ကျွနုပ်တို့၏ အိမ်ထောင်သည် ဘဝသည် ယခုအခါ ငါးဆယ့် ခုနှစ်နှစ်ပင် ရှိသွားခဲ့ပြီ ဖြစ်သည်။ ကျွနုပ်တို့တွင် အန်နာတိုလီ နှင့် အီမီလီယာ ဆိုသည့် သားသမီး နှစ်ယောက် ထွန်းကားခဲ့သည်။ အန်နာတိုလီသည် သမိုင်း ဘာသာရပ်ဖြင့် ဒေါက်တာ ဘွဲ့ ဆွတ်ခူးနိုင်ခဲ့သောကြောင့် ယခုအခါ ပါမောက္ခကြီးပင် ဖြစ်နေပြီး သည့်အပြင် ဆိုဗီယက် ပြည်ထောင်စု သိပ္ပံအကယ်ဒမီကြီး၏ အာဖရိက အင်စတီကျု တွင် ညွှန်ကြားရေးမှူး တာဝန်လည်း ထမ်းဆောင်လျှက် ရှိနေသည်။ သမီးဖြစ်သူ အီမီလီယာ သည်လည်း သမိုင်းဘာသာရပ်ဖြင့် ဘွဲ့ရခဲ့ကာ စာပေစီစစ်ရေး တွင် တည်းဖြတ် အလုပ်ကို လုပ်ကိုင်လျှက် ရှိသည်။ အီဂေါ၊ အင်ဒရေ နှင့် အယ်လက်ဆီ ဆိုသည့် မြေးယောကျ်ားလေး သုံးယောက်နှင့် လီဒီယာ နှင့် အင်နာဆိုသည့် မြေးမလေးများလည်း ရလာခဲ့ပြန်သည်။ မြေးယောကျ်ားလေးများထဲမှ တယောက်မှာ သားတယောက် ထွန်းကားလာခဲ့လေပြီ။ ကျွနုပ်၏ ညီမ ဖြစ်သူ အီဗီဒိုကီယာသည်လည်း ဂိုမဲလ်တွင် သူမ၏ သမီးဖြစ်သူ ဆိုဖီယာ နှင့် အတူ နေထိုင်လျှက် ရှိဆဲပင် ဖြစ်သည်။
ဆိုဗီယက် ပြည်သူတို့ ခုခံ တော်လှန်ခဲ့ကြရသော မျိုးချစ် စစ်ပွဲကြီးသည် ကျွနုပ်တို့၏ မိသားစုကိုလည်း ချမ်းသာပေးခဲ့ခြင်း မရှိပြန်ပေ။ ဆိုဗီယက် တပ်မတော်တွင် အရာရှိ များ ဖြစ်သော ကျွနုပ်၏ ညီငယ် နှစ်ဦး ဖြစ်သည့် အယ်လက်ဆီ နှင့် ဖီဒါတို့သည် စစ်ပွဲကြီးအတွင်း ကျဆုံးသွားခဲ့ကြသည်။ တဦးသည် စစ်ပွဲကြီး၏ အစပိုင်းတွင်ပင် ဘော်လတစ် ဒေသ၌ ကျဆုံးခဲ့ပြီး နောက်တဦးသည် ဆိုဗီယက် တပ်မတော်မှ ဆုတ်ခွာနေသော ဟစ်တလာ၏ လက်ပါးစေ များ နောက် ထပ်ချပ်မကွာ လိုက်လံ ချေမှုန်းနေစဉ် အတွင်း ဘိုဘရူရစ် အနီး ဘရီဇီနာ မြစ်ကို ဖြတ်ကူးနေစဉ် ရန်သူ၏ အမြှောက်ဆံ ထိမှန်သွားခဲ့ရသည်။
ကျွနုပ်၏ တတိယမြောက် ညီငယ် ဒီမီထရီမှာလည်း စစ်ပွဲကြီး၏ ဒဏ်ကို လူးလိမ့်အောင် ခံခဲ့ရသည်။ စစ်ပွဲအတွင်း က သူသည် ဂျာမန် တို့ သိမ်းပိုက်ထားသော နယ်မြေ အတွင်း တော်လှန်ရေးပြောက်ကျား တပ်သားတဦး ဖြစ်ခဲ့သည်။ နောက်ပိုင်းမှာ တပ်ထဲသို့ ဝင်လာခဲ့သူ ဖြစ်သည်။ သို့သော် ရှေ့တန်းက ပြန်ရောက်လာပြီးနောက် ကျန်းမာရေးသည် ဆိုးဝါးလာခဲ့ပြီး ၁၉၇၈ တွင် ကွယ်လွန်သွားခဲ့သည်။ မိခင်ဖက်မှ တော်စပ်သော ဦးလေးနှစ်ဦးလည်း စစ်ပွဲကြီး အတွင်း ကျဆုံးသွားခဲ့ကြပြန်သည်။ ဇနီး ၏ အချစ်ဆုံး အကို ဖြစ်သူ အာရာဒီသည်လည်း မော်စကို မြို့တော်ကြီး အား ရန်သူ့လက်သို့ မကျစေရေးအတွက် အပြင်းအထန် ခုခံခဲ့သည့် တိုက်ပွဲကြီး အတွင်း ကျဆုံးသွားခဲ့ရသည်။
*******************************
ကျွနုပ်သည် မူလတန်း ကျောင်း မှ ထွက်ခဲ့ပြီးနောက် နောက်ထပ် ဆယ့်နှစ်နှစ်ခန့် ပညာဆက်လက် ဆည်းပူးခဲ့သည်။ ပထမပိုင်းတွင် ဂိုမဲလ် ရှိ သက်မွေးအတတ်ပညာသင်ကျောင်း၊ ထို့နောက် ဘောရစ်ဆော့ ရှိ နည်းပညာ ကောလိပ်သို့ ဆက်လက် တက်ရောက်ခဲ့သည်။ ထိုမှတဆင့် မင့်စ် ရှိ အင်စတီကျု တက္ကသိုလ်၊ နောက်ဆုံးတွင် မော်စကို တွင် ဘွဲ့လွန်ပညာ ကို ဆက်လက် လေ့လာခဲ့သည်။
ကျွနုပ်ကိုယ်တိုင် လူမှုရေး သိပ္ပံပညာကို လေ့လာဆည်းပူးသွားရန် စိတ်ပိုင်းဖြတ်ခဲ့ပြီး ဖြစ်သည်။ ဤသည်ကလည်း ကျွနုပ် ဆယ့်ခြောက်နှစ် အရွယ်တွင် အိန်ဂျယ်၏ ဒူရင် ဆန့်ကျင်ရေး သဘာဝ သိပ္ပံ ဓမ္မတရားကြီးကို ဖတ်ရှုလေ့လာခဲ့ပြီး နောက် ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။ ထိုအချိန်က ကျွနုပ်သည် ကွန်ဆိုမို လူငယ်ဘုံအဖွဲ့၏ အတွင်းရေးမှူး အဖြစ် ရွေးချယ် တင်မြှောက်ခံထားရပြီး ဖြစ်၍ နိုင်ငံရေး စာပေများ လေ့လာရေး အဖွဲ့ကို ဦးဆောင်နေရချိန်လည်း ဖြစ်သည်။
အိန်ဂျယ် ၏ Anti-Dühring လူမှုရေး သိပ္ပံကျမ်းကြီးသည် ခက်ခဲမည်ဟု ထင်ရသော်လည်း စတင်ဖတ်ရှုခဲ့ပြီးနောက်တွင်မူ လက်က မချနိုင်အောင် ဖြစ်လာခဲ့ရသည်။ အဆိုပါ စာအုပ်ကြီးသည် မက်စ် နှင့် အိန်ဂျယ် တို့ နှစ်နှစ်ကြာ ပူးတွဲရေးသားခဲ့သော စာအုပ်ဖြစ်၍ မက်စ်၏ အတွေးအခေါ်များ လွှမ်းမိုးနေပေသည်။ ကွန်ဆိုမို လူငယ် အဖွဲ့သို့ ဝင်ရောက်ခဲ့ပြီးချိန်ကစ၍ မက်စ်၏ အရင်းကျမ်းကို ကျွနုပ် ကြားဖူးနားဝ ရှိခဲ့ပြီးလည်း ဖြစ်သည်။ အရင်းကျမ်းသည် မက်စ်၏ အထင်ရှားဆုံး လက်ရာကြီး ဖြစ်သဖြင့် ထိုစာအုပ်ကြီးကို လက်ဝယ် ရောက်ရှိရန် လအတန်ကြာ ကြိုးပမ်းခဲ့ရသည်။ သို့သော် ခက်ခဲနက်နဲလွန်းလှသဖြင့် ကျွနုပ်သည် ဆက်လက် ဖတ်ရှုရန် မဖြစ်နိုင်တော့ သဖြင့် အသိပညာ ပိုမို ပြည့်စုံလာသည့် အခါကျမှသာ ဖတ်ရှုမည်ဟု တေးထားလိုက်ရပေတော့သည်။
ကျွနုပ်မှာ ကွန်မြူနစ်တယောက် ဖြစ်လာသည်နှင့် အညီ နည်းပညာ ကောလိပ်တွင် ပါတီအတွင်းရေးမှူး ဖြစ်ခဲ့ပြန်သည်။ ပါတီအာဏာပိုင်များက ဘောရီဆော့မှ တာဝန်ဖြင့် မကြာခဏ စေလွှတ်ခြင်း ခံခဲ့ရသည်။ တခါတခါ တလ နှစ်ကြိမ်မျှပင် သွားခဲ့ရသည်။ အဓိက အားဖြင့် ကျေးရွာများရှိ စုပေါင်း ဘုံလယ်ယာမြေ လုပ်ငန်းများနှင့် ပါတီ လုပ်ငန်းများ အခြေခိုင်မာရေး တို့ အတွက် ဖြစ်သည်။ တခါတရံ လယ်ယာသုံး ကိရိယာများ ဝယ်ယူပေးရေး အတွက်ပါ တာဝန်ယူခဲ့ရသည်။
ဘောရီဆော့ တွင် နှစ်နှစ်မျှ ပညာဆည်းပူးခဲ့ပြီး နောက်တွင် မင့်စ် မှ သိတ်မဝေးလှသော ဒီဇာဇင့်စ် အရပ်တွင် အလယ်တန်း ကျောင်းအုပ်ကြီး အဖြစ် ခန့်အပ်ခံခဲ့ရသည်။ ကျွနုပ်၏ ဇနီးသည်လည်း ထိုအရပ်ရှိ အစိုးရ လယ်ယာမြေတွင် တရိစ္ဆာန် ဆေးကုသရေး အတတ်ပညာရှင် အဖြစ် လုပ်ကိုင်နေသည်။ ကျွနုပ်သည် ထိုကျောင်းတွင် စာသင်ကြားရေး နှင့် ကျောင်းအုပ်ချုပ်ရေး တာဝန်များပါ ယူခဲ့ရသည်။ တဖက်တွင်လည်း မင့်စ် အင်စတီကျု တွင် အဝေးသင် ကျောင်းသား တဦး အဖြစ် ပညာ ဆက်လက် သင်ကြားခဲ့သည်။
တရက်တွင်တော့ ဘဲလိုရုရှား ကွန်မြူနစ် ပါတီ ဗဟိုကော်မတီမှ ကိုယ်စားလှယ် တဦးသည် ကျွနုပ်အား လာရောက် တွေ့ဆုံခဲ့ပြီး အလုပ်တခုကို ထူးထူးဆန်းဆန်း ကမ်းလှမ်းလာခဲ့သည်။
“ခင်ဗျား စိတ်ဝင်စားမယ် ဆိုရင်တော့ ဘွဲ့လွန်သင်တန်း တခု ဆက်တက်ဖို့ ကျွန်တော် အကြံပေးချင်ပါတယ်”
“ကျွန်တော် အခု အင်စတီကျု မှာ တက်နေတာ မပြီးသေးဖူးလေ”
“အဲ့ဒီအတွက် စိတ်မပူပါနဲ့လေ၊ ဖြေစရာရှိတဲ့ စာမေးပွဲတွေ ဆက်ဖြေထား၊ အဲ့တာတွေ ပြီးရင် ဘွဲ့လွန်သင်တန်း ကို တိုက်ရိုက် ဆက်တက်ဖို့ ပြောနေတာပါ”
ကျွနုပ်ကို စဉ်းစားဖို့ အချိန်ပေးပါဟု သာ ပြန်ပြောလိုက်ရသည်။
စဉ်းစားမည်ဟု ပြောလိုက်ခြင်းမှာလည်း ကျွနုပ်တွင် ငွေရေးကြေးရေး အရ အခက်အခဲ ရှိလာနိုင်မည်ကို တွေးမိလိုက်သောကြောင့်ပင် ဖြစ်သည်။ ထိုအချိန်တွင် ကျွနုပ်တို့တွင် အန်နာတိုလီ ဆိုသည့် သားဦးလေးတယောက် ရရှိနေပြီ ဖြစ်သည်။ လက်ရှိ အလယ်တန်း ကျောင်းအုပ်အလုပ်က လစာကောင်းကောင်း ရရှိနေပြီး၊ အကယ်၍ ဘွဲ့လွန်သင်တန်း အတွက် နိုင်ငံတော်မှ ပေးသည့် စတိုင်ပင် နှင့် ဆိုလျှင် ယခုလို သက်တောင့်သက်သာ နေနိုင်တော့မည် မဟုတ်ပေ။
မင့်စ် တက္ကသိုလ် အာဏာပိုင်များနှင့် သွားရောက်ဆွေးနွေးရန် စေလွှတ်ခဲ့ကြပြန်သဖြင့် ကျွနုပ် အား တွေ့ဆုံမေးမြန်း ခဲ့သူသည် ကော်မရှင် အကြီးအကဲ ပါမောက္ခ အိုင် အမ် ဘောရစ်ဆီဗစ်ချ် ဆိုသူပင် ဖြစ်သည်။ ကျွနုပ်အား ကျေနပ်လောက်အောင် စစ်ဆေးမေးမြန်းပြီးနောက်တွင်တော့ ..”ခင်ဗျားရဲ့ ပညာအရည်အချင်း၊ လုပ်အားပေး နဲ့ လူမှုရေး ကဏ္ဍတွေမှာ ပါဝင်ခဲ့တဲ့ မှတ်တမ်းတွေအရ ကော်မရှင် အနေနဲ့ မင့်စ် မှာ မကြာခင်လေးတင်မှ စဖွင့်ခဲ့တဲ့ စပယ်ရှယ်လစ် ဘွဲ့လွန်သင်တန်း မှာ တက်ဖို့ အဆိုပြုချင်ပါတယ်"
“လူကြီးမင်းတို့ က ဘယ်လို စပယ်ရှယ်လစ် မျိုးကို လေ့ကျင့် သင်ကြားပေးနေတာပါလဲ” ဟု ကျွနုပ်က မေးသင့် မေးထိုက်တာ ကို မေးမြန်းခဲ့ရပေသည်။
“ကျွန်တော်တို့က နောက်ခံ သမိုင်း ကြောင်းလည်း ရှိပြီး စာတွေ့ကော လက်တွေ့ နဲ့ ပါ အသုံးချနိုင်မယ့် ဘောဂဗေဒ ပညာရှင်တွေ မွေးထုတ်နိုင်ဖို့ပဲ၊ အခုဆို မော်စကို မှာ ရှိတဲ့ ပါမောက္ခနီ အင်စတီကျု ကြီးက အထက်တန်းကျောင်းတွေ အတွက် လူမှုရေး သိပ္ပံဆရာတွေ မွေးထုတ်ပေးနိုင်ဖို့ သင်ကြား ပို့ချပေးနေသလို မျိုး ကျွန်တော်တို့လည်း ဒီမှာ လုပ်ဖို့ စဉ်းစားခဲ့တာကြောင့်ပဲ"
ကျွနုပ်သည် ကော်မရှင် အား မိသားစု စားဝတ်နေရေး အတွက် အစိုးရ စတိုင်ပင် ဖြင့် လောက်ငှစွာ နေနိုင်မည်လောဟု ပွင့်ပွင့်လင်းလင်းပင် မေးမြန်းခဲ့သည်။ ဘောရစ်ဆီဗစ်ချ် သည် သင်တန်းစပြီး မကြာမီမှာပင် သင်တန်းသားများကို ပါတီမှ သတ်မှတ်ပေးထားသော အမြင့်ဆုံး နှုန်းထားဖြင့် ပေးသွားမည် ဖြစ်ကြောင်း ပြန်ဖြေခဲ့သည်။ ဤသည်ကပင် ကျွနုပ်တို့ မိသားစု အဖို့ မပူမပင် မကြောင့်မကျ နေသွားနိုင်သည် ဆိုသည့် သဘောပင် ဖြစ်သည်။
“ဆိုလိုတာကဗျာ ခင်ဗျား အနေနဲ့ အင်စတီကျု ရဲ့ ဝင်ခွင့် စာမေးပွဲ ဖြေနေတဲ့ အချိန်လောက်ပဲ နဲနဲ ကျပ်တည်းမယ်၊ အောင်သွားပြီ ဆိုရင်တော့ ခင်ဗျား ဘဝ က ပန်းခင်းသော လမ်း ပဲ လျှောက်ရတော့မယ်။ ခင်ဗျား သိတဲ့ အတိုင်းပဲ၊ ဒီမှာ ခင်ဗျား ကို လူသိများလာတာနဲ့ အမျှ ပါတီကလည်း ပြစ်မထားဘူး၊ ကြည့်ရှုသွားမှာပဲ၊ သင်တန်းက နောက် ခြောက်လ လောက်အထိ စဖို့ မရှိသေးတော့ ခင်ဗျား အတွက် အချိန်အများကြီး ရပါသေးတယ်လေ၊ နောက်တခု ပြောချင်တာက ကျွန်တော်တို့ ကမ်းလှမ်းတာကို ခင်ဗျား လက်ခံသည် ၊ လက်မခံသည်၊ ဘယ်လိုဘဲဖြစ်ဖြစ် သူတို့က မင့်စ် ကို ပြောင်းရွှေ့တာဝန်ချထားပေးဖို့ ဆုံးဖြတ်ပြီးပြီ ဆိုတာပဲ”
ကျွနုပ်လည်း မည်သည့်နည်းနှင့် မဆို မင့်စ် ကို ပြောင်းရွှေ့ရတော့မည်ကို သိလိုက်ရသဖြင့် ဘွဲ့လွန်သင် တန်းကို တက်ဖို့ သာ ရွေးချယ်ခဲ့ရပေတော့သည်။ ဤသို့ဖြင့် ၁၉၃၃ တွင် ကျွနုပ်တို့ မိသားစုသည် မင့်စ် သို့ ပြောင်းရွှေ့လာခဲ့ပြီး တိုက်ခန်းတခု ကို ငှားရမ်းနေထိုင်ခဲ့ကြရသည်။ နောက်ပိုင်းတွင် ပါမောက္ခကြီး ပြောလိုက် သည့် ပါတီ၏ အမြင့်ဆုံး စတိုင်ပင်ကြေး ဆိုသည်က ကျွနုပ်တို့ မိသားစုအားလုံး လုံလောက်သည်ထက်ပင် ပိုလျှံနေပေသေးသည်ကို သဘောပေါက် သွားခဲ့ရသည်။
(မင့်စ်သည် ယခုအခါ ဘဲလာရုစ် သမ္မတ နိုင်ငံ၏ မြို့တော် ဖြစ်လာခဲ့ပြီ ဖြစ်သည်)