ရေဆုံး မြေဆုံး အမဲလိုက် ခံရသော နာဇီ ခေါင်း ‌ဆောင် များ(19)

by Hla Soewai - Feb 16 2026

ဗီစလီဆီနီ ထိုသို့ ထွက်ဆိုနေသည့် SS အရာရှိကြီးသည် နုရင်ဘတ် ခုံရုံး နှင့် အရှေ့ဖက် မိုင် သုံးဆယ် ခန့် အကွာ အမေရိကန် စစ်သုံ့ပန်း စခန်း တခု တွင် ထိမ်းသိမ်း ခံထားရပြီး ဖြစ်နေသည်။ ထိုပုဂ္ဂိုလ်သည် ခံစားချက် ကင်းမဲ့လှသည့် ၎င်း၏ အမူအရာကြောင့် တချိန်က "ရေခဲတုံးကြီး' ဟု တင်စား ခေါ်ဝေါ် ခံရသူ ဖြစ်သည်။ သို့သော် ထိုလူသတ်ကောင်ကြီးသည် ဖမ်းဆီးခံထားရသည့် ခုနှစ်လတာ အတွင်း ၎င်း သည် အဒေါ့ဖ် အိုက်ခမန်း ဖြစ်သည်ကို မရိပ်စားမိအောင် နာမည် အသစ် နှင့် နေသွားနိုင်ခဲ့သည်။

 

အဒေါ့ဖ် အိုက်ခ်မန်း သည် အရပ် ၅ ပေ ၉ လက်မ ရှိပြီး ရုပ်ရည် အားဖြင့်လည်း သာမန် သူလို ငါလို ပင် ဖြစ်သည်။ ကြွက်သားအမြှောင်းမြှောင်းနဲ့ သန်မာထွားကြိုင်းနေသည် မျိုးလည်း မဟုတ်၊ မျက်လုံးထဲ တွင် လည်း ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်မျိုးလည်း မတွေ့ရ၍လည်း ထိုကဲ့သို့ လူမျိုးသည် လူသတ်သမားတစ်ယောက် ဖြစ်နိုင်သည်ဟု ပြောမည်ဆိုက ကြားရသူ အဖို့ ရယ်စရာ ကောင်းလှပြီး ယုံနိုင်စရာမရှိ ဖြစ်နေကြမည်သာ ဖြစ်သည်။ 

 

သူသည် လူလတ်ပိုင်းထဲ ရောက်နေသည့် ရိုးရိုးစင်းစင်း လူတယောက် ပုံစံမျိုးသာ ဖြစ်သည်။ နဖူးပြောင်စပြုနေပြီး မျက်နှာတွင်လည်း နားလည်ရခက်သည့် အပြုံးတစ်ခု ရှိနေတတ်သည်။ ထို့ကြောင့်လည်း စစ်အတွင်း SS တပ်ဖွဲ၏ ဒုတိယဗိုလ် တစ်ယောက်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်ဟု ၎င်း၏ အပြောကို အမေရိကန် များဘက်ကလည်း မယုံကြည်စရာ အကြောင်းမရှိ ဟု ယူဆခဲ့ကြခြင်းလည်း ဖြစ်သည်။

 

၎င်းကိုယ်၎င်း အော်တို အက်ခ်မန်း ဟု အမည်လွှဲပြီး ဘေးကင်းလုံခြုံစွာနဲ့ လူမသိသူမသိ ပုန်းအောင်းနေခဲ့သမျှသည် ဗီစလီဆီနီ မှ တရားရုံးတွင် ထွက်ဆိုလိုက်သည့် အချိန်မှာပင် ချက်ချင်းဆိုသလို ကွယ် ပျောက် သွားခဲ့ရပြီးအလိုရှိဆုံး ရာဇဝတ်သား အဖြစ် ရောက်ရှိသွားခဲ့သည်။ 

 

ဗီစလီဆီနီ၏ ထွက်ဆိုချက် ကြောင့် အလန့်တကြား ဖြစ်လာကြသော အမေရိကန် ကြည်းတပ်၏ စစ်ရာဇဝတ်မှု ဆိုင်ရာ ဌာန မှ အိုက်ခမန်းအား ၎င်းတို့ ၏ အကျဉ်းသား ဖြစ်နေသည် ကို မသိရှိဘဲ ဂျာမဏီ တနိုင်ငံလုံး အနှံ့ ပိုက်စိတ်တိုက် ရှာဖွေလာကြသည်။

 

ထိုသို့ သော အချိန် ရောက်လာမည်ကို အိုက်ခမန်းသည် ကာလကြာမြင့်စွာကပင် တွက်ဆထားခဲ့ပြီး ဖြစ်သည်။ SS ၏ အောင်မြင်မှု များ အထွပ်အထိတ်သို့ ရောက်နေချိန် မှာပင် ၎င်းအား ဓါတ်ပုံ အရိုက်ခံခွင့် မပြုခဲ့သည်က များသည်၊ ထို့အတွက် နာဇီ မုဆိုးများအဖို့ ၎င်း ဘယ်ရောက်၍ ဘယ်ပျောက်နေမှန်း မသိယုံမက ရုပ်အသွင် အပြင် မည်သို့ ရှိမည်ကိုပင် ရေရေရာရာ မသိရှိကြပေ။

 

လျို့ဝှက် ဖွဲ့စည်းထား‌ သော နာဇီ ကွန်ယက် ကြီးမှ တဆင့် ၎င်း အတွက် အသက်အန္တရာယ် ကျ‌ ရောက်လာနေပြီ ဆိုသည်ကို သိရှိ လာပြီး နောက် နှစ်ရက်ခန့် အကြာတွင် အိုဘာဒက်စတက်တင် ရှိ အမေရိကန် စစ်သုံ့ပန်းစခန်းမှ ထွက်ပြေး သွားခဲ့သည်။ အသက်အားဖြင့် အသက် လေးဆယ် ပြည့်ဖို့ နှစ်လ ခန့်သာ လိုတော့သည့် အချိန်လည်း ဖြစ်၍ နာဇီ မုဆိုးများ လက်မှ လွတ်အောင် ရှောင်တိမ်း နိုင်မည် ဆိုက ရှေ့လျောက် အသက်ရှည်ရှည် နေသွားနိုင်မည် ဖြစ်သည်။

 

အမှန် အားဖြင့် အိုက်ခမန်းသည် တဦးတယောက် ကိုမျှ ကိုယ်တိုင် ကိုယ်ကျ သတ်ဖြတ်ခဲ့ခြင်း မရှိပေ။ ထို့အတွက်လည်း နောက်ပိုင်း တွင် သတ်ဖို့နေနေသာသာ လက်ဖျားနှင့် ပင် မတို့ဖူးဘူးဟု ပြောလာနိုင်သည်။

 

အိုင်းခ်မန်း၏ အခန်းကဏ္ဍသည် သတ်သည်ထက်ပင် ပို၍ပင် ယုတ်မာကောက်ကျစ်လှသည်။ 

 

၁၉၃၃ တွင် နာဇီဆန့်ကျင်ရေးသမားများကို လူထု ကြားမှ ဖယ်ထုတ်ပစ် ရန် အတွက် လူအများ အပြား တစုတ ဝေး ထဲ ချုပ် နှောင်ထားသည့် အကျဉ်းစခန်း များ တွေကို စတင်တည်ထောင်လာခဲ့သည်။ စစ်ပွဲစတင်လာချိန် တွင် တော့ ဂျူးလူမျိုးများကို သီးခြားခွဲထုတ်ထားနိုင်ရန် အတွက် 'ဂတ်တို' (Ghetto) ဟု ခေါ်သည့် လူနေရပ်ကွက်ပေါင်း တစ်ထောင်ကျော်ကို စနစ်တကျ တည်ဆောက်ခဲ့သည်။ မိသားစုများကို နေအိမ်များမှ အကျပ်ကိုင်ဖယ်ရှားပြီး ကျဉ်းမြောင်းညစ်ပတ်လှသည့် ဂတ်တို များထဲတွင် စုပြုံ ထားပြီး အနီးကပ် စောင့်ကြည့်ချုပ်ကိုင် ထားခဲ့ကြသည်။

 

ဂတ်တိုသည် အီတလီ စကား ဖြစ်ပြီး ၁၆ ရာစု နှစ်အတွင်း ဗင်းနစ်တွင် ဂျူးများ စုဝေး နေထိုင်သည့် အရပ်ကို ခေါ်ဆိုခဲ့ကြရာ မှ အစပြုခဲ့ခြင်း ဖြစ်သည်။

 

ပထမဆုံးသော ဂတ်တို ကို ၁၉၃၉ ခုနှစ်၊ အောက်တိုဘာလတွင် ပိုလန်အလယ်ပိုင်းရှိ ပီယော့ထ်ကော့ဗ် ထရိုင်ဗျူနယ်စကီး မြို့၌ တည်ဆောက်ခဲ့သည်။ ဂျာမနီနိုင်ငံအတွင်း၌မူ ဂတ်တိုများ လုံးဝ မပြုလုပ်ခဲ့သော်လည်း၊ ဂျာမန်စစ်တပ်က နယ်မြေများကို တစ်စထက်တစ်စ ပိုမိုသိမ်းပိုက်လာသည်နှင့်အမျှ ဂတ်တိုများသည် ပိုလန်တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး နောက်ဆုံးတွင် ဆိုဗီယက်ယူနီယံအထိပင် ရောက်ရှိခဲ့သည်။

 

ဝါဆော တွင် ရှိ အကြီးဆုံးဂတ်တိုသည် ၁.၂ စတုရန်းမိုင်သာကျယ်ပြီး ဂျူးလူမျိုး လေးသိန်းကျော်လောက်ကို အတင်းအကျပ် စုပြုံပိတ်လှောင်ထားခဲ့ခြင်း ဖြစ်သည်။ ထိုမျှ လောက် အထိ လူဦးရေထူထပ်ပြီး ကျပ်ညပ်နေသည့်အတွက် ထိုနေရာသည် နာဇီအုပ်ချုပ်မှုကို တော်လှန်ပုန်ကန်ဖို့ ကြံစည်ရာ ဗဟိုချက်မ ဖြစ်လာခဲ့သည်မှာလည်း အံ့ဩစရာတော့ မဟုတ်ပေ။

 

၁၉၄၁ ဇူလိုင် လ မှစ၍ SS သည် ၎င်းတို့ သိမ်းပိုက် ရရှိလာသည့် ဆိုဗီယက် ပြည်ထောင်စု ၏ နယ်မြေ များ တွင် နေထိုင်ကြသော ဂျူးများကို စနစ်တကျ စတင် သတ်ဖြတ်လာခဲ့ကြသည်။

 

ဝမ်ဆီး ညီလာခံ

 

သို့သော်လည်း လူပေါင်းတစ်သန်းကို အဆိပ်ငွေ့လွှတ်၍၎င်း၊ သေနတ်ဖြင့်ပစ်၍၎င်း သတ်ဖြတ်ခဲ့သည့် "နယ်လှည့်သေမင်းတမန်အဖွဲ့များ" (Mobile Death Squads) သည် ထိရောက်မှုမရှိဟု ယူဆလာကြသည်။ ထို့ကြောင့် ၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဘာလင်မြို့ဆင်ခြေဖုံးရှိ ဝမ်စီး အရပ်၌ နာဇီပါတီ၏ ထိပ်တန်းအရာရှိကြီးများ စုဝေးခဲ့ကြသည်။ ယင်းသို့စုဝေးရခြင်းမှာ ဂျာမနီနှင့် ဥရောပတစ်ခွင်ရှိ ဂျူးလူမျိုးများကို အစုလိုက်အပြုံလိုက် အပြီးတိုင် သုတ်သင်ရှင်းလင်းရေးဆိုင်ရာ တရားဝင်မူဝါဒကို ပေါင်းစပ်ညှိနှိုင်းရန်အတွက် ဖြစ်သည်။

 

ထိုမှတဆင့် "နောက်ဆုံး ဖြေရှင်းချက်" Final Solution ဟူ၍ ထွက်ပေါ်လာခဲ့သည်။ ထို အစီအစဉ် အသစ် ကို SS တပ်ဖွဲ့များကပင် ဆက်လက်တာဝန်ယူ ကိုင်တွယ်ခဲ့သည်။ ဤအဆင့်တွင် ကျေးကျွန်သဖွယ် ခိုင်းစေခြင်းဖြင့် တဖြည်းဖြည်းချင်း သေဆုံးစေမည့်အစား၊ သတ်ဖြတ်ရန် သက်သက်အတွက်သာ ရည်ရွယ်တည်ဆောက်ထားသော "သေမင်းတမန်စခန်းများ" Death Camps ကို တည်ထောင်လာခဲ့သည်။ 

 

ဂျူးလူမျိုးများကို ဂတ်တို များအတွင်းမှ ဖမ်းဆီးစုမိပြီးနောက်၊ ကျွဲနွားများတင်သည့် ရထားတွဲများအတွင်းသို့ အတင်းအကျပ် ပိတ်လှောင်ကာ ထို သေမင်းတမန် စခန်းများဆီသို့ ပို့ဆောင်ခဲ့ကြသည်။ စခန်းများသို့ ရောက်ရှိလာသည်နှင့် ၎င်းတို့သည် အဆိပ်ငွေ့လွှတ်၍သော်၎င်း၊ သေနတ်ဖြင့် ပစ်သတ်၍ သော်၎င်း သတ်ဖြတ်ခြင်း ခံကြရသည်၊ သို့မဟုတ် ပါကလည်း ကျေးကျွန်သဖွယ် ခိုင်းစေခြင်းဖြင့် သေဆုံးသည်အထိ အလုပ်လုပ်ကြရသည်။

 

ဟင်းနရစ်ခ်ျ ဟင်မလား၏ အပြောအရ ဆိုမူ အဒေါ့ဖ် အိုက်ခမန်းသည် ထိုသို့ အတင်းအကျပ် ပို့ဆောင် ‌ပေးမှု တွင် အားလုံးက လက်ခံလာရသည်အထိ "မာစတာ" တဦး ဖြစ်သည်။ ဂျုးများကို လိုက်လံ ဖမ်းဆီးသည်ကိုပင် ငါးဖမ်းရသလို သဘောထားသူ ဖြစ်သည်။ ဂျုးများကိုသေမင်းတမန် စခန်းများ ဆီ သွားမည့် ရထားများ ပေါ်သို့ ငပိသိပ် ငါးချဉ်သိပ် တင်ပို့ နိုင်ရန် ပြင်သစ်၊ ဘဲလ်ဂျီယံ တကြော ဂျုးလူမျိုး ယောက်ျား၊ မိန်းမ၊ ကလေးများ ပါ မကျန် ပိုက်စိပ်တိုက် လိုက်လံ ရှာဖွေ နေသူ ဖြစ်သည်။

 

“ဂျူးလူမျိုးတွေကို ကျွန်တော် တို့ အခု လုပ်ခဲ့တဲ့အတိုင်း လုပ်ဖို့လိုအပ်ပြီလို့ ကောက်ချက်ချလိုက်တဲ့အခါမှာတော့၊ လူတစ်ယောက် အနေနဲ့ လုပ်နိုင်သမျှ လုပ်သွားမယ် ဆိုတဲ့ စိတ်မျိုးနဲ့ ကျွန်တော် လုပ်ခဲ့တယ်။ ကျွန်တော်ကိုလည်း ‘နေရာမှန်မှာ လူမှန်ရောက်နေတာပဲ’ လို့ သတ်မှတ်ခဲ့ကြမှာ အသေအချာပဲ” ဟု အိုက်ခမန်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောကြားခဲ့သည်။

 

"ကျွန်တော် စိတ်ဝင်စားတာက ရထား စင်းရေ ဘယ်လောက်များများ ရနိုင်မလဲ ဆိုတာပဲ၊ ရထားပေါ် တင်ပေးရမယ့် လူတွေက ဘဏ်တိုက်က ဒါရိုက်တာ ဖြစ်ဖြစ်၊ ရူးနေတဲ့ လူပဲ ဖြစ်ဖြစ် ကျွန်တော် အတွက် ဘယ်လိုမှ မနေဘူး" ဟု လည်း ပြောခဲ့သည်။

 

၁၉၄၄ တွင် ဟန်ဂေရီ တွင် ဂျုးများ မထိမတို့ရသေးဘဲ ကျန်နေသည်ကို သိလာသည့် အခါတွင်တော့ ဟင်းမလားက "အဲ့ဒီကို ငါတို့ရဲ့ မာစတာ ကြီးကို လွှတ်လိုက်" ဟု အမိန့်ပေးခဲ့ဖူးသည်။

 

ဂျာမန်တို့ သိမ်းပိုက်ထားသော နယ်မြေများအတွင်း ဟန်ဂေရီဂျူးလူမျိုး ရှစ်သိန်းခန့်သည် နောက်ဆုံးကျန်ရှိနေသည့် အကြီးဆုံးသော ဂျူးလူ့အဖွဲ့အစည်း ဖြစ်ခဲ့သည်။ မဟာဂျာမနီအင်ပါယာ Third Reich ၏ "ဂျူးလူမျိုးဆိုင်ရာ ပြဿနာများကို ဖြေရှင်းမည့် ကျွမ်းကျင်သူ" အဖြစ် အိုက်ခ်မန်းသည် ထိုတာဝန်ကို အားပါတရ ထမ်းရွက်လေတော့သည်။

 

သူသည် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပင် ဂျူးအမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ် စုစုပေါင်း ငါးသိန်းကျော်ကို ဖမ်းဆီးပြီး သေမင်းတမန်စခန်း များသို့ ပို့ဆောင်ရန် စုစည်းနိုင်ခဲ့သည်။ ထိုသူများအနက် အများစုမှာ စခန်းသို့ ရောက်ရောက်ချင်းမှာပင် အဆိပ်ငွေ့ဖြင့် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ စစ်ပွဲအပြီးတွင် ၎င်းတို့အနက် လေးပုံတစ်ပုံသာ အသက်ရှင် လွတ်မြောက်ခဲ့ကြသည်။

 

အော့ရှဝစ်ဇ် ချွေးတပ်စခန်း၏ တပ်မှူး ရုဒေါ့ဖ် ဟော့စ် က အိုက်ခ်မန်း ၏ အခြေအနေကို ဖော်ပြရာတွင် အံ့ဩတကြီးဖြင့် ဤသို့ဆိုခဲ့သည် -

“သူ့ရဲ့ တာဝန်အပေါ်မှာ လုံးဝ စိတ်စွဲလန်းနေသူဖြစ်ပြီးတော့ ဒီလိုမျိုး မျိုးဖြုတ်သတ်ဖြတ်မှုဟာ ဂျာမန်လူမျိုးတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် မဖြစ်မနေ လိုအပ်တယ်လို့လည်း ယုံကြည်နေသူ ဖြစ်တယ်။ အရှေ့ဘက်ဒေသက ဂျူးလူမျိုးတွေရဲ့ မျိုးရိုးဗီဇ အခြေခံအမြစ်ကိုပါ အပြီးတိုင် သုတ်သင်ခြေမှုန်းနိုင်ခဲ့မယ်ဆိုရင် ဂျူးလူမျိုးထုတစ်ရပ်လုံးဟာ အဲဒီလို အထိနာသွားတဲ့ ဒဏ်ကနေ ဘယ်တော့မှ နာလန်ထူနိုင်မှာ မဟုတ်ဘူးလို့ သူက ယူဆထားတာပါ။”

 

သို့သော်လည်း SS အရာရှိ ဖြစ်သူ အိုက်ခမန်းသည် သေနတ်မောင်းတံကို ကိုယ်တိုင် ဆွဲခဲ့ခြင်းလည်းမရှိ၊ အဆိပ်ငွေ့ခလုတ်ကို ကိုယ်တိုင် နှိပ်ခဲ့ခြင်းလည်း မရှိသောကြောင့် သူသည် လူတစ်ယောက်ကိုမျှ ကိုယ်တိုင် မသတ်ခဲ့ဖူးဟူသော အတွေးဖြင့် သူ့ကိုယ်သူ နှစ်သိမ့်နေခဲ့သည်။ ပို၍ အံ့ဩစရာကောင်းသည်မှာ မကြာခဏ အိမ်ထောင်ရေး ဖောက်ပြန် ခဲ့သော အိုက်ခမန်း အပေါ် အမြဲလို ချစ်ခင်နေသည့် ဇနီးသည် ဗီရာ က သူမ၏ ခင်ပွန်းသည် စစ်ပွဲတလျှောက်လုံး စာရွက်စာတမ်းများနှင့်သာ အလုပ်ရှုပ်နေသည့် အောက်ခြေအဆင့် ဗျူရိုကရက် တစ်ယောက်ထက် မပိုခဲ့ဟု အခိုင်အမာ ပြောဆိုနေခြင်းပင် ဖြစ်သည်။

 

***********************************