ကျွန်တော်တို့၏ အခြေစိုက်စခန်းသည် လူဇုန် ကျွန်းမြောက်ပိုင်း က ပြည်နယ်မြို့လေးတမြို့တွင် ဖြစ်သည်။ ထိုနေရာသည် ဗီယက်နမ်နှင့် လာအိုကို ပိုင်းခြားထားသည့် အာနမ်တောင်တန်း နေရာကို အစားထိုး ရိုက်ကူးဖို့ ရွေးချယ်ထားခြင်း ဖြစ်သည်။
ကျွန်တော် တည်းရသည့် ဟိုတယ်ခန်း၏ ဝန်ဆောင်မှုများထဲတွင်... ရေလာသည်ဟုပင် ပြောမရသည့် တစိမ့်စိမ့်သာ ကျနေသည့်ရေပိုက်ခေါင်း၊ အိမ်သာ ကို ရေဆွဲချလိုက်တိုင်း စိတ်ပျက်အားလျော့စွာနှင့် သက်ပြင်းချသံပေးတတ်သည့် အိမ်သာခွက်၊ အသက်ရှူကျပ်နေသည့် လေအေးပေးစက်အိုကြီး တို့ ပါဝင်သည်။ ပြီးတော့ လိုချင်ရင် အချိန်မရွေး ခေါ်ပေးနိုင်သည့် ပြည့်တန်ဆာတဦးလည်း ရှိသည်ဟု အခန်းပြ ဟိုဝာယ် ဝန်ထမ်းလေးက ဆိုသည်။
ဆင်းရဲသည့် နိုင်ငံတခုလာပြီး အနောက်တိုင်းယဉ်ကျေးမှု တစ်ဝက်တပျက်နှင့် အခွင့်ထူးခံ လူတန်းစား တစ်ယောက် ဖြစ်နေရသည့် ကိုယ့်ကိုယ်ကိုယ် သတိပြုမိတာကြောင့် အဲဒီကမ်းလှမ်းချက်ကို ကျွန်တော် ငြင်းပယ်လိုက်သည်။
ဝန်ထမ်း ကောင် လေး ကို မုန့်ဖိုးပေးပြီးနောက် အနည်းငယ် စိုထိုင်းနေသည် အိပ်ရာခင်းပေါ်မှာ ကျွန်တော် လှဲချလိုက်မိ၍ စိုထိုင်းဆများက အရာရာတိုင်းသို့ စိမ့်ဝင်နေတတ်သည့် ကျွန်တော့် နေရပ်ဇာတိကို သတိရ သွားခဲ့သည်။ အဲဒီညဉ့်နက်ပိုင်း ဟိုတယ်ဘားမှာ တွေ့လာရသည့် လုပ်ဖော်ကိုင်ဖက် များကတော့ ရာသီဥတုကို သိပ်ပြီး သဘောမကျကြ။ သူတို့ထဲက တဦးတလေမျှ အပူပိုင်းဒေသ၏ စိုထိုင်းဆဒဏ်ကို အပြည့်အဝ အလူးအလဲ မခံစားဖူးကြ၍လည်း ဖြစ်သည်။
"အပြင်ထွက်လိုက်တိုင်း ကျုပ် ခွေးက ကျုပ်လည်ပင်းကနေ ဝှေးစေ့အထိ လျှာနဲ့ လာလျက်နေသလိုပဲဗျာ" ဟု ထုတ်လုပ်ရေး ဒီဇိုင်နာ က စိတ်ပျက်လက်ပျက်နှင့် ညည်းတွားရှာသည်။ သူက မင်နီဆိုးတားပြည်နယ်က လာသူဖြစ်သည်။ နာမည်က ဟယ်ရီ ။ နာမည်နှင့် လိုက်အောင်ပဲ အမွှေးအမျှင်လည်း ထူသူ ဖြစ်သည်။
ရုပ်ရှင်ဒါရိုက်တာကြီး နှင့် ဗိုင်အိုလက် တို့က နောက်ထပ် တပတ်လောက်မှ ရောက်လာကြမည် ဖြစ်သော်လည်း ဟယ်ရီနှင့် သူ၏ အမျိုးသား ချည်း သီးသန့် အနုပညာအဖွဲ့သားများကတော့ ဖိလစ်ပိုင်တွင် ချွေးတလုံးလုံနှင့်ရောက်နေကြတာ လပေါင်းများစွာ ကြာနေပြီ ဖြစ်သည်။
သူတို့အားလုံး ရိုက်ကွင်းတွေ တည်ဆောက်၊ ဝတ်စုံတွေ ပြင်ဆင်၊ အနှိပ်ခန်းတွေကို စမ်းသပ်ကြည့်တာတွေအပြင်... အစာအိမ်နဲ့ ဆီးခုံတစ်ဝိုက်က ရောဂါတွေ ဖြစ်လာတာကြောင့်လည်း အလုပ်တွေ နှောင့်နှေးခဲ့ကြရသည်။
နောက်တစ်နေ့ မနက်တွင်တော့ ဟယ်ရီက ကျွန်တော့်ကို အဓိက ရိုက်ကွင်း နေရာ ဆီ ခေါ်ပြသည်။ ထို နေရာသည် ဗီယက်နမ် အလယ်ပိုင်းကုန်းမြင့်ဒေသရှိ ရွာကလေးတစ်ရွာကို အချိုးအစားမပျက် ပြန်လည်ပုံဖော်ထားတာသည်။ ငါးကန်ပေါ်မှာ ဆောက်ထားသည့် အိမ်သာအိုလေးအထိ အသေးစိတ် တူအောင် ဖန်တီးထားသည်။ ငှက်ပျောဖက်တစ်ထပ်နဲ့ သတင်းစာဟောင်း အပိုင်းအစတချို့ကိုတော့ အိမ်သာသုံးစက္ကူအဖြစ် တင်ထားသည်။ အိမ်သာကျင်း ပေါက်ဝကနေ ငုံ့ကြည့်လိုက်မည် ဆိုက အပေါ်ယံကြည့်ရင် တည်ငြိမ်နေသယောင်ရှိတဲ့ ငါးကန် ရေပြင်ကို တိုက်ရိုက်မြင် နေရသည်။ ထိုကန်ထဲတွင် မဲခေါင်မြစ်ဝကျွန်းပေါ်က ငါးများနှင့် အမျိုးအနွယ်တူသည့် ငါးခူတွေကို ထည့်ထားတာလို့ ဟယ်ရီက ဂုဏ်ယူ ဝင့်ကြွားစွာ ပြောသည်။
"တကယ့်ကို ပါးနပ်တဲ့ အကြံဉာဏ်ပဲဗျ" လို့ သူက ဆိုသည်။ သူသည် မင်နီဆိုးတားသားတစ်ယောက်ပီပီ ခက်ခဲသည့် အခြေအနေ များ ကြားထဲက ရသည့် နည်းနှင့် ကြံဖန် လုပ်ဆောင်တတ်မှုအပေါ် အထင်ကြီးတတ်သည့် အလေ့အကျင့်ရှိသူ ဖြစ်သည်။
"တစ်ယောက်ယောက်က အဲဒီထဲမှာ အလေးသွားလိုက်ပြီဆိုတာနဲ့ အောက်မှာ ငါးတွေ ဝိုင်းအုံစားကြတာမှ ရုတ်ရုတ်သည်းသည်းပဲလို့ ကြားဘူးတယ်"
ကျွန်တော်သည် ငယ်စဉ်ကလေးဘဝတစ်လျှောက်လုံး ထိုကဲ့သို့သော သစ်သားစ များ ထိုးထိုး ထောင်ထောင် ထွက်နေသည့် အိမ်သာခုံပေါ်တွင် ထိုင်ခဲ့ဖူးသူဖြစ်ရာ၊ ကျွန်တော် အိမ်သာတက်ရန် ပြင်လိုက်သည်နှင့် ထမင်းဝိုင်းတွင် နေရာကောင်းရရန် လုနေကြသည့် ငါးခူများ၏ အခြေအနေကိုလည်း ကောင်းကောင်းကြီး မှတ်မိနေပါသည်။ ထိုကဲ့သို့ကျွန် တော် တို့ ရိုးရာအိမ်သာ တစ်ခုကို မြင်လိုက်ရခြင်းသည် ကျွန်တော့်အတွက် မည်သို့မျှ စိတ်ထဲက တသသ ဖြစ်မလာခဲ့သလို၊ ကျွန်တော့်လူမျိုးများ စွန့်ပစ်ပစ္စည်းကို ငါးစာအဖြစ်သုံးကြသည့် သဘာဝပတ်ဝန်းကျင်အပေါ် သိနားလည်မှု အပေါ်တွင်လည်း မည်သည့် အထင်ကြီး လေးစားမှုကိုမျှ ဖြစ်မလာခဲ့။
ကျွန်တော်ကတော့ ချောမွေ့သည့် ကြွေသားထိုင်ခုံပါသော အိမ်သာလောင်းအိုး မျိုးကိုပဲ ပိုသဘောကျသည်။ ပြီးတော့ သတင်းစာကိုလည်း ခြေထောက်နှစ်ချောင်းကြားမှာ ထားဖို့မဟုတ်ဘဲ ဖတ်စရာအဖြစ် ပေါင်ပေါ်မှာပဲ တင်ထားချင်သည်။ အနောက်တိုင်းသားများ အိမ်သာသုံး စက္ကူသည် ကျန်သည့် ကမ္ဘာ့ တဖက်ကလူတွေ နှာညှစ်ဖို့သုံးသည့် စက္ကူထက်တောင် ပိုပြီးနုညံ့နေ သေးသည်။ တင်စားပြီး နှိုင်းယှဉ်တာမျိုးဆို သော်လည်း တကယ်တမ်းတွင် ကျန်သည့် ကမ္ဘာ့ တဖက် က လူသားများ အတွက်တော့ နှာညှစ်ဖို့ အတွက်တောင် စက္ကူကို အသုံးပြုရသည် ဆိုသော အယူအဆသည် သူတို့အတွက်တော့ မယုံနိုင်စရာကောင်းလောက်အောင်ကို ဆန်းကြယ်လွန်းတဲ့ ဇိမ်ခံမှုတစ်ခု ဖြစ်နေ ပေလိမ့်မည်။
စက္ကူဆိုသည်မှာ ယခု ကျွန်တော်ရေးနေသည့် ဝန်ခံချက်ကဲ့သို့သော အရာမျိုးကို ရေးသားရန်သာ ဖြစ်သင့်ပြီး စွန့်ပစ်အညစ်အကြေးများကို သုတ်သင်ရန် မဟုတ်ပေ။ သို့သော် ထိုထူးဆန်းအံ့သြဖွယ်ကောင်းလှသော အနောက်တိုင်းသားတို့တွင် Kleenex တစ်ရှူးများနှင့် အလွှာနှစ်ထပ်ပါသည့် အိမ်သာသုံးစက္ကူများဖြင့် ကိုယ်စားပြုထားသော ထူးခြားဆန်းပြားသည့် နည်းလမ်းများနှင့် အံ့ဖွယ်အသုံးအဆောင်များ ရှိကြသည်။ အကယ်၍ ဤစည်းစိမ်ချမ်းသာများကို တပ်မက်ခြင်းက ကျွန်တော့်ကို 'အနောက်တိုင်းဝါဒီ' တစ်ဦး ဖြစ်စေသည်ဆိုလျှင်လည်း ထိုအပြစ်ကို ကျွန်တော် ဝန်ခံပါသည်။
ရန်လိုတတ်သော မောင်နှမဝမ်းကွဲများ၊ ကျေးဇူးတရားမသိသော အဒေါ်များရှိသည့် ကျွန်တော့်ကျေးရွာ၏ 'စစ်မှန်သော' လူနေမှုဘဝကို ကျွန်တော် လုံးဝ မတမ်းတမိပါ။ သို့မဟုတ် အိမ်သာသွားသည့်အခါ ဗီယက်နမ် ဖြတ်လျှောက် သရုပ်ဆောင်အချို့ ကြုံတွေ့နေရသလိုမျိုး ကိုယ့် တင်ပါးကို ငှက်ဖျားပိုးရှိသော ခြင်ကိုက်ခံရသည့် တောဓလေ့ လက်တွေ့ဘဝမျိုးကိုလည်း ကျွန်တော် အလိုမရှိပါ။ ဟယ်ရီ ကမူ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့သားများကို ကုန်းပေါ်ရှိ ဓာတုဗေဒနည်းသုံး အိမ်သာများ တွင် ဇိမ်ခံခွင့်ပေးထားပြီး၊ ဗီယက်နမ် များကိုမူ ငါးခူများကို အစာကျွေးရန်အတွက် ရေပေါ် အိမ်သာကို အသုံးပြုစေရန် စီစဉ်ထားခဲ့သည်။
ကျွန်တော့်အမြင်မှာတော့ ကျွန်တော် လည်း ရိုက်ကူးရေးအဖွဲ့ဝင် တစ်ယောက်သာ ဖြစ်သည်။ ဟယ်ရီက ထိုအိမ်သာကို ပထမဦးဆုံး အသုံးပြုပြီး 'ဖွင့်လှစ်ပေးရန်' ဖိတ်ခေါ်သောအခါ ကျွန်တော်က ဝမ်းနည်းစွာဖြင့် ငြင်းပယ်ခဲ့ရပြီး၊ ထိုသို့ ငြင်းဆိုသည်ကိုလည်း အရွှန်း ဖေါက်ပြီး အရှိန်သတ်လိုက်ရသည်။
"ဈေးထဲမှာ ရောင်းနေတဲ့ ငါးခူတွေဟာ အခုလို ကန်တွေက လာတာ ဟုတ်မဟုတ် ဘယ်လိုခွဲ နိုင်လဲဆိုတာ ခင်ဗျားသိလား" လို့ ကျွန်တော်က မေးလိုက်သည်။
"ဘယ်လိုကြောင့်လဲ? ဟု ဟယ်ရီက မှတ်သားစရာ ဗဟုသုတ တခု ရတော့မည့် နှယ် စိတ်ဝင်တစား ပြန်မေး၏။
"အဲ့ဒီငါးတွေဟာ လူတွေရဲ့ စအိုတွေကို အမြဲတမ်း မော့ကြည့်နေရလွန်းလို့ မျက်စိစွေကုန်ကြတာလေ ဟု ကျွန်တော်က ပြောလိုက်သည်။
"ကောင်းလိုက်တဲ့ဟာသ! ဟယ်ရီက အားရပါးရ ရယ်မောရင်း ကျွန်တော့်လက်မောင်းကို ပုတ်လိုက်သည်။ ကဲ... လာဦး၊ ခင်ဗျားကို ကျွန်တော်တို့ လုပ်ထားတဲ့ ဘုရားကျောင်း သွားပြမယ်။ တကယ်ကို လှတာဗျာ။ Special Effects သမားတွေက ဒါကို ဗုံးခွဲဖျက်ဆီးပစ်တော့မယ်ဆိုတာ တွေးမိရင်တောင် ကျွန်တော် နှမြောမိတယ်ဗျာ။"