သူသည် အခက်အခဲ စိန်ခေါ်မှုများနှင့် ယဉ်ပါး နေသူ တဦး ဖြစ်သည်။ ၁၉၃၀ ပြည့်နှစ်၊ အသက် ၂၇ နှစ်အရွယ်တွင် ဂျူးလူမျိုး ဘောင်ဝါသည် ဂျာမနီနိုင်ငံ၏ အငယ်ဆုံးသော တရားသူကြီး ဖြစ်လာခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် နာဇီများ အာဏာရလာသောအခါ ဘောင်ဝါသည် အဖမ်းခံရပြီး အကျဉ်းစခန်း သို့ ကိုးလကြာ ပို့ဆောင်ခြင်း ခံခဲ့ရသည်။ နာဇီပါတီအပေါ် သစ္စာစောင့်သိပါမည်ဟူသော ခံဝန်ကတိကို လက်မှတ်ရေးထိုးပြီးနောက်မှသာ သူ ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။
နာဇီ ဂျာမနီ နိုင်ငံသစ်အတွင်း သူသည် မည်သည့်အခါမျှ ဘေးကင်းလုံခြုံတော့မည်မဟုတ်ကြောင်း သိရှိသဖြင့် ဘောင်ဝါသည် ဒိန်းမတ်နိုင်ငံသို့ ထွက်ပြေးခဲ့သည်။ ထိုမှတစ်ဆင့် ဆွီဒင်နိုင်ငံသို့ ကူးပြောင်းကာ စစ်ကြီး ပြီးဆုံးသည်အထိ နေထိုင်ခဲ့သည်။
၁၉၄၉ ခုနှစ်တွင် ဂျာမန်တရားစီရင်ရေးလောကသို့ ပြန်လည်ဝင်ရောက်လာပြီးနောက်ပိုင်း ဘောင်ဝါသည် လူသိမခံဘဲ အေးအေးဆေးဆေးသာ နေထိုင်ခဲ့သည်။ ဂျာမနီရှိ လူအများစုမှာ ဂျူးလူမျိုးများကို ယနေ့တိုင် မုန်းတီးနေကြဆဲဖြစ်ကြောင်း သိထားသဖြင့် သူ၏ ကိုးကွယ်ယုံကြည်မှုကို ထုတ်ဖော်မပြောခဲ့ပေ။ ထို့ပြင် နာဇီခေတ်က ပြဋ္ဌာန်းခဲ့သော လိင်တူချစ်သူ ဆန့်ကျင်ရေး ဥပဒေများမှာ ယခုတိုင် အသက်ဝင်နေဆဲ ဖြစ်သောကြောင့် သူသည် လိင်တူချစ်သူတစ်ဦး ဖြစ်သည်ကိုလည်း ထုတ်ဖော်မပြောခဲ့ပေ။
ဂျူးလူမျိုးဖြစ်ခြင်း၊ လိင်တူချစ်သူဖြစ်ခြင်းနှင့် နာဇီဆန့်ကျင်ရေးသမားဖြစ်ခြင် များကြောင့် အနောက်ဂျာမနီနိုင်ငံတွင် ဖရစ်ဇ် ဘောင်ဝါထက် ပို၍အပယ်ခံရသူ မရှိနိုင်တော့ပေ။ သူသည် သတ်မည် ဖြတ်မည်ဟူသော ခြိမ်းခြောက်မှုများကို အမြဲမပြတ် လက်ခံရရှိနေရသလို၊ လုပ်ဖော်ကိုင်ဖက်များ၏ ဝိုင်းပယ်ခြင်းကိုလည်း ခံနေရသည်။ သို့သော်လည်း အနှီတရားလိုပြ ရှေ့နေကြီးသည် နာဇီစစ်ရာဇဝတ်ကောင်များကို တရားစွဲဆိုအပြစ်ပေးလိုသည့် ပြင်းပြသောဆန္ဒကြောင့် မိမိ၏ ဘေးကင်းလုံခြုံမှုကို အရင်းအနှီး ပြုကာ နေ့စဉ်နှင့်အမျှ စွန့်စားလုပ်ကိုင်နေခဲ့သည်။
အိုက်ခ်မန်း ကို ဖမ်းဆီးရန် တရားဝင် ဝရမ်းထုတ်ပြန်ထားပြီးဖြစ်သော်လည်း ထိုအမိန့်သည် မည်သည့်အခါမျှ အသက်ဝင်လာမည်မဟုတ်ကြောင်း ဘောင်ဝါသည် သိထားပြီး ဖြစ်သည်။ ယင်းသည် နာဇီစစ်ရာဇဝတ်ကောင်များကို လိုက်လံဖမ်းဆီးသည့် စစ်ဆင်ရေးမှာ ပြီးဆုံးခြင်း မရှိသေးကြောင်း ဂျာမန်တို့ကို သတိပေးရန် ရည်ရွယ်သည့် အထိမ်းအမှတ်သဘောမျှသာ ဖြစ်သည်။
စစ်ပြီးခေတ်ကာလတွင် "နော့ကင်မ်" ဟု လူသိများသည့် ဂျူးတော်လှန်ရေး အဖွဲ့ တဖွဲ့ သည် ဂျာမနီနှင့် သြစတြီးယားတစ်ခွင် လှည့်လည်ကာ အက်စ်အက်စ် အဖွဲ့ဝင်ဟောင်းများကို လိုက်လံနှိမ်နင်းခဲ့ကြသည်။
"လက်စားချေသူများ" The Avengers ဟုလည်း ခေါ်ဝေါ်ကြပြီး ဗြိတိန်အစိုးရက ငွေကြေးထောက်ပံ့ထားသည့် ဤကြေးစားတပ်ဖွဲ့သည် အီတလီမြောက်ပိုင်းကို ၎င်းတို့၏ အခြေစိုက်စခန်းအဖြစ် သတ်မှတ်ခဲ့ကြသည်။ (ပုံတွင်ရှူ) ၊ ဤ "လက်စားချေသူများ" အဖွဲ့သည် တစ်ခါတစ်ရံတွင် သံသယရှိသူ၏ နေအိမ်သို့ ညဉ့်နက်သန်းခေါင်၌ ရုတ်တရက် ရောက်ရှိလာတတ်သည်။ အခြားတစ်ဖက်တွင်လည်း လမ်းပေါ်မှ လူများကို အတင်းအဓမ္မ ဖမ်းဆီးကာ ကားပေါ်သို့ ဆွဲတင်သွားလေ့ရှိသည်။ ၎င်းတို့ပေးလိုသော သတင်းစကားမှာ ရှင်းလင်းလှသည် - "အက်စ်အက်စ် (SS) အဖွဲ့ဝင်များအတွက် မည်သည့်နေရာမှ မလုံခြုံစေရ" ဟူ၍ပင် ဖြစ်သည်။
လက်စားချေသူများ အဖွဲ့သည် ၎င်းတို့ဖမ်းမိထားသော သုံ့ပန်းများကို တရားရုံးသို့ မည်သည့်အခါမျှ အလုပ်ပေးခဲ့ခြင်း မရှိခဲ့ပေ။ သူတို့ကိုယ်တိုင်ပင် ကွပ်မျက်သူများ အဖြစ် တာဝန်ယူ လာခဲ့ကြသည်။ လက်မောင်းအောက်တွင် 'SS' တက်တူး ရှိမရှိ ကို အတည်ပြုပြီးသည်နှင့် သေဒဏ်သည် ချက်ချင်းဆိုသလို ရောက်ရှိလာတော့သည်။
အချို့သော လက်စားချေသူများသည် စစ်ရာဇဝတ်ကောင်များကို တောထဲသို့ ခေါ်ဆောင်သွားပြီး ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြသည်။ အချို့ကိုမူ လည်ပင်းညှစ်သတ်ကြသည်—စန္ဒယားကြိုးဖြင့် ညှစ်သည်ထက် ပို၍သန့်ရှင်းသည်ဟု ယူဆကာ လက်ဗလာဖြင့် သတ်ခြင်းကို ပို၍နှစ်သက်ကြ၍ ဖြစ်သည်။ တစ်ခါတစ်ရံတွင်မူ ကိုယ့်ကိုကိုယ် သတ်သေသည့်ပုံစံ ပေါက်စေရန်အတွက် SS အကျဉ်းသားများကို မိမိကိုယ်ကိုယ် ကြိုးဆွဲချသေစေရန် ဖိအားပေး စေခိုင်းခဲ့ကြသည်။
လက်စားချေသူများ အဖွဲ့သည် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်ကပင် လူစုခွဲခဲ့ကြပြီ ဖြစ်သည်။ သို့သော်လည်း ဘောင်ဝါ နှင့် ရှင်းနား တို့ ဖရန့်ဖွတ်မြို့အပြင်ဘက်တွင် တွေ့ဆုံနေကြချိန်၌ပင် ဥရောပ၊ တောင်အမေရိက၊ မြောက်အမေရိကနှင့် အီဂျစ်နိုင်ငံတို့တွင် ဂျူးလူမျိုး ကြေးစားစစ်သား အဖွဲ့ငယ်လေးများသည် SS အဖွဲ့ဝင်များကို ခြေရာခံကာ ဆက်လက် သုတ်သင်ရှင်းလင်းနေဆဲပင် ဖြစ်သည်။
သို့သော် ဖရစ်ဇ် ဘောင်ဝါသည် ဥပဒေကို လေးစားလိုက်နာသူတစ်ဦးဖြစ်ပြီး လက်တုံ့ပြန် သတ်ဖြတ်ခြင်းမျိုးကို ဆန့်ကျင်သူဖြစ်သည်။ အကောင်းဆုံးမှာ အဒေါ့ဖ် အိုင်းခ်မန်းကို အရှင်ဖမ်းမိပြီး တရားရုံးတွင် စစ်ဆေးစီရင်ရန်ဖြစ်သည်။
အစ္စရေးစစ်တပ်ကို အသုံးပြုရန်မှာလည်း မဖြစ်နိုင်ပေ။ အကြောင်းမှာ ၎င်းတို့ ဝင်ရောက်စွက်ဖက်ခြင်းသည် စစ်ကြေညာခြင်းနှင့် အလားတူမည် ဖြစ်သောကြောင့်တည်း။ ထို့အပြင် အမေရိကန်ကလည်း ကူညီမည်မဟုတ်ကြောင်း ဘောင်ဝါ ကောင်းစွာသိသည်။ ၁၉၅၃ ခုနှစ်တွင် စီအိုင်အေ က "ကျွန်ုပ်တို့သည် စစ်ရာဇဝတ်ကောင်များကို လိုက်လံဖမ်းဆီးသည့် လုပ်ငန်းမျိုးကို မလုပ်ဆောင်ပါ" ဟု အတိအလင်း ကြေညာထားခဲ့ဖူးသည်။
ထို့ကြောင့် အစ္စရေးထောက်လှမ်းရေး အဖွဲ့ဖြစ်သည့် မော့ဆက် တစ်ခုတည်းသာ အားကိုးစရာ ကျန်တော့သည်။ ဒေါက်တာ ရှင်နာ ၏ တရားဝင်ရာထူးမှာ သံတမန်တစ်ဦး ဖြစ်သော်လည်း၊ ဤစကားဝိုင်းသည် မကြာမီ အစ္စရေးရှိ ထောက်လှမ်းရေးဌာနသို့ ရောက်ရှိသွားမည်ဖြစ်ကြောင်း ဘောင်ဝါ လုံးဝယုံကြည်ထားသည်။ ထို့နောက် ဘာဆက်ဖြစ်မည်ကို ဘောင်ဝါ မသိသော်လည်း သူသည် အားကိုးရာမဲ့နေပြီး အခြားရွေးချယ်စရာ လမ်းစလည်း မရှိတော့ပေ။
"ခင်ဗျားကို ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ" ဟု သူက ရှင်နာကို ပြောလိုက်သည်။ ဂျာမန်ရဲတပ်ဖွဲ့ကို အကြောင်းမကြားဘဲ သူ့ ကို ဘာကြောင့် လာပြောရသနည်းဟူသော သံတမန်၏ အမေးကို သူက ကြိုတင်ခန့်မှန်းပြီး ဖြေလိုက်ခြင်းဖြစ်သည်။ "ဒီကိစ္စမှာ ဂျာမန်တရားစီရင်ရေး ယန္တရားကိုရော၊ ဗျူနိုအေးရိစ်မြို့က ဂျာမန်သံရုံးဝန်ထမ်းတွေကိုပါ ကျွန်တော် လုံးဝယုံကြည်လို့ မရဘူး။ အဲ့ဒါကြောင့် ခင်ဗျားနဲ့ စကားပြောဖို့ ကျွန်တော် အရမ်းစိတ်ဝင်စားခဲ့တာပါ။ ခင်ဗျားတို့ဆီကို လှည့်လာတာကလွဲလို့ တခြား ဘာလမ်းမှ ကျွန်တော် မမြင်တော့ဘူး။"
ဤသည်က ဘောင်ဝါသည် လက်ရှိ ဖြစ်ပျက်နေသည်ကို အမှန်အတိုင်း မပြောချင်၍ လျှော့ ပေါ့ ပြောလိုက်ခြင်းသာ ဖြစ်သည်။ အနောက်ဂျာမနီ အစိုးရအဖွဲ့ထဲတွင်ပင် နာဇီဟောင်းများ များစွာ ရှိနေသည်။ ဥပမာ ဆိုရက အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဟန်စ် ဂလုပ်ကီ ဖြစ်ပြီး ၎င်းသည် ဂျူးလူမျိုး များကို မျိုးဖြုတ်သတ်ဖြတ်ဖို့ ရည်ရွယ်သည့် နာဇီလူမျိုးရေး ဥပဒေများကို ရေးဆွဲရာတွင် ကူညီခဲ့သူ ဖြစ်သည်။
ဘောင်ဝါက က 'ခင်ဗျားတို့ဟာ အလုပ်အရမ်းကျွမ်းကျင်တဲ့သူတွေဆိုတာ လူသိများပါတယ်၊ အိုက်ခ်မန်း ကို ဖမ်းမိဖို့ ခင်ဗျားတို့ထက် ပိုပြီး စိတ်အားထက်သန်မယ့်သူ မရှိနိုင်ဘူး။ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ခင်ဗျားတို့နဲ့ ပဲ ဆက်သွယ် ဆောင်ရွက်သွားချင်ပါတယ်။ ဒါပေမဲ့ လျှို့ဝှက်ချက်ကို အထူးကြပ်ကြပ်မတ်မတ် ထိန်းသိမ်း ထားဖို့တော့ လိုတယ်' လို့ ရှင်းနားကို ရှင်းပြခဲ့သည်။
ရှင်းနား သည် ဘောင်ဝါ ပြောသည့် စကား၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်သဘောပေါက်လိုက်သည်။ အကယ်၍ ဘောင်ဝါ သာ ထိုသတင်းကို ဂျာမန်ရဲတပ်ဖွဲ့ထံ ပေးအပ်ခဲ့လျှင် တစ်စုံတစ်ယောက်က အိုက်ချ်မန်းကို သတင်းပေးလိုက်မည်ဖြစ်ပြီး၊ ထိုအခါ အိုက်ချ်မန်းမှာ ပို၍ အတွင်းကျကျ ပုန်းအောင်းသွားပေလိမ့်မည်။ ထို့ကြောင့် မိမိနိုင်ငံ၏ အစိုးရမဟုတ်သော နိုင်ငံခြားအစိုးရ ကိုယ်စားလှယ်တစ်ဦးထံ သတင်းအချက်အလက် ပေးပို့ခြင်းမှာ ဂျာမနီနိုင်ငံတွင် "နိုင်ငံတော်သစ္စာဖောက်မှု" မြောက်မှန်း သိသိကြီး နှင့် ဘောင်ဝါသည် အစ္စရေးတို့ထံ ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။
"လူကြီးမင်းရဲ့ လုပ်ရပ်အတွက် ကျွန်တော့်တို့ဖက်က ရင်ထဲ အသည်းထဲကကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်" ဟု ဒေါက်တာရှင်းနားက ပြန် ပြောခဲ့သည်။ "ခင်ဗျား အခုလို ပြောလာတာကိုလည်း အစ္စရေးနိုင်ငံက ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။"
***************