"အမေတို့ မိန်းမတွေရဲ့ အချစ်ဟာ သန့်စင်တဲ့ အချစ်မျိုး မဟုတ်ဘူး။ ကိုယ်လိုအပ်တာကိုပဲ ချစ်ကြတာ။ အခု ကြည့်စမ်း... မင်း ဆိုရင်လည်း မင်း အမေအတွက်နဲ့ ပူဆွေးနေတယ်။ မင်းက မင်း အမေကို ဘာအတွက် လိုချင်နေတာလဲ၊ တခြားသူတွေကျတော့ လူထုအတွက် ဒုက္ခခံနေကြတယ်၊ ထောင်ကျ တန်းကျ ခံကြရတယ်၊ ဆိုက်ဘေးရီးယားအထိ အပို့ခံရတယ်၊ အသေခံကြတယ်၊ အများကြီးပဲ အသတ်ခံနေကြရတယ်။
မိန်းကလေးငယ်လေးတွေဆိုရင် ညဘက်ကြီး၊ နှင်းတွေထဲ၊ ရွှံ့တွေထဲ၊ မိုးတွေထဲမှာ တစ်ယောက်တည်း လမ်းလျှောက်လာကြတယ်။ မြို့ထဲကနေ အမေ တို့ဆီကို ခုနစ်ဗာ့စ် (၅ မိုင်ခန့်) လောက်ဝေးတဲ့ ခရီးကို လမ်းလျှောက်လာကြတာ။ ဘယ်သူက သူတို့ကို မောင်းထုတ်လို့လဲ၊ ဘယ်သူက သူတို့ကို လိုက်ဖမ်းလို့လဲ။
သူတို့မှာ အချစ်ရှိလို့ပေါ့! အဲဒါဟာ သန့်စင်တဲ့ အချစ်ပဲ။ သူတို့မှာ ယုံကြည်ချက်ရှိကြတယ်! ဟုတ်တယ် အန်ဒရူးရှာ... သူတို့ တကယ်ယုံကြည်ကြတာ။ ဒါပေမဲ့ အမေကျတော့... အဲဒီလိုမျိုး မချစ်တတ်ဘူး။ အမေက ကိုယ်ပိုင်၊ ကိုယ်နဲ့ နီးစပ်တဲ့သူတွေကိုပဲ ချစ်တတ်တာ!"
(ဂေါ်ကီသည် "မိခင်မေတ္တာ" ဆိုသည်က သွေးသားရင်းချာအပေါ် အခြေခံသည့် 'လိုအပ်ချက်' တစ်ခုဖြစ်ပြီး၊ တော်လှန်ရေး သမား များ၏ "လူသားအားလုံးအပေါ်ထားတဲ့ အချစ်" ကသာ အကျိုးအမြတ်မပါသည့် 'သန့်စင်တဲ့အချစ်' ဖြစ်သည် ဆိုခြင်းကို နှိုင်းယှဉ်ပြထားခြင်း ဖြစ်သည်။)
ရုရှားလေး က မျက်နှာကို တဖက်သို့ လွှဲလိုက်ပြီး " အမေ ချစ်နိုင် ပါတယ်လေ၊ လူတိုင်းကတော့ ကိုယ့်အနားမှာ ရှိတဲ့သူတွေကိုပဲ ချစ်တတ်ကြတာပါပဲ" ဟု သူ့ ခေါင်း နှင့် မျက်နှာကို လက် နှင့် ပွတ်နေရင်းက ပြောလိုက်သည်။ "ဒါပေမဲ့ နှလုံးသား ကျယ်ပြောတဲ့သူအဖို့တော့ အဝေးမှာရှိနေတာဟာလည်း အနားမှာ ရှိနေသလိုပါပဲ။ အမေ... အမေဟာ အများကြီး စွမ်းဆောင်နိုင်တဲ့သူပါ။ အမေ့မှာ မိခင်မေတ္တာတရားတွေ အပြည့်အဝ ကိန်းအောင်းနေပါတယ်"
"ဘုရားသခင် မစပါစေ" ဟု သူမက တိုးတိုးလေး ရေရွတ်သည်။ "ဒီလိုမျိုး နေရတာ ကောင်းတယ်လို့ အမေ ခံစားရတယ်။ ဥပမာ - အခု အမေ ချစ်တဲ့ မင်းကိုပဲ ကြည့်လေ။ အမေဟာ မင်းကို ပါဗယ် ထက်တောင် ပိုချစ်မိနေသလား မသိပါဘူး။ ပါဗယ်က အမြဲတမ်း နှုတ်ဆိတ်လွန်းတယ်။ အခုလည်း ကြည့်ဦး၊ သူက ဆာရှင်ကာနဲ့ လက်ထပ်ချင်နေတာကို အမေဖြစ်တဲ့ လူကို တစ်ခွန်းမှ မဟဘူး။"
"အဲ့လို တော့ မဟုတ်နိုင်ပါဘူး" ရုရှားလေးက မဆိုင်းမတွ ပြန်ပြောလိုက်သည်။ "အမေ ပြောသလို မဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ သူတို့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြတာတော့ အမှန်ပဲ။ ဒါပေမဲ့ သူတို့ လက်ထပ်ကြမှာ မဟုတ်ပါဘူး။ ဆာရှင်ကာကတော့ လက်ထပ်ချင်မှာပေါ့၊ ဒါပေမဲ့ ပါဗယ်ကတော့... မလုပ်နိုင်ဘူး။ လက်မထပ်ချင်ဘူး။"
"မင်းတို့တွေကတော့ ကွယ်" ဟု အမေဖြစ်သူက တိုးတိုးလေးပြောရင်း ရုရှားလေး၏ မျက်နှာကို ဝမ်းနည်းရိပ်သန်းသော မျက်လုံးများဖြင့် စိုက်ကြည့်နေမိသည်။ "မင်းတို့တွေကတော့ ကြည့်စမ်းပါဦး။ မင်းတို့ကိုယ် မင်းတို့တောင် လောကအတွက် စတေးပစ်ဖို့ ဝန်မလေးကြတဲ့ လူမျိုးတွေပဲ"
ပါဗယ်ဟာ ရှားမှရှားတဲ့ လူသားတစ်ယောက်ပဲ!" လို့ ရုရှားလေး က ခပ်တိုးတိုး ပြောလိုက်သည်။ "သူဟာ သံမဏိလို လူစားမျိုးပဲ!"
"အခုတော့ ထောင်ထဲ ရောက်နေရပြီပေါ့" ဟု အမေက တွေးတောငေးမောရင်း ဆက်ပြောသည်။ "ဒါဟာ ကြောက်စရာကြီး၊ တကယ့်ကို ထိတ်လန့်စရာပဲ! အရင်တုန်းကနဲ့ ဘာမှမတူတော့ဘူး။ ဘဝဆိုတာကြီးက အရင်လို မဟုတ်တော့သလို၊ ကြောက်ရွံ့မှုဆိုတာကလည်း အရင်က ကြောက်ခဲ့ရတဲ့ အကြောက်တရားမျိုး မဟုတ်တော့ပြန်ဘူး။ လူတိုင်းအပေါ်မှာ သနားဂရုဏာ သက်မိသလို၊ လူတိုင်းအတွက်လည်း စိတ်ပူပန်နေရတယ်။ အမေ့ နှလုံးသားကလည်း ပြောင်းလဲသွားပြီ။ မျက်စိပွင့် နားပွင့်လာခဲ့တော့ အရာရာကို မြင်နေရပြီ၊ ပြီးတော့ ဝမ်းနည်းမှုနဲ့ ဝမ်းသာမှုတို့ဟာလည်း တစ်ပြိုင်နက်တည်းမှာပဲ ဒွန်တွဲလာတယ်၊
ပြီးတော့ အမေ နားမလည်နိုင်တာတွေ အများကြီး ရှိသေးတယ်၊ မင်းတို့တွေက ထာဝရဘုရားသခင်ကို မယုံကြည်ကြဘူးဆိုတာကို သိရလို့ တော်တော်လေး စိတ်မကောင်းဖြစ်ရသလို ဝမ်းလည်းနည်းမိတယ်။ ဒါပေမဲ့ ဒါကိုတော့ အမေ တားလို့မရဘူး ထင်ပါရဲ့လေ! တစ်ခုတော့ ရှိတယ်၊ မင်းတို့ဟာ လူကောင်းတွေဆိုတာကိုတော့ အမေ မြင်လည်းမြင်တယ်၊ သိလည်းသိထားတယ်။ မင်းတို့ဟာ လူသားတွေအတွက် ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို ရွေးချယ်ခဲ့ကြတယ်၊ အမှန်တရားအတွက်ဆိုရင် ဒုက္ခဆင်းရဲတွေကို ခံစားဖို့ ကိုယ့်ကိုယ်ကိုယ် ပေးဆပ်စတေးထားကြသူတွေပဲ။
မင်းတို့ တတွေ ရပ်တည်နေတဲ့ အမှန်တရားကို အမေနားလည်ပါပြီ အန်ဒရူးရှာ။ ချမ်းသာတဲ့သူတွေ ရှိနေသရွေ့တော့ သာမန်လူတန်းစားတွေဟာ အမှန်တရားရော၊ ပျော်ရွှင်မှုရော... ဘာဆိုဘာမှ ရကြမှာမဟုတ်ဘူး။ ဟုတ်တယ်၊ အဲဒါ အမှန်တရားပဲ။ အခု အမေက ဒါတွေအားလုံး ဖြစ်ပျက်နေတဲ့ကြားထဲမှာ မင်းတို့နဲ့အတူ နေထိုင်နေတာပဲလေ။ တစ်ခါတလေ ညဘက်တွေမှာ အမေရဲ့ အတွေးတွေက အတိတ်ဆီကို လွင့်မျောသွားတတ်တယ်..."
အဲ့တော့ ခြေဖဝါးအောက်မှာ နင်းချေခံခဲ့ရတဲ့ အမေရဲ့ နုပျိုခဲ့တဲ့ ခွန်အားတွေ၊ အရိုက်အနှက်ခံရပြီး ဆုတ်ဖြဲခံခဲ့ရတဲ့ အမေ့ရဲ့ ငယ်ရွယ်တဲ့ နှလုံးသားအကြောင်းတွေ တွေးမိလာတယ်၊ အမေလည်း ကိုယ့်ကိုကိုယ် သနားလာမိသလို ခါးသီးတဲ့ ခံစားချက် တွေ လည်း ဖြစ်မိတယ်။ ဒါပေမဲ့ အဲဒီလို ခံစားချက်တွေကြားကပဲ အခုဆိုရင် အမေ့ဘဝက ပိုကောင်းလာခဲ့ပြီ။ ကိုယ့်ကိုကိုယ်လည်း ပိုပြီးတော့ မြင်လာနိုင်သလို၊ ပိုပြီးတော့လည်း ခံစားသိရှိလာရတယ်။"
ရုရှားလေးက ထိုင်နေရာက ထလိုက်ပြီး ခေါက်တုံ့ ခေါက်ပြန် လမ်းလျောက်နေရင်း တစုံတရာကို စဉ်းစားနေသည်။
"ကောင်းလိုက်တဲ့ စကားတွေဗျာ၊ အတော်ကို ကောင်းတယ်၊ ကပ်ခ်ျ မှ ကဗျာတွေ စာတွေ ရေးတဲ့ ဂျုး လူငယ် တယောက် ရှိခဲ့ဖူးတယ်၊ သူက ဘာရေး ထားလဲ ဆိုတော့..."မတရားသဖြင့် အသက်စတေးခဲ့ရ သူတို့အား အမှန်တရားက နိုးထရှင်သန်ခြင်း ပေးသနားလိမ့်မည်။" တဲ့။
သူကိုယ်တိုင်လည်း ကပ်ခ်ျ မှ ပုလိပ်တွေ လက်ချက် နဲ့ အသတ် ခံလိုက်ရတယ်၊ ကျွန်တော် ပြောချင်တာ အဲ့တာ မဟုတ်ဘူး၊ သူက အမှန်တရားကို သိတယ်၊ သူ သိတဲ့ အမှန်တရား ကိုလည်း လူတွေ ကြားထဲ ပျံ့နှံ့အောင် အတော် လေး ကြိုးကြိုးစားစား လုပ်ခဲ့တယ်၊ ဒါကြောင့် သူလည်း ပဲ မတရား အသတ်ဖြတ်ခံလိုက်ရတဲ့ အပြစ်မဲ့သူတွေထဲက တစ်ယောက်ပေါ့။ သူဟာ အမှန်တရားကို ပြောခဲ့တာပဲ!"
"ကဲ... အခုတော့ အမေ စကားတွေ ပြောနေပြီ" ဟု အမေက ဆက်ပြောသည်။ "အမေက စကားတွေ ပြောနေပေမဲ့ ကိုယ့်ဘာသာကိုယ် ပြန်မကြားသလိုပဲ၊ ကိုယ့်နားကိုယ်တောင် မယုံနိုင်ဘူး။ တစ်သက်လုံး အမေဟာ နှုတ်ဆိတ်နေခဲ့ရတာ။ အမေ့ စိတ်ထဲမှာ အမြဲတမ်းလို တစ်ခုပဲ တွေး နေ ခဲ့မိတယ်— အဲဒါကတော့ နေ့ရက်တိုင်းကို ဘယ်လို ဖြတ်သန်းမလဲ၊ ဘယ်သူမှ ငါ့ကို သတိမထားမိအောင်၊ ဘယ်သူမှ ငါ့ကို လာမထိခိုက်အောင် ဘယ်လို ပုန်းလျှိုးကွယ်လျှိုး နေထိုင်ရမလဲ ဆိုတာပဲ။
ဒါပေမဲ့ အခုတော့ အမေ အရာရာကို တွေးတတ်နေပြီ။ မင်းတို့ လုပ်နေတာ တွေ ကို သိပ်ပြီး အကျအန နားမလည်တာ ဖြစ်နိုင်ပေမဲ့၊ အားလုံးဟာ အမေနဲ့ နီးစပ်ကုန်ကြပြီ။ အားလုံးကိုလည်း သနားစာနာမိတယ်၊ အားလုံးကိုလည်း ကောင်းစားစေချင်တယ်။ အဲဒီအထဲမှာ အန်ဒရူးရှာ... သား ကို တခြားသူတွေထက် ပိုပြီးတော့တောင် စေတနာပိုမိပါသေးတယ်။"
ရုရှားလေး သည် အမေ့လက်ကို ဆုပ်ကိုင်ကာ ခပ်တင်းတင်း ညှစ်လိုက်ပြီးနောက် အမြန်ပင် တစ်ဖက်သို့ လှည့်သွားလေသည်။ စိတ်လှုပ်ရှားမှုနှင့် တုန်လှုပ်ချောက်ချားမှုများကြောင့် ပင်ပန်းနွမ်းနယ်နေသော်လည်းအမေသည် ခွက်များကို အေးအေးလူလူနှင့် တိတ်ဆိတ်စွာ ဆေးကြောနေခဲ့သည်။ အမေ့၏ ရင်ထဲတွင်မူ နှလုံးသားကို နွေးထွေးစေသည့် ရဲရင့်သော ခံစားမှုတစ်ခုက သိမ်မွေ့စွာ တောက်ပလျှက် ရှိနေတော့သည်။
ရုရှားလေးက အခန်းထဲ ခေါက်တုန့် ခေါက်ပြန် လျှောက်နေရင်းက-
"အမေ ဗိုင်ဆော့ချီကော့ကို တခါတလေ ကြင်ကြင်နာနာ ဆက်ဆံကြည့်ပါလား၊ သူက အဲ့လို ကြင်နာမှု တွေ လိုအပ်နေတဲ့ လူမျိုး၊ အဖေက ထောင်ထဲမှာ၊ လူကလည်း လူရှူပ်၊ နီကိုလေး က တခါတလေ ပြတင်းပေါက်က တဆင့် သူ့ အ ဖေကို တွေ့သွားတဲ့ အခါမျိုးကျ လှမ်းတောင် ဆဲလိုက်သေး၊ အဲ့တာ အတော်လေး ဆိုးသဗျာ၊ နီကိုလေး က လူကောင်း တယောက်ပါ၊ ခွေးတွေ၊ ကြွက်တွေက အစ၊ တရိစ္ဆာန် မျိုးစုံကို ချစ်တယ်၊ အဲ... လူတွေကို တော့ မကြိုက်လှဘူး၊ လူတစ်ယောက်ဟာ ဒီလိုအခြေအနေမျိုးအထိ ဘာဖြစ်လို့ ရောက်သွားရတယ်ဆိုတာ စဉ်းစားသာကြည့်ပါတော့ အမေရယ်။"
"အင်း...အမေလုပ်တဲ့လူကလည်း ဘာသတင်းအစအန မှ မရအောင် ပျောက်သွားလိုက်တာများ၊ အဖေကလည်း သူခိုး၊ အရက်သမား" ဟု အမေ က တွေးတွေးဆဆ ပြောလိုက်သည်။
အန်ဒရေး အိပ်ရာဝင်ဖို့ ထွက်သွားသည်ကို ကြည့်ပြီး အမေသည် သူ မသိအောင် နောက်ကျောဘက်ကနေ လက်ဝါးကပ်တိုင်ပုံစံ သင်္ကေတ လုပ်ပေးလိုက်သည်။ နာရီဝက်လောက် ကြာပြီးတဲ့နောက် တွင်တော့ အမေက -
"အန်ဒရူးရှာ... မင်း အိပ်ပြီလား" လို့ တိုးတိုးလေး မေးလိုက်သည်။
"မအိပ်သေးပါဘူး။ ဘာလို့လဲ အမေ"
"ဘာမှမဟုတ်ပါဘူးကွယ်။ ကောင်းကောင်းအိပ် ပျော်ပါစေလို့ ဆုတောင်းပေးမလို့ပါ"
"ကျေးဇူးတင်ပါတယ် အမေရယ်... တကယ်ကို ကျေးဇူးတင်ပါတယ်" လို့ ငြင်ငြင်သာသာ ပင် ပြန်ဖြေလိုက်သည်။
*************************