ဂေါ်ကီ ၏ အမေ(43)

by Hla Soewai - Dec 30 2025

အမေသည် အိမ်ထဲ ပြန်ဝင်လာပြီး ပြတင်းပေါက်မှ အပြင်သို့ စိုးရိမ်တကြီး ကြည့်လိုက်သည်၊ စိုစွတ်‌သော နှင်းဖတ်ကြီးများက အမှောင်ထုထဲတွင် တဖြတ်ဖြတ် လှုပ်ခတ်ကာ ကျနေပြီ ဖြစ်သည်။

 

"အမေ ဂိုထောင်ဆောင့် ပရိုဇိုရော့ဗ်ကို မှတ်မိသေးလား၊ ခြေထောက်ကြီးကို ကား ထိုင်ပြီး သူရဲ့ လ္ဘက်ရည် ကို ဆူညံအောင် မှုတ်သောက်နေတ‌တ်တဲ့ လူလေ၊ မျက်နှာက နီစပ်စပ် နဲ့ အမြဲ ကျေနပ်ပြီး ချွေး‌ တွေ နဲ့ စိုရွှဲနေတတ်တယ်"

 

အမေက စားပွဲရှိရာ ပြန်လာရင်း "အေး..ငါမှတ်မိတယ်၊ မှတ်မိတယ်"၊ ထို့နောက် စားပွဲတွင် ဝင်ထိုင်လိုက်ပြီး ရီဂေါကို စိတ်မကောင်းသည့် အကြည့်မျိုး နှင့် ကြည့်လိုက်သည်။ "ဆာရှင်ကာ လေးကို သနားလိုက်တာ၊ မြို့ကို ဘယ်လိုများ ရောက်အောင်သွားပါလိမ့် မလဲနော်"

 

"သူလည်း အတော်လေး အားအင်ကုန်ခမ်း နေ လောက်ပြီ၊ ‌ထောင် ဆိုတာကလည်း လူတယောက်ရဲ့ ကျန်းမာရေး ကို မဆိုးဆိုးအောင် ဆွဲကိုင် လှုပ်ရမ်း တတ်တဲ့ နေရာ မျိုးကိုး၊ အရင်ကတော့ သန်သန်မာမာပဲ၊ ပြီးတော့ ငယ်ငယ်ကတည်းက ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် နေလာခဲ့ရတာ၊ ကျွန်တော် အထင်တော့ အဆုပ် မကောင်းလောက်တော့ဖူး၊ သူ့မျက်နှာ မှာ ပန်းနာရင်ကြပ် ဖြစ်နေတဲ့ လက္ခဏာ တွေ ရှိတာ ကျွန်တော် သတိထားမိတယ်"

 

"သူက ဘယ်သူ့ လဲကွဲ့"

 

"အဖေက မြေရှင်သူ‌ဌေး ကြီး ဆိုလားပဲ၊ သူပြောတာတော့ အတော်ကို ဆိုးဆိုးသွမ်းသွမ်း ဆိုလား၊ ဒါနဲ့ အဖွား သိပြီးလောက်ပြီ ထင်တယ်၊ သူတို့ လက်ထပ်ချင်နေကြတယ်"

 

"သူတို့ ဆိုတာ ဘယ်သူတွေတုန်း"

 

"ဆာရှင်ကာ နဲ့ ပါဗယ်လေ၊ ခုထိတော့ မလုပ်နိုင်ကြသေးဘူး၊ သူက လွတ်နေတဲ့ အချိန် တယောက်က ထောင်ထဲမှာ၊ ပြန်လွတ်လာတော့လည်း သူက ထောင်ထဲ ရောက်နေပြီ"

 

"ငါလည်း ဘာမှ မသိခဲ့ရပါလား၊ ပါရှာကလည်း သူ့အကြောင်း သူ ထုတ်ပြောတတ်တဲ့ လူမျိုး မဟုတ်တော့"

 

ယခုအခါ အမေသည် ကလေးမလေး အပေါ် ပို၍ ပင် သနားစိတ် ဝင်လာခဲ့ရ၍ သူ့ရှေ့ ထိုင်နေသော ဧည့်သည်ကိုပင် ငြူစူလာခဲ့သည်။

 

"မင်းနှယ့်ကွယ် အိမ်အထိ ရောက်အောင် လိုက်များ ပို့လိုက်ပါတော့လား"

 

"မဖြစ်ဘူး အဘွား၊ ကျွန်တော် ဒီမှာ မနက်ဖန် မနက်‌ စောစောက စပြီး တနေကုန် လုပ်စရာတွေ တပုံတခေါင်းကြီး ရှိနေတယ်၊ တချိန်လုံး လမ်းလျောက်ပြီးရင်း လျောက်နေရမှာ၊ ကျွန်တော့်မှာ ပန်းနာကလည်း ရှိနေတော့ တယ် မလွယ်လှဘူး"

 

"ဒီမိန်းကလေးက တော်ရှာပါတယ်ကွယ်" ဟု ပြောရင်း ရီဂေါ ပြောနေသည်များကို အာရုံမစိုက်နိုင် ဖြစ်နေသည်၊ သူ့ စိတ်ထဲတွင်လည်း သူတို့ လက်ထပ်ဖို့ ဆုံးဖြတ်ထားသည် ဆိုသည်ကို သားဖြစ်သူ ထံမှ မကြားရဘဲ သူစိမ်းတရံစာဆီမှ ကြားရ၍ စိတ်ထိခိုက်သွားခဲ့သည်။ အမေသည် နှုတ်ခမ်းကို တင်းတင်း စေ့လိုက်ပြီး မျက်မှောင် ကြုံလိုက်သည်။

 

"အဘွားပြောသလို ဆာရှင်ကာ က တော်ပါတယ်၊ ခုထိ တော့ သူ့ဆီမှာ မင်းစိုးရာဇာ စရိုက် နဲနဲ လေး တော့ ကျန်နေသေးတယ်၊ တဖြေးဖြေးတော့ ပျောက်လာနေပြီ လို့ ပြောရမယ်၊ အဘွားက သူ့ကြည့်ပြီး စိတ်မကောင်း ဖြစ်နေလို့လဲ ဘာထူးလာမှာမို့လို့လဲ၊ ကျွန်တော်တို့လို သူပုန်တွေ အတွက် အဘွား လိုက်ပြီး ဝမ်းနည်းနေမယ်ဆိုရင် အဘွားရဲ့ နှလုံးသားဟာ ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဘဝတွေက ဖြတ်သန်းရတာ လွယ်ကူလှတာတော့ မဟုတ်ဘူး ဆိုတာ ကျွန်တော် ဝန်ခံပါတယ်၊

 

ဥပမာ ပြောရလို့ ရှိရင် ကျွန်တော့် သူငယ်ချင်းတယောက်၊ သူက ဆိုက်ဘေးရီယား ကို ပြည်နှင်ဒဏ် ပေးခံထားရာကနေ မကြာခင်လေးကမှ ပြန်ရောက်လာတာ၊ သူ နော့ဗ်ဂေါရော့ဒ်မြို့ကို ဖြတ်သွားနေတုန်း သူ့ရဲ့ ဇနီးနဲ့ ကလေးက စမိုလန်းစ်မြို့မှာ သူ့ကို စောင့်နေခဲ့ကြတယ်။ ဒါပေမဲ့ သူ စမိုလန်းစ်မြို့ကို ရောက်သွားတဲ့အခါကျ ပြန်တော့ သူတို့သားအမိ မော်စကိုမြို့က အကျဉ်းထောင်ထဲကို ရောက်နေကြပြီ။

 

အခုတော့ သူ့ မိန်းမက ဆိုက်ဘေးရီးယားကို သွားရမယ့်အလှည့် ရောက် နေပြီ။ တော်လှန်ရေးသမားတစ်ယောက် ဖြစ်နေပြီး အိမ်ထောင်ပြုတယ်ဆိုတာဟာ တကယ့်ကို အဆင်မပြေပါဘူးဗျာ။ ယောက်ျားဖြစ်သူအတွက်လည်း အဆင်မပြေဘူး၊ မိန်းမ အတွက်လည်း အဆင်မပြေဘူး၊ နောက်ဆုံး တော်လှန်ရေး လုပ်ငန်း တွေကို အနှောင့်အယှက် ဖြစ်လာတာပဲ။ ကျွန်တော့်မှာလည်း ဇနီးတစ်ယောက် ရှိခဲ့ဖူးတယ်။ တကယ့်ကို မွန်မြတ်တဲ့ အမျိုးသမီးတစ်ယောက်ပါ၊ ဒါပေမဲ့ ဒီလိုမျိုး အနိမ့်အမြင့် အတက်အကျ များတဲ့ ဘဝထဲမှာ ငါးနှစ်လောက် ကျင်လည်ပြီးတဲ့နောက်မှာတော့ သူလည်း သင်္ချိုင်းကုန်းကိုပဲ ရောက်သွားရရှာပဲ။"

 

ရီဂေါသည် ပြောရင်းက ခွက်ထဲရှိ လက်ကျန် လ္ဘက်ရည် ကို တချက်တည်း မော့သောက်လိုက်သည်။ ထို့နောက် အကျဉ်းထောင်ထဲနှင့် နယ်နှင် ခံခဲ့ရသည့် ကံမကောင်း အကြောင်းမလှမှု များ နှင့် ပြည့်နှက်‌ နေသည့် သူ့ ဇာတ်ကြောင်းကို ဆက်ပြောပြန်သည်။ အကျဉ်းထောင်ထဲက လူသတ်ပွဲများ၊ ဆိုက်ဘေးရီယား တွင် ဆာလောင် မွတ်သိပ်စွာ နေခဲ့ရသည့် အကြောင်းများ ဖြစ်သည်။

 

ရီဂေါသည် ဒုက္ခဆင်းရဲများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ မတရားမှုများနှင့် လူသားတို့၏ စော်ကားဖျက်ဆီးမှုများ ပြည့်နှက်နေသည့် သူ့ ဘဝအကြောင်းကို ရိုးရှင်းရှင်းရှင်း ပြောပြနေသည်ကို အမေ ကြည့်ပြီး အံ့ဩ ခြင်း ကြီးစွာ ဖြင့် နားထောင်နေမိသည်။

 

"ကဲ...ကျွန်တော်တို့ အလုပ်အကြောင်း ပြောကြရအောင်"

 

ပြောနေသည့် သူ၏ လေသံလည်း ပြောင်းသွားပြီး မျက်နှာကလည်း အလေးအနက် အသွင် ဆောင်လာသည်။ စက်ရုံထဲသို့ စာရွက်စာတမ်းများ အဘယ်ပုံ အဘယ်နည်း ခိုးသွင်းဖို့ ကြံရွယ်ထားသလဲ ဆိုသည်ကိုလည်း အမေ အား မေးလာသည်။ အမေသည် သူ၏ အသေးစိတ် ကို ရှင်းလင်းစွာ သိနားလည် နေပုံကို ကြည့်ပြီး အံ့ဩနေမိပြန်သည်။

 

ထို့နောက် တွင် တော့ အယင်က အကြောင်းများ စမြုံ့ပြန်ကြပြန်သည်။ ရီဂေါ့က လည်း ရယ်စရာ အဖြစ်များ ပြောနေပြီး သူမ စိတ်သည်လည်း အတိတ်ကာလ ထဲ တရစ်ဝဲဝဲ ဖြင့် လွင့်မျောနေမိသည်။

 

သူမ၏ အတိတ်သည် ထူးဆန်းအံ့ဩဖွယ်ကောင်းလောက်အောင်ပင် ရွှံ့ညွန်ထူထပ်သော ဗွက်အိုင်ကြီးတစ်ခုနှင့် တူနေတော့သည်။ ထိုဗွက်အိုင်အနှံ့တွင် ကုန်းမောက်မောက် တောင်ပူစာလေးများ အစီအရီရှိနေပြီး၊ ၎င်းတို့အပေါ်တွင်မူ အမြဲတစေ ကြောက်ရွံ့တုန်လှုပ်နေကြသည့် ပေါ့ပ်လာ သစ်ပင်များ၊ အုပ်မိုးနေသော ထင်းရှူးပုလေးများနှင့် တောင်ပူစာများကြားတွင် ဟိုတစ်စ ဒီတစ်စ ပေါက်ရောက်နေသည့် ဘုဇပတ် သစ်ဖြူပင် လေးများဖြင့် ပြည့်နှက်နေသကဲ့သို့ သူမ ခံစားရသည်။

 

ထိုဘုဇပတ်ပင်ဖြူလေးများသည် တဖြည်းဖြည်းချင်း ကြီးထွားလာကြပြီး၊ မတည်ငြိမ်၍ ပုပ်စပ်နေသော မြေဆီလွှာပေါ်တွင် ငါးနှစ်ခန့် ရပ်တည်ပြီးနောက်၌မူ ခြောက်သွေ့ကာ လဲပြိုပျက်စီးသွားကြတော့သည်။ ထိုမြင်ကွင်းကို ကြည့်ရင်း သူမ၏ စိတ်အစဉ်တွင် ဖော်ပြရခက်သော၊ သည်းခံနိုင်စွမ်းမရှိလောက်အောင် ပြင်းပြသော ဝမ်းနည်းမှုအာရုံတစ်ခု လွှမ်းမိုးလာခဲ့သည်။

 

ပြတ်သား၍ ခိုင်မာသည့် မျက်နှာထားရှိသော မိန်းကလေးတစ်ဦး၏ ပုံရိပ်သည် သူမ၏ ရှေ့မှောက်တွင် ပေါ်လာသည်။ ယခုမူ ထိုပုံရိပ်သည် အမှောင်ထုထဲမှ နှင်းပွင့်များအကြားတွင် တစ်ဦးတည်း အထီးကျန်စွာ၊ မောပန်းနွမ်းနယ်စွာဖြင့် တစ်နေရာရာသို့ လျှောက်လှမ်းသွားနေလေတော့သည်။