နုရင်ဘတ် ခုံရုံး တရားစီရင်မှု
၁၉၄၅ မှ ၁၉၄၉ အထိ နုရင်ဘတ် မြို့တွင် ပြုလုပ်ခဲ့သော စစ်ရာဇဝတ်မှုခင်းများ ဆိုင်ရာ တရားစီရင်မှုများထက် မကောင်းဆိုးဝါးတို့၏ သဘောသဘာဝနှင့် အကြောင်းရင်းများ ကို ပိုမိုနက်နက်ရှိုင်းရှိုင်း နားလည်စေနိုင်သည့် အခြားသော တရားစီရင်မှုမျိုး မပေါ်ပေါက်သေးပေ။ တရားစီရင်ရာသို့ ရက်စက်ကြမ်းကြုတ်သည့် မိစ္ဆာကောင်များကို တွေ့ရနိုးနိုး လာရောက်ကြည့်ရှုကြသူများ သည် များသောအားဖြင့်တော့ စိတ်ပျက်သွားလေ့ ရှိသည်။
သို့သော်ငြားလည်း တရားစီရင်ခံခဲ့ရသည့် ရာနှင့် ချီ ရှိနေသူများ ထဲ တွင်တော့ အလွန်အမင်း စက်ဆုပ်ရွံရှာဖို့ကောင်းသည့် လူ တချို့လည်း ပါဝင်နေသည်။ နုရင်ဘတ် တရားစီရင်မှုမှာ တုန်လှုပ်ခြောက်ခြားစရာ အကောင်းဆုံးအချက်သည်က တရားခံ အတော်များများသည် မျှော်လင့်ထားသလို မဟုတ်ဘဲ သူလို ငါလို သာမန်လူတွေ ဖြစ်နေကြခြင်းပင်။ သားသမီးများကို ကြင်နာယုယတတ်သည့် ဖခင်ကောင်းများ၊ တရိစ္ဆာန်များကို ချစ်တတ်သူများ ဖြစ်ကြသော် လည်း လူသားများ အပေါ်တွင်တော့ ပါးစပ် နှင့် ထုတ်ပြော၍ပင် ပြောမထွက်နိုင်သော ရာဇဝတ်မှု များကို ကျုးလွန်ထားကြသူ များ ဖြစ်နေသည်။
တရားခံများ အဖြစ် ရောက်လာကြသော နာဇီများသည် ၎င်းတို့ကိုယ် ၎င်းတို့ ဗီလိန်များ ဖြစ်လာလိမ့်မည်ဟု မည်သည့် အခါမျှ ထင်မှတ်ခဲ့ကြခြင်း မရှိပေ။ တကယ်တမ်းတွင် ၎င်းတို့သည် နာဇီဝါဒတစ်ခုအပေါ်မှာပဲ မျက်စိမှိတ် စွဲလမ်းယုံကြည်ခဲ့ကြခြင်း၊ မိမိ၏ ရာထူး တက်လမ်းအတွက် သာ ကြည့်ပြီး ဖြစ်လာမည့် ဆိုးကျိုးများကို လျစ်လျူရှုခြင်း၊ မိမိ၏ လုပ်ရပ်ကြောင့် တခြားလူများ မည်မျှ လောက် ခံစားရမည် ဆိုသည်ကို ထည့်မတွက်နိုင်ခြင်း တို့ကြောင့် ယခုလို တရားခွင်သို့ ရောက်ရှိလာခဲ့ရခြင်းလည်း ဖြစ်သည်။
နုရင်ဘတ် ခုံရုံးသည် တရားခွင်ကို ၁၂ ကြိမ် ခွဲ၍ ပြုလုပ်ခဲ့သည်။ လူတိုင်း ၏ အာရုံ စိုက်ခြင်း အခံရဆုံးသည်က တရားခံ ၂၂ ဦး အား စစ်ဆေး ခဲ့သည့် ပထမဆုံး တရားခွင်ပင် ဖြစ်သည်။ ထိုသို့ အာရုံစိုက်လာရသည့် အကြောင်းများ ရှိနေပေသည်။ ပထမဆုံး တရားခွင်လည်း ဖြစ်သည့်အပြင် နောက်လာမည့် တရားစီရင်မှု များ အတွက် အစဉ်အလာများ ချမှတ်ပေးနိုင်သော ကြောင့်ပင် ဖြစ်သည်။
ပညာရှင်များက ထိုပထမဆုံး တရားခွင်အား "အဓိကကျသော စစ်ရာဇဝတ်ကောင်များ အား တရားစီရင်မှု" ဟု ရည်ညွှန်း ခေါ်ဝေါ်ခဲ့ကြသည်။ ယခု တင်ပြမည့် အကြောင်းအရာ သည်လည်း ထိုတရားခွင်ကိုပင် အလေးပေး ဖေါ်ပြသွားမည် ဖြစ်သည်။
သို့သော်လည်း တရားစီရင်မှု ပေါင်း ၁၂ ကြိမ် ရှိခဲ့သည် ဆိုသည်ကိုတော့ သိထားရမည် ဖြစ်သည်။ အဆိုပါ တရားစီရင်မှုအချို့တွင် ပါဝင်သော ပြစ်မှုကျူးလွန်ပုံများသည် အဓိက စစ်ရာဇဝတ်ကောင်ကြီးများ၏ အမှုများကဲ့သို့ပင် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလှသလို၊ အငြင်းပွားဖွယ်ရာ အကြောင်းအရာများလည်း ရှိနေ၍ အနည်းဆုံး ထိုအမှုများကဲ့သို့ပင် စိတ်ဝင်စားစရာ ကောင်းလှသည်။
ဥပမာအားဖြင့် ‘တရားသူကြီးများအား စီရင်သော အမှု ပင် ဖြစ်သည်။ ထိုအမှုတွင် တရားခံ ၁၆ ဦး ပါဝင်ပြီး ၎င်းတို့မှာ ‘တတိယ ရိုင်းချ်’ နာဇီဂျာမနီ ၏ ကျင့်ဝတ်မဲ့သော ဥပဒေများကို အသက်ဝင်အောင် ဖော်ဆောင်ခဲ့ကြသည့် ဂျာမန်တရားသူကြီးများနှင့် တရားရေးဝန်ကြီးဌာနမှ အရာရှိများ ဖြစ်ကြသည်။ တရားခံအများစုက ‘၎င်းတို့သည် တည်ဆဲဥပဒေကို လိုက်နာခြင်းသာ ဖြစ်သည်’ ဟု အကြောင်းပြခဲ့ကြသော်လည်း၊ ထိုသို့ လိုက်နာဆောင်ရွက်မှုအတွက် ရာဇဝတ်မှု ကြောင်းအရ ပြစ်ဒဏ်ထိုက်သင့်သလား ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။ ဤ ‘တရားသူကြီးများ၏ အမှု’ ကို အခြေခံ၍ ‘Judgment at Nuremberg’ အမည်ရှိ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့ရာ အထူး ကျော်ကြားသွားခဲ့ရသည်။
ဆရာဝန်များအား တရားစီရင်ခဲ့ရာတွင် နာဇီ ဆရာဝန် ၂၃ ဦး ပါဝင်ခဲ့သည်။ ၎င်းတို့သည် ဂျာမန် များ နှင့် အခြား နိုင်ငံသားများကို ကြောက်မက်ဖွယ် ကောင်းလှသည့် ဆေးဝါး စမ်းသပ်မှု များ ပြုလုပ်ခဲ့ကြသည်။ ကြားရသူ အပေါင်း အသဲတုန် အူတုန် ဖြစ်စေခဲ့သော် Einsatzgruppen ဟု ခေါ်သည့် နာဇီ ရွေ့လျားသုတ်သင် ရှင်းလင်းရေး အဖွဲ့ ဝင် ၂၄ ဦး ကိုလည်း သီးသန့် တရားစီရင်ခဲ့ကြသည်။ ၎င်းတို့သည် သိမ်းပိုက်ထားသော နိုင်ငံများရှိ စစ်သုံ့ပန်း များ နှင့် အရပ်သားများကို လိုက်လံ သတ်ဖြတ်လေ့ရှိသော အဖွဲ့လည်း ဖြစ်သည်။
ဒုတိယ ကမ္ဘာစစ် ကြီး ပြီးဆုံးရန် နီးကပ်လာနေချိန်တွင် ဖမ်းဆီးရမိလာမည့် နာဇီ ခေါင်းဆောင်များ အား မည်သို့ မည်ပုံ လုပ်ရမည် ဆိုသည် နှင့် ပတ်သက်ပြီး မဟာမိတ် ခေါင်းဆောင်များ ဦးနှောက် ချောက်လာကြသည်။ ရုစ်ဘဲလ်က ၎င်းတို့အား ရုံးတင်စစ်ဆေးရန် ၎င်း၏ စစ်ဝန်ကြီးဌာန ၏ အဆိုပြုချက်ကို ထောက်ခံခဲ့သည်။ အခြား ခေါင်းဆောင်များကလည်း ကိုယ့် အိုင်ဒီယာ နှင့် ကိုယ် ရှိနေကြပြန်သည်။
ဝင်စတန် ချာချီ မှ ဖမ်းမိသည့် နာဇီ ခေါင်းဆောင်များကို ကွပ်မျက်ပစ်မည်ဟု စတာလင်အား ပြောခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ဖူးပေသည်။ ထိုအခါ စတာလင်က "ကျုပ်တို့ ဆိုဗီယက် ယူနီယံမှာ ဘယ်သူ့ကိုမှ ရုံးတင် စစ်ဆေး တာမျိုး မလုပ်ဘဲ ကွပ်မျက်ခဲ့တာ မျိုး မရှိဘူး" ဟု ပြန်ပြောခဲ့သည်ဟု ဆိုသည်။ ထိုသတင်း အဆိုအရ ချာချီက "ဟုတ်ပါတယ်....ဟုတ်ပါတယ်၊ အရင် ရုံးတင် စစ်ကြတာပေ့ါ" ဟု ပြန်ပြောခဲ့သည်။
အပြီးသတ် ဆုံးဖြတ်ချက်သည် ယော်လ်တာ ကွန်ဖရင့် ကျင်းပခဲ့သည့် ၁၉၄၅ ဖေဖေါ်ဝါရီ မှ ထွက်ပေါ်လာခဲ့သည်။ ထိုကွန်ဖရင့်မှ ထုတ်ပြန်သည့် ကြေညာချက်ထဲတွင် နာဇီများ အား စီရင်ရမည့် တရားရေး လုပ်ထုံးလုပ်နည်း များ ပါဝင်လာခဲ့သည်။
ယော််လ်တာ ကွန်ဖရင့် အပြီး နှစ်လအကြာနှင့် သမ္မတ ရုစ်ဘဲလ် ရုတ်တရက် ကွယ်လွန်အပြီး နှစ်ပတ် အကြာတွင် တရားလွှတ်တော်ချုပ် တရားသူကြီး ရော်ဘတ် ဂျက်ဆန်၏ အိမ်သို့ ဧည့်သည် တယောက် ရောက်လာခဲ့သည်။ ထိုဧည့်သည်သည် သမ္မတ ထရူးမင်း စေလွှတ်လိုက်၍ ရောက်လာရခြင်း ဖြစ်သည်။ ၎င်းက စစ်ရာဇဝတ်မှု များ ရုံးတင် စစ်ဆေးရာတွင် အမေရိကန် ပြည်ထောင်စု ဖက်မှ တရားလို ရှေ့နေချူပ် အဖြစ် ဆောင်ရွက် ပေးရန် တောင်းဆိုလာခဲ့သည်။ တရားခွင်အားလည်း စစ်ကြီး အပြီး မကြာမီ မှာပင် ဂျာမဏီ နိုင်ငံ အတွင်း တနေရာရာ တွင် ပြုလုပ်သွားဖို့ ရှိသည်ဟု ဆိုသည်။
ထရူးမင်းသည် ဂုဏ်သိက္ခာပိုင်းအရ အပြစ်ဆိုစရာမရှိ၊ စကားအရာ တွင်လည်း အပြောအဆို ကောင်းသူ ဖြစ်ပြီး လူအများ လေးစားခံရသူ တဦးအား အမေရိကန် ကို ကိုယ်စားပြု ပါဝင်စေချင် နေသည်။ တရားသူကြီး ဂျက်ဆန်သည် ၎င်း လိုအပ်သည် ဆိုသော အရည်အချင်းများထက် အပုံကြီး ကျော်လွန်နေသူ ဖြစ်နေသည်။
ဂျက်ဆန်သည် ကမ်းလှမ်းချက်ကို လက်ခံခဲ့သော်လည်း သူ့တွင် မေးစရာ မေးခွန်းများက အမြောက်အမြား ရှိနေဆဲပင် ဖြစ်သည်။ ၎င်း မှ မည်သူကို တရားစွဲ ရမည်နည်း၊ ဘယ်နေရာ နှင့် မည်သူက ထိုသို့ လုပ်ရန် အမိန့် အာဏာ ပေးမည်နည်း အစရှိသည်တို့ ဖြစ်သည်။
ဥရောပတခွင် ဖြစ်ပွားနေသော နောက်ဆုံး စစ်ပွဲကြီး အတွင်း နာဇီ ခေါင်းဆောင်အများအပြားသည် ရုံးတင်စစ်ဆေး အပြစ်ပေးခံရမည် ကို စိုးရွံ့ပြီး ကိုယ့်ကို ကိုယ် သေကြောင်း ကြံစည်ခဲ့ကြသည်။ တရားသူကြီး ရော်ဘတ် ဂျက်ဆန်အား တရားလို အကျိုးဆောင် ရှေ့နေချုပ် အဖြစ် ခန့်အပ်ပြီး နှစ်ရက် အကြာတွင် ဘာလင် ရှိ မြေအောက် ရေနုပ်မြောင်း အောက် ပေ နှစ်ဆယ် ခန့် အကွာတွင် ရှိ ဘန်ကာထဲတွင် အဒေါ့ဖ် ဟစ်တလာသည် သေနတ်ဖြင့် ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့သည်၊ နာဇီ ဝါဒ ဖြန့်ချီရေး ဝန်ကြီး ဂျိုးဇက် ဂိုဘဲလ်သည်လည်း ဉယာဉ်ထဲတွင် ကိုယ့်ကိုကိုယ် ပစ်သတ်သွားခဲ့သည်။ နာဇီများထဲတွင် ကြောက်စရာ အကောင်းဆုံးဟု ယူဆခံထားရသူ ဟင်းရစ်ခ်ျ ဟင်းမလားသည်လည်း ဖမ်းဆီးခံရပြီးနောက် ဗြိတိသျှ သမားတော်တဦးက စစ်ဆေး နေစဉ် အတွင်း ဆိုက်ယင်နိုက် ဆေးတောင့် မြိုချပြီး အဆုံးစီရင်ခဲ့ရာ ဆယ့်ငါးမိနစ် အတွင်း အသက်ပျောက်သွားခဲ့သည်။