ပြောက်ကျား တစ်ဦး၏ ဘဝနယ်ပယ်အတွင်းတွင်၊ စိတ်အဝင်စားစရာ အကောင်းဆုံး—လူတိုင်းကို ဝမ်းသာအားရ ပျော်ရွှင်စေကာ ခြေလှမ်းတိုင်းကို ခွန်အားအသစ်ဖြစ်စေသည့် အဖြစ်အပျက်—သည် တိုက်ပွဲပင်ဖြစ်သည်။ သင့်လျော်သော အချိန်အခါတွင် တိုက်ပွဲကို ရှာဖွေ တွေ့ရှိလာခြင်း သည် ခံစားမှု အထွတ်အထိပ် ရောက်လာသည့် အချိန် လည်း ဖြစ်သည်။ ၎င်းမှာ လုံးဝချေမှုန်းပစ်နိုင်လောက်အောင် အားနည်းသော ရန်သူစခန်းကို နေရာအတည်ချပြီး စုံစမ်းထောက်လှမ်းရရှိသောအခါ၊ သို့မဟုတ် လွတ်မြောက်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် နယ်မြေသို့ ရန်သူစစ်ကြောင်းတစ်ခု တိုက်ရိုက်ချီတက်လာသောအခါ တို့ဖြစ်သည်။ ထိုအခြေအနေနှစ်ခုမှာ မတူညီပေ။
ရန်သူ စခန်းကို တိုက်ခိုက်ရာတွင် ခပ်ကျဲကျဲ ဝိုင်းထားရမည် ဖြစ်ပြီး ထိုးဖောက်ထွက်ရန် ကြိုးစားလာသူများကို မျက်ခြေမပြတ် ရှာဖွေရပေမည်။ ထိုသို့ မဟုတ်ဘဲ ကြံ့ကြံ့ခံနေသူများသည် ပြောက်ကျား တို့ သဘောကျမည့် သားကောင်များ မဟုတ်၊ ရန်သူ ကို တနေရာတည်းတွင် နေ နေခြင်းထက် တုန်လှုပ် ခြောက်ခြားလာပြီး မြေ အနေအထားလည်း မသိ အရာရာကို ကြောက်လန့်တကြားနှင့် မိမိကိုယ်ကို ကာကွယ်ဖို့ သဘာဝ အကာအကွယ် မဲ့စွာ ရွေ့လျားနေသည်ကိုသာ လိုလားကြသည်။
လက်နက်အင်အား ကောင်းကောင်းနှင့် ထိုးစစ်ကို တွန်းလှန်ဖို့အတွက် ကျောက်တံတိုင်းနောက်တွင် ရှိနေသည့် ရန်သူ နှင့် မည်သို့ပင် အခြေအနေ ဆိုးနေပါစေ၊ နေရာနှစ်ခု သုံးခုလောက်တွင် ရုတ်တရက် တိုက်ခိုက်ခံရပြီး ပြတ်တောက်သွားသည့် ရှည်လျားသော စစ်ကြောင်းကြီးထဲမှာ ရှိနေသည့် ရန်သူ တို့ မည်သည့် အခါမျှ မတူညီနိုင်ပေ။ တိုက်ခိုက်သူများ အနေနှင့် စစ်ကြောင်းကို ဝိုင်းပတ်ပြီး လုံးဝ ချေမှုန်း နိုင်ခြင်း မရှိဟု ဆိုက ရန်သူ တန်ပြန် တိုက်ခိုက်မလာမီ ဆုတ်ခွာနိုင်မှ ဖြစ်မည်။
ထိုသို့ စခန်းတွင်းမှ ကြံ့ကြံ့ခံနေသူများကို အစာရေစာ ပြတ်လပ်အောင် ဖြတ်တောက်ထားခြင်း သို့မဟုတ် ထိတ်တိုက် စီးနင်း တိုက်ခိုက်ခြင်းမျိုး နှင့် အနိုင်ရမည့် အခွင့် အရေး မျိုး မရှိလျင် ၎င်းတို့အား ကယ်ဆယ်ရန် ရောက်လာမည့် စစ်ကူများကို တိုက်ခိုက် ချေမှုန်းနိုင်သည့် အကျိုးသက်ရောက်မှု များ ရရှိပြီးနောက် ဆုတ်ခွာသွားသင့်သည်။
မိမိတို့ဖက်က အလွန် အားနည်းပြီး စစ်ကူလာသည့် စစ်ကြောင်းသည် အားသာနေသည့် အခြေအနေမျိုး ကြုံလာလျင် ရှေ့ဆုံး စစ်ကြောင်းကို အာရုံထား တိုက်ခိုက်ရမည်။
ဤနည်းဗျူဟာကို အထူးဦးစားပေးသင့်သည်၊ အဘယ်ကြောင့်ဆိုသော် မျှော်လင့်ထားသည့် ရလဒ် မည်သို့ပင်ဖြစ်စေ၊ ရှေ့ဆုံးမှ သွားသူများ အကြိမ်ကြိမ် ထိမှန်ပြီးနောက်၊ အကျအဆုံး များနေပြီ ဟူသော သတင်းသည် စစ်သားများကြားတွင် ပျံ့နှံ့သွားသောအခါ၊ ထိုနေရာများတွင် ဝင်ရောက်နေရာယူရန် တွန့်ဆုတ်လာမည်ဖြစ်၍ ၎င်းတို့ အကြား အမိန့်မနာခံမှု မှလွဲ၍ အခြား မည်သည့်အရာကိုမှ ဖြစ်ပေါ်စေတော့မည် မဟုတ်ပေ။ ထို့ကြောင့် တိုက်ခိုက်မှုများသည် စစ်ကြောင်း၏ အခြားနေရာများကို ပစ်မှတ်ထားသော်လည်း ထိုအချက် ဖြစ်လာစေနိုင်သည့် ရှေ့တန်း ကိုသာ ဦးတည်သင့်သည်။
ပြောက်ကျားများသည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် နှင့် ပတ်ဝန်းကျင် အနေအထား နှင့် ဒေါင်ကျကျ ပြားကျကျ နေနိုင်ရန် အဓိက အားဖြင့် ၎င်းတို့ လက်ဝယ်ရှိ လက်နက် ပစ္စည်းများ အပေါ် တည်မီနေသည်။ အုပ်စုငယ်လေးများ ပေါင်းစည်း မိသွားသည့် တိုင် တဦးချင်းစီ အတွက် လိုအပ်ချက် များ ရှိနေဆဲပင် ဖြစ်သည်။ ပုံမှန် နားနေသည့် နေရာ ရောက်နေသည် ဆိုစေဦး အကယ်၍ တဦးတည်း ကျန်ခဲ့သည့် အဖြစ် ရောက်လာလျင် ခံနိုင်ရည် ရှိရန် ကျောပိုးအိတ်ထဲတွင် လိုအပ်လာမည့် အရာအားလုံး အဆင်သင့် ထည့်ထားပြီး ဖြစ်ရမည်။
ယူရမည့် ပစ္စည်း စာရင်း ဆိုရာတွင် ရန်သူ၏ နှောင့်ယှက်တိုက်ခိုက်မှုများ ရှိသော စစ်ပွဲစချိန် ကြမ်းတမ်းသည့် တောတောင်ဒေသတွင် ကြုံရသည့် မိုးမကြာခဏ ရွာသွန်းခြင်း၊ အအေးဒဏ် ခံရခြင်း များ အ တွက် လူတစ်ဦးချင်းစီ ဆောင်ထားသင့်သည်များကို အဓိက ရည်ညွှန်းပါသည်။ တစ်နည်းအားဖြင့် ဆိုသော်၊ ကျွန်ုပ်တို့ ကျူးဘား လွတ်မြောက်ရေးစစ်ပွဲ စတင်ချိန်က ရင်ဆိုင်ခဲ့ရသည့် ဆင်တူသော အခြေအနေအတွက် ဖြစ်သည်။
ပစ္စည်းပစ္စယာ များ တွင်လည်း မရှိမဖြစ် လိုအပ်သည်များ နှင့် လိုရမယ်ရ ယူရမည့် ပစ္စည်း ဟူ၍ နှစ်မျိုး ခွဲခြား ထားပါမည်၊ ပထမဆုံး လိုအပ်သည်ကား ကြိုးပုခက်ပင် ဖြစ်သည်။ ကြိုးပုခက် ကို သစ်ပင် နှစ်ပင် ကို ရှာပြီး ကြားတွင် ချိတ်ဆွဲထားယုံဖြင့် ပြည့်ပြည့်ဝဝ အနားယူ နိုင်မည် ဖြစ်သည်။ သစ်ပင် မရှိသည့် နေရာမျိုး ဖြစ်၍ မြေကြီး ပေါ်တွင် အိပ်ရဖို့ ဖြစ်လာကလည်း မွေ့ယာလို သုံး၍ ရသည်။ အပူပိုင်း ဒေသမျိုး တွင် မကြာခဏ ဆိုသလို မိုးများ ရွာသွန်းပြီး မြေကြီးသည် စိုစွတ်နေတတ်၍ ကြိုးပုခက်သည် အိပ်စက် ရန် မရှိမဖြစ် လိုအပ်နေသော ပစ္စည်း ဖြစ်သည်။ ရေလုံသော နိုင်လွန်စ တစ လည်း ရှိထားရမည်။
အဆိုပါ နိုင်လွန်စ အား ၎င်း၏ ထောင့်လေးထောင့်မှ ချည်နှောင်ထားရမည် ဖြစ်ပြီး ကြိုးပုခက် ကို ဖုံးအုပ်နိုင်ရန် လုံလောက်သော အရွယ်အစား ရှိသင့်ပြီး၊ အလယ်ဗဟိုမှ သစ်ပင်များသို့ သီးသန့်ကြိုးတစ်ချောင်း ဆိုင်းထားရမည်။ ဤနောက်ဆုံးကြိုးသည် နိုင်လွန်ကို တဲတစ်မျိုးသဖွယ် ပြုလုပ်ရန် အထူးသဖြင့် အလယ်ဗဟိုတွင် ခုံးနေ စေပြီး ရေများကို ဘေးသို့ စီးကျသွား စေရန် ဖြစ်သည်။
တောင်များ ရှိရာ အရပ်တွင် ညဘက် အေးတတ်၍ စောင်သည်လည်း မရှိမဖြစ် အသုံးတည့်သည့် ပစ္စည်းမျိုး ဖြစ်သည်။ ရာသီဥတု ရုတ်ခြည်း ပြောင်းလဲသွားသည်ကို ခံနိုင်ရည် ရှိရန် ဂျက်ကက် ထူထူထဲထဲ တထည် ရှိထားဖို့လည်း လိုသည်။ အဝတ်အစား အနေဖြင့် ယူနီ ဖောင်း မဟုတ်လည်းအကြမ်းခံနိုင်သည့် ဘောင်းဘီ၊ အင်္ကျီ မျိုး ဖြစ်ရမည်။ ဘွတ်ဖိနပ် သည် အခိုင်အခံ ချုပ်လုပ်ထားသည့် အမျိုးအစား ဖြစ်ရမည်၊ ထိုသို့ မဟုတ်က ချီတက်ရာတွင် အခက်အခဲများ တွေ့လာရမည် ဖြစ်၍ ဖိနပ်ကို အရံပစ္စည်းများထဲတွင် ဦးစားပေး ထားသင့်သည်။
ပြောက်ကျား တို့၏ ကျောပိုးအိတ်သည် အိမ်တအိမ် ကဲ့သို့ ထည့်သွင်း သယ်ပိုးရသည် ဖြစ်၍ ကျောပိုး အိတ်သည်လည်း လွန်စွာအရေးပါနေသည်။ ပိုမိုရှေးကျသော ပုံစံ ဖြစ်သည့် ကြိုးနှစ်ချောင်းနှင့် သယ်ဆောင်နိုင်သည့် အိတ်မျိုး ပြုလုပ်နိုင်သည်။ စျေးတွင် ဝယ်လို့ရသည့် သို့မဟုတ် ကုန်းနှီးချုပ်သူများ လုပ်တတ်သည့် ကင်းဗတ်စ်ကျောပိုးအိတ်များ ဖြစ်က ပိုကောင်းသည်။
ပြောက်ကျားတဦးသည် စခန်းတွင် စားရသည် များ အပြင် မိမိအတွက် အသုံးတည့်မည့် အစားအစာ အချို့ကိုလည်း ဆောင်ထားသင့်သည်။
အဆီ ဖြစ်စေသည့် လိုအပ်သည့် ဆီ သို့မဟုတ် ဝက်ဆီ (lard)၊ ချက်ပြုတ်ရန် အစားအစာ မရနိုင်သည့် အခြေအနေများ သို့မဟုတ် ဘူးခွံများ အလွန်များပြားပြီး ၎င်းတို့၏ အလေးချိန်က ချီတက်မှုကို အနှောင့်အယှက် ဖြစ်မလာနိုင်သည့် အခါမျိုးမှလွဲ၍ ဘူးသွပ်ပစ္စည်းများ လည်း ဆောင်ထားသင့်သည်။ အာဟာရ များစွာ ဖြစ်စေသည့် ငါးခြောက်၊ သကြားပမာဏ များပြားစွာ ပါဝင်သောကြောင့် အာဟာရဖြစ်စေသည့် နို့ဆီ၊ အချိုစားစရာ တစ်ခုခု၊သယ်ယူရ လွယ်ကူသော နို့မှုန့်၊ သကြား သည်လည်း မရှိမဖြစ်လိုအပ်သော ရိက္ခာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး၊ ဆား သည်လည်း ထိုနည်းတူပင် ဖြစ်သည်။ ဆားမပါဘဲ စားရမည် ဆိုက သက်သက် ဒုက္ခခံရခြင်းသာ ဖြစ်သည်။ ဒေသတွင်းတွင် ရှာဖွေရရှိနိုင်သည့်အပေါ် မူတည်၍ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စသည်တို့ကဲ့သို့ အစားအစာများသည် အရသာရှိ လာအောင် ဖြည့်စွက်ပေးနိုင်သည့် အရာများ ဖြစ်သည်။ မရှိမဖြစ် လိုအပ်သော ပစ္စည်းစာရင်းက ထိုမျှ နှင့်ပင် ပြည့်စုံလောက်သည်။