အခန်း (၉)
နောက်တပတ်ထဲတွင် ဗိုင်အိုလက်က ဖုန်းဆက်လာ၍ ကျွန်တော် အတော်လေး အံ့အားသင့် သွားခဲ့မိသည်။ ကျွန်တော် နှင့် သူ့အကြား ပြောစရာ စကားများ ရှိလိမ့်မည်ဟုလည်း ယုံကြည်ထားခြင်း မရှိခဲ့၊ ယခု ဖုန်း ပြောလာသည့် အခါတွင်တော့ အရင်လို မဟုတ်ဘဲ ဝါကျ အပြည့်အစုံ နှင့် ပြောလာသည်ကို သတိထားမိလိုက်သည်။
သူကိုယ်တိုင်လည်း ဝန်ခံတယ်၊ စိတ်ဆတ်ပြီး ဝေဖန် မခံနိုင်တဲ့ လူစားမျိုးဆို တော့၊ စိတ်အေးသွားတဲ့ အချိန်ကျတော့ ရှင့် မှတ်စုတွေထဲမှာ အသုံးချလို့ ရမယ့် အချက်အလက်တွေ ပါတယ်ဆိုတာ တွေးမိသွားပုံရတယ်၊ သူ့လို လူမျိုး ကို အလျော့မပေးဘဲ ဆက်ဆံသွားပုံကို ကြည့်ပြီး လေးစားသွားတယ်၊ သူနဲ့ဆို လူတော်တော်များများက အဲ့လို မဟုတ်ကြဘူး၊ ကျမ အဆိုပြုနေတာတွေ အတွက် ရှင်က အလိုလိုနေရင်း စံပြပုဂ္ဂိုလ် ဖြစ်လာတာပဲ၊ ဗီယက်နမ် ကိစ္စတွေနဲ့ ပတ်သက်လာရင် မှန်မှန်ကန်ကန် လုပ်နိုင်ဖို့ တိုင်ပင်ရမယ့် လူ လိုလာပြီ။
ကျမတို့ဖက်က သမိုင်း အထောက်အထားတွေ၊ အဝတ်အစားတွေ၊ လက်နက်တွေ၊ ဓလေ့ထုံးတမ်း တွေ နဲ့ ပတ်သက်ပြီး စာအုပ်တွေထဲမှာ ရှာလို့ရသမျှ အကုန် သုတေသန လုပ်ထားခဲ့ပြီးပြီ၊ ဒါပေမယ့် အဲ့တာတွေ အားလုံး ကိုယ်တိုင် ကိုယ်ကျ ထိတွေ့နိုင်တဲ့ လူ လိုနေတယ်။ ပြီးတော့ ဖိလစ်ပိုင်မှာ ရှိနေတဲ့ ဗီယက်နမ် ဒုက္ခသည်တွေကိုလည်း ထည့်သုံးရဖို့ရှိနေတော့ သူတို့နဲ့ အတူ တွဲလုပ်နိုင်မယ့် လူ လိုလာတယ်။
အဝေးတစ်နေရာဆီမှ အမေ၏ တိုးညှင်းတဲ့ အသံလေး လွင့်ပျံ့လာခဲ့သည်... 'မှတ်ထားစမ်း ငါ့သား၊ မင်းဟာ ဘယ်အရာရဲ့ တစ်ဝက်တစ်ပျက်မှ မဟုတ်ဘူး၊ မင်းဟာ အရာအားလုံးရဲ့ နှစ်ဆ ဖြစ်တယ်!' တဲ့။ ရှုပ်ထွေးပွေလီလှသည့် ကျွန်တော့်၏ သွေးနှောမျိုးရိုးကြောင့် အားနည်းချက်တွေ အများကြီး ရှိခဲ့ သော်ငြားလည်း၊ အမေ၏ အဆုံးအစမဲ့ အားပေးမှု များနှင့် ကျွန်တော့်အပေါ်ထားသည့် ပြင်းပြသည့် ယုံကြည်မှုများကြောင့်ပဲ... ဘယ်လို စိန်ခေါ်မှု ဒါမှမဟုတ် အခွင့်အရေးမျိုးကိုမဆို ကျွန်တော် ဘယ်တော့မှ နောက်မတွန့်ခဲ့တာလည်း ဖြစ်သည်။
ကျွန်တော်အား အပူပိုင်း ဒေသ နတ်ဘုံနတ်နန်း တခုတွင် နေရဖို့ လေးလ လစာ အပြည့်ပေးမည်၊ ရိုက်ကူးရေးသည် သတ်မှတ်ထားသည့် ကာလထက် ကျော်သွားခဲ့က ခြောက်လစာပေးမည် ဟု ကမ်းလှမ်းလာခဲ့သည်။ ထိုဒေသ ရှိ သူပုန်အဖွဲ့များက အလွန်အကျွံ ယုံကြည်မှု ရှိလာက နတ်ဘုံနတ်နန်း ဟု ပြော၍ ရမည် မဟုတ်တော့။ အနားယူရမည့် အားလပ်ရက် ခရီးစဉ်ထက် အလုပ်ကိစ္စနှင့် သွားရမည့် ခရီးကြမ်းတစ်ခုနှင့် ပိုတူနေသည်၊ ရမည့် အခကြေးငွေကလည်း ထိုက်ထိုက်တန်တန် မဟုတ်ဘဲ နည်းနည်းပါးပါးပဲ ရတာမျိုး။ အနှစ်ချုပ်လိုက်ရင်တော့... ကျွန်တော် ခိုလှုံနေရတဲ့ အမေရိကန်မြေကနေ ခဏတဖြုတ် ထွက်ပြေးပြီး အနားယူဖို့ လိုအပ်နေတာကတော့ အမှန်ပင် ဖြစ်သည်။
အရက်သမား ဗိုလ်မှုးကို ကျွန်တော် သတ်ခဲ့မှု အပေါ် နောင်တ တရားက ကြွေးရှင်က တနေ့တ နေ့ ဖုန်း နဲ့ တဂွမ်ဂွမ် ဆက်နေသလို မျိုး ခံစားနေရသည်။ ထို့ အပြင်... ကျွန်တော့်၏ ပြွတ်သိပ် ညပ်နေသည့် စိတ်အာရုံ နောက်ကွယ်မှာတင်မက၊ ကျွန်တော်တွင် အပြစ်ရှိ ကြောင်းစုပေါင်းသီဆိုနေကြသည့် 'ကက်သလစ် ဓမ္မတေးအဖွဲ့' ၏ အလယ်ဗဟို တည့်တည့်တွင် အမြဲတမ်း နေရာယူထားသူကတော့... သေသွားသည့် ဗိုလ်မှူး၏ ဇနီး ပင် ဖြစ်သည်။
အသုဘတွင် သူမကို အကူငွေ အဖြစ် ဒေါ်လာ ငါးဆယ် ပေးခဲ့သည်။ ဤသည်ကလည်း ကျွန်တော်ဖက်က တတ်နိုင်သမျှ ပေးခဲ့သည့် ပမာဏ လည်း ဖြစ်သည်။ အခု အလုပ်အတွက် လစာက ထိုက်ထိုက်တန်တန် မဟုတ်သော်လည်း နေဖို့ထိုင်ဖို့ ပေးထားမည် ဆို၍ ငွေပိုငွေလျံ ထွက်လာနိုင်ပြီး၊ ထိုငွေများဖြင့် ဗိုလ်မှုး ဇနီး နှင့် ကလေးများကို ထောက်ပံ့ နိုင်ပေဦးမည်။
တစ်ချိန်က ကျွန်တော်သည် မတရားမှုကို ခံခဲ့ရသည့် အပြစ်မဲ့ ကလေးငယ်တစ်ယောက် ဖြစ်ခဲ့ဖူးသလိုပဲ၊ သူတို့သည်လည်း မတရားပြုကျင့်ခြင်း ခံခဲ့ရသည့် အပြစ်ကင်းစင်သူများသာ ဖြစ်ကြသည်။ ကျွန်တော်ကို မတရား လုပ်ခဲ့သူများက တစိမ်းတရံစာများ မဟုတ်၊ ကျွန်တော့် မိသားစု နှင့် အဒေါ် အရင်းခေါက်ခေါက် ကိုယ်တိုင် ပင် ဖြစ်သည်။ မိသားစု များ စုဝေးကြသည့်အခါ မျိုး တွင် သူ့သားသမီးများ ဖြစ်သည့် မောင်နှမ ဝမ်းကွဲ များ နှင့် အတူ ကစားခွင့်မပြု၊ ကျွေးစရာ ရှိလာလျင်လည်း ကျွန်တော်ကို မီးဖိုထဲက မောင်းထုတ်ပစ်ခဲ့သည်။
တခြားကလေး များ အားလုံး နှစ်သစ်ကူးအချိန်အခါကို မြတ်နိုးတန်ဖိုးထားစရာ အမှတ်တရ များ နှင့် သတိတရ ရှိနေကြချိန်တွင် ကျွန်တော့်အတွက်တော့ ထိုကာလကို သွေးရင်းသားရင်း အဒေါ်များ ပေးခဲ့သည့် ဒဏ်ရာဒဏ်ချက်များနှင့် ဒွန်တွဲပြီး အမှတ်ရနေခဲ့ရသည်။ နှစ်သစ်ကူး ဆိုသည်ကို ပထမ ဆုံး အကြိမ် သိလာခဲ့ရသည်က ကျွန်တော် ငါးနှစ် ခြောက်နှစ်သား လောက်တွင် ဖြစ်သည်။ လူကြီးတစ်ယောက်ချင်းစီဆီ အနားသွားပြီး ကျန်းမာပါစေ၊ ချမ်းသာပါစေလို့ ဆုတောင်းစကားလေးတွေ ပြောရတော့မည့် အရေးကို တွေးပြီး၊ ကျွန်တော်သည် တခြားကလေးများအကြား စိုးရိမ်တကြီး ပူးကပ် နေခဲ့မိသည်။
ကျွန်တော်သည် ဆုတောင်းစကား တစ်လုံးမှမကျန် မှတ်မိခဲ့သလို၊ တခြားမောင်နှမဝမ်းကွဲ များလိုလည်း စကား အထစ်ထစ် အငေါ့ငေါ့ မဖြစ်ခဲ့။ ရိုးသားစွာဖြင့် ချစ်စရာကောင်းအောင် အစွမ်းကုန် ကြိုးစားပြခဲ့ သော်လည်း ဒေါ်လေးကတော့ ကျွန်တော့်ကို မုန့်ဖိုး စာ အိတ်နီလေးတစ်လုံး ပေးသနားဖို့ နေနေသာသာ မျက်နှာသာတောင် မပေးခဲ့။
အမေ့ဘက်က family tree တွင် ပါသည့်ဆွေမျိုးအသိုင်းအဝိုင်း အားလုံးက ကျွန်တော့်ကို စိုက်ကြည့်နေကြသည်။ အဖုအထစ်တွေနဲ့ ပြည့်နေသည့် family tree ၏ သစ်ကိုင်း များ ပေါ်တွင် အမေ့၏ မိဘနှစ်ပါး၊ မောင်နှမ ကိုးယောက်၊ ကျွန်တော့် ၏ မောင်နှမဝမ်းကွဲ သုံးဒါဇင်လောက် က နေရာယူထားကြသည်။
'ငါ့မှာ မလောက်တော့ဘူး' လို့ အဲဒီ စုန်းမယုတ်က ကျွန်တော့်အပေါ်ကနေ မိုးရပ်ရင်း ပြောလိုက်သည်။ 'တစ်အိတ် လိုသွားတယ်' တဲ့။ ကျွန်တော်သည် တရိုတသေ နှင့် ရင်ဘတ်ပေါ် လက်ကလေးနှစ်ဖက် ပိုက်ထားရင်း ဘာလုပ်ရမှန်းမသိ ကြောင် ပြီး ရပ်နေမိ သည်။ စာ အိတ်နီလေးတစ်အိတ် မျက်လှည့်ပြသလို ထွက်လာ လေ မလား၊ ဒါမှမဟုတ် တောင်းပန်စကား များ ကြားရမလားလို့ မျှော်လင့်နေမိသည်။ သို့သော်ဘာတခုမှ ဖြစ်မလာခဲ့။ မိနစ် အတော်ကြာအောင် တိတ်ဆိတ်သွားပြီးတဲ့နောက် မှာတော့ အမေက ကျွန်တော့်ပုခုံးပေါ် လက်တင်လိုက်ပြီး 'သားကို သင်ခန်းစာပေးတဲ့အတွက် ဒေါ်လေးရဲ့ ကျေးဇူးကို ကန်တော့လိုက်ဦး' လို့ ပြောခဲ့သည်။
အိမ်ပြန်ရောက်လို့ ကျွန်တော်တို့ အတူအိပ်သည့် သစ်သားကုတင်ထက် ရောက်သည့်အခါကျမှ အမေက ရှိုက်ကြီးတငင် ငိုကြွေး တော့သည်။ တခြားဦးလေးတွေ၊ အဒေါ်တွေက ကျွန်တော့်ကို စာအိတ်နီ တွေ ပေးကြတာပဲဟု ပြောလို့ရ သော်လည်း ၊ အခြား ဝမ်းကွဲမောင်နှမ များ၏ စာအိတ်များနှင့် ယှဉ်ကြည့်လိုက်သည့် အခါ ကျွန်တော်ရသည့်လက်ဆောင် မုန့်ဖိုးများက သူတို့ရတာ၏ တစ်ဝက်လောက်ပဲ ရှိတာကို တွေ့လိုက်ရသည်။
တွက်တတ်ချက်တတ်သော ဝမ်းကွဲတစ်ယောက်က 'ဒါ နင်က သွေးနှော ဖြစ်နေလို့လေ' လို့ ပြောသည်။ 'နင်က ကပြား အဖေမရှိတဲ့ ကောင်ပဲ' တဲ့။ 'ကပြား အဖေမရှိတဲ့ကောင်' ဆိုတာ ဘာလဲလို့ အမေ့ကို ကျွန်တော် မေးသည့် အခါ အ မေ့ မျက်နှာတစ်ခုလုံး ဒေါသ ကြောင့် နီမြန်းသွားတော့သည်။
ဖြစ်နိုင်ရင် ငါ့လက်နဲ့ သူ့ လည်ပင်းကို ညှစ်သတ်ပစ်လိုက်ချင်တယ်' လို့ အမေက ပြောသည်။ ကျွန်တော့်ဘဝတွင် ကိုယ့်ကိုယ်ကိုယ်အကြောင်း၊ ဒီလောကကြီးအကြောင်းနှင့် လောကထဲက လူသားတွေအကြောင်းကို အခုလို တစ်နေ့တည်းနှင့် အများကြီး သိခွင့်ရလိုက်သည့် နေ့မျိုး တစ်ခါမှ မရှိခဲ့ဘူးပေ။ ဘယ်လိုနည်းနဲ့ပဲ သင်ခန်းစာရရ၊ ကိုယ်ရလိုက်တဲ့ ပညာ ဗဟုသုတ အတွက်တော့ ကျေးဇူးတင်ရမည်သာ ဖြစ်သည်။ ဒါကြောင့် တစ်ဖက်ကကြည့်ရင် ကျွန်တော့် အဒေါ်နှင့် ဝမ်းကွဲမောင်နှမများကို ပင် ကျေးဇူးတင်ရမည် ဖြစ်သည်။ ကျောင်းမှာ သင်ခဲ့ရသည့် အကြောင်းအရာ တော်တော်များများထက် သူတို့ပေးခဲ့သည့် သင်ခန်းစာများကို ကျွန်တော် ပိုပြီး မှတ်မိနေခဲ့လို့ပင် ဖြစ်သည်။
နေကြဦးပေါ့၊ တစ်နေ့ကျရင် သူတို့ သိစေရမယ် လို့ အမေက ရှိုက်ကြီးတငင် ငိုရင်း ပြောသည်။ ကျွန်တော် အသက်ရှူတောင် ကျပ်သွားတဲ့အထိ အမေ က အတင်းဖက်ထားသဖြင့် ကျွန်တော့်မျက်နှာက နွေးထွေးနေသည့် အမေ့ ရင်ခွင်တစ်ဖက်မှာ အပ်နေပြီး၊ လက်ကလည်း ကျန်သည့် ရင်သားအိအိလေးကို ဆုပ်ကိုင်ထားမိခဲ့သည်။
တစ်နေ့ကုန် ထမင်းဟင်းချက်ပြုတ်၊ ဧည့်ခံကျွေးမွေးရင်း မတ်တတ်တစ်လှည့်၊ ဆောင့်ကြောင့်တစ်လှည့်နဲ့ ပူအိုက်စိုစွတ်လှသည့် နေ့တစ်နေ့ကို ဖြတ်သန်းခဲ့ရသော အမေ၏ ပါးလွှာသည့် ချည်သားအင်္ကျီပေါ်မှ တစ်ဆင့် ထိုးဖောက်ထွက်လာသည့် နွေးထွေးလှသော ကိုယ်နံ့ပင် ဖြစ်သည်။
တစ်နေ့ကျရင် သူတို့ သိစေရမယ်။ သား သူတို့အားလုံးထက် ပိုကြိုးစားရမယ်၊ သူတို့အားလုံးထက် ပိုစာသင်ရမယ်၊ သူတို့အားလုံးထက် ပိုသိနားလည်ရမယ်၊ သူတို့အားလုံးထက် ပိုတော်တဲ့သူ ဖြစ်ရမယ်။ သား အဲဒီလို ဖြစ်အောင် လုပ်မယ်လို့ အမေ့ကို ကတိပေးစမ်း’ တဲ့။ ကျွန်တော်လည်း ကတိပေးခဲ့သည်။