အင်္ဂလိပ်-မြန်မာ စစ်ပွဲများ (၁၈၂၄-၁၈၈၆)(16)

by Hla Soewai - Feb 23 2026

ဗိုလ်ချုပ်ကြီး ကမ်းဘဲလ် သည် ရန်ကုန်ကို ကျူးကျော် ဝင်ရောက်ပြီး နောက် ၎င်း၏ တပ်များကို မြို့၏ ဗျူဟာကျသည့် နေရာများ တွင် ဖြန့်ကြက် နေရာချထားခဲ့သည်။ မြို့၏ မြောက်ဘက် နှစ်မိုင်ခွဲခန့်အကွာမှာ ရှိသည့် ရွှေတိဂုံ စေတီတော်မြတ်ကြီး နှင့် မြောက်ဘက်မြို့တံခါး နှစ်ခုမှ‌ နေ စေတီတော်ကြီးဆီကို ဦးတည်နေသည့် လမ်းတစ်လျှောက်ရှိ မြောက်မြားစွာသော ဘုရားပုထိုး များ နှင့် သာသနိက အဆောက်အအုံ နေရာများတွင် ဖြစ်သည်။

 

ရွှေတိဂုံစေတီတော်၏ ရင်ပြင်တော်ပေါ် တွင်တော့ ဘုရင့်တပ်မတော်၏ အမှတ် ၈၉ မဒရပ်အမြောက်တပ်ဖွဲ့ က တပ်စွဲထားကြသည်။ ၎င်းတို့သည် ကျွန်းသားများနှင့် ထုဆစ်ထားပြီး ရွှေချထာသည့်၊ သံဃာတော်များ သီတင်းသုံးရာ စေတီရံ ဂန္ဓကုဋိတိုက်ငယ်လေးများထဲတွင်နေထိုင်ကြသည်။ ရွှေတိဂုံ စေတီတော် ရင်ပြင်တော်သည် တစ်မြို့လုံး၏ စစ်ဗျူဟာအရ အချက်အချာကျသည့် နေရာတစ်ခု ဖြစ်လာခဲ့သည်။

 

ကံကောင်းထောက်မစွာပင် ထို ဘုရားကျောင်းကန်များ ရှိ အခန်းများသည် ခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းသည့် နေရာထိုင်ခင်း များ ဖြစ်နေသည်။ အဘယ်ကြောင့် ဆိုသော မကြာခင်မှာပင် စစ်သေနာပတိချုပ်နှင့် ၎င်း၏ အကြံပေးများ တွက်ချက်မှု မှားယွင်းခဲ့ကြသည့် အဖြစ်သည် ထင်ထင်ရှားရှား ပေါ်လွင်လာခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ ၎င်းတို့ ကြိုတင် စီစဉ် ထားသလို ဧရာဝတီ မြစ်ကြောင်း တလျောက် ဆန်တက်ပြီး အင်းဝသို့ ချီတက်နိုင်မည့် အခွင့်အလန်း မရှိတော့၊

 

ပထမ တကြောင်းက ဗိုလ်ချုပ်ကြီး ကမ်းဘဲလ်အားကိုးထားသလို မြန်မာတို့ထံမှ ရိက္ခာများ ရနိုင်စရာ အကြောင်း မရှိတော့၍ ဖြစ်သည်။ ထို့မတွက် မဒရပ်စ် နှင့် ကာလကတ္တားမှ ဘင်္ဂလား ပင်လယ်အော်ကို ဖြတ်လာရမည့် ရိက္ခာများကိုသာ လုံးလုံးလျားလျား မှီခိုရဖို့ ဖြစ်လာသည်။

 

ဒုတိယ အကြောင်းသည်ကား ဧရာဝတီ မြစ်ကျဉ်း ပိုင်း တွင် ခံတပ်များ ဆောက်ပြီး မြန်မာ အမြှောက်တပ်များက အခိုင်အခံ နေရာယူထားပြီး ဖြစ်သည်ကို ရေတပ် ကင်းထောက် သတင်းများ အရ သိလာခဲ့ရသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ ရေတပ်အုပ်စုကြီးသည်လည်း မြန်မာ တို့ဖက်မှ နေ့ရော ညပါ မကျန် အပြင်းအထန် ပစ်ခတ် တိုက်ခိုက်ခြင်းကို ခံရတော့မည် ဖြစ်သည်။ ထိုးဖောက် ချီတက်နိုင်ခဲ့သည် ဆိုစေဦး နောက်မှ လိုက်လာမည့် အိန္ဒိယ မှ ရိက္ခာတင် သင်္ဘောများ အတွက်လည်း လက်နက် အပြည့် အစုံ ဖြင့် အစောင့်အရှောက် ထည့်ပေးရဦးမည် ဖြစ်သည်။

 

မိုးရာသီကုန်ဆုံးသည်အထိ ကမ်းဘဲလ်သည် ကုန်းပေါ်၌ပင် ပိတ်မိနေခဲ့သည်။ ပတ်ဝန်းကျင်ရှိ ရွှံ့နွံတောများမှာ ရေကန်ကြီးများအသွင် ပြောင်းလဲနေပြီး၊ ထူထပ်သော သစ်တောများသည်လည်း ဗွက်အိုင်များဖြစ်နေသောကြောင့် မည်သည့်ဘက်သို့မျှ မိုင်အနည်းငယ်ထက်ပို၍ မရွှေ့လျားနိုင်ဘဲ ရှိနေခဲ့သည်။

 

ထိုအတောအတွင်း စစ်သင်္ဘောများ မှ ရေတပ်သားများ နှင့် ရန်ကုန်မြို့ထဲရှိ တပ်ရင်းများ မှ တပ်ဖွဲ့ဝင်များသည် ဖွဲ နှင့် ပက်ထားသလို ဖြစ်နေသော ခြင် များ ကြားမှ မြစ်ကြောင်းအတိုင်း လှော်ခတ်က ရန်သူ စစ်သင်္ဘောများ၊ စစ်လှေ များကို ဖျက်ဆီးပစ်ရန် ထွက်လာခဲ့ကြသည်။ ခြောက်မိုင် ခန့် အရောက် မြစ်ကမ်းတနေရာတွင် ကြည်မြင်တိုင် ရွာလေးအား စောင့်ကြပ်နေသော အဝါရောင်တောက်နေသည့် ဝါးခံတပ် တခု ကို ‌တွေ့လာခဲ့သည်။

 

မေလ ၁၆ ရက်နေ့တွင် ဗြိတိသျှဘုရင့် အမှတ် ၃၈ ခြေလျင်တပ်ရင်းမှ ဗိုလ်ကြီး ရစ်ချတ် ဘတ်ချ် သည် ၎င်း၏ ဂရင်နေဒီယာ တပ်ခွဲနှင့်အတူ တော်ဝင်ရေတပ်မှ ဒုဗိုလ် ဂျိမ်းစ် ဝီလ်ကင်ဆန် ကွပ်ကဲသည့် HMS Liffey သင်္ဘောပေါ်ရှိ လှေများဖြင့် စတင်ထွက်ခွာခဲ့သည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ထိုနေရာကို ခုခံကာကွယ်နေသည့် မြန်မာ တပ်သားများကို တိုက်ထုတ်ရန် ဖြစ်သည်။

 

မိုးများ သည်းထန်စွာ ရွာသွန်းလာ၍ ရည်မှန်းချက် ကို ရောက်အောင် ရေစုန် ကို ဆန်၍ လှော်ခတ် နေသော သင်္ဘောသားများ ၊ စစ်သည်များ မိုးရေများ နှင့် ရွှဲနစ်ကုန်သည်။ သို့သော် သင်္ဘော‌များ ပေါ်တွင် ကာလ ကြာမြင့်စွာ မလှုပ်မရှား နေလာကြရ၍ စိတ်အပြောင်းအလဲ ရလာကြကာ မမောမပန်း အားသွန် ခွန်စိုက် လှော်ခတ်နေကြသည်။

 

ကက်ပတိန် ဘတ်ခ်ျသည် ရည်မှန်းချက် ရောက်ရန် တမိုင်ခန့် အလိုတွင် မြစ်ကမ်းဘေးရှိ ရန်သူ၏ ခံတပ် စခန်း တခု ကို လှမ်းမြင်လိုက်ရသည်။ ချက်ခြင်းလို သူ့ လူများကို ကမ်းတက်စေပြီး ဝင်ရောက် စီးနင်းစေ၍ ထိတွေ့တိုက်ပွဲ ဖြစ်ပြီး ရန်သူ ဆယ်‌ယောက် သို့မဟုတ် ဆယ်နှစ်ယောက်ခန့် အသေရမိခဲ့သည်။ ဒုဗိုလ် ဝီကင်ဆန် နှင့် သူ၏ သင်္ဘောသားများသည်လည်း ကြည်မြင်တိုင် အထိ လှော်ခတ်သွားကြပြီး ရှေ့တည့်တည့် မှ တိုက်ခိုက် ခဲ့ကြသည်။ 

 

ဘတ်ခ်ျ က နောက်ဖက်မှ လှည့်၍ တိုက်ရန် တောအုပ်ကို ဖြတ်လာခဲ့သော်လည်း နွံအိုင်ကြီး များ ကြောင့် ရှေ့မဆက်နိုင်တော့ပဲ ‌နောက်ကြောင်း ပြန်လှည့်ကာ လှေများ ပေါ်သို့ ပြန်တက်ခဲ့သည်။ ထို့နောက် အလွယ်တကူ ကုန်းပေါ်သို့ တက်ရောက်နိုင်မည့် မြစ်ကမ်းပါး မြေပြန့်နေရာတစ်ခုတွင် လှေများကို ကပ်လိုက်ကြသည်။ သို့သော် ရုတ်တရက်ဆိုသလိုပင် သေနတ်သံများ တဖြောင်းဖြောင်း မြည်ဟည်းလာပြီး ကျည်ဆန်များသည် လှေကိုယ်ထည်များကို တဗြောင်းဗြောင်း လာရောက် ထိမှန်လေတော့သည်။

 

ပစ်ခတ်သံများ ထွက်ပေါ်လာရာ အရပ်ဟု ယူဆရ‌ သော ၊ ခြုံနွယ်များဖြင့် ဖုံးကွယ်ထားသည့် သစ်လုံး ခံတပ်ကို ချက်ချင်းလို တိုက်ခိုက်ချေမှုန်းရန် အမိန့်ပေးလိုက်လေသည်။ "ကျွနုပ်တို့ အဖို့ တွက်ဆမထားသော အခက်အခဲများကို ကျော်လွှားရဖို့ ဖြစ်လာသည်။ ရန်သူသည် ဝါးလုံးများ၊ အချွန်အထက်များ ဖြင့် အရံအတားများ လုပ်ထား၍ ကမ်းတက်ရန် လွန်စွာ ခက်ခဲပြီး အန္တရာယ်များသည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။" ဟု ဘတ်ခ်ျ က သူ၏ အစီရင်ခံစာ တွင် ရေးသားထားသည်။

 

သို့သော် မြန်မာတို့၏ သစ်တပ်များကို ကျော်ဖြတ်နိုင်စွမ်းရှိမရှိ စမ်းသပ်သည့် ပထမဆုံး နဖူးတွေ့ ဒူးတွေ့ ကြုံလာရသည့် တိုက်ပွဲတွင်မူ ဗြိတိသျှ ခြေလျင်တပ်သားများနှင့် ရေတပ်သားများသည် တည်ငြိမ်ရင့်ကျက်ကာ စည်းကမ်းတကျရှိလှပြီး ထိုအတားအဆီး အခက်အခဲများကို လေ့ကျင့်ရေး ဆင်းနေသကဲ့သို့ပင် အလွယ်တကူ တက်ရောက် ကျော်ဖြတ်နိုင်ခဲ့ကြသည်။ ထို့နောက် သစ်တပ်အတွင်း၌ ခြေကုပ်ယူကာ ရန်သူများကို လှံစွပ်များဖြင့် ထိုးနှက်တိုက်ထုတ်ခဲ့ကြလေသည်။

 

အမြောက်ငယ်တစ်လက် နှင့် မီးပေါက် သေနတ်များ ကိုင်ဆောင်ထားသည့် မြန်မာ စစ်သည် အင်အား ၄၀၀ အနက် ၆၀ ခန့် သေဆုံးခဲ့သည်။ "သူတို့ဟာ အလွန်တရာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ တိုက်ပွဲဝင်ခဲ့ကြတယ်ဆိုတာကို ကျွန်တော် သက်သေခံရပါလိမ့်မယ်။ သူတို့ထဲက အများအပြားဟာ ကျွန်တော်တို့ရဲ့ ထိုးစစ်ကို လှံတွေကိုယ်စီနဲ့ ခုခံတိုက်ခိုက်ခဲ့ကြတာပါ" ဟု ဘာ့ချ် က အစီရင်ခံခဲ့သည်။

 

ဤတိုက်ပွဲအပြီးတွင် ဘာ့ချ်နှင့် ဝီလ်ကင်ဆင် တို့သည် သင်္ဘောပေါ်ပြန်တက်၍ မြစ်တစ်ဖက်ကမ်းရှိ တတိယမြောက် သစ်တပ်ကို ထပ်မံတိုက်ခိုက်ခဲ့သည်။ ထိုနေရာမှလည်း ရန်သူ မြန်မာတပ် များကို အကျအဆုံးများစွာဖြင့် တိုက်ထုတ်နိုင်ခဲ့သည်။ ဗြိတိသျှတို့ဘက်တွင်မူ အကျအဆုံး နှိုင်းယှဉ်ချက်အရ နည်းပါးခဲ့ပြီး ဒုဗိုလ် သောမတ်စ်ကာ နှင့် စစ်သည်တစ်ဦးသာ ကျဆုံးခဲ့ကာ၊ ဒုဗိုလ် ဝီလ်ကင်ဆင်မှာ ပေါင်တွင် ဒဏ်ရာရရှိခဲ့ပြီး ခြေလျင် တပ်သားနှင့် ရေတပ်သား ၁၈ ဦး ဒဏ်ရာရရှိခဲ့သည်။

 

တိုက်ပွဲများမှာ အောင်မြင်မှုရခဲ့သော်လည်း မြန်မာတပ်များ အလုံးအရင်းနှင့် စုဖွဲ့ထားသည်ဟု ယူဆရသော ကြည့်မြင်တိုင် ဒေသသည် ဗြိတိသျှတို့အတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။ ရန်ကုန်ရှိ ဗြိတိသျှတို့၏ တပ်စွဲထားရာနေရာ တစ်ဝိုက်တွင် အင်အားဖြည့်တင်းထားသော မြန်မာတပ်များသည် ကျူးကျော်မှုဖြစ်ပွားပြီး နှစ်ပတ်အတွင်း၌ တဖြည်းဖြည်းချင်း ချဉ်းကပ်လာကာ ကတုတ်ကျင်းများ အခိုင်အမာ တူးလာကြသည်။

 

ထိုနေရာများမှသော်လည်းကောင်း၊ ကင်းစခန်းများ အနီးရှိ ထူထပ်လှသည့် တောအုပ်များထဲမှသော်လည်းကောင်း မြန်မာတို့သည် မရပ်မနား နှောင့်ယှက် တိုက်ခိုက်လာခဲ့ကြသည်။ ၎င်းတို့သည် ကင်းပုန်းများကို ပစ်ခတ်ခြင်း၊ လူစုကွဲကျန်ရစ်သူများကို ဖြတ်တောက်တိုက်ခိုက်ခြင်းတို့ဖြင့် နေ့ရောညပါ ထိပ်လန့်တုန်လှုပ်မှုများ ဖန်တီးခဲ့ကြရာ ဗြိတိသျှတို့မှာ အိပ်ရေးပျက်ခြင်းနှင့် ပင်ပန်းနွမ်းနယ်မှုဒဏ်ကြောင့် အင်အားချည့်နဲ့လာခဲ့ရသည်။ မေလကုန်ခါနီးတွင်မူ မြန်မာတို့သည် ဗြိတိသျှကင်းစခန်းများ၏ သေနတ်တစ်ကမ်းအကွာရှိ တောအုပ်အတွင်း၌ သစ်တပ်များကို အခိုင်အမာ တည်ဆောက်ထားနိုင်ခဲ့ကြပြီ ဖြစ်သည်။

 

ကမ်းဘဲလ်သည်တောနက်ထဲတွင် ခရီးရှည်ချီတက်ရမည့် အန္တရာယ်ကို ရှောင်လွှဲနိုင်ရန်အတွက် ရန်သူ တပ်များ ကို တမင်တကာပင် အနီးသို့ ချဉ်းကပ် လာခွင့်ပေးခဲ့သည်။ မေလ ၂၇ ရက်နေ့တွင်မူ တုံ့ပြန်တိုက်ခိုက်ရန် အချိန်တန်ပြီဟု သူ ဆုံးဖြတ်လိုက်ပြီး နောက်တစ်နေ့တွင် ဗြိတိသျှစစ်သည် ၂၅၀ နှင့် အိန္ဒိယတိုင်းရင်းသား စစ်ဗာရီ ၂၅၀ ကို သူကိုယ်တိုင် ဦးဆောင်ကာ ထွက်ခွာခဲ့သည်။ ရန်သူ့အင်အားနှင့် တပ်တည်ပုံကို စူးစမ်းရန်နှင့် ရန်သူကို နှိမ်နင်းရန်အတွက် ဟောင်ဝစ်ဇာ အမြောက်တစ်လက်နှင့် ၆ ပေါင်ဒါ အမြောက်တစ်လက်ကိုပါ ယူဆောင်သွားခဲ့သည်။

 

ရန်သူ့ဘက်မှ ပစ်ခတ်မှုများ ပြင်းထန်နေချိန်တွင်ပင် ခေါင်းမငုံ့တမ်း ရှေ့ဆက်တတ်သော ကမ်းဘဲလ်သည် တောနက်ထဲရှိ ကျဉ်းမြောင်းသော လမ်းကြောင်းအတိုင်း စစ်ကြောင်းကို ဦးဆောင်ခဲ့သည်။ ထိုစဉ်က မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် မာစ်ကက် သေနတ် များ၏ ယမ်းခွက်များ စိုစွတ်ကုန်ကာ သေနတ်များ ပစ်ခတ်၍ မရတော့ပေ။ သို့သော်လည်း စစ်သည်များသည် လှံစွပ်များ တပ်ဆင်ကာ လမ်းကြောင်းကို ပိတ်ဆို့ထားသည့် အနီးဆုံး ခံတပ် ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြသည်။ ထိုခံတပ်မှာ လမ်းကို ကန့်လန့်ဖြတ် တည်ဆောက်ထားပြီး ဘေးတောင်ပံနှစ်ဖက်စလုံး တောထဲသို့ ဖြန့်ကျက်ထားသည်။ ကံကောင်းထောက်မစွာဖြင့် ထိုခံတပ်မှာ ဆောက်လုပ်၍ မပြီးသေးသောကြောင့် မြန်မာတပ်များ သည် အနည်းငယ်သာ ပြန်လှန် ပစ်ခတ်ပြီးနောက် တောထဲသို့ ဆုတ်ခွာသွားခဲ့ကြသည်။

 

ဗြိတိသျှစစ်ကြောင်းသည် ကျဉ်းမြောင်းပြီး ကွေ့ကောက်လှသော တောလမ်းအတိုင်း ဆက်လက်ချီတက်ခဲ့ရာ လမ်းတစ်လျှောက်တွင် မြန်မာတို့ အလောတကြီး စွန့်ခွာသွားကြသော တစ်ပိုင်းတစ်စ ကာရံထားသည့် ခံတပ်သစ်များကို ဟိုတစ်ကွက် ဒီတစ်ကွက် တွေ့မြင်ရသည်။ ၎င်းမှာ ဗြိတိသျှတို့၏ ရုတ်တရက်ထိုးစစ်ကို မြန်မာတို့ လုံးဝမျှော်လင့်မထားကြောင်း ထင်ရှားစေသည်။

 

စိုစွတ်ထိုင်းမှိုင်းသော ရွှံ့နွံများနှင့် တောနက်များကြား ခုနစ်မိုင်ခန့် ခရီးနှင်ပြီးနောက်တွင် အမြောက်တပ်သားများသည် အမြောက်နှစ်လက်ကို ကိုယ်တိုင်တွန်းရွှေ့ရန် အလွန်အမင်း မောပန်းနွမ်းနယ်နေကြပြီဖြစ်သည်။ ထို့ကြောင့် ကင်းဘဲလ်က အိန္ဒိယ စစ်ဗာရီ များအား ထိုအမြောက်များကို စောင့်ကြပ်ရန် အမိန့်ပေးခဲ့ပြီး ဗြိတိသျှစစ်သည် ၂၅၀ နှင့်အတူ ဆက်လက်ချီတက်ခဲ့သည်။

 

နောက်ထပ် နှစ်မိုင်ခန့် ဝါဖျော့ဖျော့ ချုံပုတ်များကြား ရုန်းကန်ဖြတ်သန်းပြီးနောက် ရေအနည်းငယ် လွှမ်းနေသော စပါးခင်းစိမ်းစိမ်းများရှိရာ ဂျိုးဇောင် လွင်ပြင်သို့ ရောက်ရှိလာကြသည်။ ရှေ့တစ်မိုင်ခန့်အကွာတွင် ကျေးရွာနှစ်ရွာရှိပြီး ၎င်းတို့နောက်ကွယ်တွင် မီးခိုးတိမ်တိုက်များ အူနေသည်ကို မြင်ရသည်။ လက်ဝဲဘက် တောအုပ်နှင့် လက်ယာဘက် ချောင်းစပ်ကြားရှိ ကျဉ်းမြောင်းသော လမ်းကို ကာကွယ်ရန်အတွက် မြင်းစီးအရာရှိများ ကွပ်ကဲနေသော မြန်မာတပ်သားများ ကျေးရွာအနီးတွင် စုရုံးပြင်ဆင်နေကြသည်ကို တွေ့ရှိရလေသည်။

 

မိုးသည် သည်းထန်စွာ ဆက်လက်ရွာသွန်းနေသော်လည်း ရှေ့တွင် တိုက်ပွဲဖြစ်တော့မည်ကို မြင်တွေ့ရသဖြင့် စစ်သည်များသည် စိတ်ဓာတ်တက်ကြွစွာဖြင့် ဒူးဆစ်ခန့်နက်သော စပါးခင်းစိမ်းစိမ်းများကို ရုန်းကန်ဖြတ်သန်းကာ ဆက်လက်ချီတက်ခဲ့ကြသည်။

 

ရွာနားသို့ ရောက်ရန် ခြေလှမ်း ၁၀၀ ခန့် သာ လိုတော့သည့် အချိန်တွင် ကျွမ်းကျင်စွာ ဖုံးကွယ်ထားသော ခံတပ် နှစ်ခုအတွင်းမှ ရုတ်တရက် သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခြင်းကို ခံလိုက်ရသည်။ အင်္ဂလိပ်စစ်သားများ၏ ယမ်းမှုန့်များမှာ မိုးရေစိုနေသဖြင့် ပြန်လည်ပစ်ခတ်ရန် မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် ဗိုလ်ချုပ် ကမ်းဘဲလ် က တပ်ခွဲ တခွဲကို ကွင်းပြင်တွင် ထားရစ်ခဲ့ပြီး ကျန် တပ်ခွဲ သုံးခုကိုမူ လှံစွပ် ထိုး တိုက်ရန်အမြန်ဆုံး အမိန့်ပေးလိုက်လေသည်။

 

စစ်သားများသည် ရွှံ့နွံများ ထူထပ်လှသော ရေအိုင်များအတွင်းမှ အတတ်နိုင်ဆုံး အမြန်နှုန်းဖြင့် ရှေ့သို့ တိုးဝင်ခဲ့ကြပြီး အမြင့် ၈ ပေခန့်သာရှိသော ပထမဆုံး ခံတပ်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြသည်။

 

အင်္ဂလိပ်တပ်များ သည် ခံတပ်ကို လျင်မြန်စွာ ကျော်တက်ပြီး ရန်သူကို ဘဲနက် များဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ကြတော့သည်။ ထိုတိုက်ပွဲသည် နောင်တွင် ဆက်တိုက်ဖြစ်ပွားလာမည့် တိုက်ပွဲများစွာထဲမှ ပထမဆုံးသော တိုက်ပွဲဖြစ်ပြီး အလွန်ပြင်းထန်ကာ ညှာတာမှုကင်းမဲ့လှသည်။ 

 

ခံတပ်ရင်တားများပေါ်မှ မောင်းထုတ်ခံလိုက်ရသော အင်အား များပြားစွာ ရှိနေသော ခုခံသူ မြန်မာ တပ်များသည် ခံတပ် အပြင်သို့ ထွက်ပေါက် အဖြစ် ကျဉ်းမြောင်းသော လမ်းနှစ်ခုသာ ရှိသဖြင့် အချင်းချင်း တိုးဝှေ့မိပြီး ရုန်းရင်းဆန်ခတ် ဖြစ်ကာ ပိတ်မိသလို ဖြစ်ကုန်ကြသည်။

 

ယခုအခါ ခံတပ် ရင်တား များ ပေါ် နေရာယူပြီး ဖြစ်‌ သော အင်္ဂလိပ် တို့ ဖက်မှ ပစ်ခတ်လာ နိုင်ပြီ ဖြစ်၍ မြန်မာ တပ်သားများသည် ၎င်းတို့အပေါ် မိုးသီးမိုး‌ ပေါက်များ ပမာ ကျရောက်လာသော သေနတ်ကျည်ဆန် များကြောင့် အသည်းအသန် ဖြစ်လာကြပြီးနောက်တွင်မူ လှံ သို့မဟုတ် သေနတ်များကို ပုခုံးတွင် တင်ကာ၊ ခေါင်းကို ငုံ့၍ ဝှေ့တိုက်မည့် အနေအထားဖြင့် အင်္ဂလိပ်တို့၏ ဘဲနက် များထဲသို့ ဇွတ် အတင်းတိုးဝင် တိုက်ခိုက်ကြတော့သည်။ အောင်နိုင်ရန် သို့မဟုတ် လွတ်မြောက်ရန် မျှော်လင့်ချက် ကုန်ဆုံးသွားပြီးနောက် အတော်ကြာသည်အထိ သူတို့သည် ဆက်လက်၍ အသေခံ တိုက်ပွဲဝင်ခဲ့ကြလေသည်။

 

ထိုတိုက်ပွဲ၏ ပြင်းထန်မှုကြောင့် နောင်တွင် အင်္ဂလိပ်မှတ်တမ်းများ၌ မြန်မာတို့၏ ခုခံမှုကို "အလွန်ခိုင်မာသော ဇွဲသတ္တိ" ရှိသည်ဟု မှတ်တမ်းတင်ခဲ့ကြသည်။