အိန္ဓိယ ရှိ ဗြိတိသျှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပက်ဂျက် သည် နောက်ဆုံးတွင် မြေမျက်နှာပြင် အနေအထား နှင့် ရာသီဥတု ကို ထည့်တွက်လာပြီး မြေပြင် စစ်ပွဲ ဆင်နွှဲမည်ဆိုက အရှုံး နှင့် ရင်ဆိုင်ရတော့မည်ဟု ဆုံးဖြတ်လာခဲ့သည်။ မြန်မာတို့ ၏ ရင့်သီးစော်ကားမှုကို ထိရောက်စွာ ဆုံးမပေးနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ရေကြောင်းစစ်ဆင်ရေးဖြင့်သာ ဖြစ်ကြောင်း ၎င်းက ဘုရင်ခံချုပ်ကို အကြံပြုခဲ့သည်။ ထို့နောက်တွင် ကမ်းရိုးတန်းရှိ အားနည်းချက်ရှိသော နေရာများကို တိုက်ခိုက်နိုင်ရန်အတွက် စစ်သည်အင်အားကို မည်သို့စုဖွဲ့ ဖန်တီးမည်နည်းဟူသော မေးခွန်း ပေါ်ထွက်လာခဲ့သည်။
ဗိုလ်ချုပ်ကြီး ပက်ဂျက် အနေဖြင့် စစ်သည်အင်အားနှင့် ပတ်သက်၍ အတိအကျ မည်သည်ကို ဆိုလိုခြင်းဖြစ်သည်မှာ လုံးဝဥဿုံ ရှင်းလင်းလှသည်တော့ မဟုတ်ပေ။ အကြောင်းမှာ ထိုစဉ်က စစ်သည်အင်အားရော၊ သင်္ဘောများပါ အဆင်သင့် ရှိနေပြီးသားဖြစ်သောကြောင့်ပင် ဖြစ်သည်။
သို့သော်လည်း ၎င်းက ဘုရင်ခံချုပ်အား အကြံပြုရာတွင် သူ၏ ရည်မှန်းချက် များမှာ - ပထမဦးစွာ အာသံဒေသတွင် မြန်မာတပ်များအား မကြာသေးမီက ၎င်းတို့ သိမ်းပိုက်ထားခဲ့သော နယ်မြေများအတွင်းမှ မောင်းထုတ်ရန်ဖြစ်သည်ဟု ဆိုခဲ့သည်။ ဒုတိယအချက်အနေဖြင့် အင်းဝမင်းနေပြည်တော်၏ ကမ်းရိုးတန်းပြည်နယ်များကို နှိမ်နင်းရန် ရေကြောင်းမှတစ်ဆင့် စစ်ဆင်ရေးတပ်ဖွဲ့တစ်ခု စေလွှတ်ရန်နှင့်၊ ဖြစ်နိုင်ပါက ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်ကာ မြို့တော်အထိ ထိုးဖောက်ဝင်ရောက်ရန် ဖြစ်သည်။ တတိယအချက်အနေဖြင့်၊ ဆစ်လ်ဟက် နှင့် စစ်တကောင်း နယ်စပ်ဒေသများတွင် လတ်တလော၌ ခုခံကာကွယ်သည့် အနေအထားဖြင့်သာ တည်ရှိနေရန်ဖြစ်ပြီး၊ မဏိပူရ နှင့် ရခိုင်ဒေသရှိ မြန်မာတပ်များ နောက်ထပ် ကျူးကျော်ဝင်ရောက်မှုများကို တားဆီးနိုင်ရန်အတွက်သာ ထိုနေရာများ၌ စစ်အင်အား ဖြည့်တင်းထားရန် အကြံပြုခဲ့သည်။
စစ်ဦးစီးချုပ်၏ ညွှန်ကြားချက်များထဲတွင် မြန်မာ နိုင်ငံ အတွက် အကျအဆုံးများနိုင်သည့် ကြည်းကြောင်း စစ်ဆင်ရေး ကို ဆင်နွှဲရမည့် တပ်မမှုး အား ရှေ့မတိုး နောက်မဆုတ် နှင့် အချိန်ကုန် လူပမ်း ဖြစ်စေမည့် တွန်းအားပေးခြင်းမျိုး မပါရှိခဲ့၊ သို့သော်လည်း ဆက်တိုက်ဆိုသလို ကျုးလွန်ခဲ့သော အမှားများက ထိုသို့ အဖြစ် ရောက်အောင် ဦးတည်ပေးလာခဲ့သည်။
ယခင် ရန်ကုန်တွင် အခြေစိုက်ခဲ့သည့် သံတမန် တဦး ဖြစ်သူ ကက်ပတိန် ကင်းနင်း သည် ဘုရင်ခံချုပ် လော့ဒ် အမ်းဟတ်စ် အား ရန်ကုန်ကိုသာ သိမ်းပြီး မိမိတို့ တောင်းဆိုချက်များကို မြန်မာ ဘုရင် သဘောတူလာအောင် ချောက်လှန့်ဖို အကြံပြုလာခဲ့သည်။ ၎င်း၏ ဖိနှိပ် အုပ်ချုပ်မှု ကို ခံနေရသော ဗမာလူထု သည် မိမိတို့အား လွတ်မြောက်အောင် လုပ်ပေးသူများ အဖြစ် ကြိုဆိုလာကြလိမ့်မည်ဟု လည်း ဆိုသည်။
ထိုသို့ အကောင်းဖက်က ရှုမြင်နေသော သုံးသပ်ချက်များကို မူတည်၍ အဓိက စစ်ဆင်မည့် တပ်ဖွဲ့ကြီးသည် ဧရာဝတီ မြစ်ကြောင်းအတိုင်း ဆန်တက်ကာ မိုင်ပေါင်း ၆၀၀ ခန့် ဝေးကွာသော နေပြည်တော်အထိ တိုက်ရိုက် ဝင်ရောက်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။
ထို့အတွက် ရေကြောင်းချီ တပ်ဖွဲ့သည် မြန်မာ ရေပိုင်နက်ထဲသို့ မိုးရာသီ စသည်နှင့် ရောက်ရှိနေပြီး ဖြစ်ရမည်၊ ထိုအချိန်သည် မိုးများသည်းထန်စွာ ရွာသွန်းတတ်သဖြင့် ဧရာဝတီ မြစ်ရေသည် အနက်ဆုံး ဖြစ်လာ၍ စစ်သင်္ဘောများ နှင့် တပ်များ သယ်ယူပို့ဆောင်ရေး အတွက် ရေကြောင်းသွားလာမှု တွင် အခက်အခဲ မရှိနိုင်။
ဤသို့ဖြင့် မျှော်မှန်းထားသည့် အတိုင်းပင်၊ လက်ရှိ စစ်ဆင်ရေးတွင် မြစ်ကမ်းဘေး၌ရှိသော မြို့တော် အင်းဝကို တိုက်ခိုက်ခြင်းမှလွဲ၍ ကျန်ရှိသော ကြည်းကြောင်း စစ်ဆင်ရေးများကို ထည့်သွင်း စဉ်းစားထားခြင်း မရှိပေ။ ထိုသို့သော ယူဆချက်ကြောင့်ပင် စစ်တပ်၏ ရိက္ခာ၊ ခဲယမ်းနှင့် အသုံးအဆောင်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးအတွက် အလွန်အရေးပါသော 'ကုန်းလမ်းသယ်ယူပို့ဆောင်ရေးယာဉ်များ' ကို သင်္ဘောပေါ်သို့ တစီးတ လေမျှပင် တင်ဆောင်ခဲ့ခြင်း မရှိပေ။
ရေကြောင်းချီ စစ်ဆင်ရေး အတွက် လွန်စွာ အင်အား တောင့်တင်းလှသော ရေတပ်ဖွဲ့ကို ရေတပ် ဗိုလ်မှုးချုပ် ဂရန့်က ဦးဆောင် စုစည်းခဲ့သည်။ အဆိုပါ ရေတပ်ဖွဲ့အား Liffey, Larne, Slaney နှင့် Sophie ဟုခေါ်သော အမြှောက် ၂၀ ခန့် တင်ဆောင်နိုင်သော အပေါ့စားတိုက်သင်္ဘော လေးစင်း၊ အရှေ့အိန္ဒိယကုမ္ပဏီပိုင် စစ်သင်္ဘောလေးစင်း၊ ရွက်သင်္ဘောငယ် များ နှင့် အခြားရေယာဉ်ငယ် ၁၈ စင်းတို့ဖြင့် ဖွဲ့စည်းထားသည်။ ထို့ပြင် အမြောက်ကြီးတစ်လက်စီ တပ်ဆင်ထားသော အမြောက်တင်ရွက်လှေ အစင်း နှစ်ဆယ် နှင့် တိုက်လှေ အစင်း နှစ်ဆယ် တို့ပါဝင်သည့် ရေယာဉ်စုငယ်တစ်ခုလည်း ပါဝင်သည်။
တပ်သားသယ်ယူပို့ဆောင်ရေး အတွက် သင်္ဘော အစင်း လေးဆယ် နှင့်အတူ ဗြိတိသျှရေတပ်စစ်သမိုင်းတွင် ပထမဆုံးအသုံးပြုလာသည့် ဒိုင်ယာနာ အမည်ရှိ ရေနွေးငွေ့သုံးသင်္ဘောငယ်တစ်စင်းလည်း ပါရှိသည်။ နောင်တွင် ဝိတိုရိယခေတ်၏ ထင်ရှားသော သမိုင်းဝင်ဝတ္ထုရေးဆရာဖြစ်လာမည့် ကပ္ပတိန် ဖရက်ဒရစ် မားရီးယတ် သည် Larne သင်္ဘောကို ကွပ်ကဲအုပ်ချုပ်ခဲ့သည်။
ကာလကတ္တား နှင့် မဒရပ်စ်တို့ မှ လိုက်ပါလာသော တပ်ဖွဲ့ဝင် ဦးရေသည် ၁၈၂၄ ဧပြီလတွင် ၁၀,၆၄၄ ဦး ရှိပြီး ထိုအထဲတွင် ဗြိတိသျှ စစ်သား ၄,၇၅၉ ပါရှိလာသည်။ ဟောင်ဝစ်ဇာများ၊ အကြီးစားနှင့် အပေါ့စား အမြှောက်များ၊ မော်တာ များ စုစုပေါင်း ၄၂ လက် သယ်ဆောင်လာကြသည်။၊ ထိုအတွက် အမြှောက်လက်နက် အသေး အကြီး အမျိုးမျိုး အစားစား ဖြစ်လာပြီး စုစုပေါင်း ၂၀၀ ကျော် ထိ ရှိလာသည်။
စစ်သေနာပတိ ချုပ် ဆာ အာချီဘော ကမ်းဘဲလ် ၏ လက်အောက်တွင် 'မြန်မာနိုင်ငံဆိုင်ရာ နယ်ချဲ့တပ်ဖွဲ့' (Burmese Expeditionary Force) ဟု လူသိများလာသည့် တပ်ဖွဲ့၌ ဗိုလ်မှုးကြီး မက်ခရီ က ဘင်္ဂလားတပ်မကို၎င်း၊ ဗိုလ်မှုးကြီး မက်ဘင်း က မဒရပ်တပ်မကိုလည်းကောင်း အသီးသီး ကွပ်ကဲခဲ့ကြသည်။
ဗိုလ်ချုပ်ကြီး ကမ်းဘဲလ် သည် မိမိတို့အား မြန်မာဘုရင် လက်အောက်မှ လွတ်မြောက်အောင် လုပ်ပေးသူများ အဖြစ် ဗမာများက ရင်းရင်းနှီးနှီး ကြိုဆိုကြပြီး သားငါး ဟင်းသီး ဟင်းရွက်များကို ရောင်းချပေးကြလိမ့်မည် မျှော်လင့်ချက်ကြီး တခွဲသား နှင့် ရှိနေသည်။ ထို့အတွက်လည်း ဆားနယ်ထားသော ဝက်သား နှင့် ဘီစကစ်များသာ သင်္ဘောပေါ် တင် ယူလာခဲ့သည်။ ဤသည်က ဗြိတိသျှ တို့ တန်ဖိုးကြီးစွာ ပေးဆပ်လိုက်ရသော အမှား ပင် ဖြစ်တော့သည်။
ရေတပ် အုပ်စု နှစ်စုသည် ဘင်္ဂလား ပင်လယ်အော် အတွင်းရှိ အဒမ်မန် ကျွန်း၏ ကွန်ဝေါလီ ဆိပ်ကမ်း တွင် ဧပြီလ ကုန် ပိုင်းတွင်ပေါင်းစည်း ခဲ့ကြသည်။ ဗိုလ်ချုပ်ကြီး ကမ်းဘဲလ် သည် ရန်ကုန် သို့ မေလ ၂ ရက်နေ့တွင် စတင် ထွက်ခွာလိုသော်လည်း စစ်ဆင်ရေး စီမံချက်၏ ဆိုးပြစ်များက စတင်သက်ရောက်လာခဲ့ပြီ ဖြစ်သည်။
မဒရပ်စ် မှ ထွက်လာသော သင်္ဘောအုပ်စု တွင် ရေသန့် ဟူ၍ လေးရက်စာသာ ပါလာခဲ့သည်။ ဤသည်က အရာရာကို အသေးစိတ် စီစဉ်တတ်သော ကမ်းဘဲလ် အတွက် ကြီးမားသော အနှောက် အယှက် ဖြစ်လာရသည်။ ထိုအတွက် ရေတပ် မှ ထို ပြဿနာကို ဖြေရှင်းပြီးသည်အထိ ရန်ကုန်ကို ချီတက်ဖို့ ရွှေ့ဆိုင်းလိုက်ရတော့သည်။
"ထို အခက်အခဲကို ကပ္ပတိန် မာရယက် က အလျင်အမြန်ပဲ ဖြေရှင်းပေးခဲ့ပါတယ်' ဟု ကမ်းဘဲလ် က နောက်ပိုင်းတွင် အစီရင်ခံခဲ့သည်။ 'မြေအောက်စိမ့်စမ်းများမှ ရရှိသော အနည်းငယ်မျှသော ရေကို မပင်မပန်း အားသွန်ခွန်စိုက် ကြိုးပမ်းစုဆောင်းပေးခဲ့မှုကြောင့်... နောက်တစ်နေ့တွင် ရေတပ်အုပ်စုကြီးသည် ပင်လယ်ပြင်သို့ ထွက်ခွာရန် အသင့်ရှိ နေပြီဖြစ်ကြောင်း အစီရင်ခံလာနိုင်ခဲ့သည်။
စစ်သင်္ဘောများ စတင်ထွက်ခွာရန် ပြင်ဆင်နေစဉ်မှာပင် ဗိုလ်မှုးချုပ် (ကော်မိုဒိုး) ဂရန့် ဦးစီးသည့် HMS Liffey သင်္ဘောနှင့်အတူ ကျန်ရှိနေသေးသော စစ်သည်တင် သင်္ဘောအချို့ ရောက်ရှိလာခဲ့သည်။ ဗိုလ်ချုပ်ကြီး ကမ်းဘဲလ် က ၎င်း၏ မှတ်တမ်းတွင် အားတက်သရောဖြင့် ယခုလို ရေးသားခဲ့သည်။ ရောက်ရှိလာသော သင်္ဘောအချို့သည်လည်း ရေလိုအပ်ချက် ရှိနိုင်မည်ဟု ကျွန်ုပ် ယူဆမိသည်။ ... ထို့ပြင် နောင်ပြုလုပ်မည့် စစ်ဆင်ရေးများနှင့် ပတ်သက်၍ ကော်မိုဒိုး ဂရန့်နှင့် လိုအပ်သည့် စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်လိုသောကြောင့် ဆိပ်ကမ်းတွင် နောက်ထပ် တစ်ရက် ဆိုင်းငံ့နေထိုင်ရန် ကျွန်ုပ် ဆုံးဖြတ်လိုက်သည်။
နောက်တနေ့ နံနက် မေလ ၅ ရက်နေ့တွင် ကျွန်ုပ်တို့ သင်္ဘောများ ပင်လယ်ပြင်သို့ စတင် ထွက်ခွာလာခဲ့ကြသည်။ ကျွန်ုပ်၏ စစ်အင်အားစုထဲမှ တစိတ်အပိုင်းကို ချေဒူပကျွန်း (မန်အောင်ကျွန်း) သို့ စေလွှတ်ခဲ့ပြီး၊ နောက်ထပ် တပ်ဖွဲ့တစ်ခုကိုမူ နဂရစ် (ဟိုင်းကြီးကျွန်း) သို့ စေလွှတ်ခဲ့သည်။ ကျွန်ုပ်ကိုယ်တိုင်မှာမူ တပ်မကြီးနှင့်အတူ ရန်ကုန်မြစ် သို့ ဦးတည်ချီတက်ခဲ့ရာ မေလ ၁၀ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး မြစ်ဝရှိ သောင်တိမ်ပိုင်း တနေရာ၌ ကျောက်ချ ရပ်နားခဲ့သည်။"
ကမ်းဘဲလ် သည် ထို့မတိုင်မီ ၁၈၁၀ တွင် ပြင်သစ် တို့ နှင့် ဖြစ်ပွားခဲ့သော ကျွန်းဆွယ် စစ်ပွဲ တွင် ထူးထူးချွန်ချွန် အစွမ်းပြနိုင်ခဲ့သူ ဖြစ်သည်။ သို့သော် စည်းကမ်းအလွန်တင်းကျပ်သည့် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဝယ်လင်တန် လက်အောက်တွင် အမှုထမ်းဆောင်ခဲ့ရသူ ဖြစ်သည်။ ယခုအခါ တွင်တော့ မိုးများ၊ ရွှံ့နွံများ၊ အဖျား ရောဂါ ပေါင်းစုံရှိနေသော အပူပိုင်း ဒေသတွင် တပ်များကို ကွပ်ကဲရသူ ဖြစ်လာသည်။
မည်သည့်အရာကိုမျှ မတော်တဆဖြစ်လာနိုင်သည် ဟု ထည့်တွက်မထားဘဲ သူ တွက်ချက်ထားသလိုသာ ဖြစ်လာလိမ့်မည်ဟူသော မျှော်လင့်ချက် ဖြင့် အကောင်းမြင်မှုကို ရှေ့တန်းတင်မိခြင်း၏ ကြီးမားလှသော အဖိုးအခကို မကြာမီ သိရှိလာတော့မည်ဖြစ်သည်။
************