ဂေါ်ကီ ၏ အမေ(48)

by Hla Soewai - Feb 02 2026

အခန်း (၁၂)

 

နောက်တနေ့ မနက်တွင် နီလော့ဗ်နာသည် စက်ရုံ ဂိတ်ဝသို့ ရောင်းစရာ ချစရာ များ နှင့် အတူ ရောက်လာခဲ့သည်။ အစောင့်များက ထမ်းလာသည်များ မြေကြီးပေါ် ချခိုင်းပြီး သူမကို ခပ်ကြမ်းကြမ်း ရှာလားဖွေလား လုပ်လာသည်။

 

"ငါ့စားစရာ သောက်စရာ တွေ အေးကုန်တော့မယ်" ဟု အမေသည့် သူ့အင်္ကျီ တဝိုက် ဟိုစမ်း ဒီစမ်း လုပ်နေသော အစောင့်များကို ခပ်အေးအေး ပင် ပြောလိုက်သည်။

 

အစောင့် တယောက်က "ပါးစပ်ပိတ်ထား အဖွားကြီး" ဟု သုန်သုန်မှုန်မှုန် နှင့် မာန်မဲပြန်သည်။

 

နောက်တယောက်က သူမ ပုခုံးကို လက်ဖြင့်ခပ်ဖွဖွ ပုတ်လိုက်ရင်းက အသေအချာ သိနေသည့် လေသံ ဖြင့် "ဒီစာစောင်တွေက အပြင်ကနေ ခြံစည်းရိုး ကို ကျော်ပြီး ပစ်ထဲ့ထားတာ၊ ငါ ကြိမ်းသေ ပြောရဲတယ်"

 

အဖိုးကြီး စီဇော့က သူမ နား ကဗျာကယာ ရောက်လာပြီး ‌လေသံတိုးတိုးဖြင့်...

 

"နင် ကြားပြီလား"

 

"ဘာကိုလဲ တော့"

 

"လက်ကမ်း စာစောင်တွေ လေ၊ အခု စက်ရုံထဲမှာ ထပ်တွေ့ နေပြန်ပြီ ဆိုပဲ၊ ပေါင်မုန့် ပေါ် ဆားဖြူး ထားသလား အောက်မေ့ရတယ်၊ စက်ရုံ အနှံ့ တွေ့နေရတယ်၊ ဖမ်းတာဆီးတာတွေကလည်း ဘာများ အရာရောက်သွားလို့လဲ။ ငါ့တူ မာဇင်ကိုလည်း ဖမ်းခေါ်သွားကြပြီ၊ နင့် သားလည်း ဒီတိုင်းပဲလေ၊ အခုဆို ရှင်းနေပြီ သူ မဟုတ်ဘူး ဆိုတာ။

 

 စီဇော့ဗ်က သူ၏ မုတ်ဆိတ်ကို ပွတ်သပ်ရင်း 'အဖမ်းခံရတာက လူတွေ၊ အတွေးအခေါ်တွေ မဟုတ်ဘူးဟ။ အတွေးအခေါ်ဆိုတာက ခွေးလေခွေးသန်း မဟုတ်ဘူး၊ ဖမ်းလို့ရတာမျိုး မဟုတ်ဘူး'

 

စီဇော့ဗ် က လှည့်ထွက် မသွားခင် "ကျုပ်ဆီလည်း တခါတလေ လှည့်ဝင်လာခဲ့လား၊ နင်လည်း တယောက်တည်း အထီးကျန် နေမပေါ့"

 

အမေလည်း သူ့ကို ကျေးဇူးတင်စကား ပြောရင်း ပါလာသည်များကို အော်ဟစ် ရောင်းချ နေသည်၊ စက်ရုံထဲတွင်လည်း ထူးထူးခြားခြား လှုပ်လှုပ်ရွရွ ဖြစ်နေသည်ကို သတိထားမိနေသည်။

 

အလုပ်သမား များက ရွှင်မြူးနေပုံရပြီး ကိုယ့်အစု‌လေး နှင့် ကိုယ် စု ကြ၊ ပြီး လူစုခွဲသွားကြ၊ အုပ်စုတစု မှ တစု ဆီ အပြေးကလေး သွားလိုက်ကြ နှင့် ဖြစ်နေသည်။ ပတ်ပတ်လည် တွင်လည်း ပျော်နေသော် မျက်နှာများ နှင့် တက်တက်ကြွကြွ ပြောဆိုနေကြပြန်သည်။

 

မီးခိုး မှိုင်းများ နှင့် ပြည့်နေသော လေထုထဲတွင် ရဲရင့်ပြတ်သားသည့် စိတ်ဓာတ်တို့က တသိမ့်သိမ့် လှုပ်ရှားသက်ဝင်နေသည်။ ဟိုတစ်စ ဒီတစ်စမှ ထောက်ခံအားပေးသည့် ရေရွတ်သံများ၊ လှောင်ပြောင်သံများနှင့် တစ်ခါတစ်ရံတွင် ခြိမ်းခြောက်သံများကိုပါ ကြားနေရသည်။

 

 'အဟက်! အမှန်တရားက သူတို့နဲ့ ဓာတ်မတည့်ဘူး ထင်တယ်' ဟု တစ်စုံတစ်ဦး ပြောလိုက်သံကို သူမ ကြားလိုက်ရလေသည်။

 

အထူးသဖြင့် လူငယ်များက ပိုပြီး စိတ်အား တက်ကြွနေကြပုံရသည်၊ လူကြီးပိုင်းက ပြုံးနေသော်လည်း သတိကြီးစွာ ထားနေပုံရှိသည်။ စက်ရုံ အာဏာပိုင်များကတော့ စိုးရိမ်ပူပန် နေသော မျက်နှာဖြင့် လျှောက်သွားနေကြပြီး၊ ပုလိပ်များကတော့ ဟိုဟိုဒီဒီ အပြေးကလေး သွားနေကြသည်။ အလုပ်သမား များက သူတို့ကို မြင်လျင် လူစုခွဲလိုက်ကြပြီး မသိမသာ ရှောင်ထွက်သွားကြသည်။ ဆက်ရပ်နေသူများ သည်လည်း ပြောလက်စ စကားကို ရပ်ပစ်လိုက်ကြသည်။ သူတို့ မျက်နှာများကလည်း သုန်သုန်မှုန်မှုန် နှင့် တစုံတရာကို မြိုသိပ်ထားရသလို ဖြစ်နေသည်။

 

အလုပ်သမားအားလုံးသည် အကြောင်း တစ်ခုခု ရှိနေကြ၍လောမသိ၊ ရေမိုးချိုး သန့်စင်ထားပုံရသည်။ လူကောင်ထွားထွား ဂူဆက်ဗ် ကြီးကိုလည်း အဝေးကပင် လှမ်း မြင်နေရပြီး၊ ညီဖြစ်သူမှာလည်း ဘဲလားကြီးတစ်ကောင်ကဲ့သို့ ဟန်ပါပါ လျှောက်သွားကာ တဟားဟား ရယ်မောနေလေသည်။

 

လက်သမားခေါင်းဆောင် ဗာဗီလော့ဗ် နှင့် မှတ်တမ်းစာရေး အီဆေး တို့သည် အမေ့ နားမှ ခပ်ဖြေးဖြေး လျှောက်သွားကြသည်။ ပိန်လှီ နေသော စာရေးလေးမှာ သူ၏ခေါင်းကို မော့၊ လည်ပင်းကို ဘယ်ဘက်သို့ စောင်းလိုက်ပြီးလျှင် ခေါင်းဆောင်ဖြစ်သူ၏ မျက်မှောင်ကြုတ်ထားသော မျက်နှာကို ကြည့်ကာ သူ၏ မဟူရာရောင် မုတ်ဆိတ်တို့ ကို ခါယမ်းရင်း ...

 

"သူတို့ ရယ်နေကြတယ် အိုင်ဗန် အိုင်ဗန်နိုဗစ်ချ်‌ ရေ။ သူတို့အတွက်တော့ ဒါက ပျော်စရာပဲပေါ့။ မန်နေဂျာပြောသလို အစိုးရကို ဖြုတ်ချဖျက်ဆီးမယ့်အရေး ဖြစ်နေတာတောင် သူတို့ကတော့ သဘောကျနေကြတာ။ အိုင်ဗန် အိုင်ဗန်နိုဗစ်ချ်... ဒီနေရာမှာ လုပ်ရမှာက ပေါင်းသင်ရုံတင် မဟုတ်ဘူး၊ ထွန်ယက်ပစ်ရမှာဗျ!"

 

ဗာဗီလော့ဗ် သည် လက်သီး ဆုပ်ထားရင်း လက်နှစ်ဖက်ကို နောက်ပစ်ကာ လျှောက်နေရင်းက "မင်းတို့ အဲဒီမှာ ကြိုက်တာတွေ ရိုက်နှိပ်နေကြတာပဲ၊ လူယုတ်မာတွေ!" ဟု သူက အသံကျယ်ကျယ်ဖြင့် ဟစ်အော်လိုက်သည်။ "ဒါပေမဲ့ ငါ့အကြောင်းကိုတော့ တစ်လုံးတစ်ပါဒမှ မဟမိစေနဲ့!"

 

ဗာစီလီ ဂူဆက်ဗ် က နီလော့ဗ်နာ နား လျှောက်လာပြီး "ကျွန်တော် ဒီနေ့လည်း အမေ ဆီမှာပဲ စားဦးမယ်။ ဟင်းကောင်းရဲ့လား" ဟု ပြောလိုက်သည်။ ထို့နောက် ခေါင်းကိုငုံ့ကာ မျက်မှောင်ကြုတ်လျက် အသံတိုးတိုးဖြင့်— "တွေ့လား ကွက်တိပဲ! ကောင်းတယ်! အို... အမေရာ၊ တကယ်ကို ကောင်းတာပဲ" ဟု ဆက်ပြောလိုက်ပြန်သည်။

 

သူ့ကို ဖော်ဖော်ရွေရွေ ခေါင်းညိတ်ပြလိုက်သည်။ ရွာထဲတွင် အဆိုးဆုံးဟု နာမည်ကြီးသည့် ဂူဆက်ဗ် က သူမကို လျှို့ဝှက်ချက်များ ပြောပြသည့်အပြင် "အမေ" ဟု ရိုရိုသေသေ အလေးအမြတ်ထား၍ ခေါ်ဆိုနေခြင်းအပေါ် စိတ်ထဲကလည်း ဂုဏ်ယူ မိသွားသည်။ စက်ရုံအတွင်း ဖြစ်ပေါ်နေသော လှုပ်လှုပ်ရှားရှားနှင့် တက်ကြွနေသည့် အ‌ နေအထားများကို ကြည့်ပြီး "ငါသာမရှိရင် သူတို့ ဘယ်လိုလုပ်ကြပါ့မလဲ" ဟုလည်း ကိုယ့်ဘာကိုယ် တွေးနေမိတော့သည်။

 

လူကြမ်း အလုပ်သမား သုံး‌ယောက်က သူ နှင့် မလှမ်းမကမ်း တွင် ရပ်လိုက်ကြပြီး တယောက်က "ဘယ်နေရာမှ ရှာလို့လည်း မတွေ့ပါလား" ဟု စိတ်ပျက်သံ ဖြင့် ပြောလိုက်သည်။ တယောက်ကလည်း "ကိုယ်တိုင် မဖတ်နိုင်တော့ ဘာတွေ ရေးထားလဲဆိုတာ ကြားချင်တယ်၊ သူတို့ ဖြစ်နေပုံ ကြည့်ရတာ ချက်ကောင်း ထိသွားပုံ ရတယ်"

 

နောက်တယောက်က "အဲ့တာဆိုလည်း ဘွိုင်လာ ခန်း ထဲ သွားမယ်၊ ဟို ရောက်ရင် မင်းကို ငါ ဖတ်ပြမယ်"

 

ထိုသို့ ပြောနေသည်များကို ကြား၍ ဂူဆက်ဗ်က ‌"တွေ့လား အလုပ်ဖြစ်တယ်" ဟု မျက်စိမှိတ်ပြရင်း ပြောလိုက်သည်။

 

နီလော့ဗ်နာ သည် သွက်လက်သော ခြေလှမ်းများ နှင့် အိမ်ပြန်လာခဲ့သည်။ စာစောင်များ ကြောင့် လူအများ စိတ်လှုပ်ရှားနေကြသည်ကို ကိုယ်တိုင် ကိုယ်ကျ တွေ့လိုက်ရသောကြောင့်လည်း ဖြစ်သည်။