝင်တစ်ယောက် မဟုတ်သလို၊ ဘယ်တုန်းကမှလည်း အဖွဲ့ဝင် မဖြစ်ခဲ့ဖူးပါဘူး' လို့ ကော်မတီအဖွဲ့ဝင် ရှေ့မှောက် ထွက်ဆိုခဲ့သည်။ ကြေးနန်းစာထဲ တွင်လည်း ချိမ်းဘားစ်ကို 'တစ်ခါမှပင် မမြင်ဖူးပါဘူး' ဆိုသည်ကို အခိုင်အမာ ထပ်လောင်းပြောဆိုခဲ့ပြီး 'သူ့ကို တွေ့ဆုံခွင့်ရဖို့ ကျွန်တော် မျှော်လင့်ပါတယ်' လို့ပါ ထည့်သွင်းပြောခဲ့သည်။

 

ကော်မတီအဖွဲ့ဝင်များသည် ဟစ် ၏ ထွက်ဆိုချက် အပေါ် အတော်လေး အထင်ကြီးသွားခဲ့ ကြပြီး အဖွဲ့ဝင်အများစုသည် လက်ရှိ စုံစမ်းစစ်ဆေးမှုကို ရပ်ဆိုင်းသင့်ပြီလို့ ကောက်ချက် ချခဲ့ကြသည်။ သမ္မတ ထရူးမင်း ကပင် လက်ရှိသူလျှိုမှု စုံစမ်းစစ်ဆေးရေးကို 'အာရုံလွှဲဖို့ ကြိုးစားနေတဲ့ အနှစ်မဲ့ကိစ္စ ဟုပင် အမည်တပ် ပြောဆိုခဲ့သည်။

 

သို့သော်လည်း ကော်မတီအဖွဲ့ဝင် တစ်ဦးကမူ စုံစမ်းစစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်ရန် အားသန်နေခဲ့သည်။ ထိုပုဂ္ဂိုလ်သည် လွှတ်တော်အမတ် နစ်ဆင် ဖြစ်ပြီး သူသည် ဟစ်၏ အမူအရာမှာ "နှိမ်ချဆက်ဆံလွန်းပြီး အလွန်အမင်း စော်ကား မော်ကြွားလွန်းသည်" ဟု ယူဆခဲ့သည်။ ဟစ်၏ အရှေ့ပိုင်းဒေသ အထက်တန်းလွှာ Ivy League ပညာရေးနောက်ခံနှင့် ပြောပုံဆိုပုံ မှာ ဝစ်တီးယားကောလိပ် ကျောင်း ဆင်းဖြစ်ပြီး အလုပ်သမားလူတန်းစား မိဘများမှ ပေါက်ဖွားလာသူ နစ်ဆင်အတွက်မူ ကြည့်မရ ဖြစ်နေခဲ့သည်။

 

အနည်းငယ် ဝေခွဲမရ ဖြစ်လာသော ကော်မတီသည် နစ်ဆင်ကို ဆပ်ကော်မတီဥက္ကဋ္ဌအဖြစ် ခန့်အပ်ရန် မဲခွဲဆုံးဖြတ်ခဲ့ကြသည်။ ၎င်းဆပ်ကော်မတီ၏ တာဝန်မှာ ဟစ် နှင့် ချိန်းဘာ့စ် နှစ်ဦးအနက် မည်သူက လိမ်ညာနေသည်ကို ဖော်ထုတ်ရန်ဖြစ်သည်။ 

 

နစ်ဆင်သည် ၎င်းတို့နှစ်ဦး အမှန်တကယ် သိကျွမ်းခြင်း ရှိ၊ မရှိ ဆိုသည့် မေးခွန်းကို စတင်အဖြေရှာခဲ့သည်။

 

နယူးယောက်မြို့ရှိ ဖက်ဒရယ်တရားရုံးတွင် နစ်ဆင်သည် ချိန်းဘာ့စ်ကို မေးခွန်းများ ဆက်တိုက်မေးမြန်းခဲ့သည်။ ထိုမေးခွန်းများသည် ချိန်းဘာ့စ် ပြောဆိုထားသကဲ့သို့ပင် ဟစ်ကို အမှန်တကယ် ရင်းနှီးကျွမ်းဝင်မှု ရှိ၊ မရှိ ဆုံးဖြတ်ရန် ရည်ရွယ်သည်။ ချိန်းဘာ့စ်က မေးခွန်းအတော်များများကို ဖြေဆိုနိုင်ခဲ့သည်။ သူသည် ဟစ်၏ အမည်ပြောင်များ၊ အလေ့အထများ၊ အိမ်မွေးတိရစ္ဆာန်များ၊ အားလပ်ရက်ခရီးစဉ်များနှင့် အမူအရာများအကြောင်းကို နစ်ဆင်နှင့် ဆပ်ကော်မတီထံ ပြောပြခဲ့သည်။ ထို့အပြင် ဟစ်၏ နေအိမ်ရှိ အခန်းဖွဲ့စည်းပုံနှင့် ပရိဘောဂများအကြောင်းကိုပင် အသေးစိတ် ဖော်ပြနိုင်ခဲ့သည်။

 

ဟစ်တွင် မည်သည့် ဝါသနာများ ရှိသနည်းဟူသော မေးခွန်းနှင့် ပတ်သက်၍မူ ချိန်းဘာ့စ် ပေးခဲ့သည့် အဖြေမှာ နောက်ပိုင်းတွင် ဟစ်အတွက် အကြီးအကျယ် ထိုးနှက်ချက် ဖြစ်သွားခဲ့သည်။ "ဟုတ်ကဲ့၊ ရှိပါတယ်။ သူနဲ့ ပရစ်ဆီလာ နှစ်ယောက်လုံးမှာ ဝါသနာတစ်ခုတည်း ရှိကြတယ်၊ အဲဒါကတော့ ငှက် တွေ စောင့်ကြည့်တဲ့ ဝါသနာ ပါပဲ။ သူတို့ဟာ မနက်စောစောထပြီး ငှက်တွေကို လိုက်ကြည့်လေ့ရှိကြတယ်။ တစ်ခါကဆိုရင် သူတို့ဟာ ရွှေဝါရောင် တောစာငှက် တစ်ကောင်ကို တွေ့လိုက်ရလို့ အရမ်းကို စိတ်လှုပ်ရှားသွားခဲ့ကြတာကို ကျွန်တော် မှတ်မိနေပါတယ်" ဟု သူက ဖြေကြားခဲ့သည်။