တရားခွင်၏ အဖွင့်နေ့တွင် တရားစွဲဆို ခံထားရသော တရားခံ နှစ်ဆယ့်တဦးသည် ၎င်းတို့ အတွက် သတ်မှတ်ပေးထားသော ထိုင်ခုံများတွင် နေရာယူလိုက်ကြသည်။ ထိုအထဲတွင် နှစ်ဆယ့် နှစ်ဦး မြောက် တရားခံ ဖြစ်သော မာတင် ဘောမန်းကတော့ ဝက်ခြံထဲတွင် မရှိသေး၊ ထိုအချိန်တွင် သူသည် သေဆုံး၍ မြေမြှုပ်ပြီးဖြစ်နေသည်ကို ခုံရုံးအဖွဲ့က မသိရှိခဲ့ကြသဖြင့် ဘောမန်းကို မျက်ကွယ်တွင်ပင် အမှုစစ်ဆေးခဲ့လေသည်။
၎င်းတို့ ၏ နောက်နားတွင် သံခမောက် ဆောင်းထားသော အမေရိကန် စစ်မှုထမ်း ခြောက်ယောက်သည် လက်ကို နောက်ပစ်ကာ နံရံကို ကပ်၍ ရပ်နေကြသည်။ ထိုစဉ် ရုံးတော်အရာရှိက “သတိ! အားလုံး မတ်တပ်ရပ်။ ခုံရုံးအဖွဲ့ ဝင် တွေ ရောက်လာတော့မည်” ဟု အော်ဟစ် အချက်ပေးလိုက်သည်။ နိုင်ငံလေးနိုင်ငံမှ တရားသူကြီးများသည် တံခါး ပေါက် တစ်ခုမှတစ်ဆင့် လျှောက် ဝင် လာကြပြီး တရားသူကြီး ခုံတန်းတွင် နေရာယူလိုက်ကြသည်။ ဗြိတိန်နိုင်ငံမှ တရားသူကြီးချုပ် ဆာ ဂျက်ဖရီ လောရင့်စ် က သူ၏ တရားခွင်သုံးသစ်သားတူ ကို ရိုက်နှက်လိုက်ပြီး -“ယခု စတင်တော့မည့် ဤစစ်ဆေးမှုသည် ဥပဒေရေးရာ သမိုင်းမှတ်တမ်းများတွင် အနှိုင်းမဲ့ ထူးခြားသည့် ဖြစ်ရပ်တစ်ခုပင် ဖြစ်သည်” ဟု ပြောကြားလိုက်လေသည်။
တရားခွင်ကို စွဲချက်လေးရပ် ဖတ်ကြားပြီး စတင် ဖွင့်လှစ်ခဲ့သည်။ ပထမစွဲချက် သည်က 'ကျူးကျော်စစ်ဆင်နွှဲရန် ပူးပေါင်းကြံစည်မှု' ဖြစ်ပြီး စစ်မဖြစ်ပွားမီက ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ရည်ညွှန်းသည်။ ဒုတိယစွဲချက်သည် 'ကျူးကျော်စစ် ဆင်နွှဲမှု' (သို့မဟုတ် 'ငြိမ်းချမ်းရေးကို ဆန့်ကျင်သော ရာဇဝတ်မှု') ဖြစ်ပြီး နိုင်ငံတကာ သဘောတူစာချုပ်များနှင့် ကတိကဝတ် များကို ချိုးဖောက်ပြီး စစ်မီးမွှေးခဲ့ခြင်းကို ဆိုလိုသည်။ တတိယစွဲချက်သည် 'စစ်ရာဇဝတ်မှုများ' ဖြစ်ပြီး စစ်သုံ့ပန်းများကို သတ်ဖြတ်ခြင်း သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်း အစရှိသည့် အစဉ်အလာ စစ်ဥပဒေချိုးဖောက်မှုများကို ရည်ညွှန်းသည်။ စတုတ္ထစွဲချက်သည် ကတော့ 'လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ' ဖြစ်ပြီး ဂျူးလူမျိုးများ၊ လူနည်းစု မျိုးနွယ်စုများ၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများ၊ သိမ်းပိုက်ခံနိုင်ငံမှ အရပ်သားများနှင့် အခြားလူများအပေါ် ကျူးလွန်ခဲ့သည့် ပြစ်မှုများကို ဆိုလိုသည်။
ထိုလူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများထဲတွင် အကြီးမားဆုံးသော ပြစ်မှုမှာ 'နောက်ဆုံးအဖြေ' (Final Solution) ဟု ခေါ်တွင်သည့် အကျဉ်းစခန်းများအတွင်း ဂျူးလူမျိုးများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းပင် ဖြစ်သည်။ တရားခံများသည် ၎င်းတို့ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသော ပြစ်မှုများ၏ အသေးစိတ် အချက်အလက်များကို တရားလိုဘက်မှ တနေကုန် ဖတ်ကြားနေသည်ကို နားထောင်ခဲ့ကြရသည်။
တရားခွင်၏ ဒုတိယမြောက်နေ့ တွင် တရားသူကြီး ဂျက်ဆင်သည် တရားလိုဘက်ကနေ အလွန်ပြောင်မြောက်လှ သော အဖွင့်မိန့်ခွန်းကို ယခုလို ပြောကြားခဲ့သည်။
'ကျွန်ုပ်တို့ ပြစ်တင်ရှုတ်ချပြီး အပြစ်ပေးဖို့ ကြိုးပမ်းနေတဲ့ ဒီမကောင်းမှုအစုစုဟာ အလွန်တရာ စနစ်တကျ ကြံစည်ထားခြင်း၊ အလွန်တရာ ယုတ်မာကောက်ကျစ်ခြင်းနဲ့ အလွန်တရာ ပျက်စီးဆုံးရှုံးစေခြင်းတို့ကြောင့် လူ့ယဉ်ကျေးမှုအရ ဒါတွေကို လျစ်လျူရှုထားဖို့ ခွင့်မပြုနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုဖြစ်ရပ်မျိုး နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားလာခဲ့ရင် လူ့ယဉ်ကျေးမှုဟာ ဆက်လက်ရှင်သန်နိုင်တော့မှာ မဟုတ်လို့ပါပဲ။ စစ်ပွဲမှာ အောင်ပွဲခံထားပြီး နာကျင်စရာ ဒဏ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ အင်အားကြီးလေးနိုင်ငံဟာ လက်စားချေလိုတဲ့ စိတ်ကို ထိန်းချုပ်ပြီး၊ သူတို့ဖမ်းဆီးရမိထားတဲ့ ရန်သူတွေကို ဥပဒေရဲ့ စီရင်ဆုံးဖြတ်မှုအောက်မှာ စနစ်တကျ တရားစွဲဆိုခြင်းဟာ အင်အား က ကျိုးကြောင်း ဆင်ခြင်နိုင်မှု ကို ပေးအပ်ခဲ့တဲ့ အထူးခြားဆုံး ဂုဏ်ပြုမှုတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်'။"
ထို့နောက် တရားလိုဘက်မှ နာဇီများသည် ကျူးကျော်စစ်ကို ဆင်နွှဲခဲ့ကြ ကြောင်း သက်သေပြဖို့ ကြိုးပမ်းခဲ့ကြသည်။ ယခုခေတ်တွင်တော့ ထင်ရှားလှသည့် အချက်ဖြစ်သော်လည်း ထိုအချိန်က တရားစီရင်ရေး လုပ်ထုံးလုပ်နည်းအရရော ဥပဒေကြောင်းအရရော ခိုင်လုံသည့် သက်သေအထောက်အထားများ လိုအပ် နေ၍ ဖြစ်သည်။
တရားလိုရှေ့နေများက သွေးထိုးလှုံ့ဆော်မှုမရှိဘဲ သြစတြီးယားနိုင်ငံကို ကျူးကျော်ခဲ့သည့် အထောက်အထား များကို တင်ပြခဲ့ကြသည်။ ထို့နောက် သီတင်းပတ် အနည်းဆုံး နှစ်ပတ်ခန့် ချက်ကိုစလိုဗက်ကီးယား၊ ပိုလန်၊ ဒိန်းမတ်၊ နော်ဝေး၊ ဘယ်လ်ဂျီယံ၊ ဟော်လန်၊ လူဇင်ဘတ်၊ ဂရိ၊ ယူဂိုဆလားဗီးယားနှင့် ဆိုဗီယက်ယူနီယံတို့ကို ကျူးကျော်ခဲ့သည့် အထောက်အထား စာရွက်စာတမ်း များကို ဆက်တိုက် ဆိုသလို တင်ပြခဲ့ကြသည်။
ထိုသို့ စာရွက်စာတမ်း အထောက်အထားများ နှင့် ရှည်လျားစွာ တင်ပြလာသည့် အတွက် ငြီးငွေ့စရာ ကောင်းလာရသည်။ အမျိုးမျိုးသော ရုံးစာများ၊ ဆက်သွယ်ရေး မှတ်တမ်းများကို တစ်နာရီပြီး တစ်နာရီ အချိန်အကြာကြီး ဖတ်ပြနေသည့် အတွက် သတင်းမီဒီယာ သမားများ အုပ်စုလိုက် ထွက်သွားကြတော့သည်။
နာဇီအစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုများကို လူထုက သိရှိနားလည်လာအောင် ပညာပေးဖို့ဆိုသည့် ရည်မှန်းချက်သည် ယခုလို စာရွက်စာတမ်းများ အပေါ် အလွန်အကျွံ အားကိုးနေမှုကြောင့် ပျက်ပြားသွားမည်ကို မဟာမိတ်နိုင်ငံများက စိုးရိမ်လာကြသည်။
တရားလိုရှေ့နေများကလည်း တရားစီရင်မှု ဖြစ်စဉ်ကို ပိုပြီး စိတ်ဝင်စားစရာကောင်းလာအောင် တစ်ခုခု လုပ်ရ တော့မည် ဆိုသည်ကို သဘောတူခဲ့ကြသည်။ အဖြေကတော့— ရုပ်ဝတ္ထုသက်သေများ နှင့် လူကိုယ်တိုင် လာရောက်ထွက်ဆိုမည့် သက်သေများကို ပိုပြီး အလေးထား အသုံးပြုဖို့ ဖြစ်လာသည်။
တရားလိုဘက်က ဒုတိယအဆင့် အဖြစ် သက်သေ ပြ ဖို့ ရည်ရွယ်လာသည်က နာဇီများ၏ ကျေးကျွန်သဖွယ် ခိုင်းစေမှုနှင့် အကျဉ်းစခန်း များ အကြောင်းဖြစ်သည်။ ထိုအဆင့် တွင် တင်သွင်းလာခဲ့သည့် များက ကြည့်ရှု နားထောင်ဖို့ပင် အတော်လေး စိတ်မသက်မသာ ဖြစ်စရာကောင်းလှသည်။
ဥပမာအားဖြင့် - အမေရိကန်၏ တင်ပြကွက် အမှတ် ၂၅၃ တွင် ဘူကင်ဝေါလ်ဒ် အကျဉ်းစခန်း အုပ်ချုပ်ရေးမှူး၏ ဇနီး အီလ်ဆာ ကို့ခ် အတွက် ဆေးမင်ကြောင် များ ပါသည့် အကျဉ်းသားများ၏ လူရေခွံတွေကို နယ်ဖတ်သိမ်းဆည်း ပေးထားရသည့် အကြောင်း ဖြစ်သည်။ မစ္စစ်ကို့ခ်သည် ထို လူသားအရေခွံများကို သူမ အိမ်အတွက် မီးအိမ်စွပ်များနှင့် တခြား အိမ်သုံးပစ္စည်းများအဖြစ် ပြုလုပ်ရသည်ကို ဝါသနာပါသူ ဖြစ်သည်။
ထို့နောက် တရားလိုဖက်က အမေရိကန် ပြကွက် အမှတ် ၂၅၄ ကို ဆက်လက်တင်သွင်းခဲ့သည်။ ထိုပြကွက် တွင် ကွပ်မျက်ခံခဲ့ရသည့် ပိုလန်လူမျိုးတစ်ယောက်၏ ဦးခေါင်းအား လက်သီးဆုပ်အရွယ်အစားလောက်ရှိ အောင် "ကျုံ့အောင်လုပ်ထားသည့် လူခေါင်းပြတ်" ဖြစ်ပြီး၊ ယင်း ကို ကို့ခ်က ၎င်း၏ စားပွဲ တွင် စက္ကူဖိတုံး အဖြစ် အသုံးပြုခဲ့သည်။
ဒီဇင်ဘာလနှောင်းပိုင်းတွင် တရားလိုဘက်မှ SS နှင့် ဂတ်စတာပို အပါအဝင် အမျိုးမျိုးသော နာဇီအဖွဲ့အစည်းများသည် ရာဇဝတ်မှုကျူးလွန်သည့် အဖွဲ့အစည်းများဖြစ်ကြောင်း သက်သေပြရန် အထောက်အထားများကို စတင်တင်သွင်းခဲ့သည်။ တင်သွင်းလာသော အထောက်အထားအချို့ကြောင့် တရားခွင်သို့ လာရောက်နားထောင်သူများထံမှ အလန့်တကြား အော်ဟစ်သံများနှင့် ရှိုက်သံများ ထွက်ပေါ်လာခဲ့သည်။
ဗြိတိသျှ တရားလိုတစ်ဦးသည် SS အဖွဲ့၏ ရာဇဝတ်မှုများကို သက်သေပြရန်အတွက် ဒါချောင် (Dachau) အကျဉ်းစခန်းတွင် အကျဉ်းသားများအပေါ် ဆေးပညာဆိုင်ရာ စမ်းသပ်မှုများ ပြုလုပ်ခဲ့သည့် ဆေးပညာပါမောက္ခ ဒေါက်တာ စစ်ဂမန် ရာရှာ ၏ ကျမ်းကျိန်ထွက်ဆိုချက်ကို ဖတ်ကြားခဲ့သည်။ ထိုကျမ်းကျိန်လွှာတွင် အေးခဲနေသော မြောက်ပင်လယ် ရေပြင်အတွင်းမှ ဂျာမန်လေယာဉ်မောင်း များကို မည်သည့်နည်းလမ်းဖြင့် ဆယ်ယူ ကယ်တင်ရမည်ကို သိရှိနိုင်ရန် လုပ်ဆောင်ခဲ့သည့် စမ်းသပ်ချက်တစ်ခုအကြောင်းကို ဖော်ပြထားသည်။
အဆိုပါ ကျမ်းကျိန်လွှာတွင် ဖော်ပြထားသည်မှာ - ရာရှာ သည် အကျဉ်းသားများအား အဝတ်အစားများ အကုန်ချွတ်ခိုင်းပြီးနောက် အလွန်အေးခဲနေသော ရေကန်များထဲသို့ ပစ်ချရန် အမိန့်ပေးခဲ့သည်။ ရေကန်ထဲသို့ ရေခဲတုံးကြီးများကို ထပ်မံထည့်သွင်းခဲ့ပြီး၊ အလုပ်သမားများက သတိလစ်မေ့မြောနေသော အကျဉ်းသားများ၏ စအိုအတွင်းသို့ အပူချိန်တိုင်းကိရိယာ များကို အကြိမ်ကြိမ် ထိုးထည့်ခဲ့ကြသည်။ ထို့နောက် အပူပေးသည့် နည်းလမ်းလေးမျိုးအနက် မည်သည့်နည်းလမ်းက အကောင်းဆုံးဖြစ်မည်ကို သိရှိနိုင်ရန် အကျဉ်းသားများကို ရေကန်ထဲမှ ပြန်လည်ဆယ်ယူခဲ့ကြသည်။
စမ်းသပ်သူများသည် အကျဉ်းသား အများစုကို ရေပူကန်၊ ရေနွေးကန် သို့မဟုတ် ရေကြက်သီးနွေးကန်များထဲသို့ ထည့်ခဲ့ကြသည်။ အကျဉ်းသား လေးပုံတစ်ပုံကိုမူ အဝတ်ဗလာဖြင့် ရှိနေသော အမျိုးသမီး အကျဉ်းသူများ၏ ခန္ဓာကိုယ်များဘေးတွင် ထားရှိခဲ့သည်။ ရေပူဖြင့် အမြန်ဆုံး အပူပေးခြင်းသည် သတိပြန်လည်လာစေရန် အထိရောက်ဆုံးနည်းလမ်း ဖြစ်သည်ဟု အဆိုပါကျမ်းကျိန်လွှာတွင် မှတ်တမ်းတင်ထားသည်။ သို့သော်လည်း ရာရှာ၏ ထွက်ဆိုချက်တွင်မူ အဆိုပါစမ်းသပ်မှုတွင် အသုံးပြုခဲ့သည့် အကျဉ်းသား အများစုမှာ အကြောဆွဲ ပြီး သေဆုံးသွားခဲ့ကြသည်ဟု ဖော်ပြထားသည်။
၁၉၄၆ ဇန်နဝါရီလ တွင် တော့ အကျဉ်းစခန်းကနေ အသက်မသေဘဲ လွတ်မြောက်လာခဲ့ကြသူ များမှ ၎င်းတို့ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကို တစ်ယောက်ပြီးတစ်ယောက် သက်သေထွက်ဆိုခဲ့ကြသည်။ ထို သက်သေထွက်ဆိုချက်များသည် အလွန်ကို ထိရောက်ပြီး သြဇာသက်ရောက်မှု ရှိလှသလို၊ ကြားရသူအပေါင်းလည်း အသည်းနှလုံး ကြေကွဲမတတ် ခံစားခဲ့ကြရသည်။
တရားခွင်ကို လာရောက်နားထောင်သူများမျက်ရည် မဆည်နိုင် ဖြစ်ခဲ့ကြသည်။ သက်သေတစ်ဦးဖြစ်သည့် အသက် ၃၃ နှစ်အရွယ် ပြင်သစ်အမျိုးသမီးတစ်ဦးသည် ၁၉၄၂ ခုနှစ် တွင် ပြင်သစ်နိုင်ငံ မှ အောက်ရှဝစ်ဇ် အကျဉ်းစခန်းဆီကို ရထားနှင့် ခေါ်ဆောင်ခြင်း ခံခဲ့ရသည်။ သူမသည် အကျဉ်းစခန်းကို ရောက်ရောက်ချင်း မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းကို ယခုလို ဖော်ပြခဲ့သည်။
နာဇီစစ်သားများသည် ကျွန်အဖြစ် ခိုင်းစေမည့် လူများနှင့် အဆိပ်ငွေ့ခန်းထဲပို့ပြီး အသတ်ခံရမယ့်သူ များကို ခွဲထုတ်နေသည့် အချိန်တွင်၊ နာဇီ တီးဝိုင်းတစ်ခုက ပျော်ရွှင်စရာ တေးသံများကို တီးခတ်ပေးနေခဲ့ပုံကို သူမက ပြောပြခဲ့သည်။ ထို့အပြင် “ကြောက်မက်ဖွယ်ကောင်းတဲ့ အော်ဟစ်သံတွေကြောင့် နိုးလာခဲ့ရတဲ့” ညတစ်ည အကြောင်းကိုလည်း သက်သေထွက်ဆိုခဲ့သည်။ နောက်တစ်နေ့မှာပဲ ညက ကြားခဲ့ရသည့် အော်သံ ဟစ်သံများ၏ အကြောင်းရင်းကို သိခဲ့ရသည်။
“နာဇီတွေမှာ အဆိပ်ငွေ့တွေ ကုန်သွားတာကြောင့် ကလေးငယ်တွေကို မီးဖိုတွေထဲ အရှင်လတ်လတ် ပစ်ထည့်ခဲ့ကြတယ်ဆိုတာကို ကျွန်မတို့ သိလိုက်ရပါတယ်” ဟု သူမက ရှင်းပြခဲ့သည်။
၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီလ တရားစွဲဆိုမှုများ ပြီးဆုံးခါနီးတွင် ဆိုဗီယက် တရားလိုများက “ဂျာမန်ဖက်ဆစ် ကျူးကျော်သူတို့၏ ရက်စက်ကြမ်းကြုတ်မှုဆိုင်ရာ မှတ်တမ်းအထောက်အထားများ” အမည်ရှိ ရုပ်ရှင်မှတ်တမ်းတစ်ခုကို တင်သွင်းခဲ့သည်။
ထိုရုပ်ရှင်တွင် သိမ်းဆည်းရမိထားသော ဂျာမန်တို့၏ ရုပ်သံမှတ်တမ်းများ အဓိကပါဝင်ပြီး နာဇီတို့၏ ရက်စက်မှုများကို ရုရှားဘာသာဖြင့် နောက်ခံစကားပြောကာ ပြသထားခြင်း ဖြစ်သည်။ အခန်းတစ်ခုတွင်မူ ကောင်လေးတစ်ဦးသည် သူ၏ ချစ်စရာ အိမ်မွေးချိုးငှက်လေးကို SS အရာရှိထံသို့ မပေးလိုသဖြင့် သေနတ်ဖြင့် အပစ်သတ်ခံရပုံကို ပြသထားသည်။ အခြားအခန်းတစ်ခုတွင်မူ အဝတ်အစားများ ချွတ်ခိုင်းထားခြင်းခံရသော အမျိုးသမီးများကို ကျုံးတစ်ခုအတွင်းသို့ အတင်းအကျပ် ဆင်းခိုင်းပြီးနောက်၊ ဂျာမန်စစ်သားများက ကင်မရာကိုကြည့်ကာ ပြုံးရယ်လျက် ထိုအမျိုးသမီးများကို အိပ်ခိုင်း၍ ပစ်သတ်နေကြသည်ကို တွေ့မြင်ရသည်။
၁၉၄၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် တရားလိုဘက်မှ အမှုစစ်ဆေးခြင်းများကို ရပ်နားခဲ့သည်။ သက်သေပေါင်း ၃၃ ဦး၏ ထွက်ဆိုချက်များနှင့် ရာနှင့်ချီသော သက်သေခံအထောက်အထားများကို တင်သွင်းပြီးနောက်တွင်မူ၊ ဥရောပတိုက်အတွင်း၌ "လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ" ရှိခဲ့သည်ဆိုသည့် အချက်ကို မည်သူမျှ ငြင်းကွယ်နိုင်ခြင်း မရှိတော့ပေ။ သို့သော်လည်း ယခုအခါတွင်မူ တရားခံရှေ့နေများဘက်မှ ၎င်းတို့၏ အမှုကို ပြန်လည်ခုခံချေပရမည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။