ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(72)

by Hla Soewai - Feb 23 2026

"ဒါက တကယ်ကို ခက်ခဲတဲ့ အခြေအနေတစ်ခုပဲ။ ဒါပေမဲ့ အမတ်မင်း ပြောနေတာက အစိုးရကို စာရင်းပြရမယ့် တရားဝင်ငွေတွေအကြောင်းလေ။ ကျွန်တော်တို့ ပြောနေတာကတော့ ကျွန်တော်တို့ဆီ စီးဆင်းလာမယ့် 'တရားမဝင်ငွေ' တွေအကြောင်းပဲ။ အဲဒီငွေတွေက အမတ်မင်း ဆီကို တော့ ဗိုလ်ချုပ်ကြီး စီစဉ်ပေးတဲ့ 'မဲ' တွေအဖြစ်နဲ့ အစိုးရစာရင်းထဲကို တရားဝင် ပြန်ဝင်သွားမှာလေ။"

 

"ဒါ အမှန်ပဲ" လို့ ဗိုလ်ချုပ်ကြီးက ထောက်ခံလိုက်သည်။ "ကျွန်တော့်နိုင်ငံက ကျွန်တော့်ကို တစ်ခုခုအတွက် လေ့ကျင့်ပေးထားတယ်ဆိုရင် ဒီက ကျွန်တော့် မိတ်ဆွေလေးက တရားမဝင်ငွေလို့ စိတ်ကူးယဉ်ဆန်ဆန် တင်စားပြောဆိုလိုက်တဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်ဖို့အတွက်ပါပဲ။"

 

ကျွန်တော်တို့ ကပြအသုံးတော်ခံမှုသည် အမတ်မင်းကို တော်တော်လေး အပန်းပြေစေခဲ့ပုံရသည်။ ကျွန်တော်တို့က ပါးနပ်တဲ့ မျောက်ကလေးနှစ်ကောင်လို ဖြစ်နေပြီး သူကတော့ ကျွန်တော်တို့ကို မျောက်ပြ ဆန်တောင်းဖို့ က ခုန်ခိုင်း၊ တောင်းခိုင်းရင်း ကြည့်နေသည့် အော်ဂင်တီးဆရာကြီး ဖြစ်‌ နေသည်။ မိခင်နိုင်ငံမှာတုန်းက အမေရိကန်များနှင့် ထိတွေ့ဆက်ဆံခဲ့ရသည့် အတွေ့အကြုံများကြောင့် ယခုလို ဇာတ်ကွက်မျိုး ကပြဖို့ ကျွန်တော်တို့ အကျင့်ရနေ‌ ပေပြီ။ ထိုစဉ်က ကပြခဲ့ရသည့် ဇာတ်လမ်းများ အားလုံးသည်ကလည်း 'တရားမဝင်ငွေ' လို့ခေါ်သည့် အဂတိလိုက်စားမှုများ အကြောင်းချည်းပင် ဖြစ်သည်။

 

အဂတိလိုက်စားမှုဆိုသည်က အိန္ဒိယ ရိုးရာပုံပြင်ထဲက ဆင်ကြီးတစ်ကောင်လိုပင် ဖြစ်သည်။ ကျွန်တော်ကိုယ်တိုင်ကလည်း ထိုဆင်ကြီး၏ တစ်စိတ်တစ်ပိုင်းကိုပဲ စမ်းသပ်မိပြီး ပြောနိုင်သည့် မျက်မမြင် ပုဏ္ဍားများထဲက တစ်ယောက် ဖြစ်သည်။ တကယ်တမ်း ရှုပ်ထွေးနေသည်ကို ကိုယ်မြင်ရ သို့မဟုတ် ကိုယ်ထိတွေ့နေရတာ မျိုး မဟုတ်ဘဲ ကိုယ်မမြင်ရ၊ မသိရတဲ့ အပိုင်းတွေသာ ဖြစ်သည်။ 

 

ဥပမာ - ကျွန်တော်တို့က အမတ်မင်းရှေ့မှာ အစီအစဉ်တစ်ခုကို ချပြလိုက်သော်လည်း ကျွန်တော်တို့ ထိန်းချုပ်လို့မရသည့် အပိုင်းမျိုး ဖြစ်‌ နေမည်။ ဤသည်က အမတ်မင်း ကိုယ်တိုင်ဖြစ်စေ၊ သူ့မိတ်‌ ဆွေ များကဖြစ်စေ၊ သို့မဟုတ် ကလည်း ကလော့ဒ်၏ မိတ်ဆွေ တွေဖြစ်စေ ဂေါပကအဖွဲ့ဝင်အဖြစ် ပါဝင်နေသည့် 'ဖောင်ဒေးရှင်း' များက တစ်ဆင့် တရားမဝင်ငွေများကို တရားဝင်လမ်းကြောင်းများ ကနေတစ်ဆင့် ကျွန်တော်တို့ဆီ စီးဆင်းလာအောင် နည်းလမ်းရှာပေးရမည့် အပိုင်းပင် ဖြစ်သည်။

 

အတိုချုပ်ပြောရလျှင် ထို ဖောင်ဒေးရှင်းများသည် စီအိုင်အေ အတွက်သော်၎င်း၊ သို့မဟုတ် ကျွန်တော်ပင် မသိရှိနိုင်သော ပို၍ နက်နဲဆန်းကြယ်သည့် အစိုးရအဖွဲ့အစည်း သို့မဟုတ် အစိုးရမဟုတ်သောအဖွဲ့အစည်းများအတွက်သော်၎င်း အယောင်ပြထားသည့် ရှေ့ထွက်အဖွဲ့အစည်းများသာ ဖြစ်ကြသည်။ ကျွန်တော်တို့၏ ညီနောင်များအဖွဲ့သည်လည်း အလားတူ "လှုပ်ရှားမှု' အတွက် အယောင်ပြထားခြင်းမျိုးပင် ဖြစ်၏။

 

ကွန်ဂရက်လွှတ်တော်အမတ်က 'ခင်ဗျားတို့ရဲ့ ဒီအဖွဲ့အစည်းက မျိုးချစ်စိတ်နဲ့ လုပ်ဆောင်တဲ့ လုပ်ငန်းစဉ်တွေမှာ တရားမဝင်တာမျိုး ဘာမှမလုပ်မိဖို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်' ဟု ပြောသည့်အခါတွင် ဤအခြေအနေကို သူ ကောင်းကောင်းကြီး သိရှိပြီးသားဖြစ်သည်။ တကယ်တော့ သူဆိုလိုသည်မှာ သူကိုယ်တိုင် မသိသရွေ့ ကျွန်တော်တို့အနေဖြင့် တရားမဝင်သည့် ကိစ္စရပ်များကို လုပ်သင့်သည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။ 

 

သုံးလအကြာတွင် ကျွန်တော်သည် ဖိလစ်ပိုင်သို့ ထွက်လာ ဖြစ်ခဲ့သည်။ ကျွန်တော့်၏ ကျောပိုးအိတ်ကို လေယာဉ်ပေါ်ရှိ ခေါင်းအပေါ်ဘက် အထုတ်အပိုးတင်စင်တွင် ထည့်ထားပြီး၊ ပေါင်ပေါ်တွင်မူ War and Peace ဝတ္ထုကြီးကဲ့သို့ ထူထဲလှသည့် Fodor’s Southeast Asia လမ်းညွှန်စာအုပ်ကြီးကို တင်ထားမိသည်။ 

 

ထိုစာအုပ်ထဲတွင် အာရှသို့ ခရီးသွားခြင်းနှင့် ပတ်သက်၍ ယခုလို ရေးသားထားသည် -

"ဘာကြောင့် အရှေ့ဘက်ကို သွားမှာလဲ? အရှေ့တိုင်းဟာ အနောက်တိုင်းသားတွေကို ပြုစားနိုင်တဲ့ မန္တန်တစ်ခုကို အမြဲတစေ ရက်လုပ်ထားတတ်လို့ပါပဲ။ အာရှတိုက်ဟာ ကျယ်ပြောလှပြီး လူဦးရေ ထူထပ်လွန်းသလို အတိုင်းအဆမရှိ ရှုပ်ထွေးနက်နဲလှတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ကြွယ်ဝမှုနဲ့ အံ့ဩဘနန်း ဖြစ်ရပ်တွေရဲ့ မကုန်ခမ်းနိုင်တဲ့ ရင်းမြစ်တစ်ခုလည်း ဖြစ်ပါသေးတယ်။ ... အာရှတိုက်ဟာ အနောက်တိုင်းသားတွေရဲ့ စိတ်အာရုံမှာ ဆွဲဆောင်မှုတွေ၊ စိန်ခေါ်မှုတွေ၊ ပြုစားမှုတွေနဲ့ ဆုလာဘ်တွေအဖြစ် တည်ရှိနေဆဲဖြစ်ပြီး အနောက်တိုင်းသား မျိုးဆက် တစ်ခုပြီးတစ်ခုကို သူတို့ရဲ့ သက်တောင့်သက်သာရှိပြီး ရင်းနှီးကျွမ်းဝင်တဲ့ ဘဝတွေထဲကနေ ဆွဲထုတ်ကာ သူတို့သိသမျှ၊ ထင်သမျှ၊ ယုံကြည်သမျှတွေနဲ့ လုံးဝကွဲပြားခြားနားတဲ့ ကမ္ဘာသစ်တစ်ခုထဲကို ခေါ်ဆောင်သွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အာရှဟာ ကမ္ဘာကြီးရဲ့ တစ်ဝက်၊ ကျန်ရှိနေတဲ့ တစ်ဖက်ခြမ်း ဖြစ်နေလို့ပါပဲ။ ... အရှေ့တိုင်းဟာ ထူးဆန်းချင် ထူးဆန်းနေပါလိမ့်မယ်၊ ဒါပေမဲ့ စိတ်ပျက်စရာတော့ ဖြစ်နေဖို့ မလိုပါဘူး။ သင်သည် တကယ်တမ်း အဲဒီကို ရောက်သွားတဲ့အခါ အာရှဟာ လျှို့ဝှက်ဆန်းကြယ်နေဆဲ ဖြစ်တယ်ဆိုတာကို တွေ့ရပါလိမ့်မယ်၊ ဒါပေမဲ့ အဲဒီဆန်းကြယ်မှုဟာ သင့်အတွက်တော့ အမြဲလို စိတ်ဝင်စားစရာ ဖြစ်နေလိမ့်မယ်။

 

ကျွန်တော့်၏ ခရီးသွားလမ်းညွှန်စာအုပ်ထဲတွင် ရေးထားသမျှသည် အမှန်တွေဖြစ်သလို တစ်ဖက်မှာလည်း ဘာမှ အဓိပ္ပာယ် မရှိဟု လည်း ပြောလို့ရသည့် အရာများ ဖြစ်နေသည်။ အရှေ့တိုင်းသည် ကျယ်ပြောသည်၊ လူဦးရေထူထပ်သည်၊ အတိုင်းအဆမရှိ ရှုပ်ထွေးနက်နဲလှသည်။ သို့သော် အနောက်တိုင်းမှာရော ထိုကဲ့သို့ ဖြစ်မနေ ဘူးလား၊ အရှေ့တိုင်းသည် မကုန်ခမ်းနိုင်သည့် ကြွယ်ဝမှုများနှင့် အံ့မခန်းမှု များ၏ရင်းမြစ်ဖြစ်တယ်လို့ ထောက်ပြတာသည်၊ သို့ဆိုက အရှေ့တိုင်းမှာပဲ ထိုကဲ့သို့ ထူးထူးခြားခြား ဖြစ်နေပြီး အနောက်တိုင်းမှာတော့ မရှိဘူးဟု သွယ်ဝိုက်ပြောဆိုရာ ရောက်နေသည်။

 

အနောက်တိုင်းသားတစ်ယောက်သည် ၎င်းတို့၏ ကြွယ်ဝမှုနဲ့ အံ့ဩစရာများကို သာမန်ကိစ္စတစ်ခုဟုသာ သဘောထားတတ်ကြသည်၊ ကျွန်တော် ကိုယ်တိုင်လည်း အရှေ့တိုင်း၏ ပြုစားမှုများ သို့မဟုတ် လျှို့ဝှက်ဆန်းကြယ်မှုများကို ဘယ်တုန်းကမှ သတိ မထား မိခဲ့သလိုပင် ဖြစ်မည်။ တကယ်တော့ ကျွန်တော် ပညာမသင်ယူခင်က သိခဲ့၊ ထင်ခဲ့သည်များနှင့် လုံးဝကွဲပြားခြားနားပြီး လျှို့ဝှက်ဆန်းကြယ်ခြင်း၊ စိတ်ပျက်စရာကောင်းခြင်း များနှင့် အမှန် တကယ့်ကို စိတ်ဝင်စားဖို့ကောင်းနေသည်က အနောက်တိုင်းသာ ဖြစ်နေတတ်သည်။

 

အနောက်တိုင်းသားများ သူတို့နိုင်ငံတွင် ပျင်းရိငြီးငွေ့သလိုမျိုး၊ အရှေ့တိုင်းသားများသည်လည်း ကိုယ့်အရပ် ကိုယ် ဒေသ ဆိုရင် လွန်စွာ ပျင်းစရာကောင်းသည်ဟု ခံစားတတ်ကြသည် မဟုတ်ပါလား။

 

ကျွန်တော်နှင့် သက်ဆိုင်သည့် နိုင်ငံများအကြောင်း ရေးထားသည့် စာမျက်နှာများကို လှန်ကြည့်လိုက်သည့်အခါ၊ ကျွန်တော်တို့နိုင်ငံကို "အပျက်စီးဆုံး နယ်မြေ" လို့ ဖော်ပြထားတာကို တွေ့ရ၍ တအံ့တဩ တော့ မဖြစ်မိ။ ကျွန်တော်ကိုယ်တိုင်လည်း စာအုပ်ထဲမှာ တားမြစ် ထားသလိုမျိုး အပျော်တမ်းခရီးသွားများကို ကျွန်တော်တို့ဆီ လာဖို့ အကြံမပေးချင်မိ။

 

သို့သော် အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံသားများ အကြောင်း ရေးထားရာတွင် "အေးအေးဆေးဆေး နေတတ်သူများ၊ ကာမဂုဏ်ခံစားမှုကို မက်မောသူများ၊ ဖော်ရွေသူများနှင့် စိတ်လှုပ်ရှားလွယ်သူများ..." လို့ ဖော်ပြထားတာကို ဖတ်ရသည့် အခါတွင် တော့ တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်သွားမိသည်။ "ကမ္ဘောဒီးယားသည် အာရှမှာ အ တောက်ပ ဆုံး နိုင်ငံများထဲက တစ်နိုင်ငံ ဖြစ်ယုံတင်မကဘဲ စွဲမက်စရာ အကောင်းဆုံး နိုင်ငံများထဲက တစ်နိုင်ငံလည်း ဖြစ်သည်" တဲ့။ ဒီလိုမျိုးစကားကို ကျွန်တော့်ရဲ့ ဇာတိမြေအတွက်လည်း ပြောလို့ရသည်ပင် မဟုတ်ပါလား။ စိမ့်အေးစိုစွတ်သည့် ရာသီဥတုမျိုးရှိသော တခြားဘယ်ဒေသအတွက်မဆို ပြောလို့ရသည့် စကားမျိုးဖြစ်သည်။ 

 

ကျွန်တော်က ဘာသိမှာလဲ၊ ကျွန်တော်က ဇာတိမြေ တွင် နေထိုင်ခဲ့သူ သက်သက်သာ ဖြစ်သည်။ ဒေသတစ်ခုမှာ အခြေချနေထိုင်သူတွေအဖို့ကတော့ ထိုအရပ်၏ ကောင်းကွက်နှင့် ဆိုးကွက် များကို သေချာမြင်နိုင်ဖို့ ခဲယဉ်းတတ်ကြသည်။ ခရီးသွားတစ်ယောက်၏ 'လတ်လတ်ဆတ်ဆတ် ဖွင့်ဟထားသော မျက်စိ' မျိုးနှင့် ကြည့်မှသာ ကောင်းကွက်၊ ဆိုးကွက် များကို အလွယ်တကူ မြင်နိုင်ကြတာမျိုး ဖြစ်သည်။

 

လူတစ်ယောက် အဖို့ အပြစ်ကင်းစင်မှုနှင့် အတွေ့အကြုံရင့်ကျက်မှု၊ ဒီနှစ်ခုထဲက တစ်ခုကိုပဲ ရွေးချယ်လို့ရနိုင်ပြီး နှစ်ခုလုံးကိုတော့ ပိုင်ဆိုင်ခွင့်မရှိ ပေ။ အနည်းဆုံးတော့ ဖိလစ်ပိုင်မှာ ကျွန်တော်ဟာ ခရီးသွားတစ်ယောက် ဖြစ်နေ‌ ပေမည်။ ဖိလစ်ပိုင်သည် ကျွန်တော်တို့ ဇာတိမြေ၏ အရှေ့ဘက်တွင် ရှိ နေ၍ အတိုင်းအဆမရှိ ရှုပ်ထွေးနက်နဲမှုများကို တွေ့ရနိုင်သည်။ ထိုကျွန်းစုနိုင်ငံအကြောင်း စာအုပ်ထဲက ဖော်ပြချက်များသည် ကျွန်တော့်ကို ပို၍ပင် စိတ်အားထက်သန်လာစေခဲ့သည်၊ စာအုပ်ထဲတွင် 'ဟောင်းလည်းဟောင်းသလို သစ်လည်းသစ်သည်၊ အရှေ့တိုင်းဆန်သလို အနောက်တိုင်းလည်း ဆန်သည်။ နေ့စဉ်နဲ့အမျှ ပြောင်းလဲနေသော်လည်း ရိုးရာအစဉ်အလာများ ကတော့ ဆက်လက်ရှင်သန်နေဆဲ ဖြစ်သည်" ဆိုထားသည်။ တကယ်တော့ ကျွန်တော့်အကြောင်းကို ရည်ညွှန်းပြီး ရေးထားသလားလို့ပင် ထင်မှတ်ရသည်။

 

တကယ်ပင် လေယာဉ်ပေါ်က လေအေးပေးစက်ခန်းထဲကနေ လေယာဉ်ကပ်တံတားထဲကို ခြေချလိုက်သည်နှင့် စိုထိုင်းဆတွေ အပြည့် ဖြစ်လာပြီး ကိုယ့်အိမ်ကိုယ့်ယာကို ပြန်ရောက်သွားသလို ချက်ချင်း ခံစားလိုက်ရသည်။ လေဆိပ်အဆောက်အအုံ ထဲတွင် မောင်းပြန် သေနတ်များကို ပုခုံးမှာလွယ်ထားသည့် လက်နက်ကိုင် များ၏ မြင်ကွင်းကလည်း ကျွန်တော့် အဖို့ အိမ်ကို လွမ်းသည့်စိတ် ပိုတိုးလာခဲ့ရသည်။ အာဏာရှင်၏ ခြေဖျားအောက်မှာ ပိန် ညှောင်နေသည့် လည်ပင်းကို အနင်းခံထားရတဲ့ တိုင်းပြည်တစ်ခုကို ကျွန်တော် တစ်ကျော့ပြန် ရောက်ရှိသွားပြီဆိုတာကို အတည်ပြုပေးလိုက် ခြင်းပင် ဖြစ်သည်။

 

ဒေသခံ သတင်းစာထဲမှာလည်း သက်သေအထောက်အထားများကို ထပ်တွေ့လာရပြန်သည်။ သတင်းစာ၏ အတွင်းပိုင်း စာမျက်နှာ များတွင် လက်သည်မပေါ်သည့် နိုင်ငံရေး အတိုက်အခံများ အသတ်ခံရမှု သတင်း အနည်းအကျဉ်း လောက်ကိုသာ မသိမသာ ဖော်ပြထားပြီး၊ သူတို့၏ ကျည်ဆန်ရာ ဗလပွနှင့် ရုပ်အလောင်းများကိုတော့ လမ်းမပေါ်မှာ စွန့်ပစ်ထားခဲ့ကြသည်။ 

 

ဒီလိုမျိုး နားမလည်နိုင်စရာ ပဟေဠိဆန်တဲ့ အခြေအနေ၏ နောက်ကွယ်က လက်သည်သည် အာဏာရှင် တဦးတည်းသာ ဖြစ်သည်။ ဒီလို စစ်အုပ်ချုပ်ရေး အခြေအနေမျိုးကိုတော့ 'အန်ကယ် ဆမ်' ကပဲ နောက်ကွယ်ကနေ အာမခံချက် ပေးထားခြင်း ဖြစ်သည်။ အာဏာရှင် မားကို့စ်အနေနှင့် ကွန်မြူနစ် သူပုန်များ သာမက၊ မူဆလင် သူပုန်များကိုပါ နှိမ်နင်းနိုင်ဖို့အတွက် အမေရိကန်က ထောက်ပံ့ပေးထားခြင် ဖြစ်သည်။ ကျွန်တော်တို့ ဇာတိမြေကို ထောက်ပံ့သည့် ပမာဏထက် ပိုနည်း သော်လည်း အမေရိကန်လုပ် စစ်လေယာဉ်များ၊ တင့်ကားများ၊ ရဟတ်ယာဉ် များ၊ အမြောက်များ သံချပ်ကာ ကားများ၊ သေနတ်များ၊ ခဲယမ်းမီးကျောက် များနှင့် စစ်အသုံးအဆောင် ပစ္စည်းများ အားလုံး ပါဝင်သည်။ ဒီအချက် များအပြင် တောတောင်ရေမြေ သဘာဝနှင့် ရုန်းကန်လှုပ်ရှားနေသည့် လူအုပ်ကြီးကိုပါ ပေါင်းစပ်လိုက်မည် ဆိုက ဖိလစ်ပိုင်သည် ဗီယက်နမ် နေရာတွင် အစားထိုးဖို့ အကောင်းဆုံး ဖြစ်နေသည်။ ထို့အတွက် ကြောင့်လည်း 'ရုပ်ရှင်ဒါရိုက်တာ' ကြီးက ဒီနေရာကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။