ကြေမွ သွားခဲ့ရသော တရုတ်ပြည်၏ အိမ်မက်များ(5)

by Hla Soewai - Jan 12 2026

တသွေးတသံတမိန့် စနစ်နှင့် တဝက်တပျက် ပြုပြင် ပြောင်းလဲရေး ပေါင်းစပ်မိရာမှ ထွက်ပေါ်လာသော ထောင်ချောက် ကြောင့် ကရိုနီ အရင်းရှင် စနစ်သည် မလွှဲမရှောင်သာ ထွက်ပေါ်လာခဲ့ရသည်။ ထိုစနစ်သည် နိုင်ငံရေး ထိတ်ပိုင်း ခေါင်းဆောင်များနှင့် အရင်းရှင်များ ပူးပေါင်းလာကြခြင်း ဖြစ်သည်။ အရင်းရှင်များသည် နိုင်ငံ ထိတ်ပိုင်း ခေါင်းဆောင်များနှင့် အဆက်အသွယ် ရှိနေမှု အား အသုံးချ၍ အပြင်လူများ လက်လှမ်းမမှီနိုင်သည့် အခွင့်ထူးအခွင့်အလန်းများ ရရှိခံစားလာကြသည်။

 

ထိုသို့ ပေါင်းစည်း လာနိုင်မှုကြောင့်လည်း အာဏာရှင်များသည် လည်း ၎င်းတို့လက်ဝယ်ရှိ အာဏာကို အသုံးချ၍ ကြွယ်ဝ ချမ်းသာအောင် လုပ်နိုင်ခွင့် ရလာခဲ့သည်။ ကရိုနီ အရင်းရှင် ဝါဒ သည် လူတန်းစား မညီမျှ မှု ကို ပို၍ ဆိုးဝါးလာအောင် ဖန်တီးခဲ့ကြသည်။ အခွင့်ထူးများ ပို၍ ရလာအောင် အဆက်အသွယ် ကောင်းများ ရှာလာခြင်းကြောင့် အကျင့်ပျက် ခြစားမှု များ ဖြစ်ပေါ်လာခဲ့သည်။ ခရိုနီအရင်းရှင်စနစ်ကြောင့် လူမှုရေးပဋိပက္ခများ ပိုမိုပြင်းထန်လာပြီး အုပ်ချုပ်ရေးယန္တရားများ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာခြင်းကို ပိုမိုမြန်ဆန်စေခဲ့သည်။

 

ထို့အတွက် အာဏာရှင် ဆန်ဆန် ကျင့်ကြံလိုသူ တဦး အတွက် အခွင့်အလန်းများ ပေါ်ပေါက်လာပြီး အာဏာကို အမိအရ ဆုပ်ကိုင်ကာ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ဆိုသည့် လက်နက်ကို ကိုင်စွဲပြီး စုံစမ်းစစ်ဆေးမှု များ နှင့် ၎င်း၏ နိုင်ငံရေး ပြိုင်ဖက်များ၊ ကွန်ယက်များကို ဖြိုလှဲလာနိုင်ခဲ့သည်။ ထိုအတိုင်းပင် ရှီကျင့်ပင် ပါတီ အကြီးအကဲ ဖြစ်လာခဲ့သည့် ၂၀၁၂ ကုန်ပိုင်းတွင် အတိအကျ ထွက်ပေါ်လာခဲ့သည်။

 

ပြန်ပြောင်းသုံးသပ်ကြည့်မယ်ဆိုက ရှီကျင့်ဖျင်အနေနှင့် တစ်ချိန်က မည်သူမှ ဖြစ်မလာနိုင်တော့ဟု ထင်မှတ်ခဲ့ကြသည့် အာဏာရှင်စနစ်မျိုးကို အချိန်နောက်ပြန်လှည့်ပြီး အလွယ်တကူ ပြန်လည် အသက်သွင်းနိုင်ခဲ့ခြင်းသည် မော်စီတုံးအလွန် တရုတ်သမိုင်း၏ တိုက်ဆိုင်မှုတစ်ခုတော့ မဟုတ်ပေ။

 

တရုတ်ပြည်အား ထိုသို့ နောက်ကို ခုန်ပျံ ကျော်လွှားသွားအောင် လုပ်ခဲ့ရာတွင် တာဝန် အရှိဆုံး ဖြစ်သည့် ရှီကျင့်ဖျင် ထွက်ပေါ်လာခြင်းသည် မတော်တဆ ဖြစ်ချင်မှ ဖြစ်ပေမည်။ CCP ၏ ထိပ်တန်း ခေါင်းဆောင် များ အသိုက်အဝန်း သို့ ရောက်လာရခြင်းသည်လည်း ကြိုတင် သတ်မှတ်ထားခြင်းကြောင့်လည်း မဟုတ်၊ မလွှဲမရှောင်နိုင်၍ ဖြစ်လာရခြင်းမျိုးလည်း မဟုတ်ပေ။

 

မော်စီတုံးအလွန်ကာလ၏ နိုင်ငံရေးနောက်ခံအခြေအနေ၊ အထူးသဖြင့် ကွန်မြူနစ်ပါတီ၏ နိုင်ငံရေးအာဏာ လက်ဝါးကြီးအုပ်မှုကို ဘယ်လို နည်းနှင့် မဆို ကာကွယ်စောင့်ရှောက်ဖို့ တိန့်ရှောင်ဖိန်နှင့် တင်းမာသည့် သဘောထားရှိသူ များ၏ တမင်တကာ ရွေးချယ်ခဲ့သည့် ဆုံးဖြတ်ချက်များ၊ အာဏာရှင်စနစ်၏ အခြေခံအဆောက်အအုံတွေကို ဆက်လက်ထိန်းသိမ်းထားမှုများနှင့် တိန့်ရှောင်ဖိန်၏ "နီယို-တိုတယ်လီတေးရီးယန်း" (Neo-totalitarian) ဖွံ့ဖြိုးရေးဝါဒတွင် ကိန်းအောင်းနေခဲ့သည့် အားနည်းချက်များကို ကြည့်မယ်ဆိုက၊ အာဏာရှင်စနစ် အရှိန်အဟုန်နှင့် ပြန်လည်ခေါင်းထောင်လာဖို့ အခြေအနေ များသည် အမြဲတမ်း ရှိနေခဲ့သလို အလွန်လည်း အခွင့်သာနေခဲ့သည်။

 

တနည်းအားဖြင့် ဆိုသော် မော် ခေတ် အလွန် ပြုပြင် ပြောင်းလဲ‌ခဲ့မှု များသည် စတာလင်ဝါဒ ကို အမှတ်ရစေမည့် အကြွင်းမဲ့ အာဏာရှင် ပုံစံသစ် နှင့် အဆုံးသတ် သွားခဲ့ရသည့်‌ စောင့်ဆိုင်းနေသော မတော်တဆ မှုကြီးပင် ဖြစ်ပေတော့သည်။

 

***************

 

မော် အလွန် တရုတ်ပြည်အား ခေတ်သုံးခေတ် ပိုင်းခြားနိုင်သည်။ ၁၉၈၀ အလွန် ပြုပြင် ပြောင်းလဲရေးခေတ်၊ အာဏာရှင် လက်သစ် ခေတ် (၁၉၉၂-၂၀၁၂) နှင့် ရှီကျင့်ဖင် လက်ထက် ခေတ်သစ် စတာလင်ဝါဒ ပေါ်ထွက်လာသည့် ၂၀၁၃ နောက်ပိုင်းဟူ၍ ဖြစ်သည်။

 

ထိုကာလ များ အကြား သိသာထင်ရှားသည့် အဖုအထစ် များ ရှိနေခဲ့သောငြားလည်း ထိုခေတ်ကာလအားလုံးသည် **"Path Dependence" (လမ်းကြောင်းပေါ် အမှီပြုနေရခြင်း) ** ဆိုသည့် ယုတ္တိဗေဒဖြင့် တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေကြသည်။

 

နိုင်ငံရေးသိပ္ပံတွင် Path Dependence ဆိုသည်မှာ အတိတ်က ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များ၊ တည်ဆောက်ခဲ့သော အဖွဲ့အစည်းများနှင့် ဖြစ်ရပ်များသည် ပစ္စုပ္ပန်နှင့် အနာဂတ် ရွေးချယ်မှုများကို ကန့်သတ်ထားခြင်း သို့မဟုတ် ပုံဖော်ပေးနေခြင်းကို ဆိုလိုသည်။ တစ်နည်းအားဖြင့် "သမိုင်းကြောင်းက ပစ္စုပ္ပန်ကို အကျဉ်းချထားခြင်း" ပင်ဖြစ်သည်။

 

ခေတ်တခေတ် တွင် တရုတ် ခေါင်းဆောင်ပိုင်း၏ မဟာဗျူဟာမြောက် ရွေးချယ်ခဲ့မှု များသည် နောက်ပိုင်း ခေတ်များ တွင် ရှေ့သို့ ဆက်လှမ်း နိုင်မည့် အလားအလာများ အတွက် ရွေးချယ် ဆောင်ရွက်ပိုင်ခွင့်များ ကျဉ်းမြောင်းသွားစေခဲ့သည်။ ထို ရွေးချယ်မှု များသည် ထိုခေတ်ကာလ ဖွံ့ဖြိုး တိုးတက်မှု များ အတွက် ရလဒ် ကောင်းများ ထွက်‌ပေါ်လာနိုင်သော်လည်း နောက်ပိုင်းကာလ များ တွင် အခြားသော ဖွံ့ဖြိုးမှုများ အတွက် အလားအလာ ကောင်းများ ယုတ်လျော့သွားစေခဲ့သည်။

 

Path dependence အရ ဆိုလျင်ပင် အထူးသဖြင့် ၁၉၈၀ ကျော် နှစ်များ အတွင်း တရုတ် ခေါင်းဆောင်များတွင် ရွေးချယ်စရာ များစွာ ရှိနေခဲ့သည်။ ပြီးခဲ့သည့် ဆယ်စု နှစ် အတွင်း ထိပ်ပိုင်း တရုတ်ခေါင်းဆောင်များ အကြား ပြင်းထန်စွာ အာဏာလုပွဲကြီး ဖြစ်ပွားလာခဲ့သော်လည်း ရှေ့သို့ သွားနိုင်သည့် လမ်းကြောင်း သုံးရပ် ထွက်ပေါ်လာခဲ့သည်။

 

သဘောတရား တင်းမာသူများက မော် ၏ တဖက်စွန်းရောက် သဘောတရား နှင့် ကင်းဝေးမည့် ကွန်မြူနစ် စနစ် ကို ပြန်လည် ထားရှိလိုကြသည်။ လီနင် ဝါဒ ကို လက်တွေ့ကျကျ ကျင့်သုံးလိုကြသူများက အကျပ်အတည်းများ နှင့် နပမ်းလုံးနေရသော ပါတီကို ကယ်တင်နိုင်ရန် အရင်းရှင် ဝါဒ ကို ဖက်တွယ်လိုလာကြသည်။ လစ်ဘရယ် ပြုပြင် ပြောင်းလဲရေး သမားများက စီးပွားရေး နှင့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု များ သွတ်သွင်းပြီး ပါတီအား အကြွင်းမဲ့ အာဏာရှင် စနစ် မှ လမ်းလွှဲပေးနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။

 

၁၉၈၉ တွင် လစ်ဘရယ်သမားများ အပေါ် ပြတ်ပြတ်သားသား အောင်ပွဲရခဲ့သဖြင့် ၎င်းတို့ ဖြစ်စေချင်သည်များ နိဂုံးချုပ်သွားခဲ့ရသည်။ တီယန်မင် အရေးအခင်း နောက်ပိုင်းတွင် တိန့်ရှောင်ဖိန် ဦးဆောင်သော လီနင်ဝါဒီ လက်တွေ့သမားများက ၁၉၉၁ ဒီဇင်ဘာလ အတွင်း ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသွားမှု ကို အမိအရ ဆုပ်ကိုင်ကာ စိတ်ဓါတ်ကျဆင်းလာနေသော ပါတီအား တပါတီ အုပ်ချုပ်ရေး ဖြင့် အရင်းရှင် စီးပွားရေး ဖွံ့ဖြိုးမှု လမ်းကြောင်းဖြင့် ခေတ်သစ် အာဏာရှင် စနစ် လမ်းကြောင်းပေါ်သို့ ဆွဲတင်ပေးလာခဲ့သည်။

 

ထိုမဟာဗျူဟာသည် နောက်ပိုင်း နှစ် နှစ်ဆယ် အတွင်း နိုင်ငံအား မကြုံဖူးလောက် အောင် စီးပွားရေး အရ လျှင်မြန်စွာ ပြောင်းလဲ တိုးတက်‌လာအောင် ဖေါ်ဆောင်ပေးနိုင်ခဲ့သည်။ သို့သော် တဖြေးဖြေး နှင့် လောဘဇောတိုက်လာသော ကရိုနီ ဦးစားပေး အာဏာရှင် စနစ် ကို အညံ့ခံလာခဲ့ရသည်။

 

တီယန်မင် အရေးအခင်း နောက်ပိုင်း ပေါ်ထွက်လာသော စနစ် ၏ အမွေအနှစ်များ အဖြစ် အစိုးရ အရာရှိများ အကြား အကျင့်ပျက် ခြစားမှုများ ပျံ့နှံ့လာခြင်း၊ ဈေးကွက် ပြုပြင်ပြောင်းလဲမှုများ ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်လာခြင်း၊ နည်းပညာ အရ တီထွင် ဆန်းသစ်မှု များ နှင့် လူထုကို ထိထိရောက်ရောက် ဖိနှိပ်နိုင်စွမ်း ရှိလာခြင်း များသည် အာဏာကို မောင်ပိုင် စီးထားလိုသူ တဦး တယောက် အတွက် အကြွင်းမဲ့ အာဏာရှင် စနစ် တည်ဆောက်နိုင်ဖို့လမ်းဖွင့်ပေးသလို ဖြစ်လာခဲ့ရသည်။

 

အာဏာရပါတီအနေဖြင့် ခေါင်းဆောင် များ ပြောင်းပြီး တိန်အန်မင် ဖြစ်ရပ် နောက်ပိုင်း လျှောက်လှမ်းခဲ့သည့် လမ်းကြောင်းအတိုင်း ဆက်၍ တရွေ့ရွေ့ သွားနေနိုင်သော်လည်း၊ တစ်ဖက်တွင် လမ်းကြောင်းသစ်တစ်ခုဖြစ်သည့် အာဏာရှင်တစ်ဦး၏ လက်အောက်တွင် အကြွင်းမဲ့ အာဏာရှင်စနစ် ဆီသို့ လုံးဝဦးတည်သွားနိုင်သည့် အလားအလာများလည်း ထွက်ပေါ် လာနေသည်။ အာဏာရှင် အဖြစ် အုပ်ချုပ်သွားလိုသူသည် ၎င်း၏ ပြိုင်ဖက်များကို အကျင့်ပျက် ခြစားသည် ဆိုသည့် ခေါင်းစဉ် တပ်၍ ဖယ်ရှားသန့်စင် ပစ်နိုင်စွမ်း ရှိလာနေ၍ အကြွင်းမဲ့ အာဏာရှင် စနစ် ခေါင်းပြန်ထောင်လာနိုင်သည့် အလားအလာများ ပို၍ မြင့်တက်လာခဲ့သည်။

 

တဖန် ထိုအာဏာရှင်ကပင် လူ့အဖွဲ့အစည်း အား ပို၍ တင်းတင်းကျပ်ကျပ် ထိန်းချုပ်သွားနိုင်ရန် အကြွင်းမဲ့ အာဏာရှင်စနစ်၏ ဖိနှိပ် အုပ်ချုပ်သည့် လုပ်ထုံးလုပ်နည်းများကို အသုံးချ နိုင်ပြန်သည်။ ပါတီမှ ထိန်းချုပ်ထားသည့် စစ်တပ်၊ လျို့ဝှက် စစ်ပုလိပ်အဖွဲ့၊ နေရာအနှံ့ စောင့်ကြည့် ထောက်လှန်းရေး စနစ်၊ သတင်းပေး များ၏ ကွန်ယက်ကြီးများ အစရှိသည့် အကြွင်းမဲ့ အာဏာရှင် စနစ်၏ အကျပ်ကိုင် ခြိမ်းခြောက်ထားနိုင်သော အဖွဲ့အစည်းများ အား ဆက်၍ ထိန်းသိမ်းထားသည့် အပြင် ထို အဖွဲ့အစည်းများအား တီယန်မင် အရေး အခင်း နောက်ပိုင်းတွင် နည်းပညာ ပိုင်းအရရော၊ ရင်းနှီးမြုပ်နှံမှု အပိုင်းတွင်ပါ သိသိသာသာ အဆင့် မြှင့်တင်ထားခဲ့ကြပြန်သည်။

 

Path dependence ဖြင့် ဆင်ခြင်တွေး ခေါ်ခဲ့မှု သည် မော် ခေတ် အလွန် တရုတ်ပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို အလားတူ ထယ်ဝါခမ်းနားစေခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် ဟောင်းနွမ်းနေသော ကွန်မြူနစ် စီးပွားရေး အဆောက်အအုံများကို ဖျက်သိမ်းပြီး ဈေးကွက်စီးပွားရေးစနစ် ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်ခဲ့မည်ဆိုပါက— တရုတ်နိုင်ငံ၏ အားသာချက်ရှိသော လူဦးရေဖွဲ့စည်းပုံ၊ လူထုအတွင်းရှိ ကိန်းအောင်းနေသော စီးပွား ဦးဆောင်မှု စွမ်းပကားများနှင့် အနောက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လိုသော ဆက်ဆံရေးများကြောင့် စီးပွားရေးမှာ အရှိန်အဟုန်ပြင်းစွာဖြင့် အကြီးအကျယ် တိုးတက်လာမည့် အနေအထားတွင် ရှိနေခဲ့သည်။

 

တရုတ်ပြည်သည် နှစ်ပေါင်း သုံးဆယ်နီးပါး စီးပွားရေး တိုးတက်လာမှု ဆိုသည့် အံ့မခန်း ဖြစ်စဉ်များကို ကြုံတွေလာခဲ့ရသည့် တိုင်အောင် တိန့်ရှောင်ဖိန်သည် တပါတီ အုပ်ချုပ်ရေး သက်ဆိုးရှည်ရန် ‌သာ စီးပွားရေး ပြုပြင် ပြောင်းလဲမှု များ နှင့် ဂလိုဘယ်လိုက်ဇေးရှင်းကို အသုံးချဖို့ မဟာဗျူဟာမြောက် ရွေးချယ်ခဲ့မှု ကြောင့် ပြုပြင် ပြောင်းလဲရေး ၏ အရှိန် အဟုန်သည် မလွှဲ မရှောင်သာ တော့ဘဲ ဆုံးရှုံးသွားခဲ့ရသည်။ တစ်ပါတီအုပ်ချုပ်ရေးကို ဆက်လက်ထိန်းသိမ်းထားရန်ဟူသော နိုင်ငံရေးအရ မဖြစ်မနေ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်ကြောင့်၊ တိန့်ရှောင်ဖိန်နှင့် နောက်ပိုင်း ဆက်ခံလာသူများသည် စီးပွားရေး၏ 'အဓိက မဟာဗျူဟာမြောက် ကဏ္ဍကြီးများ' ကို ပုဂ္ဂလိက ပိုင်း နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ လက်ထဲသို့ လွှဲပြောင်းပေးရမည့် စွန့်စားမှုကို လုံးဝမပြုလုပ်နိုင်ခဲ့ကြပေ။

 

ဈေးကွက် ပြုပြင် ပြောင်းလဲ‌ ရေးအားလည်း တပါတီ အုပ်ချုပ်ရေး အား ထိခိုက်ပျက်ယွင်းစေသည့် အဖြစ် မရောက်အောင် ကာကွယ်နေသည့် အတွက် ပုဂ္ဂလိက ကဏ္ဍ ပိုင်း ဖွံ့ဖြိုး တိုးတက်လာမည့် အရေးတွင် ကြီးမားသော အဟန့်အတား ဖြစ်လာယုံမျှမက နိုင်ငံပိုင်လုပ်ငန်း များအားလည်း ယှဉ်ပြိုင်နိုင်ခြင်း မရှိအောင် အကာအကွယ် ပေးလာခဲ့သည်။ နောက်‌ဆုံးတွင် အစိုးရ ပုဂ္ဂလိက နှစ်ရပ်ပေါင်း စီးပွားရေးသည် တုန့်နှေးသွားခဲ့ရသည်။

 

ထိုမူဝါဒ ဖြင့် အုပ်ချုပ်သူများက အရင်းရှင်စနစ်၏ ခြိမ်းခြောက်မှု ကို ဟန့်တားထိန်းချုပ်ဖို့ လိုပြီဟု ယူဆ လာလျင် ပုဂ္ဂလိက ကဏ္ဍသည်လည်း နောက်ကြောင်းပြန်လှည့် ခံရမည်သာ ဖြစ်သည်။ ဤသည်ကို ကြည့်မည်ဆိုက ရှီကျင့်ဖျင် လက်အောက်တွင် မော် ခေတ် အလွန် စီးပွားရေး ပြုပြင် ပြောင်းလဲမှု များ. ကပြောင်းကပြန် ဖြစ်သွားရခြင်း မှာလည်း မတော်တဆ ဖြစ်ခဲ့ခြင်း မျိုး မဟုတ် ဆိုသည်က သိသာ နေပေသည်။

 

မော် ခေတ် အလွန် အနောက်အုပ်စု နှင့် ဆက်ဆံရေးသည်လည်း path dependence ဘောင် အတွင်း မှ ရုန်းမထွက် နိုင်ခဲ့ပေ။ နိုင်ငံ အားပျော့ နေရခြင်း၊ ဆိုဗီယက်တို့၏ ခြိမ်းခြောက်မှု ရှိနေခြင်း၊ ပါတီသည် အနောက်တိုင်း၏ ထောက်ခံမှု ကို အလွန်အမင်း လိုအပ်နေခြင်းများ ကြောင့် အနောက် နှင့် ဝါဒရေးရာ ပဋိပက္ခ အဖြစ်မခံတော့ဘဲ စီးပွားရေး တိုးတက်လာရန် ကိုသာ ဦးစားပေး သည့် နိုင်ငံခြားရေး မူဝါဒ ကို ကျင့်သုံးလာခဲ့သည်။ ၁၉၈၀ ကျော် နှစ်များ တွင် အမေရိကန် ပြည်ထောင်စု နှင့် ၎င်း၏ မဟာမိတ်များကလည်း လက်ကမ်းကြိုဆိုလာခဲ့ကြပြီး ၎င်းတို့ ဦးဆောင်နေသည့် စီးပွားရေး စနစ်ထဲသို့ သွတ်သွင်းပေးလာခဲ့သည်။ စီးပွားရေး ပြုပြင် ပြောင်းလဲလာမှု များကြောင့် တရုတ်ပြည်သည် ကြွယ်ဝ ချမ်းသာလာမှု နှင့် အတူ နိုင်ငံရေး အရ လွတ်လပ်ခွင့်များ ထွက်ပေါ်လာတော့မည့် အလားအလာများ ရှိနေ၍ ၎င်းတို့၏ လုံခြုံရေး အတွက် လည်း အကျိုးရှိ နိုင်သည်ဟု ယူဆလာသောကြောင့်လည်း ဖြစ်ပေသည်။

 

၁၉၈၉ တွင် တီယန်မင် အရေးအခင်းအား နှိမ်နှင်းလာခဲ့မှု နှင့်အတူ အနောက်အုပ်စု နှင့် မဟာဗျူဟာ ကျ အကျိုးတူ ပူးပေါင်းဆောင်ရွက် နေမှုများသည် ရုတ်ခြည်းဆိုသလို အဆုံးသတ်သွားခဲ့ရသည်။ ၎င်းတို့နှင့် ဝါဒ ရေးရာ ကွဲပြားနေမှု များသည် မည်သို့မျှ ဆက်စပ်၍ မရ‌ဆိုသည်နှင့် အပြည့်အဝ ပေါင်းစည်း၍ မရ ဆိုသည်ကို သဘောပေါက်သွားခဲ့ကြသည်။

 

တိန့်ရှောင်ဖိန် နောက်ပိုင်း အစိုးရများ၏ "အင်အားကို ဖုံးကွယ်၊ အချိန်စောင့်" (Hiding strength and biding time) ဟူသော မဟာဗျူဟာ အောင်မြင်မှုသည် နောက်ပိုင်းတွင် စစ်အေးတိုက်ပွဲသစ် ဖြစ်ပွားရန် အခွင့်အလမ်းကို ပိုမိုများပြားစေခဲ့သည်။ အကြောင်းရင်းမှာ ပိုမိုအင်အားတောင့်တင်းလာသော တရုတ်နိုင်ငံသည် ၎င်း၏ အသစ်ရရှိလာသော အင်အားကို အသုံးပြု၍ အမေရိကန် ဦးဆောင်သော ကမ္ဘာ့အစီအစဉ်ကို စတင်စိန်ခေါ်လာပြီး အခိုင်အမာ ရပ်တည်လာသောကြောင့် ဖြစ်သည်။

 

၂၀၁၂ အကုန်ပိုင်း ရှီကျင့်ဖျင် အာဏာရလာသည့် အခါ အကြွင်းမဲ့ အာဏာရှင် စနစ် ခေါင်း‌ ထောင်ထ လာမှု ၏ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် အကျိုးဆက်များ အဖြစ် ဝါဒရေးရာ ရန်လိုမှု၊ ဘူမိနိုင်ငံရေး ရည်မှန်းချက်များ၊ မဟာဗျူဟာအရ အတွက်လွဲ မှု များ ပေါင်းစပ်လာပြီး အမေရိကန် ပြည်ထောင်စု နှင့် ၎င်း၏ မဟာမိတ်များ နှင့် ထိတ်တိုက် ရင်ဆိုင်ရေး လမ်းကြောင်းဆီ ဦးတည်လာခဲ့ရာမှ နောက်ဆုံးတွင် စစ်အေး တိုက်ပွဲ အသစ်ကြီး ဖြစ်ပွားလာခဲ့ရပေတော့သည်။

 

*****************