နှစ်ဆယ်ရာစုနှစ် အကျော်ကြားဆုံး တရားခွင်များ(25)

by Hla Soewai - Mar 02 2026

တရားသူကြီး ဂျက်ဆင် သည် လူပြည့်လျှံနေသော တရားခွင်အတွင်း သူ၏ အပြီးသတ်လျှောက်လဲချက်ကို တင်သွင်းခဲ့သည်။ ဂျက်ဆင်သည် တရားခံ တစ်ဦးချင်းစီကို အလှည့်ကျ ဝေဖန်တိုက်ခိုက်ခဲ့သော်လည်း အပြင်းထန်ဆုံး တိုက်ခိုက်မှုများကိုမူ ဂိုရင်းအတွက် ချန်ထားခဲ့သည်။ တရားခံ များ ထိုင် နေရာ ခုံတန်းပေါ်ရှိ ဂိုရင်းမှာမူ — ဒေါသ စိတ်ဖြင့် — မိမိအမည်ကို အကြိမ်ရေမည်မျှ ထည့်သွင်းပြောဆိုသည်ကို ရေတွက်နေခဲ့သည်။ 

 

ဂျက်ဆင်သည် သူ၏ လျှောက်လဲချက်အကျဉ်းချုပ်ကို ရှိတ်စပီးယား ၏ စာသားတစ်ခုဖြင့် နိဂုံးချုပ်ခဲ့သည် -

'တရားခံများသည် ဤမျှရှည်လျားလှသော ရာဇဝတ်မှုများနှင့် အမှားအယွင်းများကို ကြံစည်ခြင်း၊ အကောင်အထည်ဖော်ခြင်း သို့မဟုတ် ပူးပေါင်းကြံစည်ခြင်းတို့တွင် အပြစ်မရှိကြောင်း ဤခုံရုံးက ဆုံးဖြတ်ပေးရန် ယခု တောင်းဆိုနေကြသည်။ 

 

သူတို့သည် မိမိသတ်ဖြတ်ခဲ့သော ဘုရင်၏အလောင်းနားတွင် သွေးစွန်းလျက် ရပ်နေခဲ့သည့် ဂလော်စတာ ကဲ့သို့ပင် ဤတရားခွင်၏ မှတ်တမ်းများရှေ့တွင် ရပ်နေကြသည်။ ဂလော်စတာက မုဆိုးမဖြစ်သူအား "ကျွန်ုပ် သူတို့ကို မသတ်ခဲ့ပါဟု ပြောပေးပါ" ဟု တောင်းပန်ခဲ့သကဲ့သို့ သူတို့ကလည်း တရားသူကြီး မင်းများကို တောင်းပန်နေကြသည်။ ထိုအခါ ဘုရင်မက "ဒါဆိုရင် သူတို့ သေနေရက် နဲ့ အသတ်မခံရဘူးလို့သာ ပြောလိုက်ပါတော့။" ဟု ပြန် ပြော ခဲ့သည်။ အကယ်၍ တရားသူကြီးမင်းများ အနေဖြင့် ဤလူများတွင် အပြစ်မရှိဟု ဆိုခဲ့ပါမူ၊ ယင်းသည် စစ်ပွဲလည်း မဖြစ်ပွားခဲ့၊ အသတ်ခံရသူလည်း မရှိ၊ ရာဇဝတ်မှုလည်း မရှိခဲ့ဟု ပြောဆိုခြင်းနှင့် ထပ်တူပင် မှန်ကန်နေပါလိမ့်မည်။"

 

ရှည်လျားလှသော တရားစီရင်မှု၏ နောက်ဆုံးအဆင့်တွင် တရားခံတစ်ဦးချင်းစီအား နောက်ဆုံး စကား ပြောကြားခွင့် ပေးခဲ့သည်။ ဟားမန်း ဂိုရင်းက ဤတရားစီရင်မှုသည် စစ်နိုင်သူများက အာဏာပြအနိုင်ကျင့်သည့် လုပ်ရပ်တစ်ခုထက် ဘာမှမပိုကြောင်း ခုံရုံးသို့ ပြောကြားခဲ့သည်။ ဤလုပ်ငန်းစဉ်များတွင် 'တရားမျှတမှု' ဆိုသည်မှာ လုံးဝမပါဝင်ကြောင်းလည်း ဂိုရင်းက ဆိုသည်။ ရူဒေါ့ဖ် ဟက်စ် ကမူ 'ကျွန်ုပ်တို့၏ လူမျိုးနွယ်စု နှစ်ပေါင်းတစ်ထောင် သမိုင်းတစ်လျှောက် အထူးချွန်ဆုံးသော သားကောင်းရတနာ ဟစ်တလာ၏ လက်အောက်တွင် အလုပ်ကျွေးပြုခွင့်ရခဲ့ခြင်းမှာ ကျွန်ုပ်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်စရာ ဖြစ်ခဲ့ပါသည်' ဟု နိဂုံးချုပ် ပြောကြားသွားခဲ့သည်။

 

တရားခံအချို့ကမူ တောင်းပန်စကားများ ဆိုကြသည်။ အချို့မှာမူ သူတို့၏ ကံကြမ္မာကို ကြိုတင်သိရှိနေကြသည့်အလား ငိုကြွေးကြ၏။ အဲလ်ဘတ် စပီးယား ကမူ ပိုမိုဖျက်အားပြင်းထန်သည့် လက်နက်သစ်များ၏ အန္တရာယ်ကို သတိပေးခဲ့ပြီး၊ လူသားမျိုးနွယ်များအနေဖြင့် စစ်ပွဲများကို အပြီးတိုင် အမြစ်ပြတ်ချေမှုန်းရန် တိုက်တွန်း သွားခဲ့သည်။

 

စပီးယားက 'ဒီတရားစီရင်မှုဟာ နောင်အနာဂတ်မှာ စစ်ပွဲတွေ မဖြစ်ပွားအောင် တားဆီးပေးနိုင်တဲ့ အထောက်အကူတစ်ခု ဖြစ်ရမယ်' ဟု ပြောကြားခဲ့သည်။ ထို့ပြင် 'ဂျာမနီနိုင်ငံနှင့် အနောက်တိုင်းရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ဘုရားသခင် စောင့်ရှောက်ပါစေသား' ဟုလည်း ဆိုခဲ့သည်။

 

၁၉၄၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် တရားခံများသည် တရားခွင်အတွင်းသို့ နောက်ဆုံးအကြိမ်အဖြစ် တန်းစီဝင်ရောက်လာကြသည်။ တရားသူကြီးချုပ် ဆာ ဂျက်ဖရီ လောရင့်စ် က စီရင်ချက်များကို သူဖတ်ကြားနေစဉ်အတွင်း တရားခံများအားလုံး ထိုင်နေကြရန် ညွှန်ကြားခဲ့သည်။

 

၎င်းက ဟားမန်း ဂိုးရင်း ၏ အမှုဖြင့် စတင်ခဲ့သည်-

"တရားခံ ဟားမန်း ဂိုးရင်းသည် အဒေါ့ဖ် ဟစ်တလာပြီးလျှင် ကျူးကျော်စစ်ကို ဖော်ဆောင်ရာ၌ ဒုတိယမြောက် အဓိကတွန်းအားပေးသူ ဖြစ်ခဲ့သည်။ သူသည် ဟင်းမလားနှင့် ဟိုင်းဒရစ် တို့အား 'ဂျူးလူမျိုးဆိုင်ရာ ပြဿနာကို အပြီးသတ်ဖြေရှင်းရန်' တိုက်ရိုက်အမိန့်ပေးခဲ့သူ ဖြစ်သည်။"

 

တရားသူကြီးချုပ်က ဂိုးရင်း၏ အပြစ်ကို လျှော့ပေါ့စဉ်းစားပေးရန် မည်သည့်သက်သေအထောက်အထားမျှ မရှိ၍ စွဲချက်တင်ထားသော အချက်လေးချက်စလုံးတွင် "အပြစ်ရှိကြောင်း" ဆုံးဖြတ်ခဲ့သည်။

 

တရားသူကြီးချုပ် လောရင့်စ်သည် စီရင်ချက်များကို ဆက်လက်ဖတ်ကြားခဲ့သည်။ စုစုပေါင်းအားဖြင့် တရားရုံးသည် တရားခံ ၁၈ ဦးကို စွဲချက်တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော စွဲချက်များဖြင့် ပြစ်ဒဏ်စီရင်ခဲ့သည်။ တရားခံ ၃ ဦးကိုမူ အပြစ်မရှိကြောင်း တွေ့ရှိခဲ့ရသည်။ သို့သော်လည်း အပြစ်မှ ကင်းလွတ်ခွင့်ရခဲ့သည့် ထိုတရားခံ ၃ ဦးမှာ သူတို့၏ အောင်ပွဲကို ကြာရှည်စွာ ခံစားခွင့်မရခဲ့ကြပေ။

 

သတင်းထောက်များ ဝိုင်းရံနေသည့် သတင်းစာရှင်းလင်းပွဲ ခန်းမထဲတွင်ပင် သူတို့သည် ဂျာမန်ရဲအရာရှိတစ်ဦးထံမှ နာဇီဝါဒ လွှမ်းမိုးမှုများကို အမြစ်ပြတ် ဖယ်ရှားရှင်းလင်းမည့် ဥပ ဒေ ဖြင့်ထုတ်ပြန် သော ဖမ်းဝရမ်းများကို လက်ခံရရှိခဲ့ကြသည်။ သူတို့သည် ဂျာမနီနိုင်ငံ၏ ဥပဒေများကို ချိုးဖောက်မှုဖြင့် ဂျာမန်တရားရုံးများတွင် ဆက်လက် တရားရင်ဆိုင်ကြရဦးမည် ဖြစ်သည်။

 

ပြစ်ဒဏ်စီရင်ခြင်းခံရသည့် တရားခံများအတွက် စီရင်ချက်များကို ထိုနေ့ မွန်းလွဲပိုင်းတွင် ကြေညာခဲ့သည်။ တရားသူကြီးချုပ် လောရင့်စ်သည် ဂိုးရင်းကို ပထမဆုံး စတင်၍ စီရင်ချက်ချခဲ့သည် - "နိုင်ငံတကာ စစ်ခုံရုံးက မ ကြိုးပေးသတ်စေဖို့ အမိန့်ချမှတ်လိုက်တယ်။" ဂိုးရင်းသည် မည်သည့်ခံစားချက်ကိုမျှ ဖော်ပြခြင်းမရှိဘဲ တရားခွင်ထဲမှ လှည့် ထွက်သွားခဲ့သည်။

 

တရားသူကြီးချုပ် လောရင့်စ်သည် နာဇီ ဂျာမဏီ၏ နိုင်ငံခြားရေး ဝန်ကြီး ရစ်ဗင်ထရော့ပ် နှင့် ကာလ်တန် ဘရွန်နာ အပါအဝင် အခြားတရားခံ ၁၀ ဦးကိုလည်း ကြိုး ပေးစီရင်ပြီး အသက်ဆုံးရှုံးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရူဒေါ့ဖ် ဟက်စ် အပါအဝင် တရားခံ ၃ ဦးမှာမူ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်များ ချမှတ်ခြင်းခံရသည်။ အဲလ်ဘတ် စပီးယား အပါအဝင် အခြား ၄ ဦးမှာမူ ထောင်ဒဏ် ၁၀ နှစ်မှ နှစ် ၂၀ အထိ အသီးသီး အမိန့်ချမှတ်ခြင်းခံရသည်။ စုစုပေါင်း ၃၁၅ ရက်တိုင်တိုင် ကြာမြင့်ခဲ့သည့် တရားခွင်ကြီးက ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

 

နောက် နှစ်ပတ် လုံးလုံး သေဒဏ် ချမှတ် ခံထားရသည့် ရာဇဝတ်သားများသည် ပြစ်ဒဏ်များကို လျှော့ပေါ့ပေးရန် သို့မဟုတ် ပြောင်းလဲပေးရန် လုပ်ပိုင်ခွင့်ရှိသည့် မဟာမိတ် တပ်များထိန်းချုပ်ရေး ကောင်စီ ထံသို့ နောက်ဆုံးအဆင့် အသနားခံစာတင်သွင်းနိုင်ရန် ၎င်းတို့၏ ရှေ့နေများ နှင့် ဆွေးနွေးတိုင်ပင် နေခဲ့ကြသည်။ မဟာမိတ် တပ်များ ထိန်းချုပ်ရေးကောင်စီသည် သုံးနာရီကြာ အချေအတင် ဆွေးနွေးငြင်းခုံ ခဲ့ပြီးနောက်တွင်တော့ အသနားခံစာ အားလုံးကို ပယ်ချလိုက်ကြသည်။

 

 သေဒဏ်မစီရင်မီ တစ်ရက်အလိုအောက်တိုဘာ ၁၅ ရက်နေ့ တွင် တော့ ဂိုရင်း သည် သူ့၏ အကျဉ်းထောင် အခန်းထဲရှိ စာရေးစားပွဲ လေးတွင် ထိုင်ပြီး အခုလို ရေးသားခဲ့သည် -

“မဟာမိတ် ထိန်းချုပ်ရေးကောင်စီသို့ -

ကျုပ်ကို သေနတ်နဲ့ပစ်သတ်ပြီး စီရင်မယ်ဆိုရင်တော့ ဘာကန့်ကွက်စရာမှ မရှိပါဘူး။ ဒါပေမဲ့ ဂျာမနီနိုင်ငံရဲ့ ‘ရိုက်ခ်မာရှယ်’ (Reichsmarschall) တစ်ယောက်ကို ကြိုးပေးသတ်တာမျိုးတော့ ကျုပ်အဖြစ်မခံနိုင်ဘူး။ ဂျာမနီနိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက် ဒါကို ကျုပ်ခွင့်မပြုနိုင်တာပါ။ ဒါ့အပြင် ရန်သူတွေပေးတဲ့ အပြစ်ဒဏ်ကို ခံယူဖို့လည်း ကျုပ်မှာ ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်ရှိတယ်လို့ မခံစားရဘူး။ ဒီအကြောင်းပြချက်တွေကြောင့်ပဲ ကျုပ်ဟာ မဟာဟန်နီဘော လိုမျိုး ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဆုံးစီရင်ဖို့ ရွေးချယ်လိုက်ရခြင်း ဖြစ်ပါတယ်။”

 

စာကို ရေးပြီးနောက် တွင် ဂိုးရင်းသည် ခိုးဝှက်သိမ်းဆည်းထားသည့် ဆိုင်ယာနိုက်ဆေးတောင့်ကို ထုတ်ယူကာ ပါးစပ်ထဲ ထည့်လိုက်တော့သည်။ မိနစ် အနည်းငယ် အကြာတွင်တော့ မျက်နှာကို လက်နှင့် အုပ်ပြီး ဂိုရင်းထံမှ အသက်ရှူကျပ်သံ များ ထွက်ပေါ်လာသည်ကို အစောင့်ဖြစ်သူက သတိထားမိသွားခဲ့သည်။ ဆရာဝန်ကို ချက်ချင်းခေါ်ယူခဲ့ သော်လည်း ဂိုးရင်း၏ နောက်ဆုံးထွက်သက်ကိုသာ မြင်တွေ့ခွင့်ရသွားခဲ့သည်။

 

နာရီအနည်းငယ်အကြာ နံနက် ၁ နာရီ ၁၁ မိနစ်အချိန်တွင် နာဇီ ဂျာမဏီ၏ နိုင်ငံခြား‌ ရေး ဝန်ကြီး ဂျိုအာချင် ဗွန် ရစ်ဘန်ထော့ပ် သည် တရား ရေး နန်းတော် အတွင်းရှိ အားကစားရုံအတွင်း တည်ဆောက်ထားသော ကြိုးစင်ဆီသို့ လျှောက်လှမ်းလာခဲ့သည်။

 

နောက်ဆုံးပြောကြားလိုသည့် စကားရှိမရှိ မေးမြန်းရာတွင် ၎င်းက “ကမ္ဘာကြီး ငြိမ်းချမ်းပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် အစောင့်ဖြစ်သူက သူ၏ဦးခေါင်းတွင် ခေါင်းစွပ်အမည်းကို စွပ်ပေးပြီး လည်ပင်းတွင် ကြိုးကွင်းကို စွပ်လိုက်သည်။ ကြိုးစင်တံခါးပွင့်သွားပြီးနောက် ချက်ခြင်းလို သေဆုံးသွားခဲ့သည်။

 

မိနစ်အနည်းငယ်အကြာတွင် နောက်ထပ်သေဒဏ်ကျခံရမည့်သူဖြစ်သော ဖီးလ်မာရှယ် ကေတဲလ် သည် ကြိုးစင်လှေကားထစ်များပေါ်သို့ တက်လှမ်းလာခဲ့သည်။ နံနက် ၂ နာရီ ၄၅ မိနစ် အချိန်တွင်တော့ အားလုံးပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ၎င်းသည် ဂျာမန်စစ်ဌာနချုပ် အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အဒေါ့ဖ် ဟစ်တလာ၏ အယုံကြည်ရဆုံး စစ်အရာရှိကြီး တဦး ဖြစ်သည်။ မဟာမိတ်တပ်များထံ ဂျာမန်စစ်တပ် ကိုယ်စား လက်နက်ချကြောင်း စာချုပ်ကို ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့သူ ဖြစ်သည်။

 

နုရင်ဘတ် တရားစီရင်ရေး သည် တကယ်ပဲ အရေးပါခဲ့သလား၊ သမိုင်းကို သိသိသာသာ ပြောင်းလဲပစ်နိုင်ခဲ့သလား ဟု ဒီနေ့ခေတ်တွင် ကျွန်ုပ်တို့ မေးခွန်းထုတ်နိုင် ပေသည်။ 

 

တကယ်တမ်းတွင် နုရင်ဘတ်တရားခွင်နှင့် နောက်ဆက်တွဲ စစ်ဆေးမှုများသည် ရည်ရွယ်ထားသည့် အလုပ်တစ်ခုကိုတော့ ကောင်းမွန်စွာလုပ်ဆောင်နိုင်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ ဤသည်က နာဇီတို့၏ ရက်စက်ကြမ်းကြုတ်မှုများကို မှတ်တမ်းအထောက်အထား များ ခိုင်ခိုင်မာမာ ချန်ထားရစ်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။ တရားခွင်မှ ထွက်ပေါ်လာသည့် ပုံရိပ်များနှင့် သက်သေထွက်ဆိုချက်များသည် ယခုတိုင်အောင် လူများကို တုန်လှုပ်ခြောက်ခြားစေတုန်းပင် ဖြစ်သည်။

 

ထို့ထက် ပိုအရေးကြီးသည်က—နုရင်ဘတ်တရားခွင်သည် တရားခံများကို ၎င်းတို့ကျူးလွန်ခဲ့သည့် ရာဇဝတ်မှု များ အတိုင်း ရာဇဝတ်ကောင်များအဖြစ် ကမ္ဘာ့ရှေ့တွင် ဖော်ထုတ်ချပြနိုင်ခဲ့သည်။ ထို့အတွက် နာဇီခေါင်းဆောင်များကို ဂျာမန်ပြည်သူများ၏ မျက်စိထဲတွင် "အာဇာနည်" များအဖြစ် ဂုဏ်ပြုခံရမည့် အခွင့်အရေးကို ပိတ်ပင်တားဆီးနိုင်ခဲ့ သည်။

 

ယနေ့ ဂျာမနီနိုင်ငံတွင် နာဇီစစ်သူရဲကောင်းဆိုကာ ဂုဏ်ပြုထားသည့် ရုပ်တု တခုမှတလေမျှ မရှိ။ ဂျာမန်ကျောင်းသားလူငယ်များအား ၎င်းတို့နိုင်ငံ၏ မှောင်မိုက်ခဲ့ရသည့် အတိတ်သမိုင်းအမှန်များကို သင်ကြားပေးနေပြီ ဖြစ်သည်။

 

ဤတရားစီရင်မှုများသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် စံနမူနာထူးတစ်ခုကို ချမှတ်ပေးခဲ့သည်။ နိုင်ငံတကာ စစ်ဘက်ခုံရုံး သည် နောက်ပိုင်းပေါ်ပေါက်လာသော အခြားသော ခုံရုံးများအတွက် စံပြပုံစံ ဖြစ်လာခဲ့သည်။ ၎င်းတို့အနက် ပစိဖိတ်စစ်မျက်နှာရှိ စစ်ရာဇဝတ်မှုများအတွက် ဂျပန်စစ်ဘက်နှင့် နိုင်ငံရေးခေါင်းဆောင်များကို စစ်ဆေးစီရင်ခဲ့သည့် တိုကျို စစ်ရာဇဝတ်မှုခုံရုံး လည်း အပါအဝင်ဖြစ်သည်။ ထို့ပြင် သည်ဟိဂ် မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) သည်လည်း အခြေခံအားဖြင့် ဤနိုင်ငံတကာ စစ်ဘက်ခုံရုံး ကို အတုယူ တည်ဆောက်ထားခြင်း ဖြစ်သည်။

 

ထို့အပြင် နောင်အနာဂတ်၌ ရက်စက်ကြမ်းကြုတ်မှုများ မပေါ်ပေါက်စေရန် တားဆီးကာကွယ်ရေးလုပ်ငန်းများကို အားပေးလှုံ့ဆော်ပေးခဲ့သည်။ ဤသို့ ကြိုးပမ်းအားထုတ်မှုများကြောင့် ၁၉၄၈ ခုနှစ်တွင် ကုလသမဂ္ဂ၏ 'လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူညီချက်' (Convention on Genocide) ကဲ့သို့သော အစီအမံများ ပေါ်ပေါက်လာခဲ့သည်

 

ထိုသို့သော အောင်မြင်မှုများ ရှိခဲ့သော်လည်း နုရင်ဘတ် တရားခွင်သည် ထိုတရားစီရင်မှုများကို အားပေးထောက်ခံခဲ့သူများ၏ အကြီးမားဆုံးသော အိပ်မက်များကိုမူ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိခဲ့ပေ။ နုရင်ဘတ်သည် ကျူးကျော်စစ်ပွဲများကို အဆုံးသတ်နိုင်ခြင်း မရှိခဲ့သလို၊ လူမျိုးတုံးသတ်ဖြတ်မှုများကိုလည်း အပြီးတိုင် ရပ်တန့်စေနိုင်ခြင်း မရှိခဲ့ပေ။ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများသည် ယနေ့တိုင် ကျွန်ုပ်တို့နှင့်အတူ ရှိနေဆဲပင် ဖြစ်သည်။

 

******* ************