၁၉၅၁ ဇွန်လ ၇ ရက်နေ့ ကုန်ဆုံး၍ သန်းကောင်ယံ အလွန်တွင် အော်လန်းဒေါ့ဖ် အား လန်းစ်ဘတ်ခ် အကျဉ်းထောင်ရှိ ကြိုးစင်ရှိရာသို့ ခေါ်ဆောင်လာခဲ့ကြသည်။ ထိုအကျဉ်းထောင်သည် လွန်ခဲ့သည့် နှစ်ဆယ့်ငါးနှစ်ခန့်က အဒေါ့ဖ် ဟစ်တလာ မိန်းကမ့် Mein Kampf စာအုပ်ကို ရေးသားခဲ့သည့် အကျဉ်းထောင်လည်း ဖြစ်သည်။ ပုပ်ရဟန်းမင်းကြီး ပိုင်းယပ်စ် (၁၂) မှ အော်လန်းဒေါ့ဖ် အား အသက်ချမ်းသာခွင့် ပေးသည့် အနေဖြင့် ပြစ်ဒဏ်ကို လျော့ချပေးရန် မေတ္တာ ရပ်ခံလာခဲ့သည်။ သို့သော်လည်း ၎င်း၏ မေတ္တာ ရပ်ခံမှုကို သိမ်းပိုက်ခံ ဂျာမဏီ၏ အမေရိကန် တပ်ပေါင်းစု စစ်သေနာပတိ ဗိုလ်ချုပ်ကြီး လူစီယပ်စ် ဒီ ကလေး မှ ငြင်းဆိုခဲ့သည်။
အောလန်းဒေါ့ဖ်၏ နောက်ဆုံးညစာသည် ကြက်ကျော်၊ အာလူး၊ ပဲစိမ်း၊ မုန်လာဥ တို့ ဖြစ်သည်။ ထိုညစာကို တစုံတ ယောက် က အဆိပ် မခတ်နိုင်ရန် အကျဉ်းထောင် နှင့် မိုင် သုံးဆယ်ခန့် ဝေးသော အော့်စ်ဘတ်ဂ် မြို့တွင် ချက်ပြုတ် ယူလာခဲ့ခြင်း ဖြစ်သည်။
အောလန်းဒေါ့ဖ်သည် ၎င်း၏ SS ယူနီဖောင်း နှင့် ဆိုက ပိန်သလို ထင်ရသော်လည်း တကယ်တမ်းတွင် ကယ်လိုရီဓါတ် များစွာ ပါသော ထောင် အစားအစာများ ကြောင့် ကိုယ် အလေးချိန် တက်လာခဲ့သည်။ မိနစ် အနည်းငယ် သာ လိုတော့၍ ကိုယ်အလေးချိန်ထပ်တက်လာမည်ကို မှုစရာ မလိုတော့၊ ယခုအခါ အင်္ကျီ အနက်၊ ဘောင်းဘီ အနက်၊ သားရေ ခါးပတ်၊ ညှပ်ဖိနပ် ဝတ်ပြီး ကြိုးစင်သို့ တက်ရတော့မည် ဖြစ်သည်။ အောလန်းဒေါ့ဖ် ၏ လက်ကို နောက်ပြန်ကြိုးတုပ်၍ ကြိုးစင်ရှိရာ သို့ ခေါ်လာခဲ့သည်။
ကျစ်ထားသော ကြိုးက တချောင်းတည်း၊ ကြိုးပေးခံရမည့် လူက များနေ၍ အောလန်း ဒေါ့ဖ်သည် သူ့ အလှည့်ရောက်ဖို့ စောင့်နေရသည်။ SS-Standartenführer ဆိုသည့် SS တပ်မှုးကြီး ပေါလ် ဘလိုဘဲလ်၏ ကြိုးတန်းလန်း နှင့် ပြုတ်ကျသွားသော စက်ဆုပ်ဖွယ် အသံကြီး ကို လည်း ကြားနေရသည်။
ဘလိုဘဲလ် အား သေဆုံးကြောင်း အတည်ပြုပြီးသည့် နောက်တွင်တော့ ၎င်း၏ သက်မဲ့ ခန္ဓာကိုယ်ကြီးအား အပေါ်သို့ ဆွဲတင်လိုက်ကြသည်။ ထို့နောက် လည်ပင်းတွင် ပတ်နေသော ကြိုးကို ဖြည်ပြီး အလောင်းအား အခေါင်းထဲသို့ ထည့်လိုက်သည်။ ချက်ခြင်း ဆိုသလိုပင် အဖုံး ကို သံနှင့် ရိုက်ပြီး ပိတ်လိုက်ကြသည်။
သူ့ နောက်တွင် SS ဗိုလ်မှုးချုပ် အဲရစ်ခ်ျ နော်မန် အလှည့် ရောက်လာသည်။
နာရီဝက်ခန့် စောင့်ဆိုင်း နေခဲ့ရပြီးနောက် အော်တို အောလန်းဒေါ့ဖ်သည် ကြိုးစင်ပေါ်သို့ တက်လာခဲ့သည်။ ရပ်နေရသည့် နေရာရှိ အောက် တံခါး ချပ် ပွင့်ထွက်သွားချိန်တွင် ခြေထောက်ကို သုံး၍ ကန်ကျောက်ခြင်း မပြု နိုင်အောင် ခြေကျင်းဝတ်များကို တုပ်နှောင်ထားသည်။
အမေရိကန် စစ်ဖက်မှ ဓမ္မဆရာ တဦးက ဆုတောင်းမေတ္တာ ပို့သ ပေးပြီးနောက် အော်လန်ဒေါ့ဖ် ၏ ခေါင်းကို အဝတ်မည်းကြီး စွပ်ချလိုက်သည်။
အောလန်းဒေ့ါဖ်သည် ချက်ခြင်းလို အသက်ထွက်သွားခဲ့သည်။
ကျည်ဆံ ချွေတာသည့် အနေဖြင့် ကွပ်မျက်ရာတွင် ကလေးငယ်များကို မိခင် ရင်ခွင် အတွင်း ထားရှိ ရမည်ဟု လက်အောက်ငယ်သားများကို တိုက်တွန်းခဲ့သည့် လူတယောက်သည် ယခုအခါတွင် လူမဆန်သည့် နှိပ်စက်မှုမျိုး မခံစားရဘဲ အသက်ထွက်သွားခဲ့သည်။ ကြိုးကွင်းကိုပင် ၎င်း အမြန်ဆုံး သေနိုင်အောင် ရှည်လို့ ရသမျှ ရှည်ပေးထားခဲ့သည်။
"ငါတို့ကို ဒီလို လုပ်ခဲ့တဲ့ အတွက် အမေရိကား က ဂျုးတွေ ခံစား စေရမယ်" ဟု ၎င်း မသေခင်
ဖရင်းဇ် အား သတိပေးသွားခဲ့သည်။
**********************************
သို့သော် ဘင်နီ ဖရင်းဇ် စခဲ့သော အလုပ်က ဆုံးခန်းတိုင် မရောက်သေး၊
"ကျွန်တော်မှာ နေ့စဉ်လို အပြင်ထွက်ပြီး တွေ့သမျှ ဂျူး တွေ ဂျစ်ပစီ တွေကို သတ်ဖြတ်နေတဲ့ Einsatzgruppen လို့ ခေါ်တဲ့ မိုဘိုင်း သုတ်သင်ရေး အဖွဲ့ ဝင် ၃,၀၀၀ လောက် ရှိနေသေးတယ်၊ အဲ့ဒီ အထဲက နှစ်ဆယ့် နှစ်ယောက်ပဲ ရုံးတင် တရားစွဲ နိုင်ခဲ့ပြီး သေဒဏ် ပေးခံရတာ ဆယ့်သုံး ယောက်ပဲ ရှိသေးတယ်၊ ကွပ်မျက်တဲ့ အဆင့် ရောက်သွားတာ လေးယောက်၊ ကျန်တဲ့လူတွေကို နှစ် အတော်ကြာ တော့ ပြန်လွှတ်ပေးလိုက်ကြတယ်။
ကျန်တဲ့ ၃,၀၀၀ လောက်က ဘာဆိုဘာမှ မဖြစ်ခဲ့ဘူး၊ ဒီလူတွေက နေ့စဉ်လို လူ အစုလိုက် အပြုံလိုက် သတ်ခဲ့တဲ့ လူတွေချည်းပဲ"
သို့သော် ထိုလူများ အဖို့ အမြဲလို ပုန်းအောင်း နေဖို့ဆိုသည်က ခက်ခဲလာသည်။ ဘင်နီ ဖရင်းဇ်သည် သူ့တာဝန်များ လက်စ သပ်နေချိန်တွင် မျိုးဆက်သစ် နာဇီ အမဲလိုက် မုဆိုးများ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
ပြေးလွှား ပုန်းအောင်းနေကြရသော SS ဗီလိန်များ အတွက် အန္တရာယ်ကြီး ကျရောက်လာနေပြီ ဖြစ်သည်။
*************
အခန်း (၄)
April 18, 1949
The Alps
5:45 AM
ဖရစ်ဇ် ဟိုးမန်းသည် မနက်စောစော ပြင်ဆင်စရာ ရှိသည်များကို ပြင်ဆင်နေချိန်တွင် လခြမ်းကွေးလေးသည် ကွယ်ပျောက်လုနီး ဖြစ်နေပေပြီ။ အသက် သုံးဆယ့်ရှစ်နှစ် ရှိပြီ ဖြစ်သော ဟိုးမန်းသည် ဘာဗေးရီယန်း လယ်သမား တယောက်ကဲ့သို့ အဝတ်အစားမျိုး ဝတ်ဆင်ပြီး ဘွတ်ဖိနပ်ကို ကောက်စွပ်လိုက်သည်။
စစ်ပွဲ ပြီးဆုံးသွားကတည်းက ဩစတီယား ဖက်ခြမ်းသို့ ပုန်းလျိုးကွယ်လျိုး ထွက်လာခဲ့စဉ် အတွင်း သူ၏ အမည်သည်လည်း ဟိုးမန်း သို့မဟုတ် အင်ဒရီယား ဖြစ်လာခဲ့သည်။ အီစတာ တနင်္ဂနွေ နေ့တွင် ဗရန်နာ တောင်ကြားသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။
ထိုခရီးသည် သည် ဂျာမဏီ နှင့် ဩစတီယား တို့ မှ ထွက်လာနိုင်ခဲ့၍ ဝမ်းသာနေသည်။ စစ်ပွဲ ပြီးကတည်းက ထိုနှစ်နိုင်ငံစလုံးကို အမေရိကန်၊ ပြင်သစ်၊ ဗြိတိန် နှင့် ဆိုဗီယက် တို့ သိမ်းပိုက်ထားခဲ့ကြသည်။ သို့သော် မြေထဲပင်လယ် ဆိပ်ကမ်း များ ရှိသော အီတလီသည် နှစ်အတန်ကြာကပင် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရနေပြီ ဖြစ်သည်။ ထို့အတွက် ဥရောပမှ ထွက်ပြေး နိုင်ရန် အီတလီ သည် စိတ်အချရဆုံး နှင့် အမြန်ဆုံး လမ်းကြောင်း ဖြစ်လာရသည်။
ဟိုးမန်းသည် မနေ့က နာဇီ ထောက်ခံသူ နှင့် SS အဖွဲ့ဝင် စစ်သားဟောင်းတဦး ဖြစ်သူ ဂျေကော့ စထရစ်နာ ပိုင်သည့် တည်းခိုခန်း တွင် တည အိပ်ခဲ့သည်။ နှစ်ယောက်သား အစောကြီး ထကာ အီတလီ နယ်ခြားစောင့် တပ်များကို ရှောင်ရှားနိုင်ရန် အမှောင်ထုကို အကာအကွယ်ယူပြီး ကျဉ်းမြောင်းသော တောင်ပတ်လမ်း အတိုင်း ထွက်လာခဲ့ကြသည်။ ထို့နောက်တွင်တော့ ဟိုးမန်းသည် စထရစ်နာ အား ကျေးဇူး စကား အထပ်ထပ် ပြောကာ အီတလီ ဖက်ခြမ်းသို့ အနှောက်အယှက် မရှိ ဝင်သွားနိုင်ခဲ့သည်။
ဟိုးမန်းသည် သိပ္ပံပညာရှင် တဦး၏ ဓါတ်ခံ စိတ်မျိုး ရှိထားသူ ဖြစ်၍ ဘဝတွင် ကြုံခဲ့ရသည့် အသေးအမွှားလေးများကအစ အသေးစိတ် မှတ်တမ်းတင်ရသည်ကို အလွန်နှစ်သက်သူဖြစ်သည်။ တိုင်ရောလ် Tyrol ဒေသသို့ နွေဦးရာသီ ရောက်ရှိလာချိန်တွင် လေးပုံတပုဲသာ ရှိ တော့သည့် လခြမ်းကွေးလေး၏ အခြေအနေနှင့် ယခုမှ စတင်ဖူးပွင့်လာစပြုသည့် အဝါရောင် ပရင်းမ်ရို့စ် Primroses ပန်းလေးများအကြောင်းကို သူ၏ နေ့စဉ်မှတ်တမ်းစာအုပ်ထဲတွင် အသေအချာ မှတ်တမ်းတင်ထားခဲ့သည်။
ဇနီးဖြစ်သူ အိုင်ရင်းအား သူ၏ ဇာတိ ဖြစ်သော ဂျာမဏီ တောင်ပိုင်းရှိ ဂွန်ဇ်ဘတ်ဂ် မြို့တွင် ထားခဲ့သည်။ ယခုအချိန် ၎င်းအား ဘယ်ကို သွားနေသည်ဟု မေးလျင် သူ့တွင် အဖြေ မရှိသေး။ သွားနေရဖို့သာ နှင့် အဖမ်းမခံရဖို့သာ အရေးကြီးသည်။
ဘင်နီ ဖရင်းဇ်ကဲ့ သို့ အမှုလိုက်နေသူများ ကြောင့် ဂျာမဏီသည် နာဇီ ရာဇဝတ်ကောင်များ အတွက် လုံခြုံမှု မရှိတော့၊ ဖရစ်ဇ် ဟိုးမန်းမှ သူ၏ အမည်ရင်းသည် အလိုရှိနေသော နာဇီ ထိတ်တန်း ရာဇဝတ်ကောင်များ စာရင်းတွင် ထိတ်ဆုံးမှ ပါနေမည်ကို လည်း ကောင်းစွာ သိထားပြီး ဖြစ်သည်။ နုရင်ဘတ် တရားရုံး၏ ထွက်ချက်များ တွင်လည်း ပါလာနေသည်။
ဟိုမန်းသည် စစ်ပွဲကာလအတွင်း အမြွှာများ၊ ကလေးသူငယ်များနှင့် လူပုလေးများအပေါ် ပြုလုပ်ခဲ့သော သူ၏ ဆေးပညာဆိုင်ရာ စမ်းသပ်မှုများကို လမ်းသစ်ထွင်နိုင်သည့် အောင်မြင်မှုများအဖြစ် မှတ်ယူခဲ့သည်။ မဟာမိတ် များ၏ အမှုလိုက် ရှေ့နေများကတော့ ထိုသို့ ယူဆခဲ့ကြခြင်း မရှိ၊ ၎င်းတို့ အဖို့က ဟိုမန်းသည် လူသားများ အပေါ် လွန်စွာ ရွံရှာဖွယ် ကောင်းသော ရာဇဝတ်မှု များကို ကျူးလွန် ခဲ့သူ ဖြစ်သည်ဟု သတ်မှတ်ထားကြသည်။
၁၉၄၃ အတွင်း အသက် ငါးနှစ်အောက် ကလေးငယ် ရာပေါင်းများစွာကို မီးတွင်းထဲ အရှင်လတ်လတ် ပစ်ထဲ့ရန် အမိန့်ပေးခဲ့သူ ဖြစ်သည်။ အပေါ်သို့ ပြန် တွက်တာလာပါကလည်း လက်နက်ကိုင် အစောင့်များက မီးတောက်ထဲသို့ ပြန် ပစ်ထဲ့ခဲ့ကြသည်။ ထိုသို့ လုပ်ခဲ့ခြင်းမှာလည်း ကလေးသူငယ်များကို သတ်ဖြတ်ဖို့ အဆိပ်ငွေ့သုံး အလုံပိတ် ဓါတ်ငွေ့ခန်းသည် ထိရောက်မှု မရှိဟု ယူဆထားသော ကြောင့် ဖြစ်သည်။