နေုာက် နှစ်ပေါင်း နှစ်ဆယ် အတွင်း လူ့ သမိုင်းတလျောက် မကြုံခဲ့ဖူးသည့် နှုန်း ဖြင့် တရုတ်ပြည်အားခေတ်မီ ပြောင်းလဲသွား အောင် ဖော်ဆောင် ပေးနိုင်ခဲ့သည်။ ပါတီသည် အာဏာကို မြဲမြံစွာ ဆုပ်ကိုင်ထားပြီး နိုင်ငံရေး လွတ်လပ်ခွင့်များကို ပိတ်ပင်ထားသည့် ကြားမှ ထိုသို့ ပြုလုပ် နိုင်ခဲ့ခြင်း ဖြစ်သည်။
တရုတ်သည် စီးပွားရေး ဖွံ့ဖြိုး ကြွယ်ဝလာပြီး အနောက်နှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှု အပိုင်းတို့တွင် ပေါင်းစပ်လာနိုင်သည် နှင့် အမျှ နိုင်ငံ အတွင်း ဒီမိုကရေစီ ဖေါ်ဆောင်နိုင်မည့် အလားအလာ များ တိုးပွားလာမည်၊ တီယန်မင် အရေးအခင်း နောက်ပိုင်းတွင် စီးပွားရေး ခေတ်မီ ဖွံ့ဖြိုးမှု ဖြင့် ဒီမိုကရေစီ ဖြစ်ထွန်းလာမည် ဆိုသည်ကို ဖြစ်နိုင်သည့် လမ်းကြောင်း တခု အဖြစ် ယုံကြည်လာကြသည်။
၁၉၉၂'တွင် တိန့်ရှောင်ဖိန်သည် တရုတ်ပြည် တောင်ပိုင်းသို့ ခရီးလှည့်လည် ခဲ့မှု နှင့် အတူ စတင်လာခဲ့သော စီးပွားရေး ပြုပြင် ပြောင်းလဲခဲ့မှု မှသည် ၂၀၁၂ အကုန် ရှီကျင့်ဖျင်အား ပါတီ အကြီးအကဲ အဖြစ် တင်မြှောက်လာခဲ့သည့် နှစ်ပေါင်း နှစ်ဆယ် အတွင်း တရုတ်ပြည်၏ စီးပွားရေးသည် ပျမ်းမျှ တနှစ်လျင် ၁၀ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။
တရုတ် နိုင်ငံသားများ၏ တဦးချင်းဝင်ငွေကို ၎င်းတို့ အမှန်တကယ် ဝယ်ယူနိုင်စွမ်း (Purchasing Power) ဖြင့် တိုင်းတာ တွက်ချက်ခဲ့ရာ အနှစ် နှစ်ဆယ် အတွင်း ဝယ်ယူ နိုင်စွမ်းအား တူညီမှု purchasing power parity (PPP) တွင် ဆယ်ဆနီးပါး မြင့်တက်လာခဲ့ပြီး ၂၀၁၂ တွင် ၁၁,၁၆၉ အထိ ရောက်ရှိလာသည်။
(နိုင်ငံခြားငွေ လဲလှယ်နှုန်းများသည် ကုန်စည်ဈေးနှုန်း ကွာခြားမှုများကို အပြည့်အဝ ထင်ဟပ်နိုင်ခြင်းမရှိသောကြောင့် PPP ကို အသုံးပြု၍ ဈေးနှုန်းကွာခြားမှုများကို ဖယ်ရှား လိုက်ခြင်းဖြစ်သည်။ ဥပမာ အမေရိကန်တွင် ၁ ဒေါ်လာတန်ဖိုးရှိ ပစ္စည်းတစ်မျိုးကို မြန်မာနိုင်ငံတွင် ဝယ်ယူရန် မည်မျှ ပေးရမည်နည်း။ PPP သည် ဤဈေးနှုန်းကွာခြားမှုကို တွက်ချက်ပေးသည်။)
၁၉၉၂ တွင် တရုတ်လူဦးရေ၏ ၂၇.၅ ရာနှုန်း (၃၂၂ သန်း) သည်သာ မြို့ပြများ တွင် နေထိုင်ခဲ့ကြရာမှ၂၀၁၂ တွင် ၅၂.၆ ရာနှုန်း (၇၁၂ သန်း) အထိ ဖြစ်လာသည်။ တရုတ် နိုင်ငံသားများ၏ ပညာရေး အဆင့်အတန်းလည်း မြင့်မားလာခဲ့သည်။ ၁၉၉၂ တွင် ကောလိပ်များမှ ဘွဲ့ရသူ ၆၀၄,၀၀၀ ဦး မှ ၂၀၁၂ တွင် ၆.၂၄ သန်း ဖြစ်လာ၍ ဆယ်ဆ ခန့် မြင့်တက်လာသည်ဟု ပြော၍ ရပေသည်။
စစ်အေး တိုက်ပွဲ အပြီး ပေါ်ပေါက်လာသော ဂလိုဘယ်လိုက်ဇေးရှင်း ဖြင့် လည်း တရုတ်သည် ကမ္ဘာစီးပွားရေး စနစ်ကြီး အတွင်းသို့ ပါဝင်ခွင့် ရလာခဲ့ယုံမက ကမ္ဘာတွင် အကြီးမားဆုံး ကုန်ထုတ်စွမ်းအား ကို ပိုင်ဆိုင်လာခဲ့သည်။ ၁၉၉၂ မှ ၂၀၁၂ အကြား တရုတ်ပြည်သို့ ဝင်ရောက်လာသော ပြည်ပ တိုက်ရိုက် ရင်းနှီးမြုပ်နှံလာခဲ့မှု သည် စုစုပေါင်း ဒေါ်လာ ၁.၂ တြီလီယံ အထိ ရှိခဲ့သည်။ နိုင်ငံခြား ကုန်စည် ရောင်းဝယ်ရေး တွင်လည်း ဒေါ်လာ ၁၃၆ ဘီလီယံ မှ ၃.၈၆၇ တြီလီယံ အထိ မြင့်မားလာခဲ့သည်။ (ထိုကာလ အပိုင်းအခြားသည် မြန်မာပြည်တွင် ဗိုလ်သန်းရွှေ၏ စစ်အုပ်စု အုပ်ချုပ်နေစဉ် ကာလ ဖြစ်သည်ကို သတိချပ်သင့်သည်။)
ရှီ ထွက်ပေါ်မလာမီတွင် ကြောက်ခမန်းလိလိ ဖွံ့ဖြိုးတိုးတက်လာသော စီးပွားရေး နှင့် အတူ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကြီး ရောက်လာ၍ ပြည်တွင်း တွင် အာဏာရှင် အုပ်ချုပ်ရေး ပြန်၍ တည်ဆောက်လာနိုင်ပြီး အနောက်အုပ်စု နှင့် စစ်အေး တိုက်ပွဲကြီး တဖန် ပြန် စလာ နိုင်သည် ဟု မည်သူတဦးတယောက်ကမျှ တွေးမိခဲ့ကြခြင်း မရှိပေ။ ထိုသို့ တွေးမိခဲ့ကြခြင်း မရှိသည့် အကြောင်းများသည် ကြေကွဲဖွယ် ကောင်းလောက်အောင် အတိအကျ ထွက်ပေါ်လာခဲ့ပေတော့သည်။
ရှီသည် တရုတ်ပြည်၏ ရာသက်ပန် ခေါင်းဆောင်ကြီး အဖြစ် ပိုင်ပိုင် နိုင်် နိုင် ရုပ်လုံး ပေါ်လာခဲ့လာချိန်တွင် တော့ ပြည်တွင်း တွင် အကြွင်းမဲ့ အာဏာရှင် စနစ်ကို ပြန်၍ အသက်သွင်းခဲ့ယုံမျှမက ပြည်ပတွင်လည်း ရန်လိုမှု အပေါ် အခြေခံထားသည့် နိုင်ငံခြားရေး ဝါဒ ကို ကျင့်သုံးလာ၍ အမေရိကန် ပြည်ထောင်စု နှင့် ဆက်ဆံရေး ပျက်ပြားသွားခဲ့ပြီး စစ်အေး တိုက်ပွဲကြီး အသစ်တဖန် ဖြစ်ပွားလာခဲ့တော့သည်။
#ဘာတွေဖြစ်လာခဲ့လည်း
လူမှု စီးပွားရေး နယ်ပယ်တွင် ခေတ်မှီ ဖွံ့ဖြိုး ကြွယ်ဝလာခြင်း၊ စီးပွားရေး နယ်ပယ် တွင် အရှိန်အဟုန် ဖြင့် တိုးတက်လာခြင်း၊ ကမ္ဘာစီးပွား ရေး နယ်ပယ် နှင့် ပေါင်းစပ်လာနိုင်ခြင်း များ ရှိနေသည့်ကြားမှ အကြွင်းမဲ့ အာဏာရှင် စနစ် တဖန် ပြန်၍ ခေါင်း ထောင် ထလာသည့် အဖြစ်ကို ယခုခေတ် လူမှုရေး သိပ္ပံ ပညာရပ် ရှိ သီအိုရီ တခုတလေကမျှ ရှင်းပြနိုင်စွမ်း ရှိမည် မဟုတ်ပေ။
ရှီကျင့်ပင် လက်အောက်တွင် တရုတ်ပြည်သည် နိုင်ငံရေး ဖက်တွင် ခုန်ပျံကျော်လွှားပြီး နောက်ပြန် ဆုပ်သွားရသည့် အဖြစ်ကို နားလည်နိုင်ရန် ကျွန်ုပ်တို့သည် လျင်မြန်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ နိုင်ငံရေး အရ လစ်ဘရယ်ဖြစ်လာခြင်း သို့မဟုတ် ဒီမိုကရေစီ အသွင်ကူးပြောင်းခြင်း ကဲ့သို့သော ဖြစ်နိုင်ခြေရှိသည့် ဆန့်ကျင်ဘက် ရလဒ်များ ဖြစ်ပေါ်ရန် ရှိနေသော အခက်အခဲများကို အလေးထား သုံးသပ်ရ ပေမည်။
မော် ခေတ် အဆုံးသတ်သွားပြီး နောက်ပိုင်း တရုတ်ပြည် နှင့် ပတ်သက်၍ ထွက်ပေါ်လာသော ပဟေဠိ များစွာ ထဲတွင် တခုသည်ကား စီးပွားရေး နှင့် ဒီမိုကရေစီ အကြား ခါးပြတ်နေမှု ပင် ဖြစ်သည်။ ထိုနှစ်ခု အကြား အခိုင်အမာ အပြန်အလှန် ဆက်သွယ်မှု ရှိနေသည် ဆိုသော သီအိုရီ နှင့် ဆန့်ကျင်ဖက် အဖြစ် တရုတ်ပြည်တွင် ထွက်ပေါ်လာခဲ့သည်။ ၁၉၈၀ ကျော် နှစ်များ အတွင်း တရုတ်ပြည်တွင် နိုင်ငံသား များ ချမ်းသာ ကြွယ်ဝလာပြီး လူမှုရေး အပြောင်းအလဲ များသည် ဒီမိုကရေစီ ပေါ်ပေါက်ရန်အတွက် အခြေအနေ ကောင်းများ ဖန်တီးပေးလာသော်ငြားလည်း တကယ်တမ်း နိုင်ငံရေး ပိုင်းတွင် အနှစ်သာရ ရှိသည့် အပြောင်းအလဲများ ဖြစ်ပေါ်ရန် ဦးတည်လာခဲ့ခြင်း မရှိသည်ကို တွေ့ခဲ့ရသည်။
ထိုပဟေဠိ ကို အဖြေရှာရန် ခက်ခက်ခဲခဲ စဉ်းစားစရာပင် မလိုပေ။ ပထမဦးစွာ ချမ်းသာကြွယ်ဝလာမှု နှင့် ဒီမိုကရေစီ အကြား အချင်းချင်း အညမည ဖြစ်နေသည် ဆိုသော် ငြားလည်း မည်သို့သော် စီးပွားရေး ဖွံ့ဖြိုးမှုမျိုးသည်သာ ဒီမိုကရေစီ သို့ ဦးတည် သည် ဆိုသော တိကျသော နည်းလမ်း ဟူ၍ သဲသဲကွဲကွဲ မရှိ ဖြစ်နေသည်။
၁၉၇၀ ကျော် နှစ်များ အလယ်ပိုင်းလောက်ကစ၍ ဒီမိုကရေစီ ဖြစ်ထွန်းမှု ကို သုတေသန ပြုခဲ့ရာတွင် အုပ်ချုပ်သူ အာဏာရှင် အသိုက်အဝန်းက ရွေးချယ်ခဲ့မှုသည် အာဏာရှင် အုပ်ချုပ်ရေး မှ အသွင်ကူး ပြောင်းမှုထက် ပှိ၍ အရေးပါပြီး တိုက်ရိုက်ဆက်စပ်မှု ရှိနေသည်။ စီးပွားရေး ဖွံ့ဖြိုးမှု နှင့် ဒီမိုကရေစီ အကြား ဆက်နွယ်မှု ကို လေ့လာသုံးသပ်မှု များ စွာထွက်ပေါ်ခဲ့သည်။ ထိုအထဲတွင် လူများ တလေးတစား ဖတ်ရှုခဲ့သည့် တွေ့ရှိချက်များ ထဲတွင် ယင်းတို့အကြား မျဉ်းဖြောင့် ဆက်နွယ်မှု linear relationship သို့မဟုတ် တိုက်ရိုက် ဆက်နွယ်မှု မရှိ ဟု ပါရှိခဲ့သည်။ တရုတ်ပြည် ဒီမိုကရေစီ သို့ ကူးပြောင်း နိုင်ဖို့ တခုတည်းသော အပြောင်းလဲနိုင်ဆုံး အရာသည်ကား ကြွယ်ဝ ချမ်းသာမှု ပိုင်းတွင် အဆင့်တခု ရောက်ရှိလာမှ မဟုတ်ဘဲ အာဏာရှင် စနစ် ပြိုကွဲ ပျက်သုံးသွားမှသာ ဖြစ်မည် ဆိုခြင်းပင်။
မော်စီတုန်း နောက်ပိုင်း တရုတ် ခေါင်းဆောင်များ၏ မဟာဗျူဟာ မြောက် ရွေးချယ် ဆောင်ရွက်လာမှုများသည် နိုင်ငံရေး စနစ်တခု တဖြေးဖြေး နှင့် အကောင်အထည် ပေါ်လာနိုင်ရန် သည် လူအဖွဲ့အစည်း နှင့် စီးပွားရေး တည်ဆောက်ပုံများ ပြောင်းလဲလာမှု များထက် အရေးပါခဲ့သည် ဆိုပါက ထို့အတွက် ပဟေဠိ ကို လွယ်လင့်တကူ အဖြေထုတ်နိုင်ပေသည်။
တရုတ်ပြည်သည် ခေတ်မီ တိုးတက် ပြောင်းလဲလာသည် ဆိုသော်လည်း တပါတီ အုပ်ချုပ်ရေး စနစ် ဆက်ရှိနေရခြင်းသည် အဓိက အားဖြင့် CCP မှ နိုင်ငံရေး လွတ်လပ်ခွင့် များ ရရန် ဖိအားပေးမှုများ ကို ဆန့်ကျင် နိုင်ခဲ့ကြယုံမက စီးပွားရေး ဖွံ့ဖြိုးလာမှု ကြောင့် နိုင်ငံရေး ဖက်တွင် သက်ရောက် လာနိုင်သည်များကို ထိထိရောက်ရောက် ဖယ်ရှားနိုင်ခဲ့ကြခြင်း ကြောင့် ဖြစ်သည်။ မည်သို့မည်ပုံ လုပ်ခဲ့ကြသည်ကို ဝေးဝေးလံလံ ကြည့်စရာ မလို၊ တိန့်ရှောင်ဖိန်သည် ၎င်း၏ ခေတ်မီ ပြောင်းလဲရေး လုပ်ငန်းစဉ် များကို အကောင်အထည် ဖေါ်နေစဉ်မှာပင် ပါတီ ကို မော် ဝါဒ နှင့် ဝေးရာသို့ ရောက်အောင် ပဲ့ကိုင် ပေးလာနိုင်ခဲ့သည်။ သူ၏ တံခါးဖွင့် ဝါဒ နှင့် ပြုပြင်ပြောင်းလဲရေးများကြောင့် တိုင်းပြည်အား ပါတီ၏ နိုင်ငံရေးအရ မောင်ပိုင်စီးထားနိုင်မှု ကို အန္တရာယ် ဖြစ်လာသည် အထိ တော့ ခွင့်မပြုခဲ့ပေ။
တိနိရှောင်ဖိန်သည် ပါတီ၏ မဟာ ခေါင်းဆောင်ကြီး အဖြစ် ရောက်လာခဲ့ပြီး သုံးလ အကြာ ၁၉၇၉ မတ်လတွင် မြဲမြံစွာ လိုက်နာ ထိန်းသိမ်းရမည့် "အခြေခံ မူကြီး လေးရပ်" ကို ချမှတ်လာခဲ့သည်။ ယင်းတို့မှာ ဆိုရှယ်လစ် လမ်းစဉ်၊၊ ပြည်သူ့ဒီမိုကရေစီ အာဏာရှင်စနစ်၊ တရုတ်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှု၊ မာက်စ်- လီနင်ဝါဒနှင့် မော်စီတုန်း အတွေးအခေါ် တို့ ဖြစ်သည်။
တိန့်ရှောင်ဖိန်သည် ဈေးကွက် ပြုပြင်ပြောင်းလဲရေး၊ အနောက်အုပ်စု နှင့် ပေါင်းစပ်နိုင်ရေး၊ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်လာရေး တို့ ဖြစ်ပေါ်အောင် မည်မျှပင် ခက်ခက်ခဲခဲ ကြိုးပမ်း နေခဲ့ စေကာမူ ၎င်း၏ ကြိုးပမ်းမှု များသည် တပါတီ အုပ်ချုပ်ရေး တည်တံ့ရေးထက် အခြားဘာမျှ ဦးစားပေးမည် မဟုတ်ဆိုသည်ကို ရှင်းလင်းစွာ ပြောဆိုထားခဲ့ပြီး ဖြစ်သည်။ ၎င်း၏ ပြုပြင် ပြောင်းလဲမှု များကို ဆန့်ကျင်လာသည့် သဘောထား တင်းမာသူများကို တိုက်ခိုက်ခဲ့ရမှု များ ရှိသော်လည်း တရုတ် လူ့အစည်း အရုံး အတွင်း နိုင်ငံရေး လွတ်လပ်ခွင့် နှင့် ဒီမိုကရေစီ အရေး ဖိအားပေးလာမှု များ ရှိလာခဲ့လျင် "ဘူဇွာ လွတ်မြောက်ရေး ဝါဒ" ဟု ကင်ပွန်းတပ်ကာ သဘောထား တင်းမာသူများဖက်ကပင် လိုလိုလားလား ရပ်တည် တိုက်ခိုက် ပေးလာခဲ့သည်။
သေချာသည်က ၁၉၈၀ ကျော် နှစ်များ အတွင်း ဒီမိုကရေစီ ဖြစ်ထွန်း လာဖို့ တံခါးပေါက် ကျဉ်းကျဉ်းလေး လှစ်ဟလာခဲ့ခြင်းပင် ဖြစ်သည်။ ၁၉၄၉ နောက်ပိုင်း အပွင့်လင်းဆုံး ဟုပင် ပြော၍ ရပေသည်။ အဆိုပါ ဆယ်စုနှစ် အတွင်း ပါတီအကြီးအကဲ အဖြစ် ၁၉၈၁ မှ ၁၉၈၇ ဇန်နဝါရီလ အထိ ဆောင်ရွက်ခဲ့သူ ဟူ ယောင်ပန်း နှင့် ၁၉၈၀ မှ ၁၉၈၇ အထိ ဝန်ကြီးချုပ် နှင့် ၁၉၈၇ မှ ၁၉၈၉ မေလ အထိ ပါတီ အကြီးအကဲ ဖြစ်ခဲ့သူ ကျောက်ကျိယန် တို့သည် လစ်ဘရယ် ပြုပြင်ပြောင်းလဲရေး သမား များ ဖြစ်လာသည်။ နိုင်ငံရေး စနစ်ကိုလည်း တတ်နိုင်သမျှ ဖွင့်ပေးခဲ့သည်။
တိန် ရှောင့်ဖိန် မှ နိုင်ငံ၏ စွမ်းဆောင်ရည် ကို မြှင့်တင်ရန် အုပ်ချုပ်ရေး စနစ် ပြုပြင် ပြောင်းလဲရန် ထောက်ခံပေးမှု ကို အခွင့်အရေး တရပ် အဖြစ် အသုံးချကာ ကျောက်ကျိယန်သည် ၁၉၈၆-၈၇ အတွင်း အများပါဝင်နိုင်သော နိုင်ငံရေး စနစ် တခု ကို အကန့်အသတ် နှင့် ပြောင်းလဲပစ်နိုင်ရန် စီမံချက် အကြမ်းပင် ရေးဆွဲလာခဲ့သည်။ ၎င်းတို့ နှစ်ဦး စလုံးသည် ထိတ်တန်း ရာထူးများ ရယူထားကြသူများ ဖြစ်သော်လည်း အပြီးသတ် ဆုံးဖြတ်ချက် ချနိုင်သည့် အာဏာ မရှိ ဖြစ်နေသည်။
တိန့်ရှောင်ဖိန် နှင့် တော်လှန်ရေး သမား လူဟောင်းကြီးများသာ ထိုကဲ့သို့ အာဏာမျိုး ပိုင်ဆိုင်ထားကြသည်။ ၎င်းတို့အားလုံးက ဟူ ယောင်ပန်း နှင့် ကျောက်ကျိယန်တို့သည် တိန့်ရှောင်ဖိန်၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု များကိုသာ အကောင်အထည် ဖေါ်ရန် ဖြစ်ပြီး တပါတီ အုပ်ချုပ်ရေး စနစ်ကို အန္တရာယ် ဖြစ်စေနိုင်သည့် နိုင်ငံရေး လွတ်လပ်ခွင့် မျိုး မပေးမိရန် စောင့်ကြည့်နေခဲ့ကြသည်။
တိန့်ရှောင်ဖိန်သည် ထိုနှစ်ယောက်စလုံးက ၎င်း၏ တင်းမာသော အမြင်ကို အာခံပြီး ဒီမိုကရေစီ လိုလားသော အင်အားစုများကို ထောက်ခံလာသည့် အခါတွင်တော့ ရာထူးမှ ဖယ်ရှားပစ်ခဲ့သည်။ ၁၉၈၀ ကျော် နှစ်များ အတွင်း အာဏာချိန်ခွင်လျှာ သည် သဘောထား ပြင်းထန်သော တိန့်ရှောင်ဖိန် နှင့် ချင်ယွန်း တို့ဖက်သာ တသမတ်တည်း ယိမ်းနေခဲ့၍ စစ်မှန်ပြီး ရေရှည် တည်တံ့မည့် လွတ်လပ်သည့် နိုင်ငံရေး စနစ်မျိုး တည်ဆောက်ချင်သူများ အတွက် အခွင့်အလန်း က နည်းပါးခဲ့ရခြင်း ဖြစ်သည်။
၁၉၈၉ တီယန်မင် အရေးအခင်းအား ဖြိုခွဲ နှိမ်နှင်း ပြီး နောက်ပိုင်း လစ်ဘရယ် ပြောင်းလဲရေးသမား များ အကုန်နီးပါး ကို ဖယ်ရှားခဲ့ပြီး နောက် တွင်တော့ ကြွင်းကျန် နေသော အခွင့် အလန်း ဟူသမျှ အငွေ့ပျံသလို ပျောက်ကွယ်သွားခဲ့ရ ပေတော့သည်။ ထို့နောက်တွင်တော့ စီးပွားရေး ဖွံ့ဖြိုး မှု နှင့် ဂလိုဘယ်လိုက်ဇေးရှင်း ကြောင့် ပါတီ၏ အာဏာဆုပ်ကိုင် ထားနိုင်မှု အား အန္တရာယ် ဖြစ်မလာစေရန် နည်းလမ်းမျိုးစုံ သုံး၍ရသည့် မဟာဗျူဟာ အသစ်များ တီထွင် ကြံဆလာကြသည်။
ပါတီသည် လူထု အား ကြွယ်ဝ ချမ်းသာလာအောင် လုပ်ပေးနိုင်ခဲ့၍ ထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့် ရရှိအောင် ထိန်းသိမ်းထားနိုင်ခဲ့သည်။ ၎င်းတို့၏ တရားဝင် ရပ်တည်ပိုင်ခွင့် ကိုလည်း အမျိုးသားရေး ဝါဒ ဖြင့် ကျားကန်လာခဲ့သည်။ ထောက်ခံမှု ထိုထက် ပို၍ တိုးချဲ့နိုင်ရန် ချမ်းသာ ကြွယ်ဝမှု နှင့် အတူ ထွက်ပေါ်လာသော အရင်းရှင်များ၊ တတ်သိပညာရှင်များ၊ ပရော်ဖက်ရှင်နယ်များ ကို သိမ်းသွင်းလာခဲ့သည်။ ၎င်းတို့မှ ပိုမို ရှုပ်ထွေးပြီး ကွဲပြား ထွက် လာသော လူ့ အဖွဲ့အစည်းကြီး အား အုပ်ချုပ် နိုင်ရန် ပံ့ပိုး ပေးလာမည်ဟု ခံယူခဲ့ကြ၍လည်း ဖြစ်သည်။
ထို့ပြင် တီယန်မင် အရေးအခင်းကြီးကြောင့် လုံခြုံရေးကို မြှင့်တင်ဖို့ လိုသည်ဟု သိလာကြသည်။ သတင်းပေး များကို နိုင်ငံ အနှံ့ ကွန်ယက်ကြီးများ သဖွယ် ဖွဲ့စည်းလာပြီး စီးပွားရေး တိုးတက်လာမှု နှင့် အတူ တောင့်တင်းလာသော ဘဏ္ဍာအင်အား အရင်းအမြစ်များဖြင့် နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြုလာနိုင်ခဲ့သည်။
ထိုကဲ့သို့ တုန့်ပြန် လာနိုင်ခဲ့သည့် အတွက် တီယန်မင် အရေး အခင်းကြီး နောက်ပိုင်း အရှိန်အဟုန် ဖြင့် တိုး တက်လာ နေသော စီးပွားရေး ကြောင့် ပါတီ၏ အာဏာသည် အားပျော့ မသွားသည့် အပြင် ပို၍ပင် ခိုင်မာ တောင့်တင်းလာခဲ့သည်။