တရားခွင် တွင် အားလုံး မျှော်လင့် စောင့်စားနေသည့် အချိန်ရောက်လာခဲ့သည်၊ မီးခိုးရောင် ယူနီဖောင်းနှင့် အဝါရောင် ဘွတ်ဖိနပ်တို့ကို ဝတ်ဆင်ထားသော ဟားမန်း ဂိုရင်းသည် တရားခံပြ သက်သေ အဖြစ် ထွက်ဆိုရန် ထွက်လာခဲ့သည်။
၎င်း၏ ရှေ့နေ အော့တို စတားမား က နာဇီပါတီသည် အာဏာကို တရားဝင်နည်းလမ်းဖြင့် ရယူခဲ့ခြင်း ဟုတ်၊ မဟုတ် မေးမြန်းခဲ့သည်။ ဂိုးရင်းသည် မည်သည့် မှတ်စုမှတ်တမ်းကိုမျှ မကြည့်ဘဲ နာဇီတို့ အာဏာရလာပုံ ဇာတ်ကြောင်းကို ရှည်လျားစွာ ဖြေကြားခဲ့သည်။ 'ကျွန်တော်တို့ အာဏာရပြီဆိုတာနဲ့ ဘယ်လို အခြေအနေမျိုးမှာမဆို အဲဒီအာဏာကို လက်လွှတ်မခံဘဲ ဆုပ်ကိုင်ထားဖို့ ဆုံးဖြတ်ထားပြီးသားပါ' ဟု ပွင့်ပွင့်လင်းလင်းပင် ဝန်ခံခဲ့သည်။
ဂိုးရင်း၏ ထွက်ဆိုချက်များထဲတွင် နောင်တတရား ရသည့် လက္ခဏ တခုတလေမျှပင် မပါရှိခဲ့ပေ။ မည်သည့်မေးခွန်းကိုမျှ ရှောင်လွှဲခြင်းမရှိသလို၊ မည်သည့် တောင်းပန်မှုကိုမျှလည်း မပြုလုပ်ခဲ့ပေ။ ၎င်းက ချွေးတပ်စခန်း များသည် တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်သော လုပ်ဆောင်ချက်တစ်ခုဖြစ် ကြောင်း နှင့် "ဒါဟာ အန္တရာယ်တွေကို ဖယ်ရှားပစ်ဖို့အတွက် လုပ်ဆောင်ခဲ့တာပါ" ဟု ပြောကြားခဲ့သည်။ ထို့အပြင် ဂိုးရင်းက အာဏာအားလုံးကို ဖျူရာ ဟစ်တလာ ထံတွင်သာ စုစည်းထားသည့် နာဇီတို့၏ ဦးဆောင်မှုမူဝါဒသည် "ကက်သလစ်သာသနာပြုအဖွဲ့နှင့် ဆိုဗီယက်အစိုးရတို့ အခြေခံထားသည့် မူဝါဒနှင့် တစ်ထပ်တည်းဖြစ်သည်" ဟု ရည်ညွှန်း ပြောဆိုခဲ့သည်။
တရားခွင် အတွင်း ဂိုးရင်း၏ ထွက်ဆိုချက်များနှင့် ပတ်သက်၍ The New Yorker မဂ္ဂဇင်းမှ ဂျဲနက် ဖလန်နာ က "အမှားအမှန်ခွဲခြားနိုင်စွမ်း ကင်းမဲ့နေသည့် ဦးနှောက် ပိုင်ရှင်" ဟု ဖော်ပြခဲ့သည်။
၁၉၄၆ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင်တော့ လူအများ စောင့်မျှော်နေကြသည့် ဂိုရင်း ကို အပြန်အလှန် စစ်မေးခြင်းကို ရောဘတ် ဂျက်ဆန်က စတင်တော့မည် ဖြစ်၍ တရားခွင်တစ်ခုလုံး လာ ရောက် နားထောင်သူများဖြင့် ပြည့်နှက်နေခဲ့သည်။ ဂိုရင်းသည် ကနဦးတွင် ဂျက်ဆင်၏ ထိုးနှက်ချက်အများစုကို ရှောင်တိမ်းနိုင်ခဲ့သည်။ သူသည် ရုရှားကို ကျူးကျော်မည့် အစီအစဉ်ကို သူကိုယ်တိုင် ကန့်ကွက်ခဲ့သည့် အကြောင်းများကို ရှည်လျားစွာ ထွက်ဆိုသွားခဲ့သည်။ တရားလိုအဖွဲ့ဝင်များသည် ဂိုရင်းက ဂျက်ဆင်ထက် အသာစီးရနေမည်ကို စိုးရိမ်လာကြသည်။ အများ အမြင်တွင် သူသည် 'ထိုးထွင်းဉာဏ်ရှိလှသော ဗီလိန်ကြီး' တစ်ဦး ဖြစ်လာခဲ့သည်။
တတိယမြောက်နေ့သို့ ရောက်ရှိချိန်မှသာ ဂျက်ဆင် သည် အပေါ်စီး စတင် ရရှိလာခဲ့သည်။ သူသည် ဂျာမနီရှိ ဂျူးလူမျိုးများကို ပစ်မှတ်ထားသည့် အမိန့်ဒီကရီ အများအပြားတွင် လက်မှတ်ရေးထိုးခဲ့ခြင်း ရှိ၊ မရှိကို ဂိုရင်း အား မေးမြန်းခဲ့သည်။ ဂျူးလူမျိုးများ၏ စီးပွားရေးလုပ်ငန်း ပိုင်ဆိုင်ခွင့်ကို ပိတ်ပင်သည့် အမိန့်များ၊ ဂျူးတို့၏ ရွှေနှင့် ရတနာများကို အစိုးရထံ အပ်နှံစေသည့် အမိန့်များ၊ နှင့် အစိုးရကြောင့် ပျက်စီးသွားသော ၎င်းတို့၏ ပိုင်ဆိုင်မှုများအတွက် နစ်နာကြေး တောင်းခံခွင့်ကို ပိတ်ပင်သည့် အမိန့်များ အကြောင်းကိုလည်း ဂျက်ဆင်က မေးမြန်းခဲ့သည်။ တုန်လှုပ်ချောက်ချားနေသော ဂိုရင်းအား ဂျက်ဆင်က သူ၏ စွပ်စွဲချက်များမှာ အမှန်တရားဖြစ်ကြောင်း ဝန်ခံရုံမှတစ်ပါး အခြားချေပခွင့် အခွင့်အရေး အနည်းငယ်သာ ပေးခဲ့တော့သည်။
နာဇီတရားခံ တစ်ဦးချင်းစီ၏ ရှေ့နေများအနေဖြင့် ၎င်းတို့၏ သက်သေအထောက်အထားများကို တင်ပြရန် လေးလကြာ အချိန်ယူခဲ့ရသည်။ တရားခံအများစုမှာ သက်သေ ခုံပေါ်သို့ ကိုယ်တိုင်တက်ရောက်ကာ ၎င်းတို့၏ လုပ်ရပ်များကို အတတ်နိုင်ဆုံး အကောင်းဘက်မှ မြင်အောင် ကြိုးစားပြောဆိုခဲ့ကြသည်။ တရားခံအတော်များများကလည်း ချွေးတပ် စခန်း များ တည်ရှိနေခြင်း သို့မဟုတ် သန်းခေါင်ယံ လူသတ်ပွဲများအကြောင်းကို မိမိတို့ ဘာမျှမသိရှိပါဟု ထွက်ဆိုခဲ့ကြသည်။
၎င်းတို့ထဲတွင် ဂျိုအာချင် ဗွန် ရစ်ဘန်ထရော့ ၏ ထွက်ဆိုချက်မှာ အလားတူပင် ဖြစ်သည်။ အပြန်အလှန် စစ်မေးရာတွင် "အကျဉ်းစခန်းများကို အကြီးအကျယ် တည်ဆောက် ဖွင့်လှစ်ထားရှိခဲ့သည်ကို ခင်ဗျား မသိရပါလို့ ပြောနေခြင်းလော" ဟု မေးမြန်းသည့်အခါတွင် ရစ်ဘန်ထရော့ပ်က "ကျွန်တော် အဲဒီအကြောင်း ဘာမှမသိခဲ့ပါဘူး" ဟု ပြန်လည်ဖြေကြားခဲ့သည်။
သို့သော် တရားလိုပြရှေ့နေများက ရစ်ဘန်ထရော့ပ် ပိုင်ဆိုင်သော အိမ်များစွာထဲမှ တအိမ်မဟုတ် တအိမ်နှင့် နီးကပ်စွာ တည်ရှိနေသော အကျဉ်းစခန်းပေါင်းများစွာကို ပြသထားသည့် မြေပုံတစ်ခုဖြင့် တုံ့ပြန်ခဲ့လေသည်။
တရားခံအချို့က မိမိတို့ ဘာမျှမသိရှိပါဟု ငြင်းဆိုနေကြသော်လည်း၊ အချို့ကမူ ၎င်းတို့သည် အထက်လူကြီးများ၏ အမိန့်ကို နာခံဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်သည်ဟု အလေးပေး ပြောဆိုခဲ့ကြသည်။ အပြည်ပြည်ဆိုင်ရာ စစ်ဘက်ဆိုင်ရာ ခုံရုံး ၏ စည်းမျဉ်းများတွင် "အထက်မှပေးသော အမိန့်ကြောင့် ဆောင်ရွက်ရပါသည်" ဟူသော ခုခံချေပချက်ကို လက်မခံကြောင်း ရှင်းလင်းစွာ တားမြစ်ထားသော်လည်း၊ တရားခံများသည် ထိုအချက်ကိုပင် ဇွတ်အတင်း ထည့်သွင်းပြောဆိုခဲ့ကြသည်။
၎င်းတို့သည် အပြစ်မရှိဟု ချေပနိုင်ခြင်း မရှိ မသည့်တိုင်၊ အနည်းဆုံးအားဖြင့် ချမှတ်မည့် ပြစ်ဒဏ်၏ ပြင်းထန်မှုကို လျော့ပါးစေနိုင်ကောင်းရဲ့ဟူသော မျှော်လင့်ချက်ဖြင့် ထိုသို့ ပြောဆိုလာကြခြင်း ဖြစ်သည်။
နုရင်ဘတ်ခ် တရားခွင်အတွင်း ခုခံချေပချက် သက်သေအချို့မှာ မိမိကိုယ်ကို ပြန်လည်ထိခိုက်စေသည့် အခြေအနေမျိုး ဖြစ်ခဲ့ပြီး အစိုးရရှေ့နေဘက်မှ စွဲချက်များကိုပင် ပိုမိုခိုင်မာစေခဲ့သည်။
ထိုသို့သော မှားယွင်းမှုများထဲတွင် တစ်ခုမှာ အာန်စ်ကယ်လ်တင်ဘရွန်နာ ၏ အကျိုးဆောင် ရှေ့နေက ဗိုလ်မှူးကြီး ရူးဒေါ့ဖ် ဟော့စ်ကို သက်သေအဖြစ် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ အော့ဇဝစ်အကျဉ်းစခန်း၏ အုပ်ချုပ်ရေးမှူးဟောင်းကို အဘယ်ကြောင့် ခုခံချေပဘက်မှ သက်သေအဖြစ် ခေါ်ယူခဲ့သနည်းဆိုသည်မှာ ယနေ့တိုင် ပဟေဠိဖြစ်နေဆဲပင်။
အဖြစ်နိုင်ဆုံးက - ထောင်ပေါင်းများစွာသော အကျဉ်းသားများကို အဆိပ်ငွေ့တိုက်သတ်ရာတွင် ဟော့စ်၏ ကြီးမားလှသော အခန်းကဏ္ဍကို ထွက်ဆိုစေခြင်းဖြင့်၊ ကယ်လ်တင်ဘရွန်နာ၏ ပါဝင်ပတ်သက်မှုသည် အလိုလို နေရင်း သေးငယ်သွားစေရန် ရှေ့နေက မျှော်လင့်ခဲ့ခြင်း ကြောင့်လည်း ဖြစ်နိုင်သည်။ သို့သော်လည်း ဇိုင်ကလွန်ဘီ အဆိပ်ငွေ့ကို အသုံးပြု၍ လူအမြောက်အမြားကို သတ်ဖြတ်ခဲ့ပုံနှင့် ပတ်သက်ပြီး “တစ်ခါတစ်ရံ တစ်ရက်တည်းတွင် အကျဉ်းသား ၁၀,၀၀၀ အထိ သတ်ဖြတ်ခဲ့သည်” ဟူသော ဟော့စ်၏ အေးအေးဆေးဆေး ထွက်ဆိုချက်များက တရားခွင်တစ်ခုလုံးကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။
တရားခံအချို့မှာ သက်သေခုံပေါ်တွင် ရှိနေစဉ်အတွင်း ၎င်းတို့၏ အမှားများကို ဝန်ခံရန်နှင့် ပြုလုပ်ခဲ့သမျှအတွက် တောင်းပန်ရန် အခွင့်အရေးကို အသုံးပြုခဲ့ကြသည်။ ဝီဟိမ်း ကိုင်တယ်လ် က သူထုတ်ပြန်ခဲ့သော စစ်ဘက်ဆိုင်ရာ အမိန့်များသည် "လက်ခံထားသည့် စစ်ဥပဒေကျင့်ထုံးများနှင့် ဆန့်ကျင်နေသည်" ကို ဝန်ခံခဲ့ပြီး ထိုအမိန့်များအတွက် နောင်တရကြောင်း ထွက်ဆိုခဲ့သည်။
ပိုလန်နိုင်ငံဆိုင်ရာ နာဇီဘုရင်ခံ ဟန့်စ် ဖရန့်ခ် ကမူ "ဂျူးလူမျိုးများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် ပါဝင်ခဲ့ဖူးသလား" ဟူသော မေးခွန်းကို "ဟုတ်ကဲ့၊ ပါဝင်ခဲ့ပါတယ်" ဟု ဖြေကြားခဲ့သည်။ ဖရန့်ခ်က ဆက်လက်၍ "ကျွန်တော့်ရဲ့ အသိစိတ်က ဒီတာဝန်ဝတ္တရား ပျက်ကွက်မှုတွေကို အောက်ခြေဝန်ထမ်းလေးတွေအပေါ် ရိုးရိုးရှင်းရှင်း ပုံချဖို့ ခွင့်မပြုပါဘူး... နောက်ထပ် နှစ်ပေါင်းတစ်ထောင် ကြာသွားရင်တောင် ဂျာမနီရဲ့ အပြစ်တရားတွေက ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး" ဟု ထွက်ဆိုသွားခဲ့သည်။
လက်နက်ခဲယမ်းဝန်ကြီး အယ်လ်ဘတ် စပီးယားသည် တရားခံအားလုံးထဲတွင် အပြစ်ကို ဝန်ခံရန် ဆန္ဒအရှိဆုံးသူ ဖြစ်သည်။ စပီးယားက တရားခွင်တွင် "ဒီစစ်ပွဲဟာ စိတ်ကူးကြည့်လို့တောင်မရတဲ့ ကပ်ဆိုးကြီးကို သယ်ဆောင်လာခဲ့တာပါ" ဟု သက်သေခံ ထွက်ဆိုခဲ့သည်။ "ဒါကြောင့် ဂျာမန်ပြည်သူတွေ ရင်ဆိုင်ခဲ့ရတဲ့ ဒီဘေးဒုက္ခအတွက် ကျွန်တော့်မှာ တာဝန်ရှိတဲ့ အစိတ်အပိုင်းကို လက်ခံဖို့ဟာ ငြင်းကွယ်လို့မရအောင် ကျွန်တော့် အပေါ် တာဝန်ကျ ရောက်လာတာပဲ ဖြစ်ပါတယ်"။
စပီးယား၏ ထွက်ဆိုချက်အပြီးတွင် လန်ဒန် Daily Telegraph သတင်းစာက ယင်းကို "ဂျာမန်ပြည်သူများ နှင့် နောက်နောင်မျိုးဆက်သစ် များ အတွက် ဒီတရားခွင်ရဲ့ အရေးအပါဆုံးနဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အဖြစ်အပျက်အဖြစ် သတ်မှတ်နိုင်တဲ့ ကြီးမားပြင်းထန်တဲ့ စွဲချက်တင်မှုကြီး" ဟု ကိုးကားဖော်ပြခဲ့ကြသည်။
ဇွန်လကုန်ဆုံးချိန်တွင် တရားခံ ၂၁ ဦးအနက် နောက်ဆုံးတစ်ဦး၏ သက်သေထွက်ဆိုချက် ပြီးဆုံးသွားခဲ့ပြီး၊ တရားခံဘက်မှ ခုခံချေပမှုများအားလုံးလည်း နိဂုံးချုပ်သွားခဲ့ပြီ ဖြစ်သည်။