ဂေါ်ကီ ၏ အမေ(41)

by Hla Soewai - Dec 15 2025

ပြတင်းပေါက် တဖက်တွင်တော့ ဆောင်းဥ ၏ နှင်းပွင့်များက ညိုမှိုင်းမှိုင်း အဖတ်များ အဖြစ် အသံမပေး ဘာမပေး နှင့် ငြင်ငြင်သာသာ ပင် မှန်တွင် ကပ်ငြိ လာနေသည်။ သို့သော် ကြာကြာတော့ ခိုနားခွင့် မရ၊ အရေပျော်ကာ စီးကျနေ၍ မှန်တွင် ရေစီးကြောင်း များ အဖြစ် အစင်းများ ထင်ကျန်ခဲ့သည်။ အမေသည် ကြည့်နေရင်းက သားဖြစ်သူ အကြောင်း တွေးနေမိသည်။

 

တံခါး ကို သတိကြီးစွာ ထား၍ ခေါက်လာသော အသံကို ကြားရ၍ အပြေးကလေး သွားဖွင့်ပေးလိုက်သည်။ တံခါးဝ တွင် ‌‌ဆာရှင်ကာ ကို တွေ့ရသည်။ သူမကို မတွေ့ရသည်မှာ အတော်ပင် ကြာသွားခဲ့ပြီ ဖြစ်သည်။ တွေ့တွေ့ချင်း ပထမဆုံး သတိပြုမိသည်က သူမ၏ ကိုယ်လုံးကိုယ်ထည် သည် ပုံမှန် မဟုတ်ဘဲ ဖောရောင်သလို ဖြစ်နေခြင်းပင်။

 

"ကောင်း‌သော ညချမ်းလေးပါ" ဟု နှုတ်ဆက်လိုက်သည်၊ အခုလို ညမျိုးတွင် တယောက်တည်း အထီးကျန်သလို ခံစားနေရချိန်တွင် ဧည့်သည် တယောက် ရောက်လာ၍ ဝမ်းသာသွားမိသည်။ "မတွေ့တာတောင် အတော်ကြာသွားပြီကွယ်၊ တနေရာရာ ကိုများ သွားနေသလားလို့"

 

မိန်းကလေးက ပြုံးလိုက်ရင်းက "မဟုတ်ဘူး၊ ကျမ ထောင်ကျနေလို့၊ နီကိုလေး အီဗန်နိုဗစ်ခ်ျ နဲ့ အတူတူပေါ့၊ အမေ သူ့ကို မှတ်မိတယ် မဟုတ်လား"

 

"အင်း..မှတ်မိတယ် ထင်တာပဲ၊ သူ လွတ်သွားပြီလို့ ရီဂေါ အီဗန်နိုဗစ်ခ်ျ က မနေ့တုန်းက ပြောတယ်၊ မင်း အကြောင်းတော့ အမေ ဘာမှ မသိရပါလား ကွယ်၊ ဘယ်သူကမှလည်း အဲ့ထဲ ရောက်နေတယ် မပြောကြဘူး"

 

"ပြောလို့လည်း စိတ်မကောင်းယုံ ရှိတော့မပေါ့၊ ရီဂေါ အီဗန်နိုဗစ်ခ်ျ မလာခင် ကျမ အဝတ်အစား လဲထားလိုက်ဦးမှ ပြောရင်း အိမ်တွင်းသို့ တချက် ကြည့်လိုက်သည်။

 

"မိန်းကလေး တကိုယ်လုံးလည်း စိုရွှဲနေပါလား"

 

"ကျမ စာစောင်တွေ ယူလာတယ်"

 

"ပေး..ပေး..အမေကို့ပေး" ဟု အမေက စိတ်မရှည်တော့သည့် လေသံဖြင့် ပြောလိုက်သည်။

 

"ရော့ ..,ဒီမှာ အမေ" ဟု ဆိုကာ ဝတ်ထားသော စကပ်ကို ဖြေလျော့ကာ ခါချ လိုက်သည် နှင့် သစ်ပင်မှ အရွက်များ ကြွေကျလာသလို စက္ကူထုတ် များက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာသည်။ အမေက ပြုံးပြုံး ရွှင်ရွှင် ဖြစ်လာပြီး စက္ကူထုတ်များကို ကောက်ယူနေရင်းက...‌"ဪ...အဲ့တာကြောင့်ကို မိန်းကလေး ကိုယ်က ဖေါတောတော ကြီး ဖြစ်နေပါလား လို့ တွေးနေမိတာ၊ မင်း လမ်းလျှောက်လာခဲ့ရတာလား"

 

"ဟုတ်တယ်" ဟု ဆာရှင်က ပြန်ဖြေလိုက်သည်။ ယခုတော့ သူမသည်လည်း ပိန်ပိန်ပါးပါး နှင့် ကျက်သရေ ရှိသော မိန်းကလေး ပြန်ဖြစ်လာခဲ့သည်။ သို့သော် သူမ ပါးပြင်သည် ချိုင့်ဝင်နေခြင်း နှင့် ပုံမှန်ထက် ပြူးကျယ်နေသော မျက်လုံးများ အောက်တွင် ညိုမည်းသော အကွင်းများ ရှိနေသည်ကို သတိထားမိလိုက်သည်။

 

"သမီးက ထောင်က ထွက်လာကာစ ရှိသေးတယ်၊ နားနား နေနေ နေပါဦးလားကွယ်၊ အခုတော့ ဒီလောက် အလေးအပင်ကြီးကို ခုနှစ်ဗာ့စ် လောက် သယ်ပြီး လျှောက်လာရပါလား" (1 verst = 0.66 miles)

 

"မလုပ်လို့မှ မဖြစ်တာ အမေရယ်၊ ပါဗယ် ကော ဘယ်လိုနေလဲ ကျမကို ပြောပါဦး၊ အဆင်ပြေပြေ ရပ်တည် နိုင်ရဲ့လား၊ သိတ်တော့ စိတ်ပူပန် နေပုံ မရဘူး လား မဟုတ်လား" ဟု အမေကို မကြည့်ဘဲ ခေါင်းကို ငုံ့ကာ ဆံပင်များအား လက်‌ ချောင်း များ နှင့် ဖီးသင်နေရင်းက မေးလိုက်သည်။

 

"ကောင်းပါတယ်ကွယ်၊ သမီး စိတ်သာချ အမေ့သားက သူ့ကိုယ်သူ ဘယ်တော့မှ သစ္စာဖေါက်မယ့် လူမျိုး မဟုတ်ဘူး"

 

"စိတ်ဓါတ် သန်မာ လိုက်တာနော်" ဟု မိန်းကလေးက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

 

"ဖျားခြင်း နာခြင်းလည်း တခါမှ မရှိခဲ့ဘူးကွယ့်၊ သမီးလည်း တကိုယ်လုံး တုန်ရီနေပါလား၊ နေဦး..အမေ လ္ဘက်ရည် ဖျော်လိုက်ဦးမယ်၊ ပြီးရင် ရာစ်ဘယ်ရီယို လေးနဲ့ စားလိုက်"

 

"ရပါတယ် အမေရယ်၊ အတော်လေး နောက်ကျနေပြီ၊ အမေ ဒုက္ခမရှာနဲ့၊ ကျမ ဖာ ကျမ လုပ်လိုက်ပါမယ်"

 

"ဘာ..ကလေး မ ထက်စာရင် ဘာများ ပင်ပန်းမှာ လိုက်လို့ ကွယ်" ဟု အမေက မြည်တွန် တောက်တီးလိုက်ရင်း မီးဖိုချောင်ထဲသို့ အပြေးကလေး ဝင်ပြီး ရေနွေးအိုး တည်နေလိုက်သည်။ ကလေးမ လည်း မီးဖိုထဲ ဝင်လိုက်လာပြီး ခုံတန်းရှည် ပေါ် ထိုင်ချ လိုက်ကာ လက်နှစ်ဖက် ကို ခေါင်းနောက် ပစ်လိုက်ရင်းက....

 

"ဟုတ်တယ် အမေ၊ ကျမ အရမ်းပင်ပန်းနေတယ်၊ အကျဉ်းထောင်ဆိုတာကလည်း နောက်ဆုံးတော့ လူကို အား ပျော့ သွားစေတယ်၊ အဆိုးဆုံးကတော့ မလှုပ် မရှား ငြိမ်သက်နေအောင် အတင်းအကျပ် ဖန်တီးထားတာ ခံနေရတာပဲ၊ အဲ့တာထက် ပိုပြီ စိတ်ဒုက္ခ ရောက်ရတာ ဘာများ ရှိဦးမလဲ၊ အဲလိုနဲ့ ငါးပတ် လောက် နေခဲ့ရတယ်၊ အဲ့ဒီ ငါးပတ် ဆိုတဲ့ အချိန်မှာ ကျမတို့ အပြင်မှာ ဘယ်လောက်များများ ပြီး အောင် လုပ်နိုင်တယ် ‌ဆိုတာ သိလာခဲ့တယ်၊ လူတွေဟာ အသိလိမ္မာတရားကို တောင့်တနေကြတယ်။ ကျမတို့ဖက်က သူတို့တောင့်တနေတာတွေကို ဖြည့်ဆည်းပေးနိုင်တဲ့ အနေအထားမှာ ရှိနေပါလျက် နဲ့ အခုတော့ လှောင်အိမ်ထဲ ပိတ်လှောင်ခံနေရတဲ့ တရိစ္ဆာန်တွေ လို ဖြစ်နေရတယ်။ အဲ့တာကို တွေးလိုက်ရင် စိတ်ပျက်အားငယ်ပြီး နှလုံးသား ကို ခန်းချောက် သွားစေတော့တာပဲ။"

 

"သမီးတို့ အဲ့လို လုပ်နေတဲ့ အတွက် ဆု တွေ လဒ်တွေ များ ရဖို့ ရှိနေလားကွယ်" ဟု မေးလိုက်ရင်း သက်ပြင်းတချက် ချလိုက်ကာ သူ့ မေးခွန်းကို သူ့ဖာသာ ဖြေလိုက်သည်။ "အေးလေ....ဘုရားသခင်က လွဲလို့ ဘယ်သူက ဆုပေးမှာတဲ့လဲ ၊ မင်းလည်း ဘုရားသခင်ကို မယုံဘူး မဟုတ်လား"

 

"နိုး" ဟု ဆာရှင်ကာ က ခေါင်းကို ခါရမ်းရင်းက ဖြေလိုက်သည်။

 

"အမေတော့ သမီး ပြောတာကို မယုံဘူး" ဟု ရုတ်ခြည်း ဖြစ်လာသော စိတ်လှုပ်ရှားမှု ကြောင့် လွှတ်ကနဲ ပါးစပ်က ထွက်သွားသည်။ ချက်ခြင်းလို မီးသွေး များ နှင့် ပေကျံနေသော သူ့ လက်ကို ချက်ဖို့ ပြုတ်ဖို့ စွပ်ထားသည့် အင်္ကျီ စ နှင့် သုတ်လိုက်ရင်းက....

 

"ကိုယ်ရဲ့ ကိုးကွယ်ရာကို နုားမလည်၊ ဘုရားသခင် အပေါ်လည်း ယုံကြည်မှု မရှိဘဲ သမီး ဘယ်လိုများ ဒီလို ဘဝမျိုး နဲ့ ရှင်သန် နေထိုင် နေနိုင်တာလဲ"

 

သူမ ၏ အသံ တွင် ပြင်းပြသော ခံယူချက် များ ရောပြွမ်း နေသည်။

 

ထိုအချိန်မှာပင် အိမ်ရှေ့ရှိ ဆင်ဝင်မှ ‌ခြေသံများ နှင့် အတူ တိုးတိုး တိုးတိုး ပြောနေသော အသံများ ကြားလိုက်ကြသည်။ အမေက တံခါးဖွင့်ပေးဖို့ ထလိုက်၍ ဆာရှင်ကာ က "အမေ တံခါးကို ဖွင့်မပေးနဲ့ဦး" ဟု ကမန်းကတန်း၊ အသံ တိုးတိုး ဖြင့် ပြောလိုက်သည်။ "ပုလိပ်တွေ ဆိုရင် ကျမ ကို မသိဘူးလို့ ပြောနော်၊ ကျမ က မတော်တဆ အိမ်မှား ဝင်လာရင်း မေ့မျောသွားလို့ အဝတ်အစားတွေ ချွတ်လဲ ပေးရင်းက စာအုပ်တွေ ထွက်ကျလာတာလို့ ပြော၊ ကျမ ပြောတာ နားလည်တယ်နော်"

 

"ဘာလို့ အဲ့လိုတွေ ပြောရမှာလဲကွယ်" ဟု အမေက ကြင်ကြင်နာနာ နှင့် ပြောလိုက်သည်။