ရခိုင် စစ်မျက်နှာ
ဗြိတိသျှ တပ်သားများသည်လည်း တဖြေးဖြေး နှင့် အမူး ပြေလာကြ၍ ဆိုးဆိုးဝါးဝါး ဖြစ်လာမည့် အခြေအနေဆိုးများကို ကျော်ဖြတ် နိုင်ခဲ့ပြီ ဖြစ်သည်။ ကမ်းဘဲလ်သည် ကျန်ရှိနေသော တပ်သားများကို အလျင်အမြန်ပင် ကုန်းပေါ်သို့ စေလွှတ်ခဲ့သည်။
ယခုအခါ ၎င်းအဖို့ ရိက္ခာကို တစ်နည်းနည်းဖြင့် ရအောင်ရှာဖွေရန်၊ မိမိတို့ ယခုကဲ့သို့ ဂဂနန မသိရဘဲ လာရောက်ကျူးကျော်ခဲ့သည့် ဤတိုင်းပြည်နှင့် လူမျိုးအကြောင်းကို လေ့လာစုံစမ်းရန်နှင့် မကြာမီ ကျရောက်တော့မည့် မိုးရာသီအတွင်း မြန်မာတို့၏ တိုက်ခိုက်မှုများကို ခုခံတွန်းလှန်နိုင်ရန် ကြိုးပမ်းရုံသာ ရှိတော့သည်။
မိုးရာသီတွင် ၎င်း၏ တပ်များသည် ရန်ကုန်မြို့အတွင်း၌ လှုပ်ရှား၍မရဘဲ ပိတ်မိနေတော့မည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် မဟာဗန္ဓုလသည်လည်း ပထမဆုံး ထိုးစစ်ကို အဝေးတွင် ရှိသော အိန္ဒိယ၏ အရှေ့မြောက်ဘက် နယ်စပ်ရှိ အင်အားအနည်းငယ်သာ ရှိသည့် ဗြိတိသျှ တပ်များအား စတင်ဆင်နွှဲတော့မည် ဖြစ်သည်။
အိန္ဒိယ ရှိ ဗြိတိသျှ တပ်များ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာ အက်ဒွပ် ပက်ဂျက်သည် အိန္ဒိယ အရှေ့ နယ်ခြား စစ်ဆင်ရေးသည် အာသံ မှ ဗမာတပ်များကို မောင်းထုတ်ရန် ဖြစ်သည်။တောင်ပိုင်းရှိ ကချာ နယ်မြေများ အတွင်းမှ ဗမာ များကို ရှင်းလင်းခဲ့ပြီး ဖြစ်သည်၊ ဗြိတိသျှ လက်အောက်ခံ စစ်တကောင်း တောင်ပိုင်း နှင့် ထိစပ်နေသော ရခိုင် ကို ချက်ခြင်းလက်ငင်း ဆိုသလို ကျုးကျော် တိုက်ခိုက်ရန် စိတ်ကူး မရှိခဲ့။ စစ်သူကြီး မဟာဗန္ဓုလ၏ တပ်မတော်သည် ထိုဒေသကို သိမ်းပိုက်ပြီး ဘင်္ဂလား အထိ ဆက်လက်ချီတက်ရန် မျှော်လင့်ချက်အပြည့်ဖြင့် မကြာမီ စစ်ကြောင်း ချီလာတော့မည်ကို ပက်ဂျက်တစ်ယောက် မသိရှိခဲ့၍လည်း ဖြစ်သည်။
ဗြိတိသျှ တို့ စစ်ကြေညာပြီးနောက် အာသံတွင် ပထမ ဆုံး အကြိမ် ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။ ဗိုလ်မှုးချုပ် မက်မိုရိန်း ကွပ်ကဲသော အင်အား ၂,၀၀၀ ခန့်ရှိ ဗြိတိသျှ-အိန္ဒိယ ပူးပေါင်းတပ်ဖွဲ့သည် ၁၈၂၄ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် ဗြဟ္မပုတ္တရမြစ်ပေါ်ရှိ ဂိုအာပါရာ အခြေစိုက်စခန်းမှ စတင်ချီတက်ခဲ့သည်။ ထိုတပ်ဖွဲ့တွင် တိုင်းရင်းသားခြေလျင်တပ်ရင်း (၄၆) ၏ ဒုတိယတပ်ရင်း၊ ဒေသခံတပ်ခွဲ ၆ ခု၊ ဆင်များဖြင့် တင်ဆောင်လာသော ၆ ပေါင်ဒါအမြောက်တပ် ၃ ခုနှင့် မြင်းစီးတပ်စုငယ် တစ်ခုတို့ ပါဝင်ပြီး မြစ်ကြောင်းအတွင်း၌လည်း သေနတ်တင်လှေငယ် အုပ်စုဖြင့် ဝန်းရံပံ့ပိုးထားသည်။
အချိန်ကား ပူပြင်းသော နွေရာသီ မှ မေလ အတွင်း ရောက်ရှိလာတော့မည့် မိုးရာသီ ကို တာစူနေသော အချိန်လည်း ဖြစ်နေ၍ စစ်ဆင်ရေးသည် ရက်သတ္တပတ် အနည်းငယ်ခန့် မလွှဲမရှောင်သာ ရွှေ့ဆိုင်းရဖို့ ရှိနေသည်။ အိန္ဒိယနိုင်ငံကို အပေါ်စီးမှ နေရာယူထားသည့်နယ်မြေများ အတွင်းမှ ဗမာတပ်များကို သတ်မှတ်ထားသည့် အချိန်ကာလအတွင်း အပြီးအပိုင် မောင်းထုတ်နိုင်ရန်အတွက် အလျင်အမြန် ဆောင်ရွက်ရန်မှာ အလွန်ပင် အရေးကြီးနေပြန်သည်။
သို့သော်လည်း နယ်မြေဒေသ အခြေအနေကို မသိနားမလည်ခဲ့မှု သည် ချက်ချင်းဆိုသလိုပင် ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်လာခဲ့သည်။ ဗမာတို့ တပ်စွဲထားရာ အရှေ့ဘက်သို့ ချီတက်ရမည့် လမ်းကြောင်းသည် မြစ်ကြီး၏ ဝဲယာ ကမ်းပါး နှစ်ဖက်လုံးတွင် ရှိနေပြီး၊ ထူထပ်လှသော တောနက်များနှင့် လူတစ်ရပ်ကျော်မြင့်သည့် မြက်ပင်ရှည်များ ကြားထဲတွင် တစ်ရက်လျှင် မိုင်အနည်းငယ်မျှသာ ခရီးတွင်တော့သည်။
လမ်းကြောင်းတစ်လျှောက် ဖြတ်သန်းသွားရသည့် စမ်းချောင်းငယ်လေးများနှင့် လျှိုမြောင်များအပြင်၊ နက်ရှိုင်းလှသော လမုတော ရွှံ့နွံအိုင်ကြီးများကြောင့်လည်း ဤစစ်ကြောင်းမှာ အရာရှိများနှင့် စစ်သည်တော်များအတွက် အရှေ့ဖျားဒေသတွင် အင်ပါယာနယ်ချဲ့မှု သမိုင်းတစ်လျှောက် အခက်ခဲဆုံးနှင့် အပြင်းထန်ဆုံးသော ရုန်းကန်ရမှု ဖြစ်လာခဲ့သည်။ စစ်သည်များသည် ဖာရင်ဟိုက် ၁၀၀ ဒီဂရီကျော် ရှိသော ပြင်းထန်သည့် အပူရှိန်နှင့် စိုစွတ်အိုက်စပ်လှသော ရွှံ့နွံတောများကြားထဲတွင် ခက်ခဲပင်ပန်းစွာ တိုးဝှေ့ချီတက်ခဲ့ကြရသည်။ ၎င်းတို့သည် ဆင်များ သို့မဟုတ် လှေများဖြင့် သယ်ဆောင်လာမည့် ရိက္ခာများ နေဝင်ချိန်တွင် အချိန်မှန် ရောက်ရှိလာမည့်အရေးကိုသာ မျှော်လင့်နေကြရတော့သည်။
ထိုသို့ စစ်ဆင်ရေး အား မဆုပ်မနစ် ဇွဲ ဖြင့် အစပျိုးလာခဲ့သော်လည်း ခြင်များ ဖွဲနှင့် ပက်နေသလို ဖြစ်နေသည့် တောနက်ကြီးထဲတွင် ထိတွေ့ တိုက်ပွဲ ငယ် လေးများ နှင့် သာ ကြုံလာရ၍ မထိုက်တန်သလို ဖြစ်နေသည်။ ဗမာတို့သည် ဗြိတိသျှဦးဆောင်သော တပ်များကို သစ်လုံး ခံတပ် များနောက်မှနေ၍ ခုခံတိုက်ခိုက်ခဲ့ကြသည်။ အမြောက်ဒဏ် သင့်သောအခါ တောတွင်းသို့ ဆုတ်ခွာသွားလိုက်၊ တစ်ခါတစ်ရံ ညဖက်တွင် ပြန်လည်တိုက်စစ်ဆင်လိုက်ဖြင့် ဗြိတိသျှတို့ကို ၎င်းတို့၏ စစ်အခြေစိုက်စခန်းနှင့် ဝေးရာသို့ အမြဲတစေ ဆွဲခေါ်သွားခဲ့ကြရာ ဗြိတိသျှတို့၏ ထောက်ပံ့ရေးလမ်းကြောင်းမှာလည်း တဖြည်းဖြည်း ရှည်လျားကာ အားနည်းလာခဲ့ရတော့သည်။
မေလ အစောပိုင်း တွင် ဗိုလ်မှုးချုပ် မက်မိုရိန်းသည် ဝမ်းရောဂါ ဖြင့် ကွယ်လွန်သွား၍ ဗိုလ်မှုးကြီး ရစ်ချတ်က ဆက်လက် တာဝန်ယူလာခဲ့သည်။ သို့သော် မုတ်သုံမိုး၏ ရှေ့ပြေး နမိတ် အဖြစ် ကောင်းကင်တွင် တိမ်ညိုတိမ်မဲ များက ထူထဲစွာ ယှက်သန်း လာမှု နှင့် မိုးများ သည်းထန်စွာ ရွာသွန်းလာမှု ကြောင့် ရွှံနွံတောကြီးများသည် ရေအိုင်ကြီးများ အဖြစ် ပြောင်းလဲသွားပြီး ဗြဟ္မပုတ္တရမြစ် ရေသည်လည်း တဟုန်ထိုး စီးဆင်းလာနေပြီ ဖြစ်သည်။
ကုန်းကြောင်းရော ရေကြောင်းပါ ရိက္ခာထောက်ပံ့မှု လမ်းကြောင်းများ အန္တရာယ်ရှိလာသောကြောင့် ရစ်ချတ် သည် သည်းသည်းမည်းမည်း ရွာသွန်း နေသော မိုး ကြောင့် ကြွက်စုပ်ပမာ ရွှဲရွှဲစိုနေသော ၎င်း၏ တပ်ဖွဲ့များကို ဂေါဟာတီ ရှိ အခြေစိုက်စခန်းသို့ မဖြစ်မနေ ပြန်လည် ဆုပ်ခွာ ခိုင်း ခဲ့ရသည်။
ထို့ကြောင့် မြန်မာတို့သည် ပြည်နယ်၏ မဆိုသလောက် အစိတ်အပိုင်းများမှ ဖယ်ရှားခံခဲ့ရပြီး ၊ တောတောင်ထူထပ်သော ဒေသများတွင် ကျွမ်းကျင်စွာ လှုပ်ရှားသွားလာနိုင်သူ များ ဖြစ်သည့် အားလျှော်စွာ မိုးစဲသွားသည်နှင့် တစ်ပြိုင်နက် လျင်မြန်စွာ ပြန်လည်ဝင်ရောက်လာနိုင်သည့် အခြေအနေတွင် ရှိနေသည်။ အာသံဒေသရှိ မြန်မာတပ်ဖွဲ့များသည် အင်အားအရေအတွက်အားဖြင့်သော်လည်းကောင်း၊ လက်နက်ခဲယမ်း တပ်ဆင်မှုအပိုင်းတွင်သော်လည်းကောင်း အလွန်အမင်း တောင့်တင်းခိုင်မာခြင်း မရှိပါဘဲလျက် ယခုကဲ့သို့ ဆုတ်ခွာပေးလိုက်ရသည့်အတွက် ဗြိတိသျှတို့ အားလျော့စိတ်ပျက်စရာ ဖြစ်ခဲ့ရသည်။
တောင်ဖက်ပိုင်းရှိ စစ်တကောင်း နယ်ခြားတလျှောက်တွင်တော့ မြန်မာတို့ တိုက်ခိုက်လာလိမ့်မည်ဟု မျှော်လင့် မထားခဲ့ကြပေ။
ဗိုလ်မှုးကြီး ရှပ်ပလင်း သည် အင်အား ၃,၀၀၀ ခန့်သာရှိသော အရန်တပ်ဖွဲ့ငယ်တစ်ခုကိုသာ ကွပ်ကဲထားခဲ့သည်။ ထိုတပ်ဖွဲ့တွင် ဘင်္ဂလား စစ်ဗာရီ အများဆုံး ပါဝင်သည့် အမှတ် (၂၇) တိုင်းရင်းသားခြေလျင်တပ်ရင်း၊ အမှတ် (၄၀) တိုင်းရင်းသားခြေလျင်တပ်ရင်း ဒုတိယတပ်ခွဲမှ တပ်ခွဲငါးခုနှင့် အမှတ် (၄၃) တိုင်းရင်းသားခြေလျင်တပ်ရင်း ပထမတပ်ခွဲတို့ ပါဝင်ကြသည်။ ထို့အပြင် စစ်တကောင်းနယ်ခြားစောင့်တပ်ရင်းနှင့် "မဂ်တပ်ဖွဲ့" Mugh Levy ဟု လူသိများသော ဒေသခံ ရခိုင် မျိုးနွယ်စု တပ်ဖွဲ့များကလည်း ကူညီပံ့ပိုးပေးထားကြသည်။
ထိုတပ်မကြီးထဲမှ ရှပ်ပလန် သည် စစ်ဗာရီ ၃၀၀ နှင့် ၆-ပေါင်ဒါ အမြောက်နှစ်လက်၊ နယ်ခြားစောင့်တပ် နှင့် မဂ် များပါဝင်သော အရန်တပ် ၄၀၀ ခန့်ကို ခွဲထုတ်ခဲ့သည်။ ထို့နောက် အန္တရာယ်ရှိလောက်အောင် နည်းပါးလှသော ထိုအင်အားစုကို နတ်မြစ်အား ဖြတ်ကျော်၍ ပန်းဝါ မြို့အနီးရှိ ရခိုင်နယ်စပ်ကို ခုခံကာကွယ်ရန် စေလွှတ်ခဲ့သည်။
ထိုသို့ စေလွှတ်ခြင်း ခံရသော တပ်များကို ကက်ပတိန် နိုတန်က ဦးစီး ကွပ်ကဲလာခဲ့သည်။ အကယ်၍ အတိုက်ခံရလျင် စစ်ကူမလာမချင်း ဖြစ်သည့် နည်းနှင့် တောင့်ခံထားရတော့မည်ကိုလည်း သိထားပြီး ဖြစ်သည်။
သို့သော် ရခိုင်တွင် ၎င်း ရင်ဆိုင်ရမည့်သူက စစ်သူကြီး မဟာဗန္ဓုလပင် ဖြစ်သည်။ ၎င်းသည် တပ်အင်အား ၁၀,၀၀၀ မှ ၁၂,၀၀၀ ခန့်ရှိ နေသည်။
ရခိုင်၊ သံတွဲ၊ ရမ်းဗြဲနှင့် မာန်အောင်မြို့စား ကြီးများက ဦးဆောင် သော အင်အား ၈,၀၀၀ ခန့်ရှိတပ်မတစ်ခုကို စစ်တကောင်းရှိ ဗြိတိသျှတို့ကို တိုက်ခိုက်ဖို့ မြောက်ဘက်သို့ ချီတက်ရန် မဟာဗန္ဓုလက အမိန့်ပေးခဲ့သည်။ မဟာဗန္ဓုလကိုယ်တိုင်မူ နောက်ထပ် အင်အားဖြည့်တင်းရန်အတွက် ရခိုင်ဒေသတွင်ပင် အသင့်အနေအထားဖြင့် ကျန်ရစ်ခဲ့သည်။ မေလအစောပိုင်းတွင် ထိုစစ်ကြောင်းသည် နယ်စပ်ကို ဖြတ်ကျော်ကာ အာသံဒေသအတွင်းသို့ ညအချိန်တွင် တိတ်တဆိတ် ဝင်ရောက်ခဲ့ပြီး တောင်ကုန်းအချို့ပေါ်တွင် ခံစစ်စခန်းများကို အခိုင်အမာ တည်ဆောက်ခဲ့ကြသည်။
ထိုသို့ ရန်သူများ ကျူးကျော် ဝင်ရောက်လာသည့် သတင်းသည် မိုးသည်းထန်လွန်း၍ ရွက်ဖျင်တဲ ထိုးပြီး စခန်းချနေသော ကက်ပတိန် နိုတန် ထံသို့ ၁၈၂၄ မေလ ၁၀ ရက်နေ့တွင် ရောက်ရှိလာခဲ့သည်။ ရန်သူ၏ အင်အား နှင့် စခန်းချ နေသည့် နေရာကို ထောက်လှန်း နိုင်ရန် ဌာနေ တိုင်းရင်းသား တပ်စိတ်တစ်စိတ်ကို စုစည်း၍ မနက် ငါးနာရီ ခန့်တွင် စတင် ထွက်ခွာလာခဲ့သည်။
ရတနာပုလ္လင် သို့ သွားရာလမ်းကို စိုးမိုးထားသည့် တောင်ကုန်းအချို့ပေါ်တွင် ရန်သူတို့သည် ခံတပ် များ အခိုင်အမာ တည်ဆောက်ထားကြသည်။ ကပ္ပတိန် နိုတန်သည် မိမိတို့ဘက်ထက် ရန်သူ့အင်အားက အဆမတန် သာလွန်နေသည်ကို အရှင်းသား မြင်တွေ့နေရသည်။
မေလ ၁၁ ရက်နေ့တွင် ကာနယ် ရှပ်ပလန် ထံ ပေးပို့သော အစီရင်ခံစာ၌ သူက ယခုလို ရေးသားခဲ့သည် -
“ကျွန်ုပ်တို့သည် ရန်သူ့ခံတပ်အနီး (ခန့်မှန်းခြေ တစ်မိုင်ပတ်လည်ခန့်) သို့ ရောက်ရှိချိန်တွင် လမ်း၏ လက်ဝဲဘက်ရှိ တောင်ကုန်းများပေါ်မှကျွန်ုပ်တို့အား ပြင်းပြင်းထန်ထန် စတင်ပစ်ခတ်ကြသည်။ ထိုတောင်ကုန်းများကို ရန်သူတို့က အင်အားအလုံးအရင်းဖြင့် နေရာယူထားပြီး ခံစစ်အခိုင်အမာ တည်ဆောက်ထားကြခြင်း ဖြစ်သည်။ ၎င်းတို့၏ အမြောက်ကြီးများကို ခပ်ဝေးဝေး တောင်ကုန်းပေါ်မှ ပစ်ခတ်ပြီး လက်နက်ငယ်များကိုမူ အနိမ့်ပိုင်းတောင်ကုန်းများပေါ်မှ ပစ်ခတ်ကြသည်။ ထိုသို့ဖြင့် လမ်းကြောင်းတစ်ခုလုံးကို အပေါ်စီးမှနေ၍ လုံးဝ စိုးမိုးထားလေသည်။
နိုတန်သည် အစပိုင်း တွင် တော့ အရှုံးမပေးဘဲ ဆက်တိုက်ဖို့ ဆုံးဖြတ်ခဲ့ပြီး၊ သူ၏ တပ်ကို ခံတပ်အပြင်ဘက် ကွင်းပြင်တစ်ခုတွင် နေရာယူ စေ ခဲ့သည်။ ထို့နောက် အသက် (၁၈) နှစ်အရွယ် ဗိုလ်လောင်း ကမ်းဘဲလ် ကို ကွပ်ကဲ စေခဲ့ပြီး၊ သူကိုယ်တိုင်ကတော့ အမြောက်တပ်များ အမြန်ရောက်လာစေဖို့ အင်အား အနည်းငယ် နှင့် နောက်ချန်ရစ်ခဲ့သည်။ သို့သော် ကံဆိုးမှု များသည် တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာခဲ့သည်။
ဆင်ဦးစီးများက တမင်တကာ မှား မှားယွင်းယွင်း ဖြစ်အောင် လုပ်ဆောင်ခဲ့ပုံရသည်။ ဆင်များသည် ကျောပေါ်ရှိ ပစ္စည်းများကို ခါချလိုက်ကြ၍ လမ်းသည် ပိတ်ဆို့သွားခဲ့သည်။
ဆင်ပေါ်တွင် တွဲလောင်းဖြစ်နေသည့် အမြောက် ကို ထုတ်ယူရန် ကြိုးများကို ဖြတ်ခဲ့ကြသည်။ သို့သော် ဒုဗိုလ် စကော့ ၏ အတွေ့အကြုံ မရှိမှုကြောင့် (သူသည် ဆင်နှင့် အမြောက်သယ်သည်ကို တစ်ခါမှ မမြင်ဖူးခဲ့သူ ဖြစ်သည်) အကြိမ်ကြိမ် ကြိုးစား သော်လည်း မရသဖြင့် အမြောက်ကို ထားခဲ့ပြီး တခြားဆင်များက ခါချလိုက်သည့် ခဲယမ်းမီးကျောက်များကိုသာ သယ်ဖို့ လုပ်ခဲ့ကြသည် ဟု နိုတန်က အစီရင်ခံခဲ့သည်။ "ဒါတွေ ပြီးစီးသွားတဲ့အခါမှာတော့ ကျနော်ဟာ စစ်ဗာရီ တစ်စု၊ ဆင်တစ်ကောင်နဲ့အတူ တိတ်တဆိတ် သွားရောက်ပြီး အမြောက်ကို ပြန်သယ်လာနိုင်ခဲ့ပါတယ်" ဟု ဆိုသည်။
နိုတန်က ဆက်လက် အစီရင် ခံရာတွင် "စစ်သည်များကို အနားပေးရန်နှင့် ရေရှာ နိုင်ရန်အတွက် ကျနော်သည် ကွင်းပြင်တွင် နေရာယူခဲ့ပြီး ထိုညတစ်လျှောက်လုံး နိုးနိုးကြားကြားဖြင့် စောင့်ကြည့်ခဲ့ပါသည်။ မဂ် စစ်သည်တစ်ဦးက ဗမာ တပ်သား အချို့ ကျနော်တို့ထံ တွားသွား၍ ချဥ်းကပ်လာသည်ဟု ထင်ယောင်ထင်မှားဖြစ်ကာ သေနတ်များကို ဆက်တိုက်ပစ်ခတ်တော့သည်။ ထိုပစ်ခတ်မှုကို ခက်ခက်ခဲခဲ တားဆီးလိုက်ရသည်မှအပ ကျန် အချိန်များတွင် ကျနော်တို့ ငြိမ်သက်စွာ နေခဲ့ကြပါသည်။ ရန်သူများကမူ တစ်ညလုံး သေနတ်များပစ်ဖောက်ကာ ကြွေးကြော်သံများ ပေးနေခဲ့ကြသည်။
ခဲယမ်းသယ်ဆောင်သူ ကုလား အထမ်းသမားများ ထွက်ပြေးသွားကြခြင်း၊ အမြောက်များမှာလည်း လုံးဝအသုံးမပြုနိုင်တော့ခြင်း... နှင့် အကယ်၍ တောင်ကုန်းများပေါ်မှ နောက်တစ်ကြိမ် ထပ်မံပစ်ခတ်ခံရပါက မဂ်စစ်သည်များ၏ အကူအညီကို အားကိုး၍မရနိုင်ခြင်းတို့ကြောင့်...ကက်ပတိန် ထရူးမင်း ၏ စစ်ကူတပ်ဖွဲ့ကို စောင့်ဆိုင်းရန်နှင့် ရန်သူ့အင်အား မည်မျှရှိသည်ကို စုံစမ်းရန်အတွက် ပန်းဝါ သို့ ပြန်ဆုတ်ခွာခြင်းကသာ အကောင်းဆုံးဖြစ်မည်ဟု ကျနော် ယူဆခဲ့ပါသည်။ ကျနော်တို့ဘက်မှ အကျအဆုံး များပြားခဲ့ပြီး စုစုပေါင်း ၇ ဦး ပျောက်ဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့ပါသည်။ ဗိုလ်လောင်း ဘန်းနက် မှာ ဘယ်ဘက်လက်မောင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး၊ ဗိုလ်လောင်း ကမ်းဘဲလ် (Ensign Campbell) မှာလည်း ညာဘက်ခြေကျင်းဝတ်နှင့် ခြေထောက်များတွင် ကျည်ထိမှန်သော ဒဏ်ရာများ ရရှိခဲ့ပါသည် - ဟု ပါရှိလာခဲ့သည်။