တိန့်ရှောင်ဖိန် နှင့် ချန်ယွန်း တို့ အကြား အကြီးအကျယ် သဘောကွဲလွဲလာခဲ့သည်က နိုင်ငံကို အနောက်တိုင်း အရင်းရှင် နိုင်ငံများကို တံခါးဖွင့် ပေးမည် ဆိုသည့် မူဝါဒ အပေါ်တွင် ဖြစ်သည်။ ထိုသို့ တံခါးဖွင့် ပေးခြင်းဖြင့် ပြည်ပ ရင်းနှီး မြုပ်နှံ မှု များ ဝင်ရောက်လာပြီး ယင်းသည် ၎င်း လုပ်လိုသော စီးပွားရေး ပြုပြင်ပြောင်းလဲမှု များ အောင်မြင်ရာ အောင်မြင်ကြောင်း အတွက် အဓိက သော့ချက် ဖြစ်သည်ဟု တိန့်ရှောင်ဖိန်က ပြောဆိုလာခဲ့သည်။
တိန့်ရှောင်ဖိန်သည် ၁၉၇၉ ဧပြီလမှ စ၍ ကွမ်တုန်း နှင့် ဖူဂျီယန် တွင် အထူး စီးပွားရေး ဇုံများ တည်ထောင်ရန် အဆိုပြုချက်ကို လှိုက်လှိုက်လှဲလှဲ ထောက်ခံခဲ့သည်။ နောက်ပိုင်း တနှစ် အတွင်း မှာပင် ရှင်ကျန့်၊ ရှာမင်၊ ရှန်ထို နှင့် ကျူးဟိုင်း တို့တွင် ဆက်တိုက်ဆိုသလို နိုင်ငံခြား ရင်းနှီးမြုပ်နှံ မှု၊ ကုန်သွယ်ရေး များ တိုးတက်ဖွံ့ဖြိုးလာမည့် မူဝါဒ များကို အကောင်အထည် ဖေါ်လာခဲ့သည်။၁၉၈၄ တွင် ၎င်း၏ ထောက်ခံမှု ကို ပြသသည့် သဘောဖြင့် စီးပွားရေး ဇုံများ ရှိရာသို့ လှည့်လည် ကြည့်ရှုခဲ့သည်။
၁၉၈၂ ဖေဖေါ်ဝါရီ လ အတွင်း တွင် ကျောက်ကျိယန် နှင့် ဟူယောင်ပန်းတို့အား စီးပွားရေး ဇုံများ သည် နိုင်ငံတွင်းသို့ နည်းပညာများ၊ စီမံခန့်ခွဲမှု များ၊ အတတ်ပညာများ ဝင်ရောက်လာမည့် ပြတင်းပေါက်များ ဖြစ်သည်ဟု ပြောခဲ့သည်။
၁၉၈၄ ခုနှစ်၊ အောက်တိုဘာလတွင် တိန့်ရှောင်ဖိန် (Deng Xiaoping) သည် ၎င်း၏ တံခါးဖွင့်ဝါဒအပေါ် ရှေးရိုးစွဲဝါဒီများ၏ ဝေဖန်မှုကို ယခုလို တုံ့ပြန်ခဲ့သည်။
"ကျွန် တော် တို့ရဲ့ ရဲဘော်တချို့ဟာ တံခါးဖွင့်လိုက်တာနဲ့ မလိုလားအပ်တဲ့ အရာတွေ တရုတ်ပြည်ထဲ ရောက်လာမှာကို အမြဲတမ်း စိုးရိမ်နေကြတယ်။ အဓိကအားဖြင့်တော့ သူတို့ဟာ နိုင်ငံကို အရင်းရှင် ဝါဒ ဘက် ပါသွားမှာကို စိုးရိမ်ကြတာပါ။... ဟုတ်ပါတယ်၊ ဆိုးကျိုးတချို့တော့ ဝင်လာနိုင်တယ်၊ ဒါကိုလည်း ကျွန် တော် တို့ သတိထားရမယ်။ ဒါပေမဲ့ အဲဒီဆိုးကျိုးတွေကို ကျော်လွှားနိုင်ဖို့ဆိုတာ ကျွန် တော် တို့အတွက် မခက်ခဲပါဘူး။... အကယ်၍ ကျွန် တော် တို့သာ ကိုယ့်ကိုယ်ကိုယ် သီးခြားခွဲထုတ်ပြီး တံခါးတွေကို ပြန်ပိတ်လိုက်မယ်ဆိုရင်တော့ နောက်နှစ်ပေါင်းငါးဆယ်အတွင်းမှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ အဆင့်အတန်းကို တက်လှမ်းနိုင်ဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်တော့ပါဘူး။" တိန့်ရှောင်ဖိန်သည် ချန်ယွန်းကို အမည် တပ်မပြောသော်လည်း ၎င်းကို ရည်ရွယ် ပြောဆိုသည်က သေချာသလောက် ရှိသည်။
ချန်ယွန်းသည် ပြည်ပမှ လာရောက်ရင်းနှီးမြုပ်နှံမှု များ နှင့် ပတ်သက်၍ လွန်စွာမှ သတိကြီးစွာ ထားသူ ဖြစ်သည့် အားလျှော်စွာ တိန်ရှောင်ဖိန် နှင့် လုံးဝ သဘောကွဲလွဲ လာခဲ့သည် ဟု ကျောက်ကျိယန်က ဆိုသည်။ ၎င်း၏ မိန့်ခွန်းများထဲတွင် နိုင်ငံခြား ကုန်သွယ်ရေး နှင့် ရင်းနှီးမြုပ်နှံမှု များ နှင့် ပတ်သက်ပြီး အနောက်အုပ်စု အရင်းရှင်နိုင်ငံ များ နှင့် ထိတွေ့ ဆက်ဆံသွားရမည့် အ ရေးကို ခါးခါးသီးသီး မဟုတ်သည့်တိုင် သံသယ ရှိနေသည့် အပြောအဆိုများက အမြဲလို ပါရှိခဲ့သည်။
၁၉၉၀ ဒီဇင်ဘာလ တွင် အနောက်အုပ်စု သို့မဟုတ် ကမ္ဘာဘဏ်မှ ငွေချေးငှားပြီး capital goods ကုန်ထုတ်လုပ်ငန်းသုံး စက်ပစ္စည်းများ ဝယ်ယူ တင်သွင်းရမည့် အရေးကို ဆန့်ကျင်လာခဲ့သည်။ နိုင်ငံခြား အရင်းရှင်များကို လက်ခံ ကြိုဆိုရာတွင် အထူး သတိဝိရိယ ရှိရန် ပြောဆိုခဲ့သည်။ နိုင်ငံခြားကုန်သွယ်ရေး တွင် ချန်ယွန်းသည် "ငါနိုင်ရင် မင်းရှုံးရမယ် သို့မဟုတ် "မင်းရရင် ငါဆုံးရှုံးမယ်,ဆိုသည့် zero-sum အတွေးအခေါ်မျိုး ရှိထားသူ ဖြစ်သည်။ တရုတ် ပို့ကုန် လုပ်ငန်းရှင်များ အကြား ယှဉ် ပြိုင်မှု ကြောင့် ပြည်ပမှ ၎င်းတို့၏ ကုန်သွယ်ရေး ပါတနာ များ အကျိုးရှိသွားမည့် အရေးကို အမြဲလို စိုးရိမ်နေသူ ဖြစ်သည်။
စနစ်တကျ မရှိခြင်းကြောင့် ဖြစ်ပေါ်လာမည့် 'နစ်နာဆုံးရှုံးမှုများ' ကို ရှောင်ရှားနိုင်ရန်အတွက် ဗဟိုမှ ထိန်းချုပ်သည့် နိုင်ငံခြားကုန်သွယ်မှုစနစ်သို့ ပြန်လည်ကူးပြောင်းရန် ချန်ယွန်း က တိုက်တွန်းအားပေးခဲ့သည်။ အထူးသဖြင့် အထူးစီးပွားရေး ဇုန်များ အပေါ် သံသယ ရှိနေသည်။ ၁၉၈၂ တွင် ချန်ယွန်းက အထူးစီးပွားရေးဇုန် (SEZ) များကိုသာ ထပ်မံခွင့်ပြုပေးလိုက်မည်ဆိုပါက "နိုင်ငံခြားအရင်းရှင်များနှင့် ပြည်တွင်းမှ အခွင့်အရေးသမားများသည် အုပ်စုလိုက်အုံလိုက် ထွက်ပေါ်လာကြလိမ့်မည်ဖြစ်ပြီး စျေးကွက်ကစားမှု မှောင်ခိုလုပ်ငန်း များမှာလည်း အထိန်းအကွပ်မရှိ ပျံ့နှံ့လာလိမ့်မည်" ဟု သတိပေးခဲ့သည်။ ထိုသို့ ဖြစ်လာမည်ကို ခွင့်ပြု၍ မဖြစ်ဟု ဆိုသည်။ SEZ များ ကို မြှင့်တင် ပေးရမည့် အစား ရပ်တန့်ထားရန် ပြောခဲ့ပြီး ထို ဇုန်များသို့ တခါမျှပင် ခြေမချခဲ့ပေ။
ဖြစ်နိုင်ခြေ အရှိဆုံးက အနောက်အုပ်စု ၏ စီးပွားရေး အရှိန်အဝါများထက် ဝါဒရေးရာ ဩဇာ လွှမ်းမိုး ခံရမည့် အရေးကို စိုးရိမ် ထိတ်လန့်မှုများကြောင့် ဆန့်ကျင်နေခြင်း ဖြစ်ပုံရသည်။ ပြင်ပသို့ တံခါးဖွင့်ဝါဒ ကျင့်သုံးခြင်းကြောင့် ဝင်ရောက်လာမည့် 'ဆိုးကျိုးများ' ကို အထူးဂရုပြုကြရန် ၎င်းက ပါတီကို တိုက်တွန်းခဲ့သည်။ အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်ပြီးသား အနောက်တိုင်း အရင်းရှင်စနစ်နှင့် ထိတွေ့မိခြင်းကြောင့် ပြည်သူများအကြား 'ဆိုရှယ်လစ်စနစ်သည် အရင်းရှင်စနစ်ထက် နိမ့်ကျသည်' ဟု ယုံကြည်သွားကြမည်ကို စိုးရိမ်ခဲ့သည်။
ချန်ယွန်း မှ ဈေးကွက် ပြုပြင် ပြောင်းလဲရေးကို မည်မျှပင် မဆုပ်မနစ် ဆန့်ကျင်နေသော်ငြားလည်း ကျောက်ကျိယန် ကြောင့် တိန့်ရှောင်ဖိန် နှင့် လစ်ဘရယ်သမား များ ဖက်က အမြဲလို အသာစီးရနေ ခဲ့သည်။ ကျောက်ကျိယန်သည် နိုင်ငံတော် ကောင်စီ၏ စီးပွားရေး တာဝန်ခံ ဖြစ်နေ၍ တိန့်ရှောင်ဖိန်၏ စီးပွားရေး မူဝါဒများကို အကောင်အထည် ဖေါ်ပေးရသူ ဖြစ်သည်။ သို့သော် လေးစားသမှု ပြသည့် အနေဖြင့် ချန်ယွန်းကို အသိ ပေး တိုင်ပင်တတ်သည်။
စီးပွားရေး ပြုပြင် ပြောင်းလဲမှု များ နှင့် ပတ်သက်ပြီး ၎င်းတို့ နှစ်ဦး အကြား ညှိ၍ မရ အောင် သဘောကွဲလာ၍ တိန့်ရှောင်ဖိန်သည် စီးပွားရေး မူဝါဒများ ချမှတ်ရာတွင် ချန်ယွန်းအား ဘေးဖယ်ထုတ်ထားနိုင်မည့် မဟာဗျူဟာ ကို ကျင့်သုံးလာခဲ့သည်။ ချန်ယွန်း မှ ဆန့်ကျင် ပြောဆိုလာမည့် အရေးကို ရှောင်ရှားရန် ပေါ်လစ်ဗျူရို အမြဲတမ်း ကော်မတီ အစည်းအဝေး ကို မဖြစ်မှသာ ခေါ်ယူခဲ့ပြီး ကျောက်ကျိယန် နှင့် ဟူယောင်ပန်း တို့ကိုသာ တိုက်ရိုက် ညွှန်ကြားခဲ့သည်။ တခါတွင် ချန်ယွန်းက စိတ်ပျက်လက်ပျက် နှင့် ထိုစဉ်က ခေတ္တ အထွေထွေ အတွင်းရေးမှုး အဖြစ် တာဝန်ယူနေသော ကျောက်ကျိယန် အား အဘယ်ကြောင့် အစည်းအဝေး မခေါ်တော့ သနည်း ဟု ထုတ်မေးလာခဲ့ရသည်။ ကျောက်ကျိယန်က "ကျွန်တော်က အတွင်းရေးမှုး အဆင့်ပါ၊ အစည်းအဝေး ခေါ်ချင်တယ် ဆိုရင်တော့ ရဲဘော်ကြီး တိန့်ရှောင်ဖိန် ရဲ့ သဘောတူညီချက် ရအောင် အရင် လုပ်သင့်ပါတယ်" ဟု ပြန်ပြောခဲ့သည်။
တပိုင်းတစ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု များ
**********************
ပါတီ ခေါင်းဆောင်ပိုင်း အပေါ် အဓိက ထားသည့် ဖွဲ့စည်းပုံ ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု များ အပြင် တိန့်ရှောင်ဖိန်သည် ဥပဒေရေးရာများ ခေတ်မီ ဆန်းသစ်လာရန် အရေးပါသော ပြုပြင် ပြောင်းလဲမှု နှစ်ရပ်ကို ပြုလုပ်လာခဲ့ပြီး နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက်၏ လုပ်ငန်း ဆောင်တာ များ ကို ပြန်လည် ထားရှိခဲ့သည်။ ထိုသို့ လုပ်လာခဲ့ခြင်းမှာလည်း တရားဥပဒေ စိုးမိုးရေး နှင့် ပါတီစုံ ဒီမိုကရေစီ စနစ်ကို မြှင့်တင်ပေးလို၍ မဟုတ်၊ ၎င်း၏ ပြုပြင်ပြောင်းလဲရေးများ အတွက် အသုံးချနိုင်သော အထောက် အကူပြု ပစ္စည်းတစ်ခုအဖြစ် ရှုမြင်ခဲ့ခြင်း ကြောင့် ဖြစ်သည်။
အထူးသဖြင့် နိုင်ငံလုံး ဆိုင်ရာ ပြည်သူ့ကွန်ဂရက် ၏ ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို ပြန်လည်အသက်သွင်းခြင်းဖြင့် ကွန်မြူနစ်ပါတီ၏ မူဝါဒများကို ပြည်သူလူထုက ထောက်ခံမှုရှိသည့်အသွင်နှင့် လုပ်ထုံးလုပ်နည်းအရ တရားဝင်မှုရှိသည့်အသွင်မျိုး ပေါ်လွင်စေနိုင်ရန် အတွက် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ၊ အတိအကျ ပြောရလျှင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်များသည် နိုင်ငံရေးပါတီတစ်ခုမှ ထုတ်ပြန်သော စာရွက်စာတမ်းများသာ ဖြစ်ကြပြီး၊ ၎င်းတို့သည် အမျိုးသားဥပဒေပြုအဖွဲ့ ကဲ့သို့ တရားဝင် ဥပဒေကြောင်းအရ အာဏာသက်ရောက်မှုမျိုး အပြည့်အဝ မရှိ ဖြစ်နေသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန်အတွက် ဥပဒေများကို အသုံးပြု၍ ပိုမို ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးခြင်းသည် တိန့်ရှောင်ဖိန် အနှစ်သက်ဆုံးနှင့် အလေးအနက် အထားဆုံး ကိစ္စရပ်ပင် ဖြစ်သည်။
ထိုအတွက် ကြောင့် အစကတည်းကပင် ပါတီသည် ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှု များကို ဈေးကွက် စီးပွားရေး အား ကျားကန် ပေးနိုင်မည့် ကန်ထရိုက် စာ ချုပ်စာတမ်းများ ဆိုင်ရာ ဥပဒေ၊ နိုင်ငံခြား ရင်းနှီး မြုပ်နှံမှု ဥပဒေ၊ ကုမ္ပဏီ ဥပဒေများကိုသာ အဓိက ထားခဲ့ကြသည်။ မော် ခေတ် အတွင်း ဖျက်သိမ်းခဲ့သည့် ရှေ့နေ လိုက်ပါခွင့် ပြန်လည် ထားရှိခဲ့သည်။ ထို့အတွက် ရှေ့နေများ ဖြစ်ရန် လေ့ကျင့်ပေးမည့် ကျောင်းများကို ပြန်လည်ဖွင့်လှစ် ပေးခဲ့သည်။
ယခင်က ဥပဒေရေးရာ ပိုင်းတွင် မဆိုသလောက်သာ သိနားလည်ထားသည့် အငြိမ်းစား စစ်ဖက် အရာရှိများ ဖြင့် ဖွဲ့စည်းထားသည့် တရားရုံးများ နှင့် အစိုးရ ရှေ့နေရုံးများ တွင် ယခုအခါ အရည်အချင်း ပို၍ ပြည့်ဝသော ဝန်ထမ်းများကို တဖြေးဖြေး အစားထိုး ခန့်အပ်လာခဲ့သည်။ အစိုးရ အနေဖြင့် ဥပဒေကြောင်းအရ လုပ်ထုံးလုပ်နည်းအချို့ကို မဖြစ်မနေ လိုက်နာကျင့်သုံးလာရသည့် အတွက် နိုင်ငံသားများသည် ယခင်ကထက် ပိုမိုကောင်းမွန်သော ဥပဒေဆိုင်ရာ အကာအကွယ်များကို ခံစားရရှိလာကြသည်။
၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ပါတီက ခွင့်ပြုပေးခဲ့သော ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုများသည် ခေတ်မီဥပဒေစနစ်တစ်ခု တည်ထောင်ရန်အတွက် တိုးတက်မှုအချို့ ရှိခဲ့သော်လည်း၊ မူလ ကန့်သတ်ချက်များစွာ ဆက် ရှိနေခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ CCP ၏ အထွတ်အထိပ် တွင် ရှိ နေ မှု သည် ပါတီအား ဥပဒေ၏အထက်တွင် ဆက်လက်တည်ရှိနေစေခဲ့ပြီး၊ တရားရုံးများနှင့် အစိုးရရှေ့နေရုံးများအပေါ်တွင်လည်း တင်းကျပ်စွာ ဆက်လက်ထိန်းချုပ်ထားနိုင်ခဲ့သည်။ လူ့အခွင့်အရေးနှင့် ပိုင်ဆိုင်ခွင့် အခွင့်အရေးများ ကို ကာကွယ်စောင့်ရှောက်ပေးမှုတွင်လည်း နေရာအနှံ့အပြားတွင် ညီညွတ်မှုမရှိဘဲ ဟိုတစ်ကွက် ဒီတစ်ကွက်သာ ရှိခဲ့သည်။
တရုတ်နိုင်ငံ၏ အုပ်ချုပ်ရေးစနစ်တွင် ထူးခြားသောလက္ခဏာရပ်ဖြစ်သည့် အကွဲကွဲအပြားပြား ဖြစ် နေ သော အာဏာရှင် စနစ်ကြောင့် ဥပဒေများကို လက်တွေ့ကျင့်သုံးခြင်းနှင့် တရားရုံး စီရင်ချက်များကို အာဏာသက်ရောက်စေခြင်းတို့မှာ ဒေသန္တရအဆင့်များနှင့် စီရင်ပိုင်ခွင့် နယ်မြေအသီးသီးတွင် အပြည့်အဝ အာမခံချက် မရှိနိုင်ခဲ့ပေ။ သေချာသည်မှာ ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ဥပဒေရေးရာကဏ္ဍ၌ ဖြစ်ပေါ်ခဲ့သော ပြုပြင်ပြောင်းလဲမှုများသည် မော်စီတုံး ခေတ်၏ "ဥပဒေမဲ့မှု" များထက် သိသာထင်ရှားသော တိုးတက်မှုတစ်ရပ် ဖြစ်ခဲ့သည်။ သို့သော်လည်း စစ်မှန်သော "ဥပဒေစိုးမိုးရေး" စနစ်ဆီသို့ ဦးတည်ရာတွင်မူ အနည်းငယ်မျှသော တိုးတက်မှုကိုသာ ဖော်ဆောင်နိုင်ခဲ့သည်။
ထိုသို့ ဥပဒေပိုင်း ပြုပြင် ပြောင်းလဲမှု များ အပြင် ပါတီသည် နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ကို မူဝါဒချမှတ်ရေး လုပ်ငန်းစဉ်များတွင် ယခင်ကထက် ပိုမိုထင်ရှားသော အခန်းကဏ္ဍမှ ပါဝင်ခွင့်ပြုခဲ့သည်။ အဖွဲ့အစည်းဆိုင်ရာ ရှုထောင့်မှ ကြည့်မည်ဆိုလျှင် နိုင်ငံလုံး ဆိုင်ရာ ပြည်သူ့ကွန်ဂရက် ကို အထူးပြုကော်မတီများ ဖွဲ့စည်းခြင်း၊ တရားဝင် ဥပဒေပြုရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ သတ်မှတ်ပြဋ္ဌာန်းခြင်းနှင့် ပိုမိုကျွမ်းကျင်သော ဝန်ထမ်းများကို ခေါ်ယူခန့်အပ်ခြင်းတို့ဖြင့် ပိုမိုခိုင်မာတောင့်တင်းအောင် ပြုလုပ်ခဲ့သည်။
နိုင်ငံရေး ပိုင်းအရ လည်း အမြဲတမ်း ကော်မတီ၏ ဥက္ကဌ ရာထူးများတွင် ထိပ်ပိုင်းမှ ပုဂ္ဂိုလ်များကို ခန့်အပ်ပေးခြင်းဖြင့် အရှိန်အဝါ မြင့်တက်လာခဲ့ရသည်။ နိုင်ငံလုံး ဆိုင်ရာ ပြည်သူ့ ကွန်ဂရက်၏ နှစ်ပတ်လည် ညီလာခံ သို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များသည် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ပေါ်လစီ များ အပေါ် ၎င်းတို့ အမြင်များကို အခါအားလျော်စွာ ထုတ်ဖေါ် ပြောဆိုခွင့် ရလာကြသည်။ ထို့အပြင် ဝန်ကြီးချုပ်၊ တရားလွှတ်တော်ချုပ် သဘာပတိကြီးများ၊ ဗဟို အစိုးရ ရှေ့နေချုပ်ရုံးများ၏ နှစ်ပတ်လည် လုပ်ငန်း အစီရင်ခံစာများကို ကန့်ကွက်မဲ သို့မဟုတ် ကြားနေမဲ များလည်း ပေးခွင့်ရလာခဲ့သည်။
အလားတူ အဖွဲ့အစည်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုမျိုးသည် (ဗဟိုအဆင့်လောက် အတိုင်းအတာ မကြီးမားသော်လည်း) ဒေသန္တရအုပ်ချုပ်ရေးအဆင့်ဆင့် တွင်လည်း ဖြစ်ပေါ်ခဲ့သည်။
ထိုကဲ့သို့သော အတိုင်းအတာ တစ်ခုအထိ ပြုပြင်ပြောင်းလဲမှုများသည် နိုင်ငံလုံး ဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ကို တရုတ်နိုင်ငံရေးလောကတွင် ယခင်ကထက် ပိုမိုအရေးပါသော အခန်းကဏ္ဍသို့ ရောက်ရှိစေခဲ့သည်မှာ မှန်သော်လည်း၊ ပါတီ၏ အာဏာအပေါ် လက်တွေ့ကျကျ ထိန်းကျောင်း ကန့်သတ်နိုင်စွမ်း ရှိရန်မူ များစွာဝေးကွာနေပါသေးသည်။ ပါတီသည် နိုင်ငံလုံး ဆိုင်ရာ ပြည်သူ့ ကွန်ဂရက် အတွက်အဓိက ရာထူးခန့်အပ်မှုအားလုံးကို ထိန်းချုပ်ထားခြင်း၊ ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းစဉ်များကို သတ်မှတ်ပေးခြင်းတို့အပြင် နိုင်ငံလုံး ဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ကို ၎င်းတို့၏ မူဝါဒများအတွက် တရားဝင်မှုရရှိစေရန် အသုံးချသည့် ကိရိယာတစ်ခုအဖြစ်သာ အဓိကထား အသုံးပြုနေဆဲ ဖြစ်သည်။