ချေ ၏ ပြောက်ကျားစစ် လက်စွဲ(22)

by Hla Soewai - Jan 12 2026

ပြောက်ကျားရဲဘော်တိုင်းသည် မိမိတို့၏ ကိုယ်ပိုင်အသုံးအဆောင် ပစ္စည်းကိရိယာ အပြည့်အစုံကို သယ်ဆောင်ကြရမည့်အပြင် တပ်ခွဲတစ်ခုလုံးအတွက် အများသုံးပစ္စည်း များ ကိုလည်း စစ်ကြောင်းအတွင်း မျှမျှတတ ခွဲဝေ သယ်ဆောင်သွားကြရမည် ဖြစ်သည်။ တပ်ဖွဲ့ အတွင်း လက်နက် ကိုင်ဆောင် မထားသူ မည်မျှ ရှိရမည် ဆိုသည် အပေါ် မူတည်ပြီး စည်းကမ်း သတ်မှတ်ထားနိုင်သည်။

 

နည်းလမ်းတခုက ဆေးဝါး၊ ဆေးပစ္စည်းများ၊ ခွဲစိတ် ကိရိယာများ၊ ရိက္ခာ အပိုများ၊ အဝတ်အထည်များ၊ အခြား အ‌ ထွေထွေ အသုံး အဆောင်များ၊ လက်နက်ကြီးများ အစရှိသည်တို့ကို ညီတူမျှတူ သယ်ဆောင် ခိုင်း၍ ရသည်။ မိမိ သယ်ဆောင်ရန် တာဝန်ယူရသည့် ပစ္စည်း ပစ္စယာများ မပျောက်မရှအောင် ထိန်းသိမ်းကြရမည်။ ထိုသို့ တပ်စိတ် အလိုက် ဖြန့်ဝေပေးရမည့် တာဝန်ကို စစ်ကြောင်းမှုးက တာဝန်ယူရပြီး၊ တဖန် တပ်စုမှုး များကလည်း တပ်ဖွဲ့ဝင်များ ထံ ညီတူမျှတူ ဖြန့်ဝေ ပေးကြရမည်။ 

 

နောက်ထပ် နည်းလမ်းတခုက တပ်ဖွဲ့ဝင် အားလုံး လက်နက် ကိုင်ဆောင်ဖို့ မလိုသည့် အခါမျိုးတွင် သယ်ယူ ပို့ဆောင်ရေး အတွက် အထူး တပ်စုတစုကို ဖွဲ့စည်း တာဝန်ပေးသင့်သည်။ ထိုအစီအစဉ်သည် လွန်စွာ သင့်လျော်သည်။ အဘယ်ကြောင့် ဆိုသော် တပ်သားများလည်း ကိုယ့် ရိုင်ဖယ် သေနတ်မှ လွဲ၍ အပို သယ်ဆောင်ရသည့် တာဝန်မှ လွတ်ကင်းသွား၍ ဖြစ်သည်။ ပစ္စည်း ပစ္စယာ များ ပျောက်ဆုံးသွား နိုင်သည့် အန္တရာယ်လည်း လျော့ကျစေသည်။ တချိန်တည်း မှာပင် ပေါ်တာ အဖြစ် သယ်ဆောင်ရသူ များ အတွက်လည်း ပစ္စည်းများ ကို တစုတဝေး တည်း စုစည်း ပေးလာခြင်းကြောင့် ပိုမိုကောင်းမွန်စွာ သယ်ဆောင်နိုင်ရန် နှင့် ပို၍ တက်ကြွထက်သန်စွာ ဆောင်ရွက်နိုင်ရန် တွန်းအားတစ်ရပ် ဖြစ်စေပါသည်။ အကြောင်းမှာ ဤသို့ တာဝန်ကျေပွန်စွာ ဆောင်ရွက်မည်ဆိုက နောင်တစ်ချိန်တွင် လက်နက်ကိုင်ဆောင်ခွင့် ရရှိလာဖို့ ရှိနေသော ကြောင့်ပင်။ ထိုတပ်စုသည် နောက်တန်း မှ လိုက်ရမည် လည်း ဖြစ်ပြီး ၎င်းတို့သည် ကျန်တပ်ဖွဲ့ဝင်များ နည်းတူ တာဝန် ကိုယ်စီ ရှိကြ၍ တပြေးညီ ဆက်ဆံရမည် ဖြစ်သည်။

 

စစ်ကြောင်း တခု ထမ်းဆောင်ရမည့် တာဝန်သည့် လှုပ်ရှားရမည့် အနေအထား အပေါ် မူတည်ပြီး ပြောင်းလဲနိုင်သည်။ စခန်းချနေစဉ် အတွင်း ကင်းတာဝန် အတွက် အထူး အဖွဲ့ဖွဲ့ပြီး တာဝန် ပေးထားရမည်။ ထိုသူများသည် အထူး လေ့ကျင့်ထားပြီးသား အတွေ့အကြုံ ရှိသူများ ဖြစ်သင့်ပြီး ၎င်းတို့အား အခြားလူများ ထက် အခွင့်အရေး ပိုပေး ချီးမြှင့်သင့်သည်။ ဆိုလိုသည်က ၎င်းတို့အား ပို၍ လွတ်လပ်စွာ လုပ်ပိုင်ခွင့် ပေးခြင်းမျိုး၊ အကယ်၍ တပ်ခွဲတစ်ခုချင်းစီကို အချိုးကျ ခွဲဝေပေးပြီးနောက် မုန့်ပဲသရေစာ သို့မဟုတ် ဆေးရွက်ကြီးများ ပိုလျှံနေခဲ့လျှင် အထူးတာဝန် ထမ်းဆောင်သည့် အဆိုပါ တပ်ဖွဲ့ဝင်များ ကို အပိုဆောင်း ပေးခြင်းမျိုးလည်း လုပ်ပေး၍ရသည်။

 

ဥပမာ ပြောက်ကျား တပ်ဖွဲ့ဝင် ၁၀၀ ရှိသည့် စစ်ကြောင်း အတွက် စီးကရက် ၁၁၅ ဗူး ရှိနေခဲ့လျင် အပို ၁၅ ဗူးကို ကင်းအဖွဲ့ဝင်များအား ဝေငှ ပေးနိုင်သည်။ စစ်ကြောင်း၏ ရှေ့ကင်း နှင့် နောက်ကင်း အဖွဲ့ဝင်များ သည် ပင်မ စစ်ကြောင်းနှင့် ကင်းကွာနေမည် ဖြစ်၍ အထူး သတိဝိရိယ ထားရမည် ဖြစ်သည်။ ၎င်းတို့တွင်လည်း ကိုယ်ပိုင် ကင်းအဖွဲ့ရှိထားရမည်။ အထူးသဖြင့် လွင်ပြင်ကျယ်များတွင် ကင်းစောင့်သည့်နေရာသည် စခန်းနှင့် ဝေးကွာလေလေ၊ အဖွဲ့၏ လုံခြုံရေးအတွက် ပိုမိုစိတ်ချရလေလေ ဖြစ်သည်။

 

စခန်းချရမည့် နေရာသည် နေ့ဖက်တွင် ရှေ့ တမျှော်တခေါ်ကြီး လှမ်းမြင်နိုင်ပြီး ညဖက် တွင်လည်း ချဉ်းကပ်ဖို့ ခက်ခဲသည့် ကုန်းမြင့်လို နေရာမျိုး ဖြစ်သင့်သည်။ ရက်ပေါင်းများစွာ ကြာအောင် နေရဖို့ ဖြစ်လာလျင် အကယ်၍ တိုက်ခိုက်ခံရမည် ဆိုက ရန်သူ ပစ်အားကို တောင့်ခံ နိုင်မည့် အကာအကွယ်များ တည်ဆောက်ထားသင့်သည်။ စခန်းမှ ထွက်ခွာမည် ဆိုလျင် ထိုအကာအကွယ်များကို ဖျက်ဆီး ပစ်ခဲ့ရမည်၊ သို့သော် မိမိတို့ စစ်ကြောင်း၏ ခြေရာလက်ရာ များကို ဖုံးကွယ်ထားဖို့ မလိုတော့သည့် အခြေအနေ မျိုး ဆိုလျင် ဒီအတိုင်း ထားခဲ့၍ ရသည်။

 

အမြဲတမ်း စခန်း ချ ထားဖို့ နေရာယူ ပြီးချိန်တွင်တော့ စခန်း ကာကွယ်ရေး အား တိုးတက်အောင် အချိန်တိုင်း ကြံဆောင်နေရပေမည်။ တောင်ထူထပ်သည့် ဒေသတွင် သေချာရွေးချယ်ထားသည့် မြေပြင်အနေအထားမျိုးတွင်တော့ ထိရောက်မှုအရှိဆုံး တစ်ခုတည်းသော လက်နက်ကြီးသည် မော်တာ စိန်ပြောင်းပင် ဖြစ်သည်ဆိုသည်ကို သိထားရမည် ဖြစ်သည်။ သစ်သား၊ ကျောက်တုံး အစရှိသည့် ဒေသထွက်ပစ္စည်းများကို အသုံးပြုပြီး အမိုးများကို အခိုင်အမာ ပြုလုပ်ထားမည် ဆိုက ရန်သူများ ချဉ်းကပ် နိုင်ဖို့ ခက်ခဲသည့် အပြင်၊ မိမိတို့ တပ်ဖွဲ့ဝင်များကို ရန်သူ့မော်တာကျည် များရန်ကနေ အကာအကွယ်ပေးနိုင်မည့် ခိုင်ခံ့သည့် ခိုလှုံရာ နေရာကောင်းများ ရရှိထားမည် ဖြစ်သည်။

 

စခန်း တွင်း စည်းကမ်းသေဝပ်ရေး ကိုလည်း ထိန်းသိမ်း နိုင်ဖို့ လွန်စွာ အရေးကြီးပေသည်။ ထိုအထဲတွင် ပညာပေးရေး လုပ်ငန်းမျိုးလည်း ပါဝင်သင့်သည်။ တပ်ဖွဲ့ဝင်များသည် သတ်မှတ်ထားသည့် အချိန် အိပ်ယာဝင်၊ အိပ်ယာ ထဖို့ လိုအပ်သည်။ တပ်ဖွဲ့ဝင်များ စိတ်ဓါတ် ပျက်စီး‌ စေပြီး ပေါင်းသင်းဆက်ဆံရေးမျိုး တွင် အကျိုးမဲ့စေမည့် ကစားနည်းမျိုး နှင့် အရက်သေစာ သောက်စားခြင်းမျိုးကိုလည်း ပိတ်ပင်ထားရမည် ဖြစ်သည်။

 

ထို လုပ်ငန်းတာဝန် အားလုံးကို တော်လှန်ရေးတွင် စွမ်းဆောင်ရည် အကောင်းဆုံး တိုက်ခိုက်ရေးသမားများ ထဲမှ ရွေးချယ်တင်မြှောက်ထားသည့် 'တပ်တွင်း စည်းကမ်းထိန်းသိမ်းရေး ကော်မရှင်မှ ဆောင်ရွက် ရမည် ဖြစ်သည်။ အခြား တာဝန်များ တွင် ညအချိန် မတိုင်မီ မီးခိုးတန်း များကို အဝေးမှ မြင်နိုင်သည့် နေရာ မျိုး တွင် မီးဖိုခြင်းကို တားမြစ်ခြင်း၊ စခန်းအတွင်း သန့်ရှင်း သပ်ယပ်မှု ရှိနေစေခြင်း တို့လည်း ပါဝင်သည်၊ အထူးသဖြင့် မိမိတို့ စခန်းချခဲ့သည့် ခြေရာလက်ရာ များကို ရန်သူ မသိမှ ဖြစ်မည် ဆိုသည် အခါမျိုးတွင် မရှိမဖြစ် လိုအပ်သည်။

 

အထူး ဂရုစိုက်ရမည်က မီးဖို ရာ မှ ကြွင်းကျန်ခဲ့မည့် ပြာစများ ဖြစ်သည်၊ ကာလကြာမြင့်စွာ ရှိနေနိုင်၍ မြေကြီး များ နှင့် ဖုံးဖိခဲ့ရမည်၊ စက္ကူစများ၊ သံဗူးများ၊ စားကြွင်းစားကျန်များကို လည်း မီးရှို့ ပစ်ခဲ့ရမည်။

 

စစ်ကြောင်း စ၍ ထွက်ပြီဆိုသည်နှင့် အသံဗလံများ မထွက်စေဘဲ တိတ်ဆိတ်စွာ ရှိနေရမည်။ အမိန့်ပေးစရာ ရှိက လက်ဟန်ခြေဟန် ဖြင့် သော်၎င်း၊ တယောက်မှ တ‌ယောက် အသံတိုးတိုး ဖြင့် သော်၎င်း နောက်ဆုံး လူ သိသည်အထိ လက်ဆင့် ကမ်း ရမည်။

 

ပြောက်ကျားတပ်ဖွဲသည် အကျွမ်းတဝင် မရှိသည့် ဒေသများကို ဖြတ်သန်းသည့် အခါ၊ လမ်းဖောက်ပြီး သွားရသည့် အခါ သို့မဟုတ် လမ်းပြတစ်ယောက်၏ နောက်ကို လိုက်သွားရသည့် အခါမျိုးများတွင် ရှေ့ပြေးတပ်ဖွဲ့ သည် ပင်မစစ်ကြောင်း၏ ရှေ့ မီတာ ၁၀၀ သို့ မဟုတ် ၂၀၀ ခန့် ကြိုပြီး သွားရမည်။ အကွာအဝေး အနည်းအများသည် မြေမျက်နှာသွင်ပြင် အနေအထား အပေါ် မူတည်နေသည်။ သွားရမည့် လမ်း နှင့် ပတ်သက်ပြီး ဇဝေဇဝါ ဖြစ်လာပါက တပ်ဖွဲ့ဝင် တဦး ကို လမ်းအကွေ့တွင် နောက်လူ များ ကို စောင့်ခိုင်းပြီး စစ်ကြောင်း ၏ နောက်ချန် ကင်းအဖွဲ့ မှ လူကုန်သည် အထိ ရှိနေရမည်၊ ထို အဖွဲ့သည် စစ်ကြောင်း ၏ နောက်တွင် လိုက်ပါရမည် ဖြစ်၍ မိမိတို့ တပ်ဖွဲ့၏ ခြေရာလက်ရာများကို အတတ်နိုင်ဆုံး ရှင်းလင်း ဖျောက်ဖျက်သွားရမည်။

 

အကယ်၍ လမ်းသွယ် တခုကို တွေ့ပြီး အန္တရာယ် ရှိနိုင်သည် ဆိုက အုပ်စု တစု ကို ထိုနေရာတွင် လူကုန် သွားသည် အထိ စောင့်ကြည့်ခိုင်းထားရမည်။ ထိုကဲ့သို့သော အထူးတာဝန်အတွက် တပ်စု တစ်ခုချင်းစီမှ မိမိတို့အဖွဲ့ဝင်များကို အသုံးပြုခြင်းက ပို၍လက်တွေ့ကျသည်။ တပ်စုတစ်စုသည် ကင်းစောင့်တာဝန်ကို နောက်တပ်စုထံ လွှဲပြောင်းပေးရန် တာဝန်ရှိပြီး၊ ထို့နောက်မှ မိမိတို့၏ မူလတပ်စု နှင့် ပြန်လည်ပူးပေါင်းရမည်။ ဤလုပ်ငန်းစဉ်အတိုင်း တပ်ခွဲတစ်ခွဲလုံး အလှည့်ကျပြီးဆုံးသည်အထိ ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်သည်။

 

ချီတက်ရာတွင်လည်း တညီတညာ နှင့် အမြဲလို စနစ်တကျ ရှိနေရမည်။ အမြဲလို သိထားရမည်က တပ်စု အမှတ် (၁) သည် ရှေ့ပြေး ကင်း အဖွဲ့ ဖြစ်ရမည်၊ နောက်တွင် တပ်စု အမှတ် (၂) ၊ (၃) အစရှိသဖြင့် လိုက်ပါရမည်။ တပ်စု အမှတ် (၃) သည် ကွပ်ကဲရေး တပ်စု ဖြစ်ကောင်း ဖြစ်မည်၊ နောက်တွင် တပ်စု (၄), (၅) အစရှိသဖြင့် နောက်ချန် ကင်းတပ်စု ရောက်သည်အထိ အစဉ်လိုက် ရှိနေရမည် ဖြစ်သည်။

 

ညအချိန် ချီတက်ရာတွင် အသံဗလံ မထွက်အောင် စည်းကမ်း ပို၍ ပင် တင်းကြပ်ထားရမည်။ တယောက်နှင့် တယောက်လည်း မြင်နိုင်လောက်သည့် အနေအထား နှင့် သွားရမည်။ လူကွဲသွားခြင်း၊ အသံပေးရခြင်း၊ လက်နှိပ်ဓါတ်မီး နှင့် ထိုးပြရခြင်းတို့ လုပ်စရာ မလို အောင် ဖြစ်သည်။ ညအချိန်တွင် အလင်းရောင်သည် ပြောက်ကျားတို့၏ ရန်သူပင် ဖြစ်သည်။

 

တိုက်ခိုက်ရမည့် နေရာသို့ ဦးတည်ချီတက်နေသည် ဆိုက တိုက်ပွဲ ပြီးဆုံး၍ လူပြန်စုရန် သတ်မှတ်ထားသော နေရာတွင် မိမိတို့ သယ်ဆောင်လာသော ကျောပိုးအိတ်၊ ဟင်းခွက် ပန်းကန် အသုံးအဆောင်များ အစရှိသည် တို့ ကို ထားခဲ့ပြီး မိမိတို့၏ ကိုယ်ပိုင် လက်နက် နှင့် တိုက်ခိုက်ရာတွင် သုံးမည့် လက်နက်များ ကိုသာ သယ်ဆောင်၍ ဆက်လက် ချီတက်ရမည် ဖြစ်သည်။

 

နယ်မြေ အနေအထား နှင့် ရန်သူ့ ကင်းများ တည်ရှိရာ ကို လေ့လာထားကြသော ယုံကြည်စိတ်ချရသူ များ နှင့် စတင် တိုက်ခိုက်ရမည့် နေရာကို စီစစ် သုံးသပ်ရမည် ဖြစ်သည်။ စခန်း၏ တည်နေရာ အနေအထား နှင့် အတွင်းရှိ ခုခံမည့် လူအင်အားကို သိရှိထားပြီး ဖြစ်သော ခေါင်းဆောင်များက တိုက်ခိုက်ရန် အပြီးသတ် အစီအစဉ်များကို ချမှတ်ရမည် ဖြစ်သည်။ မိမိတို့၏ တပ်ဖွဲ့ဝင်များကိုလည်း နေရာချထားပေးရမည်။ သတိထားရမည့် အချက်က ရန်သူ့ဖက်သို့ စစ်ကူ လာနိုင်မည့် လမ်းကြောင်းကို ဖြတ်တောက်ရန် လူအင်အား များများ ချထားဖို့ပင် ဖြစ်သည်။

 

အကယ်၍ စခန်းကို တိုက်ခြင်းသည် ရန်သူဖက်က စစ်ကူ လာမည့် လမ်းကြောင်းကို စောင့်ဆိုင်းပြီး အလွယ်တကူ ချေမှုန်းနိုင်ရန် ဟန်ပြ တိုက်ခိုက်ခြင်း ဆိုက တိုက်ပွဲ အခြေအနေကို အထက် ကွပ်ကဲရေး အဖွဲ့ ထံသို့ အမြန်ဆုံး အကြောင်းကြားရမည်။ ဤသည်မှာ လိုအပ်ပါက ဝိုင်းရံပိတ်ဆို့မှုကို ဖြိုခွဲရန်နှင့် မိမိတို့တပ်ဖွဲ့များ နောက်ကျောမှ တိုက်ခိုက်မခံရစေရန်အတွက် ဖြစ်သည်။

 

ရန်သူကို ဝိုင်းပတ်ပိတ်ဆို့ခြင်း သို့မဟုတ် တိုက်ရိုက်ဝင်ရောက်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်နေစဉ်အတွင်း၊ တိုက်ပွဲဖြစ်ပွားရာနယ်မြေသို့ ဦးတည်ထားသော လမ်းမများပေါ်တွင် ကင်းထောက် တစ်ဦးကို အမြဲတမ်း ချထားရမည်။