ချေ ၏ ပြောက်ကျားစစ် လက်စွဲ(27)

by Hla Soewai - Feb 16 2026

ဤကဲ့သို့သော စစ်ပွဲမျိုးတွင် တိုက်ရိုက်မဟုတ်သော တိုက်ခိုက်ရေးသမားများ၊ တစ်နည်းဆိုသော် လက်နက်ကိုင်ဆောင်ထားခြင်း မရှိသူများ၏ တာဝန်ဝတ္တရားများသည် အလွန်တရာ အရေးကြီးပေသည်။ တိုက်ပွဲဖြစ်ပွားရာ ဒေသများအတွင်း အဆက်အသွယ်ပြုလုပ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၏ အင်္ဂါရပ်အချို့ကို ဖော်ပြခဲ့ပြီးဖြစ်သည်။ သို့သော် ဤလုပ်ငန်းစဉ်သည် ပြောက်ကျားအဖွဲ့အစည်းအတွင်း၌ သီးခြားရပ်တည်သည့် အဖွဲ့အစည်းယန္တရား Institution တစ်ခုသဖွယ် ရှိနေသည်။

 

အဝေးဆုံးတွင်ရှိသော ကွပ်ကဲမှုဌာနချုပ် သို့မဟုတ် အဝေးဆုံးရှိ ပြောက်ကျားစစ်ကြောင်းများအထိ အဆက်အသွယ်များကို ချိတ်ဆက်ထားရမည်။ ထိုသို့ ချိတ်ဆက်ရာတွင် သတင်းစကားများကို ထိုဒေသအတွင်း အမြန်ဆုံးနည်းလမ်းဖြင့် ပေးပို့နိုင်ရမည် ဖြစ်သည်။ ၎င်းဒေသသည် ရန်သူအား အလွယ်တကူ ခုခံကာကွယ်နိုင်သော မြေမျက်နှာသွင်ပြင် ကောင်းသည့်နေရာ ဖြစ်စေ၊ သို့မဟုတ် မြေမျက်နှာသွင်ပြင် မကောင်းသည့်နေရာ ဖြစ်စေ အဆိုပါ ဆက်သွယ်ရေးစနစ်ကို ခိုင်မာအောင် တည်ဆောက်ထားရမည်။

 

မြေမျက်နှာသွင်ပြင် မကောင်းသောဒေသ သို့မဟုတ် ရန်သူ စိုးမိုး နယ်‌ မြေ များတွင် လှုပ်ရှားနေရသည့် ပြောက်ကျားအဖွဲ့တဖွဲ့သည် မိမိတို့ အခိုင်အမာ ခုခံကာကွယ်ထားနိုင်သည့် စစ်စခန်းများအတွင်းရှိ ရေဒီယိုဆက်သွယ်ရေးစနစ်များမှလွဲ၍ ကျန်ရှိသော ခေတ်မီဆက်သွယ်ရေးစနစ်များဖြစ်သည့် ကြေးနန်း၊ လမ်းပန်း ဆက်သွယ်ရေး စသည်တို့ကို အသုံးပြုနိုင်မည်မဟုတ်ပေ။ အကယ်၍ ထိုသို့သော စက်ပစ္စည်းများ ရန်သူ့လက်ထဲသို့ ကျရောက်သွားပါက လျှို့ဝှက်ကုဒ်များနှင့် လှိုင်းနှုန်း Frequency များကို မဖြစ်မနေ ပြောင်းလဲရမည်ဖြစ်ပြီး၊ ၎င်းမှာ အလွန်တရာ စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းသော အလုပ်တစ်ခု ဖြစ်သည်။

 

ကျွနုပ် ယခု ပြောဆိုနေခဲ့သည့် အကြောင်းများသည် ကျွနုပ်တို့ တိုက်ပွဲ ဝင်ခဲ့သော လွတ်မြောက်ရေး စစ်ပွဲ မှ အတွေ့အကြုံများ ကို အခြေခံထားခြင်း ဖြစ်သည်။

 

ရန်သူ့လှုပ်ရှားမှုအားလုံးအပေါ် နေ့စဉ် တိကျမှန်ကန်စွာ ရရှိထားသည့် သတင်းအချက်အလက်များကို မိမိ တို့၏ ဆက်သွယ်ရေးကွန်ရက်များက ဖြည့်ဆည်းပေးခဲ့သည်။ ထောက်လှမ်းရေး စနစ်တစ်ခုသည် သေချာစွာ လေ့လာဆန်းစစ် ထား‌ သော စနစ်မျိုး ဖြစ်ရမည်၊ စနစ်တကျ ရေးဆွဲထားရမည်၊ ပြီးလျင် တာဝန်ပေးမည့် သူ များကိုလည်း အထူးဂရုစိုက်ပြီး ရွေးချယ်ရမည် ဖြစ်သည်။

 

သူ့လူ ကိုယ့်ဘက်သား မျိုး ရွေးချယ်မိက ကြီးမားစွာ ထိခိုက် ဆုံးရှုံးမှုများ ဖြစ်လာနိုင်သည်။ ထိုသို့ မဟုတ်သည့်တိုင် အန္တရာယ်ကို မှားယွင်းတွက်ချက်ပြီး ချဲ့ကားထာသည့် သတင်း အချက်အလက် များကြောင့်လည်း ထိုကဲ့သို ဖြစ်သွားနိုင် ပြန်သည်။ ရန်သူ့အင်အားကို လျှော့တွက်မိဖို့ ခဲယဉ်း သော်လည်း ကျေးလက်ဒေသရှိ လူများ၏ သဘောသဘာဝ ကိုယ်နိူက်ကပင် သတင်းများကို ပိုပိုသာသာ ပြောတတ်၊ ချဲ့ကားတတ်ကြ၍ ဖြစ်သည်။

 

၎င်းတို့ဖက်က အန္တရာယ်တစ်ခုကို လျှော့တွက်မိဖို့ဆိုသည်က မဖြစ်နိုင်သလောက်ပင်။ ကျေးလက်တောရွာရှိ လူထု၏ သဘာဝက အကြောင်းအရာများကို ပိုပိုသာသာ တွက်တတ်ကြသလို ချဲ့ကားပြောဆိုတတ်သည့် အလေ့အထလည်း ရှိ‌ နေကြသည်။ တစ္ဆေတို့၊ နာမ်လောကသားတို့ ရှိသည် ဆိုသည် မျိုး ကဲ့သို့ အယူသည်းတတ်ကြသော စိတ်အခံ ကြောင့် ရန်သူ့ကင်းလှည့်တပ်ဖွဲ့ သို့မဟုတ် တစ်စိတ် တစိတ် စာလောက် မြင်ခဲ့သည်ကိုပင် ဧရာမ စစ်တပ်ကြီး ချီတက်လာနေပြီဟု ထင်ယောင်ထင်မှား ဖြစ်တတ်ကြသည်။

 

သူလျှို တစ်ယောက်သည် ရန်သူ့မျက်စိထဲတွင် ဘက်မလိုက် ကြားနေသူတစ်ဦးအဖြစ် တတ်နိုင်သမျှ ပေါ်လွင်နေရမည်။ လွတ်မြောက်ရေး အင်အားစု များ နှင့် မည်သို့မျှ ဆက်စပ်မှု မရှိနိုင်ဟု ရန်သူက ထင်နေရမည်။ ယင်းသည် ထင်သလောက်တော့ မခက်ခဲလှ‌ ပေ။ စစ်ပွဲကာလအတွင်း ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုး အများအပြား တွေ့ရတတ်သည်။ ကုန်သည်များ၊ ကျွမ်းကျင်ပညာရှင်များ၊ တရားဟော ဓမ္မ ဆရာများသည် ထိုကဲ့သို့သော တာဝန်မျိုးကို ကူညီပေးနိုင်ပြီး အချိန် နှင့် တစ်ပြေးညီ သတင်းအချက်အလက်များ ပေးနိုင်ကြသောကြောင့် ဖြစ်သည်။

 

ပြောက်ကျားစစ်ပွဲတပွဲ၏ အရေးအကြီးဆုံး ဝိသေသလက္ခဏာရပ်များ ထဲက တခုသည် တော်လှန်ရေးအင်အားစုများဆီ ရောက်ရှိလာသည့် သတင်းအချက်အလက် နှင့် ရန်သူ့ထံမှာရှိနေသည့် သတင်းအချက်အလက် များ အကြားက သိသာထင်ရှားစွာ ကွာဟ နေခြင်းပင် ဖြစ်သည်။

 

ရန်သူတပ် များသည် ၎င်းတို့ အပေါ် လုံးဝရန်လိုမုန်းတီးပြီး စိတ်ထဲက ရွံရှာ မုန်းတီး‌ နေသည့်လယ်သမားများနှင့် ရင်ဆိုင် နေရသည့် ဒေသများတွင် စစ်ဆင်ရေး လုပ်နေကြရသူ များ ဖြစ်သည်။ တော်လှန်ရေးအင်အားစု များကတော့ အိမ်တိုင်းနီးပါးလို မိတ်ဆွေ များ သို့မဟုတ်ကလည်း ဆွေမျိုးသားချင်းများ ရှိနေတတ်ကြသည်။ ထို့အတွက်ကြောင့် သတင်းအချက်အလက် များသည် လူထုနှင့် ချိတ်ဆက်ထားသော ကွန်ရက်များကနေတစ်ဆင့် ပြောက်ကျားတပ်ဖွဲ့၏ ဗဟိုဌာနချုပ် သို့မဟုတ် ကလည်း ထို နယ်မြေထဲရှိ ပြောက်ကျားစစ်ကြောင်းများဆီသို့ အမြဲမပြတ် ရောက်ရှိနေခြင်း ဖြစ်သည်။

 

ပြောက်ကျားတပ်ဖွဲ့ များကို ပေါ်ပေါ်ထင်ထင် ထောက်ခံနေပြီး တောင်သူ လယ်သမားအားလုံးသည်လည်း တော်လှန်ရေးဘက်တော်သားများ ဖြစ်နေကြသည့် နယ်မြေဒေသ အတွင်းသို့ ရန်သူမှ ထိုးဖောက်ဝင်ရောက်လာတဲ့အခါတွင် တော့ (ရန်သူ့အတွက်) အလွန်ကြီးမားသည့် ပြဿနာတစ်ရပ် စတင်ပေါ်ပေါက်လာ တော့သည်။

 

လယ်သမား အများစုသည် မိမိတို့၏ သားသမီးများနှင့် လုပ်ငန်းဆောင်တာများကို စွန့်ပစ်ကာ တော်လှန်ရေးတပ် များ နှင့်အတူ လိုက်၍ တိမ်းရှောင်ရန် ကြိုးပမ်းကြသည်။ အချို့မှာ မိသားစုတစ်စုလုံးနှင့်အတူ ထွက်ပြေးကြပြီး၊ အချို့မှာမူ ဘာဆက်ဖြစ်မည်ကို စောင့်ကြည့်နေတတ်ကြသည်။

 

ပြောက်ကျားတပ်ဖွဲ့များ စိုးမိုးထားသော နယ်မြေအတွင်းသို့ ရန်သူ ကျူးကျော်ဝင်ရောက်လာခြင်းကြောင့် ဖြစ်ပေါ်လာသည့် အဆိုးရွားဆုံး ပြဿနာမှာ မိသားစု များ သည် အလွန်ကျပ်တည်းပြီး မျှော်လင့်ချက်မဲ့သော အခြေအနေနှင့် ရင်ဆိုင်လိုက်ရခြင်းပင် ဖြစ်သည်။ ထိုသူများကို အတတ်နိုင်ဆုံး ကူညီပေးရမည် ဖြစ်သော်လည်း၊ မိမိတို့ လုပ်ကိုင်စားသောက်ရာ နေရာနှင့် ဝေးကွာပြီး အဆင်မပြေသော နယ်မြေများသို့ ထွက်ပြေးတိမ်းရှောင်ခြင်းကြောင့် ကြုံတွေ့ရမည့် အခက်အခဲများနှင့် နောက်ဆက်တွဲ အကျိုးဆက်များကိုလည်း ကြိုတင်သတိပေးထားရန် လိုအပ်သည်။

 

ရန်သူသည် မည်သို့သော ပုံစံဖြင့် နှိပ်စက်ညှင်းပန်းလာမည် ဆိုသည်ကား တထစ်ချ ပြောဆိုရန် မဖြစ်နိုင်ပေ။ နှိမ်နင်းသည့် ယေဘုယျ နည်းလမ်းများသည် အမြဲတမ်း တူညီနေတတ်သော်လည်း၊ ၎င်းတို့သည် သက်ဆိုင်ရာ လူမှုရေး၊ သမိုင်းကြောင်းနှင့် စီးပွားရေး အခြေအနေများအပေါ် မူတည်၍ ပိုမိုပြင်းထန်သော သို့မဟုတ် လျော့နည်းသော ရာဇဝတ်မှုများကို ကျူးလွန်တတ်ကြသည်။

 

အချို့ အရပ်ဒေသများတွင် လူတယောက်သည် မိမိ၏ အိမ်နှင့် မိသားစုကို စွန့်ခွာ၍ ပြောက်ကျား စစ် ဇုန်အတွင်းသို့ ဝင်ရောက်သွားခြင်းသည် ကြီးမားသော တုံ့ပြန်မှုမျိုး ဖြစ်မလာတတ်။ သို့သော် အခြားသော နေရာဒေသများတွင်မူ ထိုသို့လုပ်ပါက ကျန်ရစ်သော မိသားစုဝင်များ၏ ပိုင်ဆိုင်မှုပစ္စည်းများကို မီးရှို့ဖျက်ဆီးခံရခြင်း၊ သိမ်းဆည်းခံရခြင်း သို့မဟုတ် မိသားစုဝင်အားလုံး အသတ်ခံရခြင်းအထိ ဖြစ်ပွားစေရန် လုံလောက်သော အကြောင်းပြချက် ဖြစ်သွားတတ်သည်။ ထို့ကြောင့် ရန်သူ့စစ်ကြောင်း၏ ကျူးကျော်ဝင်ရောက်လာမှုဒဏ်ကို ခံရတော့မည့် လယ်သမားများအား စနစ်တကျ နေရာချထားခြင်းနှင့် ပြင်ဆင် ပေး ခြင်းတို့ကို သက်ဆိုင်ရာ စစ်ဇုန် သို့မဟုတ် တိုင်းပြည်၏ ဒေသန္တရ ဓလေ့ထုံးတမ်းများအပေါ် မူတည်၍ ကြိုတင်စီမံ ဆောင်ရွက်ထားကြရမည် ဖြစ်သည်။

 

ရန်သူ့အား နယ်မြေအတွင်းမှ မောင်းထုတ်နိုင်ရန်အတွက် အစီအမံများကို သိသိသာသာ ကြိုတင်ပြင်ဆင်ထားကြရမည်။ ထိုသို့လုပ်ဆောင်ရာတွင် ရန်သူ့ရိက္ခာနှင့် အထောက်အပံ့များကို တိုက်ခိုက်ခြင်း၊ ဆက်သွယ်ရေးလမ်းကြောင်းများကို လုံးဝပြတ်တောက်သွားစေခြင်း၊ ရန်သူက မိမိဘာသာ ရိက္ခာရှာဖွေရန် ကြိုးပမ်းမှု မှန်သမျှကို ပြောက်ကျားအဖွဲ့ငယ်လေးများ အသုံးပြု၍ ဖျက်ဆီးပစ်ခြင်းတို့ ပါဝင်သည်။ ယေဘုယျအားဖြင့် ရန်သူသည် ၎င်းတို့၏ ရိက္ခာနှင့် ထောက်ပို့ရေးပြဿနာကို ဖြေရှင်းရန်အတွက် စစ်သည်အင်အား အမြောက်အမြားကို အလဟဿ အသုံးပြုလာရစေရန် ဖိအားပေး ဆောင်ရွက်ရမည် ဖြစ်သည်။

 

တိုက်ပွဲအခြေအနေတိုင်းတွင် အရေးကြီးဆုံးအချက်တစ်ခုသည်က တိုက်ပွဲတိုင်း အရန်အင်အား များကို မှန်မှန်ကန်ကန် အသုံးချနိုင်ဖို့ပင် ဖြစ်သည်။ သို့သော်ပြောက်ကျားတပ်မတော်၏ သဘာဝအရ အရန်အင်အားအပေါ်တွင် အားကိုးနိုင်ခဲ လှသည်။ အဘယ် ကြောင့် ဆို သော် ပြောက်ကျားစစ်၏ တိုက်ခိုက်ပုံကပင် ပါဝင်သူတစ်ဦးချင်းစီ၏ အားထုတ်မှုတိုင်းကို စနစ်တကျ ထိန်းကျောင်းပြီး ပစ်မှတ်တစ်ခုတည်းအပေါ် စုစည်းကျရောက် နိုင်ရန်အမြဲတမ်း ဦးတည်ထားခြင်း‌ ကြောင့် ပင် ဖြစ်သည်။

 

သို့သော်ငြားလည်း၊ မမျှော်လင့်ဘဲ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေ များကို တုံ့ပြန်ဖို့၊ ရန်သူ့ရဲ့ တန်ပြန်ထိုးစစ်ကို ဟန့်တားဖို့ သို့မဟုတ် အရေးပေါ် အခြေအနေတစ်ရပ်ရပ်ကို အချိန်မရွေး ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် ပြောက်ကျားရဲဘော်အချို့ကို အသင့်အနေအထားဖြင့် နေရာချထားရမည် ဖြစ်သည်။ အခြေအနေနှင့် အခွင့်အလမ်း ရမည် ဆိုက ပြောက်ကျားတပ်ဖွဲ့၏ ဖွဲ့စည်းပုံအတွင်းမှပင် အန္တရာယ်အကြီးမားဆုံးနေရာကို အချိန်မရွေး စေလွှတ်နိုင်မည့် 'အရန်အင်အားသုံး တပ်စု တစ်စုကို အသင့် စုဖွဲ့ထားရှိသင့်သည်။

 

ထိုတပ်စုကို ၎င်းတို့၏ တာဝန်ဝတ္တရားအတိုင်း ထင်ဟပ်စေမည့် 'အသေခံ တပ်စု' (Suicide Platoon) သို့မဟုတ် အလားတူ အမည်မျိုး ပေးထားနိုင်သည်။ ထိုကဲ့သို့သော တပ်စု မျိုးသည် တိုက်ပွဲကို အဆုံးအဖြတ်ပေးမည့် နေရာတိုင်းတွင် ရှိနေရမည်။ ရန်သူ့ ရှေ့ပြေးတပ်များကို အလစ်အငိုက် စီးနင်းတိုက်ခိုက်ရာတွင် ဖြစ်စေ၊ အားနည်းချက်အရှိဆုံးနှင့် အန္တရာယ်အများဆုံး ခံစစ်စခန်းများကို ကာကွယ်ရာတွင် ဖြစ်စေ၊ တစ်နည်းအားဖြင့် ဆိုရလျှင် ရန်သူသည် မိမိတို့၏ ပစ်ခတ်မှု လမ်းကြောင်း တည်ငြိမ်မှုကို ဖြိုဖျက်ရန် ခြိမ်းခြောက်လာသည့် မည်သည့်နေရာတွင်မဆို ထိုကဲ့သို့‌ သော တပ်စုမျိုးက ရှိနေရမည် ဖြစ်သည်။

 

အသေခံ တပ်စု ဆို သည်ကို ကိုယ့်သဘောဆန္ဒအလျောက် ရှေ့ထွက်လာသည့် စေတနာ့ဝန်ထမ်း Volunteers များနှင့်ပဲ သီးသန့် ဖွဲ့စည်းရပါမည်။ ထိုကဲ့သို့သော တပ်စုထဲ ဝင်ခွင့်ရခြင်းကို ကြီးကျယ် မြင့်မြတ်သည့် ဂုဏ်ဒြပ်တစ်ခုလို့ မှတ်ယူသင့်သည်။ အချိန်ကြာလာ သည် နှင့် အမျှ ထိုတပ်စုသည် ပြောက်ကျားစစ်ကြောင်း တစ်ခုလုံး၏ အချစ်တော် ဖြစ်လာပြီး၊တပ်စု၏ အမှတ်တံဆိပ်ကို တပ်ဆင်ထားသည့် ပြောက်ကျားရဲဘော် သည်လည်း ရဲဘော်ရဲဘက် အားလုံး၏ အလေးအမြတ်ထားခြင်းနှင့် လေးစားမှုကို ရရှိမည် ဖြစ်သည်။