ယူရမည့် ပစ္စည်းများထဲ ထဲတွင် မှတ်စုစာအုပ်၊ ဖောင်တိန်၊ ခဲတံ တို့လည်း ပါသင့်သည်။ သို့မှလည်း ပြင်ပ သို့မဟုတ် မိမိတို့ ၏ အခြားတပ်ဖွဲ့များ နှင့် ဆက်သွယ် နိုင်မည် ဖြစ်သည်။ ကြိုးတိုကြိုးစ သို့မဟုတ် ကြိုးအခွေများကို အသုံးတည့်လာနိုင်သည့်အတွက် သိမ်းဆည်းထားသင့်သလို၊ အဝတ်အထည်များ ချုပ်လုပ်ဖာထေးရန် အပ်၊ အပ်ချည်နှင့် ကြယ်သီးများကိုလည်း အတူတကွ သိမ်းဆည်းထားသင့်သည်။
ဤကဲ့သို့သော အသုံးအဆောင် ပစ္စည်းများကို သယ်ဆောင်လာသည့် ပြောက်ကျားစစ်သည်တစ်ဦးသည် မိမိ၏ ကျောပေါ်တွင် ခိုင်ခံ့သော အိမ်တစ်လုံးကို ထမ်းထားရသကဲ့သို့ ရှိပေမည်။ ထိုအတွက် အတန်ငယ် လေးလံ မည် ဖြစ်သော်လည်း စစ်ဆင်ရေးကာလအတွင်း ကြုံတွေ့ရမည့် အခက်အခဲများကြား၌ သက်တောင့်သက်သာ နေထိုင်နိုင်ရန်အတွက် လိုအပ်သည့် ပရိဘောဂ အသုံးအဆောင် များ ပြည့်စုံစွာ ပါရှိနေမည် ဖြစ်သည်။
ပြောက်ကျား အဖွဲ့ငယ် ၏ ဖွဲ့စည်းပုံ
***********
ပြောက်ကျား အဖွဲ့ငယ် တဖွဲ့ ဖွဲ့စည်းရေး နှင့် ပတ်သက်၍ တင်းကျပ်စွာ ချမှတ်ထားသော စည်းမျဉ်း ဟူ၍ မရှိပေ။ ဆောင်ရွက်ရသည့် အနေအထား ပေါ် မူတည်၍ ကွဲပြားချက် မြောက်မြားစွာ ရှိနေတတ်သည်။
ကျွနုပ်တို့ ၏ အတွေ့အကြုံသည် တကမ္ဘာလုံး အသုံးပြုနေသော စည်းမျဉ်းဟု ပင် ဆိုကြပါစို့။ သို့သော် လက်နက်ကိုင်အဖွဲ့တစ်ခု၏ သီးခြားဝိသေသလက္ခဏာများနှင့် ပိုမိုကိုက်ညီမည့် ပုံစံသစ်များ ပေါ်ထွက်လာနိုင်ခြေရှိသည်ကို အမြဲတစေ သတိပြုရမည်ဖြစ်သည်။
ပြောက်ကျားတပ်ဖွဲ့များ၏ အခြေခံယူနစ် တပ်စိတ်အရွယ်အစားကို သတ်မှတ်ဖို့ ဆိုသည်က ကိုင်တွယ်ရ အခက်ခဲဆုံး ပြဿနာများထဲက တစ်ခုဖြစ်သည်။ အရင်က ရှင်းပြခဲ့သလိုပင်... တပ်ဖွဲ့ဝင် အရေအတွက် နှင့် ဖွဲ့စည်းပုံများသည် အခြေအနေပေါ်မူတည်ပြီး ကွဲပြားခြားနားသွားမည်သာ ဖြစ်သည်။
မိမိတို့ တပ်ဖွဲ့များ အားသာချက်ရှိမည့် မြေပြင်အနေအထားမှာ ရှိနေသည် ဆိုပါစို့။ ထိုနေရာသည် တောင်ထူထပ်ပြီး အခြေအနေသည် လည်း အမြဲတမ်း ထွက်ပြေးတိမ်းရှောင်နေရလောက်အောင် ဆိုးရွားမနေ၊ သို့သော် စစ်ဆင်ရေး အခြေစိုက်စခန်းတစ်ခု တည်ဆောက်နိုင်လောက် သည် အထိတော့ ကောင်းမွန်မနေဟု ယူဆကြည့်ကြ ပါစို့။
ထိုအနေအထားတွင် တပ်ဖွဲ့ဝင် ဦးရေသည် ၁၅၀ ထက် မပို့သင့်၊ ၁၅၀ ပင် များလွန်းနေသည် ဆိုက ၁၀၀ ဆိုလည်း အဆင်ပြေသည်။ ၎င်းတို့အား တပ်ရင်းမှုး အဆင့်ရှိသူက ကွပ်ကဲရမည်၊ ဤသည်က ကျွနုပ်တို့၏ ကျူးဘားတော်လှန်ရေး တွင် ကျင့်သုံးခဲ့သည့် ဖွဲ့စည်းပုံပင် ဖြစ်သည်။ သို့သော် ကျွနုပ်တို့၏ တော်လှန်ရေး စစ်ပွဲတွင် 'တပ်ကြပ်' နဲ့ 'တပ်ကြပ်ကြီး' ဆိုသည့် ရာထူးအဆင့်အတန်းများကို ပယ်ဖျက်ထားခဲ့သည်။ အကြောင်းမှာ ထို ရာထူးအခေါ်အဝေါ်များသည် အာဏာရှင်စနစ်ရဲ့ အမှတ်အသားများအဖြစ် ပုံဖော်ခံထားရလို့ပင် ဖြစ်သည်။
အခြေခံအားဖြင့် တပ်မှုး ဖြစ်သူသည် အင်အား ၁၀၀ မှ ၁၅၀ ရှိ တပ်ဖွဲ့ကို ဦးစီးရသည်။ ၎င်း၏ လက်အောက်တွင် ၃၀ မှ ၄၀ အကြားရှိ တပ်စု ကို ဗိုလ်ကြီး အဆင့်ရှိသူ များက ကွပ်ကဲသည်။ တပ်စုမှူး တစ်ဦး၏ တာဝန်မှာ မိမိ၏ တပ်စု ကို စနစ်တကျ ကွပ်ကဲရန်နှင့် စည်းလုံးမှုရှိစေရန် ဖြစ်သည်။ တပ်စုတစ်စုလုံးကို အဖွဲ့အစည်းတစ်ခုကဲ့သို့ အမြဲတစေ စုစည်းတိုက်ပွဲဝင်စေခြင်း၊ ပြောက်ကျားရဲဘော်များကို နေရာချထားပေးခြင်းနှင့် အထွေထွေဖွဲ့စည်းမှု အပိုင်းများကို တာဝန်ယူရသည်။
ပြောက်ကျားစစ်ဆင်ရေးတွင် တပ်စိတ် သည် လက်တွေ့လုပ်ငန်းဆောင်ရွက်ရာ၌ အခြေခံအကျဆုံး အဖွဲ့အစည်းဖြစ်သည်။ တိုက်ခိုက်ရေးသမား ၈ ဦးမှ ၁၂ ဦးခန့်ဖြင့် ဖွဲ့စည်းထားသော တပ်စိတ်တစ်ခုစီကို ဗိုလ် အဆင့်ရှိ Lieutenant တစ်ဦးက ကွပ်ကဲသည်။ တပ်စုမှူး ကဲ့သို့ပင် ထိုဗိုလ်သည် မိမိအဖွဲ့ကို ဦးဆောင်ရသည်၊ သို့သော်လည်း ၎င်းသည် တပ်စုမှူး၏ လက်အောက်တွင်သာ အမြဲရှိနေရမည်။
ပြောက်ကျားစစ်ဆင်ရေး၏ သဘောသဘာဝအရ အုပ်စုငယ်လေးများဖြင့်သာ လှုပ်ရှားဆောင်ရွက်လေ့ရှိသောကြောင့် 'တပ်စိတ်' သည်သာလျှင် အမှန်တကယ် လက်တွေ့ကျသည့် အခြေခံအကျဆုံး စစ်ဆင်ရေးယူနစ် ဖြစ်လာတော့သည်။
ဤကဲ့သို့သောအခြေအနေမျိုးတွင် ပြောက်ကျားရဲဘော် ၈ ဦးမှ ၁၀ ဦးခန့်သည်သာ စစ်မြေပြင်၌ အစုအဖွဲ့တစ်ခုအနေဖြင့် အထိရောက်ဆုံး လှုပ်ရှားနိုင်သည့် အများဆုံးအရေအတွက်ဖြစ်သည်။ ထို့ကြောင့် တပ်စိတ်တစ်ခုသည် တပ်ခွဲမှူး နှင့် စစ်မျက်နှာတစ်ခုတည်းတွင် အတူတကွ တိုက်ပွဲဝင်နေစေကာမူ လက်တွေ့တွင်မူ ၎င်းနှင့် ကွဲကွာနေတတ်ပြီး မိမိတို့၏ တပ်စိတ်မှူး ၏ အမိန့်ပေးကွပ်ကဲမှုအောက်တွင်သာ သီးခြားလှုပ်ရှားကြရမည်ဖြစ်သည်။ အခြေအနေပေါ်မူတည်၍ ချွင်းချက်များတော့ ရှိနိုင်ပါသည်။
တိုက်ပွဲ မရှိသည့် အခါမျိုးတွင်လည်း လူစု ကွဲမသွားအောင် ရှိနေရမည်။ အကယ်၍ ခေါင်းဆောင် ဖြစ်သူ ကျဆုံးသွားလျင် သူ့ နေရာ တွင် ချက်ခြင်း ဆိုသလိုမည်သူ ဆက်၍ တာဝန်ယူမည် ဆိုသည်ကို သိထားရမည်။ ထိုသို့ လျာထား သူကိုလည်း သေချာကျနစွာ လေ့ကျင့် ပေးထားသင့်သည်။
တပ်အတွက် အဓိက ပြဿနာကား စားနပ်ရိက္ခာပင် ဖြစ်သည်။ အစားအသောက် သည်လည်း အမြဲလို ပြတ်လပ်နေ၍ နေ့စဉ်လို့ စားဖို့ ရှိရကာ ခေါင်းဆောင်မှသည် အောက်ခြေအထိ ညီတူမျှတူ ဖြစ် နေဖို့ကို အရေးထားရပေမည်။ တရားမျှတမှု ရှိမရှိကို အလွန်အမင်း အလေးထားတတ်ကြသော စစ်သည်များသည် ရိက္ခာဝေခြမ်းပုံကို စူးရှသောမျက်စိဖြင့် စောင့်ကြည့်တိုင်းတာလေ့ရှိကြသည်။ မည်သူတစ်ဦးတစ်ယောက်အပေါ်မဆို အနည်းငယ်မျှသော မျက်နှာသာပေးမှုကိုမျှ ဘယ်သောအခါမှ ခွင့်မပြုသင့်ပေ။
အကယ်၍ အခြေအနေအရ စစ် ကြောင်း တခုလုံးကို ထမင်းကျွေးရမည်ဆိုပါက စနစ်တကျ အစီအစဉ်တစ်ခုကို သတ်မှတ်ထားရမည်ဖြစ်ပြီး ယင်းကို တိတိကျကျ လိုက်နာရမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် လူတစ်ဦးစီအား ပေးဝေသည့် အစားအစာ၏ ပမာဏနှင့် အရည်အသွေးကိုလည်း သေသေချာချာ စစ်ဆေးကြပ်မတ်ရမည်။
အဝတ်အထည်များ ခွဲဝေပေးရာတွင် မူ တစ်ဦးချင်းစီ အသုံးပြုရသည့် ပစ္စည်းများ ဖြစ်သောကြောင့်ပြဿနာက တစ်မျိုးဖြစ်သွားပြန်သည်၊ ထည့်သွင်းစဉ်းစားရမည့် အချက် နှစ်ချက် ရှိလာသည်။ မရှိမဖြစ် လိုအပ်နေသည်များက ပေးနိုင်သည်ထက် ပိုများ နေတတ်ခြင်း။ ဒုတိယ အချက်က စစ်မှုထမ်း သက်တမ်းနှင့် လုပ်ရည်ကိုင်ရေ ကို ကြည့်ဖို့ လိုအပ်ခြင်း တို့ ဖြစ်သည်။ သက်တမ်းနှင့် လုပ်ရည်ကိုင်ရည် ဆိုသည်က တိတိကျကျ တွက်ချက်ရန် အလွန်ခက်ခဲသော အရာများ ဖြစ်သည်။ ထို့ကြောင့် စစ်ကြောင်းမှူး၏ တိုက်ရိုက်ကြီးကြပ်မှုအောက်တွင် ဤတာဝန်ကို အပ်နှင်းခံရသူတစ်ဦးက အထူးမှတ်တမ်းစာအုပ်တစ်အုပ်၌ စနစ်တကျ မှတ်သားထားရှိရမည်။
အလားတူပင် အဖွဲ့လိုက်သုံးရန်မဟုတ်ဘဲ တစ်ဦးချင်းသုံးရန်အတွက် ရရှိလာသော အခြားအသုံးအဆောင် ပစ္စည်းများကို ခွဲဝေရာတွင်လည်း ဤနည်းလမ်းအတိုင်းပင် ဆောင်ရွက်ရမည်ဖြစ်သည်။ စီးကရက် နှင့် ဆေးရွက်များကိုလည်း ညီတူမျှတူ ခွဲဝေပေးရပေမည်။
ရိက္ခာများ ဖြန့်ဝေပေးဖို့ကိုလည်း လူတဦးအား သီးသန့် တာဝန်ပေးပြီး တိုက်ရိုက် ကွပ်ကဲမှု တွင် ရှိရမည်။ ကွပ်ကဲမှု အဖွဲ့သည် အလွန်အရေးကြီးသော အုပ်ချုပ်ရေးဆိုင်ရာ ဆက်သွယ်ညှိနှိုင်းမှုလုပ်ငန်းများအပြင် လိုအပ်သော အခြားအထူးလုပ်ငန်းတာဝန် အားလုံးကိုလည်း ဆောင်ရွက်ရမည်။
အမိန့်ပေးကွပ်ကဲမှုအဖွဲ့တွင် ထိုးထွင်းကြံဆမှု အကောင်းဆုံးရှိသည့် အရာရှိများကို ထည့်သွင်းဖွဲ့စည်းရမည်ဖြစ်ပြီး၊ ၎င်းအဖွဲ့တွင် တာဝန်ပေးအပ်ခြင်းခံရသော စစ်သည်များသည်လည်း အထက်မြက်ဆုံးနှင့် စိတ်အထက်သန်ဆုံးသူများ ဖြစ်ရမည်။ အကြောင်းမှာ ၎င်းတို့သည် များသောအားဖြင့် ကျန်ရှိသော တပ်ဖွဲ့ဝင်များထက် ပိုမိုကြီးမားသော တာဝန်များကို ထမ်းဆောင်ကြရမည့် အတွက် ဖြစ်သည်။
သို့သော် စားသောက်ချိန်တွင် တော့ အထူး အခွင့်အ ရေး ပေးရန် မလိုဘဲ အားလုံး နှင့် တန်းတူထား ဆက်ဆံရမည် ဖြစ်သည်။