"ခဏလေး နေဦး အမေ" ဟု ဆိုကာ ဆာရှင်ကာ က အပြင်မှ အသံများကို နားစွင့်နေရင်းက "ရီဂေါ ဖြစ်မယ် ထင်တယ်"
တကယ်လည်း ရီဂေါ ဖြစ်နေသည်၊ တကိုယ်လုံးလည်း စိုရွှဲနေပြီး ဟောဟဲ ဟောဟဲ ဖြစ်နေသည်။
"ဟား ..ရေနွေးအိုး ပါ တည်ထားတာကိုး၊ အကောင်းဆုံးပဲ အဖွားရေ၊ ဪ..ဆာရှင်ကာလည်း ရောက်နေပြီကိုး"
ရီဂေါ၏ အသံဩဩ ကြီးက မီးဖိုချောင်လေးထဲ ဆူညံသွားသည်။ စကားပြောရင်းက သူ၏ အင်္ကျီ ထူထူ ကြီးကို ဖြေးဖြေးချင်း ချွတ်နေသည်။
"အဖွားရေး ဒီကလေးမလေး လုပ်ပေါက်ကတော့ ပုလိပ်တွေ ရင်ထဲ ဆူးတချောင်းစိုက်နေသလို ဖြစ်သွားတော့တာပဲ၊ ထောင်မှုးက စော် စော်ကားကား ပြောတော့ သူ့ကို ပြန် မတောင်းပန်ရင် အစာငတ်ခံ ဆန္ဒပြမယ်တဲ့ဗျာ၊ တကယ်လည်း ရှစ်ရက်လောက် အစာ မစားပဲ နေတယ်ဗျာ၊ သေတော့မလိုကို ဖြစ်သွားတာ၊ ဆိုးတော့ မဆိုးဘူး၊ သူ့မှာ သံ မဏိ လို မာကျောတဲ့ အစာအိမ်လေး ရှိနေ လေရဲ့"
"သမီး ဘာမှ မစားပဲ ရှစ်ရက် ဆက်တိုက် နေလို့ ရတယ် လား"
"ကျမ ကို တောင်းပန်လာအောင် လုပ်ခဲ့ရတာပါ" ဟု ဘာမှ မဖြစ်သည့်ဟန် ဖြင့် ပုခုံးတွန့်ရင်း ပြန်ဖြေလိုက်သည်။ သူမ ပြောနေသည့် ပုံက ဣန္ဒြေရရ နှင့် မျက်နှာတွင် ပေါ်နေသော ပြတ်သားသော ဇွဲလုံ့လတို့သည် အမေ အပေါ် အပြစ်တင်စကား ပြောလိုက်သလို ဖြစ်နေသည်။
"သမီး သေများ သွားခဲ့ရင်ကောကွယ်"
"အဲ့တော့လည်း ဘာတတ်နိုင်မလဲ အမေ၊ နောက်ဆုံးတော့ ကျမ ကို လာတောင်းပန်ရတော့တာပဲလေ၊ ကိုယ့်ကို စော်ကားတာမျိုး ဘယ်သူ မဆို ဘယ်တော့မှ မေ့မထားသင့်ဘူး"
"ဟေး...ငါတော့ ပစ္စည်းတွေ ကိုယ့်ဖာကိုယ်ပဲ နေရာချလိုက်ပြီ၊ ရေနွေးအိုး ဆူပြီလား၊ ငါပဲ ယူလာခဲ့မယ်" ဟု ရီဂေါက တဖက်ခန်း မှ လှမ်းပြောလိုက်သည်။
ရေနွေးအိုး ကို မ ပြီး သယ် လာရင်းက "ကျွန်တော် အဖေဆို တနေ့တနေ့ ခွက် နှစ်ဆယ်ထက် မနည်းဘူး သောက်တာ၊ အဲ့တာကြောင့်လည်း အသက်ရှည်ပြီး စိတ်ချမ်းချမ်းသာသာ နဲ့ ကျန်းမာ သန်စွမ်းနေတာ ဖြစ်မယ်၊ အသက် ခုနှစ်ဆယ့် သုံးနှစ် အထိ နေသွားတယ်၊ ဖျားတာ နာတာတောင် မရှိခဲ့ဘူး၊ ကိုယ် အလေးချိန် ဆိုလည်း ပေါင် သုံးရာ့နှစ်ဆယ်တောင် ရှိသဗျာ၊ အလုပ်အကိုင်ကတော့ ဗော့စကီဆန် မြို့က ဘုရားကျောင်းမှာ ဝေယျာဝစ္စ လုပ်ရတဲ့ လူ ပေါ့။"
"အဲ့တာ ဆို မောင်ရင်က အိုင်ဗန်ရဲ့ သား များ ဖြစ်နေမလား" ဟု အမေက မေးလိုက်သည်။
"အစစ်ပေါ့ အမေရာ၊ ဒါနဲ့ အဖေ့နာမည် ကို ဘယ်လိုများ သိနေတုန်း"
"အလိုတော် .. ငါကလည်း ဗော်စကီဆန် မြို့သူပါနော်"
"တမြို့တည်းသားတွေ ဖြစ်နေပါလား၊ အမေရဲ့ သားချင်းတွေက ဘယ်သူ တွေ များပါလိမ့်"
"မင်းနဲ့ အိမ်နီချင်းတွေလေ၊ အမေ နာမည်က စီယိုဂင် လေ"
"ဒါဆို အမေက နီလ် ရဲ့ သမီးလား၊ ခြေထောက် မသန်တဲ့ လူကြီးလေ၊ ဒါကြောင့် အမေကို မြင်ဖူးပါတယ် အောက်မေ့နေတာ၊ အမေ အဖေ ဆို ကျွန်တော့် နားရွက်ကို ခဏခဏ ဆွဲတာ"
သူတို့ နှစ်ဦးလည်း မျက်နှာခြင်းဆိုင် ဟိုအကြောင်းမေး၊ ဒီအကြောင်းမေး၊ ရယ်လိုက်ကြ ဖြစ်နေသည်။ ဆာရှင်ကာလည်း လ္ဘက်ရည် ပွဲ ပြင် နေရင်းက သူတို့ကို ကြည့်ပြီး ပြုံးနေမိသည်။ ပန်းကန်သံ ခွက်သံများ ကြားမှ အမေလည်း သူလုပ်စရာရှိသည်များကို သတိရသွားခဲ့သည်။
"အိုး..ကြည့်ပါဦး၊ ရှေးဟောင်းနှောင်းဖြစ် တွေ ပြောနေတာနဲ့ လုပ်ရမှာ လုံးဝ မေ့သွားတယ်၊ အမေ့ကို ခွင့်လွှတ်၊ မင်း ငယ်ငယ်က အကြောင်းတွေ ပြန်ပြောရတာ အရသာ ရှိလှသကွယ်"
"အမေ အိမ်လာပြီး အဲ့လိုတွေ ဝင်လုပ်နေတဲ့ ကျမကပဲ တောင်းပန်ရတော့မှာပဲ၊ ည ဆယ်တစ်နာရီ ထိုးနေပြီ ဆိုတော့ သွားရဖို့ကလည်း ရှိနေလို့ပါ"
"ဘယ်များ သွားဦးမှာလဲကွယ်၊ မြို့ကိုလား" ဟု အမေက တအံ့တဩ မေးလိုက်သည်။
"ဟုတ်တယ် အမေ"
"ဘယ်နှယ့် ပြောလိုက်တာလဲ၊ အပြင်မှာ မှောင်လဲမှောင်၊ စိုစိုစွတ်စွတ် ဖြစ်နေတာကွယ်၊ ပြီးတော့ သမီးလည်း ပင်ပန်းနေပြီ၊ ဒီမှာပဲ အိပ်လိုက်၊ ရီဂေါက မီးဖိုထဲမှာ အိပ်လိမ့်မယ်၊ သမီးက ဒီမှာ အမေနဲ့ လာအိပ်"
"အိပ်လို့ မဖြစ်ဘူး၊ ကျမ သွားမှ ဖြစ်မယ် အမေ"
"မှန်တယ်၊ တောသူ အမျိုး သမီး ငယ်တယောက် အနေနဲ့ ကိုယ်ယောင်ဖျောက်နေမှ ဖြစ်မယ်၊ နောက်နေ့ မနက်ကျမှ မြို့ထဲက လမ်းပေါ်မှာ တွေ့နေရင် မကောင်းဘူး"
"သူ တယောက်တည်း ဘယ်လို သွားမှာလဲ"
"သူတယောက်တည်းပဲ သွားရမှာပဲ" ဟု ရီဂေါက ရယ်ရင်း ပြောလိုက်သည်။
ကလေးမ က လ္ဘက်ရည်ကို ခွက်ထဲ ငှဲ့ထည့်ရင်း ရိုင်း ဂျုံ နှင့် လုပ်ထားသော ပေါင်မုန့် တချပ်ပေါ် ဆား လေး ဖြူးပြီး ကိုက်စားနေသည်။ သူမ၏ မျက်လုံးများကလည်း အလေးအနက်စဉ်းစားနေဟန် ဖြင့် အမေကို စူးစိုက်ကြည့်နေပြန်သည်။
"ဘယ်လိုလုပ် ဒီခရီးကို သွားလို့ ရမလဲကွယ်၊ အမေတော့ ကြောက်တယ်"
"သူလည်း ကြောက်တာပဲ၊ ဟုတ်တယ် မဟုတ်လား ဆာရှာ"
"မကြောက်ဘဲ နေမလားရှင်"
အမေက ဆာရှင်ကာ နှင့် ရီဂေါ တို့အား တလှည့်စီ ကြည့်လိုက်ရင်း..."ထူးဆန်းပါ့"
"အဖွားရေ ကျွန်တော်ကို လ္ဘက်ရည် တခွက်လောက် ပေးပါလား"
ဆာရှင်ကာက သူ့အတွက် ထည့်ထားသော လ္ဘက်ရည်ကို မော့သောက်လိုက်ရင်း ရီဂေါ၏ လက်ကို အသာတို့လိုက်ပြီး မီးဖိုချောင်ဖက်သို့ ထွက်သွားသည်။ အမေက သူမ နောက် ထ လိုက်သွားသည်။ မီးဖို ချောင် ရောက်သည် နှင့် ဆာရှင်က အမေ့ဖက်လှည့်ပြီး...
"ပါဗယ် နဲ့တွေ့ရင် ကျမ သတိရတယ်ဆို တာ ပြောပေးပါနော်" ပြောရင်း တံခါးဂျက်ကို လှည့်ဖွင့်လိုက်သည်၊ ထို့နောက် အမေဖက် လှည့်လိုက်ပြန်ပြီး အသံတိုးတိုး ဖြင့် 'ကျမ အမေကို နမ်းဦးမယ်"
အမေက သူမကို ပွေ့ဖက်လိုက်ပြီး ငြင်ငြင်သာသာ နမ်းလိုက်သည်။
"ကျေးဇူးပါ အမေ" ဟု ပြောပြီး ခေါင်းကို ငြိမ့်ပြကာ အပြင်သို့ ထွက်သွားတော့သည်။