ချေ ၏ ပြောက်ကျားစစ် လက်စွဲ(28)

by Hla Soewai - Feb 23 2026

(၅) ပြောက်ကျားစစ်ပွဲတစ်ခု အစပြုခြင်း၊ ဖွံ့ဖြိုးလာခြင်းနှင့် အဆုံးသတ်ခြင်း

 

ကျွန်ုပ်တို့သည် ယခုအခါ ပြောက်ကျားစစ်ပွဲ၏ သဘောသဘာဝကို အသေအချာ အဓိပ္ပာယ်ဖွင့်ဆိုပြီး ဖြစ်သည်။ ဆက်လက်၍ ဤစစ်ပွဲ၏ အကောင်းဆုံးသော ဖြစ်ထွန်းတိုးတက်လာပုံ အဆင့်ဆင့်ကို ဆွေးနွေးသွားပါမည်။ ယင်းမှာ အခြေအနေ ပေးသော မြေမျက်နှာသွင်ပြင်တစ်ခုတွင် အမာခံအင်အားစု လေး တခု စတင်ပေါ်ပေါက်လာရာမှသည် ထိုထက်မက ကျယ်ပြန့်လာသည်အထိ ဖြစ်စဉ်များကို ဖော်ပြသွားမည် ဖြစ်သည်။

 

တနည်းအားဖြင့် ဆိုသော် ကျူးဘားတော်လှန်ရေး အတွေ့အကြုံကို အခြေခံပြီး နောက်ထပ် သီအိုရီ ထုတ်ကြည့် ‌ဆွေးနွေး သွားမည် ဖြစ်သည်။ တော်လှန်ရေး အစပိုင်းတွင်တော့ အနည်း နှင့် အများ လက်နက်တပ်ဆင်ထားသည့်၊ အနည်းနဲ့အများ စိတ်တူကိုယ်တူ တသားတည်း ဖြစ်နေသည့် အဖွဲ့ငယ်လေးတဖွဲ့ သာရှိနေသည်။ ထိုအဖွဲ့သည် ဒေသခံ လယ်သမားများနှင့် အဆက်အသွယ် အနည်းငယ်လောက်သာ လုပ်ကြပြီး၊ အကြမ်းတမ်းဆုံးနှင့် သွားလာရ အခက်ခဲဆုံး နေရာ များတွင် ပုန်းအောင်းနေဖို့ကိုသာ အဓိက အာရုံစိုက်ထားရမည်။

 

ထိုအဖွဲ့သည် ကံကောင်းထောက်မစွာနှင့် ရန်သူကို အောင်အောင်မြင်မြင် ထိုးနှက် တိုက်ခိုက်ပြနိုင်သည့် အခါတွင်တော့ ၎င်းတို့၏ နာမည်ဂုဏ်သတင်းသည် ပျံ့နှံ့ကျော်ကြားသွားတော့သည်။ ထိုအခါ မြေယာသိမ်းဆည်း ခံထားရသည့် လယ်သမားများ သို့မဟုတ် မြေယာ မဆုံးရှုံးအောင် တိုက်ပွဲဝင်နေကြသည့် လယ်သမားတချို့နှင့် အတူ၊ အခြားလူတန်းစားအသီးသီးက စိတ်ဓာတ်တက်ကြွသည့် လူငယ်အင်အားစု များသည် ထို အမာခံ အဖွဲ့ငယ်လေးထံ လာရောက်ပူးပေါင်းကြ တော့သည်။

 

ထိုအဖွဲ့ငယ်လေးသည်လည်း ပိုမိုရဲတင်းပြတ်သားလာပြီး လူများ နေထိုင်ရာ ဒေသများအထိ စတင်လှုပ်ရှားလာကာ ဒေသခံလူထုနှင့်လည်း ပိုမိုထိတွေ့ဆက်ဆံလာကြသည်။ တိုက်ခိုက်မှုများကို အကြိမ်ကြိမ်ပြုလုပ်ကြတော့သည်။ တိုက်ခိုက်ပြီးတိုင်းလည်း အမြဲတမ်း ပြန်လည်ဆုတ်ခွာ ပုန်းအောင်းကြသည်။ ထို့ နောက်တွင် တော့ ရန်သူ့စစ်ကြောင်းတစ်ခုခုနှင့် ရုတ်တရက် ရင်ဆိုင်တိုက်ပွဲဝင်ပြီး ရန်သူ့၏ ရှေ့ပြေးတပ်ဖွဲ့ကို အောင်မြင်စွာ ချေမှုန်းဖျက်ဆီးလိုက်တော့သည်။

 

လူများလည်း ဆက်တိုက်ဆိုသလို ဝင်ရောက်ပူးပေါင်းလာကြသည်။ အဖွဲ့ဝင်အင်အားသည် အရေအတွက်အရ တိုးပွားလာ သော်လည်း ဖွဲ့စည်းပုံစနစ်ကတော့ နဂိုအတိုင်း မပြောင်းလဲဘဲ ရှိနေသေးသည်။ ထို့နောက်တွင်တော့ အဖွဲ့သည် ယခင်ကထက်စာလျင် သတိထားမှုကို လျှော့ချလိုက်ပြီး လူနေထူထပ်သည့် ဇုန်နယ်မြေ များ ထဲအထိ ရဲရဲဝံ့ဝံ့ စွန့်စားဝင်ရောက် လှုပ်ရှားလာတော့သည်။

 

နောက်ပိုင်းတွင် ရက်အနည်းငယ်ကြာ အခြေပြုနိုင်မည့် ယာယီစခန်းများကို တည်ဆောက်ကြသည်။ ရန်သူ့တပ် နီးကပ်လာသည်ဟူသော သတင်းရရှိလျှင်သော်၎င်း၊ ဗုံးကြဲတိုက်ခိုက်ခံရလျှင်သော်၎င်း၊ သို့မဟုတ် ထိုသို့သော အန္တရာယ်များကို သတိပြုမိလာလျှင်သော်၎င်း ထိုစခန်းများကို စွန့်ခွာရွှေ့ပြောင်းကြသည်။ လူထုအတွင်း စည်းရုံးလှုံ့ဆော်မှုများဖြင့် လယ်သမားတိုင်းကို လွတ်မြောက်ရေးစစ်ပွဲအတွက် စိတ်အားထက်သန်သူများဖြစ်အောင် ပြောင်းလဲပေးနိုင်သည်နှင့်အမျှ ပြောက်ကျားတပ်ဖွဲ့၏ အရေအတွက်မှာလည်း တိုးပွားလာတော့သည်။

 

နောက်ဆုံးတွင် ရန်သူများ လက်လှမ်းမမီနိုင်သော နေရာတစ်ခုကို ရွေးချယ်ကာ အခြေချ နေထိုင်လာ နိုင်သည်နှင့် အမျှ ပထမဦးဆုံးအသေးစား ကုန်ထုတ်လုပ်ငန်းများကို တည်ထောင်ကြသည်။ ၎င်းတို့မှာ ဖိနပ်၊ ဆေးလိပ်၊ စီးကရက်၊ အထည်ချုပ်၊ လက်နက်ထုတ်လုပ် ရေး လုပ်ငန်း များ၊ ဆေးရုံများ နှင့် ဖြစ်နိုင်ပါက ရေဒီယိုအသံလွှင့်စက်နှင့် ပုံနှိပ်တိုက် စသည်တို့ပင် ပါဝင်သည်။

 

ယခုအခါတွင်မူ ပြောက်ကျားတပ်ဖွဲ့သည် ဖွဲ့စည်းပုံ စနစ်တကျ နှင့် နေရာ အတည်တကျ ရှိလာခဲ့ပြီဖြစ်သည်။ ၎င်းသည် အစိုးရငယ်တစ်ခု၏ ဝိသေသလက္ခဏာရပ်များ အားလုံးနှင့် ပြည့်စုံသော ကြီးမားသည့် လှုပ်ရှားမှုကြီးတစ်ခုကို ဦးဆောင်ဦးရွက် ပြုရတော့မည် ဖြစ်သည်။

 

တရားမျှတမှုကို ဖော်ဆောင်ရန်အတွက် တရားရုံးတစ်ခုကို တည်ထောင်မည်။ ဥပဒေများကို ပြဋ္ဌာန်းကောင်း ပြဋ္ဌာန်းနိုင်ပေလိမ့်မည်။ ထို့ပြင် လယ်သမားထုကြီးအား ဝါဒဖြန့်ဖြူး စည်းရုံးခြင်းလုပ်ငန်းကိုလည်း ဆက်လက်လုပ်ဆောင် သွားကြမည်။ ယခုအခါ ထိုလုပ်ငန်းကို ဒေသခံ အလုပ်သမားများထံသို့ပါ တိုးချဲ့ကာ ၎င်းတို့အား တော်လှန်ရေးအင်အားစုအတွင်းသို့ ဆွဲသွင်းကြရမည် ဖြစ်သည်။

 

ရန်သူ့ထိုးစစ်ကို စတင်ခုခံပြီး ချေမှုန်းနိုင်ခဲ့ပြီဆိုလျှင် ရိုင်ဖယ်သေနတ် အရေအတွက် တိုးပွားလာမည်ဖြစ်ရာ ထိုလက်နက်များနှင့်အတူ ပြောက်ကျားတပ်ဖွဲ့နှင့် ပူးပေါင်းတိုက်ပွဲဝင်မည့် လူအင်အားမှာလည်း တိုးတက်လာပေလိမ့်မည်။

 

ပြောက်ကျားတပ်ဖွဲ့၏ အင်အားတိုးတက်လာမှုသည် ၎င်းတို့ လှုပ်ရှားရာ နယ်မြေဧရိယာနှင့် အချိုးမညီတော့သည့် အချိန်ကာလတစ်ခုသို့ ရောက်ရှိလာပေမည်။ ထိုအခါ သင့်တော်သော အင်အားပမာဏရှိသည့် တပ်ခွဲတစ်ခု သို့မဟုတ် တပ်စုတစ်စုကို သီးခြားခွဲထုတ်လိုက်ပြီး အခြားသော စစ်မျက်နှာသစ်တစ်ခုသို့ ရွှေ့ပြောင်းလှုပ်ရှား ရတော့မည် ဖြစ်သည်။

 

ခွဲထုတ်လိုက်သော ဒုတိယအဖွဲ့၏ လုပ်ဆောင်ချက်များသည် ယခင်အဖွဲ့ထက် ပိုမိုထူးခြားသော ဝိသေသလက္ခဏာများဖြင့် စတင်ရမည်ဖြစ်သည်။ အကြောင်းမှာ ၎င်းတို့နှင့်အတူ ပါရှိလာသော အတွေ့အကြုံ ရင့်ကျက်လာမှု များ နှင့် အတူ၊ စစ်မြေပြင်အပေါ် လွှမ်းမိုးနိုင်သည့် စွမ်းပကားများ ရရှိလာခြင်းကြောင့် ဖြစ်သည်။

 

မူလအမြုတေ အဖွဲ့အစည်းသည်လည်း ဆက်လက်ကြီးထွားနေ၏။ ယခုအခါ နေရာအနှံ့အပြားမှ ရိက္ခာထောက်ပံ့မှုများအပြင် တစ်ခါတစ်ရံတွင် လက်နက်ခဲယမ်း အထောက်အပံ့များကိုပါ အခိုင်အမာ ရရှိနေပြီ ဖြစ်သည်။ တပ်သားသစ်များလည်း အဆက်မပြတ် ရောက်ရှိလာကြ၍ ဥပဒေများ ထုတ်ပြန်ကြေညာခြင်းနှင့်အတူ အုပ်ချုပ်ရေးယန္တရားကိုလည်း ဆက်လက်ဖော်ဆောင်နေပြီး၊ လူသစ်များကို ဝါဒဖြန့်ချိရေးနှင့် စစ်သင်တန်းပေးရန်အတွက် ကျောင်းများကိုလည်း တည်ထောင်ထားရှိသည်။ 

 

ခေါင်းဆောင်များသည် စစ်ပွဲတိုးတက်လာသည်နှင့်အမျှ တစိုက်မတ်မတ် လေ့လာသင်ယူကြပြီး၊ မိမိတို့တပ်ဖွဲ့၏ အရည်အသွေးနှင့် အရေအတွက် တိုးတက်လာမှုကြောင့် ထပ်တိုးလာသော တာဝန်ဝတ္တရားများနှင့်အတူ ၎င်းတို့၏ ကွပ်ကဲမှုစွမ်းရည်မှာလည်း ပိုမိုဖွံ့ဖြိုးလာလေသည်။

 

အကယ်၍ အလှမ်းကွာဝေးသော နယ်မြေဒေသများ ရရှိလာပါက၊ ရရှိထားသော လူထုထောက်ခံမှုကို အခြေချခိုင်မာအောင် လုပ်ဆောင်ရန်နှင့် စစ်ရေး အရ လှုပ်ရှားမှု ကို ဆက်လက် လည်ပတ်နိုင်ရန်အတွက် အချိန်ကျသည်နှင့် တပ်ဖွဲ့တစ်ခုသည် ထိုအရပ်မျက်နှာသို့ ဦးတည် ထွက်ခွာကြရမည် ဖြစ်သည်။

 

သို့သော် ရန်သူ့အမာခံ နယ်မြေများလည်း ရှိနေပြန်၍ အစပိုင်းတွင် အဖွဲ့ငယ်လေးများက ထိုနယ်မြေများအတွင်းသို့ ထိုးဖောက်ဝင်ရောက်ကြပြီး၊ လမ်းမကြီးများကို တိုက်ခိုက်ခြင်း၊ တံတားများကို ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်းနှင့် ထိတ်လန့်တုန်လှုပ်မှုများကို ပျိုးထောင်ပေးရမည်။ စစ်ပွဲ၏ သဘာဝအတိုင်း အနိမ့်အမြင့်၊ အတက်အကျများကြားမှပင် တော်လှန်ရေးလှုပ်ရှားမှုသည် ဆက်လက် ကြီးထွားလာလေသည်။ 

 

ထိုအချိန် ရောက်လျှင် လူထုကြားတွင် ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးလှုံ့ဆော်ထားပြီးဖြစ်၍ မိမိတို့တပ်ဖွဲ့များသည် အခြေအနေ မပေးသောထိုနယ်မြေများအတွင်း၌ပင် လွယ်ကူချောမွေ့စွာ လှုပ်ရှားသွားလာနိုင်ကြတော့သည်။ ဤသို့ဖြင့် နောက်ဆုံးအဆင့်ဖြစ်သော 'မြို့ပြပြောက်ကျားစစ်' ဆီသို့ တံခါးဖွင့် လှမ်းတက်သွားနိုင်ပြီ ဖြစ်သည်။

 

နယ်မြေတစ်ခုလုံး တွင် ဖျက်ဆီးရေးလုပ်ငန်းစဉ် များသည် သိသိသာသာ မြင့်တက်လာသည်။ ရန်သူ၏ ယန္တရားများ ရပ်တန့်သွားပြီ ဆိုက ထိုနယ်မြေကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။ ထို့နောက် ပြောက်ကျားတပ်ဖွဲ့များသည် အခြားသော နယ်မြေများသို့ ဆက်လက်ချီတက်ကြပြီး ထိုနေရာများတွင် ရန်သူ့တပ်နှင့် ရှေ့တန်းစစ်မျက်နှာများ ဖွင့်၍ ရင်ဆိုင်ကြလေတော့သည်။ ထိုအချိန်တွင်မူ လက်နက်ကြီးများကို သိမ်းဆည်းရမိထားပြီးဖြစ်ကာ တင့်ကားအချို့ကိုပင် ရရှိထားနိုင်ပေသည်။ တိုက်ပွဲသည် ယခင်ကထက် ပိုမို၍ အင်အားချင်း ညီမျှလာခဲ့ပြီ ဖြစ်သည်။

 

တစ်စိတ်တစ်ပိုင်း အောင်ပွဲငယ်လေးများ စုစည်းမိပြီး အပြတ်အသတ် အောင်ပွဲများအဖြစ် ကူးပြောင်းသွားသည့်အခါ ရန်သူသည် စတင်ပြိုလဲတော့သည်။ တစ်နည်းအားဖြင့်ဆိုသော် ပြောက်ကျားတပ်ဖွဲ့များက သတ်မှတ်ပေးလိုက်သော အခြေအနေများအောက်တွင် ရန်သူသည် စစ်ပွဲကို မလွဲမသွေ ဆင်နွှဲရတော့မည့် အချိန်မျိုးပင် ဖြစ်သည်။ ထိုအခါတွင်မူ ရန်သူသည် အကုန်အစင် ချေမှုန်းခံရပြီး လက်နက်ချ အရှုံးပေးရန်သာ ဖိအားပေးခံရလေတော့သည်။

 

ယခု တင်ပြခဲ့သည်များသည် ကျူးဘားလွတ်မြောက်ရေးစစ်ပွဲ အဆင့်ဆင့်တွင် ဖြစ်ပျက်ခဲ့သည်များကို အကြမ်းဖျင်း ဖော်ပြထားခြင်းသာ ဖြစ်သည်။ ထို အချက်များသည် တကမ္ဘာလုံးနှင့် သက်ဆိုင်သည့် အ‌ ရေး ပါမှု လည်း ရှိနေသည်။ သို့သော် မိမိတို့ စစ်ပွဲ အတွင်း ရှိခဲ့သည့် ပြည်သူလူထုနှင့် ရင်းနှီးကျွမ်းဝင်မှု၊ အခြေအနေအရပ်ရပ်နှင့် ဦးဆောင်မှုအပိုင်း များကို တခြားနေရာများတွင် အမြဲတမ်း ပုံတူကူး၍ ရနိုင်မည်တော့ မဟုတ်။

 

ထိုသို့ ဖြစ်ခဲ့သည် များကို တော့ ထွေထွေထူးထူး ပြောနေဖို့ပင် မလိုပေ။ ဖီဒယ်လ်ကက်စထရို သည် တိုက်ခိုက်ရေးသမားတစ်ယောက်၏ အရည်အချင်းနှင့် နိုင်ငံရေးသမားတစ်ယောက်၏ အရည်အသွေးများကို အမြင့်ဆုံး ပေါင်းစပ်ထားနိုင်သူ ဖြစ်သည်။ မိမိတို့၏ ခရီးလမ်း၊ တိုက်ပွဲဝင်မှုနှင့် အောင်ပွဲများသည် သူ့၏ အမျှော်အမြင် ကြောင့်ပင် ဖြစ်သည်။ ကက်စထရိုသာ မရှိခဲ့လျင် ပြည်သူများသည် အောင်ပွဲကို မရနိုင်ဟု မိမိ မပြောလို သော်လည်း ရခဲ့သော အောင်ပွဲသည် အခုထက် ပိုပြီး ပေးဆပ်ကြရမည် ဖြစ်သလို၊ ယခုလိုလည်း ပြည့်စုံမည် မဟုတ် ဆိုသည်က သေချာပေသည်။

 

**************