မျောက် တရား စီရင်ခန်း (၄)
ဒဲရိုးသည် တရားသူကြီး၏ စီရင်ချက်ကို ကြားလိုက်ရသည့် အခါ ယမ်းပုံမီးကျ ဖြစ်သွားခဲ့သည်။ ဒဲရိုးက တရားလို ဖက်က အကြံပြုချက် မှန်သမျှကို အဆုံးမရှိ အချိန်ဖြုန်းတီး ကြားနာသော်လည်း ကျွန်တော်တို့ဘက်မှ လုံးဝ တရားဝင် လုပ်ပိုင်ခွင့်ရှိသည့် အကြံပြုချက် မှန် သမျှ ချက်ချင်း ပယ်ချခံနေရပါတယ်" ဟု မကျေမနပ် ပြောဆိုခဲ့သည်။
ရောစတန်က "ခင်ဗျား တရားရုံးအပေါ် ပြစ်တင်ရှုတ်ချတဲ့ သဘောမျိုး ပြောဆိုတာ မဖြစ်စေချင်ဘူး" ဟု ပြောလိုက်၍ ဒဲရိုးက "အင်း..တရားသူကြီးမင်းလည်း အဲ့ဒီလို ယူဆခွင့် ရှိနေတာပဲလေ"၊ "ဒါဆို ကျုပ်လည်း နောက်ထပ် လုပ်ပိုင်ခွင့် တခု ရှိသေးတယ်" ဟု ဆိုကာ ဒဲရိုးအား ရုံးတော်ကို မထီမဲ့မြင် ပြုသည်ဟု သတ်မှတ်လိုက်သည်။
နောက်တနေ့တွင် ဒဲရိုးက တရားသူကြီးအား တောင်းပန် စကား ဆိုခဲ့သည်။ ဒဲရိုး နှင့် တရားသူကြီး တို့ လက်ဆွဲ နှုတ်ဆက်ကြသည့် အခါတွင်တော့ ရုံးတော်တွင် လာရောက်နားထောင်သူများ လက်ခုပ်တီးပြီး အားပေးခဲ့ကြသည်။
လာရောက် နားထောင်သူ များသထက် များလာ၍ တရားရုံး ကြမ်းခင်းသည်ပင် ပြိုကျလုမတတ် ဖြစ်လာနေသည်ဟု ကောလဟသ များ ပျံ့နှံ့လာနေသည်။ တရားသူကြီးလည်း စိုးရိမ်လာပြီး တရားခွင် ကို ရုံးရှေ့ မြက်ခင်းပြင်သို့ ရွှေ့ပြောင်းလိုက်သည်။ မြက်ခင်းပြင်သို့ ရောက်ရှိလာသည့် အခါတွင်တော့ လာရောက်နားထောင်သူ ထောင်ပေါင်းများစွာ ဖြစ်လာခဲ့သည်။
တရားခံ အကျိုးဆောင်များဖက်က အယူခံ ဝင်သည့် အခါ ပြန်လည်စစ်ဆေးသုံးသပ်နိုင်ရန်အတွက်၊ သိပ္ပံပညာရှင် ရှစ်ဦးနှင့် ဘာသာရေးဆိုင်ရာ ကျွမ်းကျင်သူ လေးဦးတို့၏ ကြိုတင်ပြင်ဆင်ထားသော ထွက်ဆိုချက်များမှ ကောက်နုတ်ချက်များကို တရားဝင်စေရန် တရားရုံး မှတ်တမ်းထဲသို့ ထည့်သွင်း ဖတ်ကြားခဲ့သည်။ သတင်းသမားများကလည်း ကျွမ်းကျင်သူများ၏ ထွက်ဆိုချက်ကို အသားပေး ရေးသားလာကြသည်။ နောက်ဆုံးတွင်တော့ ဒဲရိုးသည် တရားခွင်အား တတိုင်းပြည်လုံးအား ဇီဝဗေဒ သင်ခန်းစာ ပို့ချသည့် စာသင်ကျောင်း သဖွယ် ပြောင်းလဲပစ်ရန် ကြိုးပမ်းမှု အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။
ခုနှစ်ရက် မြောက်နေ့ ရောက်လာသည့် အခါတွင် ရောစတန်က တရားခံ အကျိုးဆောင် ရှေ့နေများအား နောက်ထပ် သက်သေ အထောက်အထား တင်ပြစရာ ရှိသေးလားဟု မေးလာခဲ့သည်။ ထို့နောက်တွင် နယူးယောက်တိုင်းမ် သတင်းစာ မှ အင်ဂလို-ဆက်ဆွန် သမိုင်းတလျောက် တွင် ဩချရလောက်သည့် တရားခွင် ဟု ရေးသားလာခဲ့သည်။
တရားခံဖက်က ဝီလျံ ဂျင်းနင်း ဘရိုင်ယန် အားသမ္မာကျမ်းစာတွင် ကျွမ်းကျင်သူ အဖြစ် အစစ်ခံရန် ခေါ်ယူလိုက်သည်။ ထိုသို့ ၎င်းအား ခေါ်ယူရန် ဒဲရိုး၏ ခေါင်းထဲသို့ ၁၉၂၅ ဇူလိုင် ၂၀ ရက်နေ့ မနက်တွင် ရုတ်ခြည်း ရောက်လာခဲ့ခြင်းတော့ မဟုတ်၊ ထိုကိစ္စ အတွက် ဒဲရိုးသည် သူ၏ လုပ်ဖေါ်ကိုင်ဖက် များ နှင့် ထို့မတိုင်မီ နှစ်ရက်က ဆွေးနွေးခဲ့ပြီး ဖြစ်သည်။ ဒဲရိုး နှင့် ဘရိုင်ယန်တို့ သမ္မာကျမ်းစာ၏ မှန်ကန်မှု အပေါ် စကားစစ်ထိုးကြတော့မည် ဖြစ်သည်။ တနိုင်ငံလုံးက အာရုံစိုက်လာမည့်ပွဲလည်း ဖြစ်သည်။
ဘရိုင်ယန်၏ အတ္တစိတ်သည် နယ်စီးခြားခြင်းမျိုး မရှိ၊ ထို့အတွက် ၎င်းအား သက်သေ အဖြစ် ခေါ်ယူသည်ကို လုပ်ဖေါ် ကိုင်ဖက်များက ဝင် ရောက်မစွက်ဖက် ပါက သဘောအကျကြီး ကျနေမည် ဆိုသည်ကိုလည်း ဒဲရိုးက ခန့်မှန်းထားသည်။
ဒဲရိုး ခန့်မှန်းသည့် အတိုင်း ဖြစ်လာခဲ့သည်။ ဘရိုင်ယန်သည် ၎င်းအဖွဲ့၏ စိုးရိမ်မကင်း ပြောဆိုမှုများကို လက်ခံခဲ့ခြင်းမရှိ၊ လိုလိုလားလားပင် လက်ခံခဲ့သည်။ အကယ်၍ လိုအပ်ပါက ဒဲရိုး နှင့် သူ့လူများအားလည်း သူ့ အနေနှင့် သက်သေ အဖြစ် ခေါ်ယူပါက အစစ်ခံရမည် ဟူသော သတ်မှတ်ချက် နှင့် ဖြစ်သည်။ ဒဲရိုးသည် ဘရိုင်ယန်အား ကျမ်းစာ နှင့် ပတ်သက်ပြီး သက်သေ အဖြစ် ခေါ်ယူခဲ့ခြင်းသည် အပေါ်ယံ အကြောင်းပြချက်သာ ဖြစ်သည်။
ဒဲရိုးသည် ၎င်း၏ သီအိုရီသည် ကျမ်းစာနှင့် တနည်းမဟုတ် တနည်း ညှိယူ ၍ ရမရ ကို ကျမ်းစာ ကျွမ်းကျင်ပါသည်ဟု သူ့ကိုယ်သူ ပြောဆိုထားခဲ့သည့် ဘရိုင်ယန်၏ အယူအဆ ကို သိလို၍ဟု ပြောခဲ့သည်။ အကယ်၍ စကုပ် သင်ကြားခဲ့သည်များသည် ကျမ်းစာနှင့် ကွဲလွဲခြင်း မရှိဟု သိရှိရပါက မည်သည့် ရာဇဝတ်မှု မျှ ကျူးလွန်ခဲ့ခြင်း မရှိ ဆိုသည်ကို သက်သေပြနိုင်လိမ့်မည်ဟု ဆိုသည်။ တကယ်တမ်း ဒဲရိုး၏ ရည်ရွယ်ချက်သည်က ၎င်း၏ ပြိုင်ဖက်ကို အရှက်ရစေရန် အတွက် ဖြစ်သည်။
မားစက် ဟဲလ်ဒီမင်း ဂျုလီယပ်စ်က ထိုမြင်ကွင်းကို ယခုလို ရေးသားခဲ့သည်။
"ထိုမျှ များပြားလှသည့် လူအုပ်ကြီးကို စိတ်ထဲတွင် ပုံဖော်ကြည့်ပါ...ရှေ့တွင်၊ ကြီးမားသော မေပယ်ပင်ကြီးနှစ်ပင်၏ အကိုင်းအခက်များက တစ်ခုနှင့်တစ်ခု ရစ်ပတ်ပေါင်းစည်းကာ သဘာဝအတိုင်းဖြစ်ပေါ်နေသည်ကပင် ဇာတ်ခုံမုခ်ဝ ပုံစံကို ဖန်တီးပေးထားသလို ဖြစ်နေသည်။ နောက်ရှိ ကြိုးဝိုင်းထဲတွင် တော့ ရန်သူတော်ကြီး နှစ်ဦး တွေ့နေကြလေပြီ၊
ဘရိုင်ယန်သည် သူ့ကိုယ်သူ ယုံကြည်စိတ်ချမှု အပြည့်ရှိ သည့် ထယ်ဝါသော မျက်နှာပေးဖြင့် တရားသူကြီးဖက် မလှည့်ဘဲ ပရိသတ်ဖက် တစောင်းလှည့်ကာ မိန့်ခွန်းချွေလေတော့သည်။ ဒဲရိုးသည် သူနှင့် ပေ အနည်းငယ် အကွာတွင် ရပ်နေပြီး မျက်လုံးအစုံက ပြိုင်ဖက် ဖြစ်သူ ဘရိုင်ယန်ကို စူးစိုက်ကြည့်နေသည်။ စိတ်ထဲတွင်လည်း သူ့အပေါ် ကျလာသည့် တာဝန်ကို မဆုတ်မနစ် ဆောင်ရွက်ရန် အာရုံစိုက်လျက် ရှိသည်ကို တွေ့ရသည်။
ဒဲရိုးသည် အပေါ် ဂျက်ကက်ကို ဝတ်မထား၊ သူ့အား မြင်နေကျတိုင်း ဘောင်းဘီ သိုင်းကြိုး ဝတ်ထားသည်။ ဘရိုင်ယန်အား လေသံ တိုးတိုး ဖြင့် စတင် မေးခွန်းထုတ်လိုက်သည်။ "ခင်ဗျား သမ္မာကျမ်းစာကို အတော်လေး လေ့လာထားတယ် မဟုတ်လား မစ္စတာ ဘရိုင်ယန်"၊ ဘရိုင်ယန်က "ဟုတ်ပါတယ်၊ ကျွန်တော် လေ့လာထားခဲ့ပါတယ်၊ နှစ်ပေါင်း ငါးဆယ်လောက် ကြာအောင်ကို လေ့လာထားတာပါ"၊
ထို့နောက်တွင်တော့ ဒဲရိုးသည် ၎င်း၏ သမ္မာကျမ်းစာ အပေါ် အဓိပ္ပါယ် ဖွင့်ဆိုမှုများ ပြိုလဲသွားအောင် မေးခွန်းများ ဒလစပ် မေးလာခဲ့သည်။ ထိုအထဲတွင် ဝေလငါးကြီးမှ ဂျိုရှူဝါ အား မြိုချခဲ့ပုံ၊ နေမင်းကြီးအား ဂျိုရှုဝါမှ ရပ်တန့်သွားအောင် လုပ်ခဲ့ပုံ၊ နောဧ (Noah) နှင့် ရေလွှမ်းမိုးခဲ့ပုံ၊ ဧဒင် ဉယာဉ်ထဲတွင် အဒမ် ဖြားယောင်း ဆွဲဆောင် ခံရပုံ များ နှင့် ကမ္ဘာဦးကျမ်း အခန်းကြီး ၁ တွင် ဖော်ပြထားသော ခုနစ်ရက် ဖန်ဆင်းခြင်းအကြောင်း များ ပါရှိလာသည်။
ဘရိုင်ယန်သည် မေးခွန်းတခုစီ ကို ဖြေပြီးတိုင်း "ကျမ်းစာပါ အရာရာ တိုင်းကို သူ့အထဲတွင် ပါသည့် အတိုင်း လက်ခံသင့်သည်။" ဟု ထည့်ပြောသွားခဲ့သည်။ တ ဖြေး ဖြေး နှင့် ရွေ့လာခဲ့ရာမှ နောက်ဆုံးတွင် "သမ္မာ ကျမ်းစာ ပါ စကားလုံးများကို စာသား အတိုင်း ယူဆရန် မသင့်" ဟု ဝန်ခံရသည် အထိ ဖြစ်လာခဲ့သည်။ ဒဲရိုးဖက်က ဆက်၍ မရပ်မနား မေးခွန်းထုတ်လာမှု များထဲတွင် သမ္မာကျမ်းစာ ကမ္ဘာဦးကျမ်း (Genesis) တွင် ဖော်ပြထားသော ဖန်ဆင်းခြင်း ခြောက်ရက်သည် ၂၄ နာရီ ရှိသော နေ့ရက်များ ဟုတ်မဟုတ် ဆိုသည်နှင့်ပတ်သက်၍ "ဒါတွေဟာ ကျွန်တော့် အမြင်အရ တော့ ကာလ အပိုင်းအခြား သက်သက်ပါ" ဟု ဘရိုင်ယန်က ဖြေဆိုသွားသည်။
ဘရိုင်ယန်သည် အစပိုင်းတွင်တော့ အေးဆေး တည်ငြိမ်စွာ ဖြင့် ထွက်ဆိုခဲ့သည်။ နောက်ပိုင်း ဒဲရိုး၏ မဆုပ်မနစ် မေးမြန်းမှု များ နှင့် ထောက်ကွက်များ ကြားတွင် တည်ငြိမ်မှု ကင်းမဲ့လာခဲ့သည်။ တချိန်တွင် "ကျွန်တော် မစဉ်းစားတဲ့ အရာတွေကို မစဉ်းစားခဲ့ပါဘူး" ဟု စိတ်ပျက် အားငယ်စွာ ပြောလာခဲ့သည်။ သို့သော် ဒဲရိုးက အညှာတာ ကင်းမဲ့စွာပင် "ဒါဆို ခင်ဗျား စဉ်းစားတာတွေ ကော စဉ်းစားလား" ဟု မေးခွန်းထုတ်လိုက်၍ နားထောင်နေသူများ ထံမှ ရယ်သံများ ထွက်လာသည်။ "တခါတရံ ပေါ့" ဟု တုန့်ပြန်ခဲ့သည်။
စစ်ဆေး မေးမြန်းမှု ရှည်ကြာလာသည်နှင့် အမျှ နှစ်ယောက်စလုံး၏ အပြောအဆိုများသည် မာရေကျောရေ နိုင်လာသည်။ ဘရိုင်ယန်က ဒဲရိုးသည် "သမ္မာကျမ်းစာကို မဟုတ်မတရား ပြောဆိုနေသည်" ဟု စွပ်စွဲလာခဲ့သည်။ သူ့အနေဖြင့် ထိုပုဂ္ဂိုလ် ၏ မဆီမဆိုင် အမေးများကို ဆက်၍ ဖြေဆို သွားခြင်းဖြင့် သူသည် ဘုရားသခင် အပေါ် အယုံအကြည် မရှိယုံမက တင်နက်စီ ရှိ တရားရုံးကို ခုတုံး လုပ် အသုံးချနေသည်ကို တကမ္ဘာလုံး သိနိုင်အောင် လုပ်သွားမည်ဟု ပြောလာသည်။
ထိုနေရာ တွင် ဒဲရိုးက ကြားဖြတ်ပြီး "ထိုသို့ ပြောသည်ကို ကန့်ကွက်ကြောင်း နှင့် အသိဉာဏ် နှင့် ပြည့်စုံသည့် ကမ္ဘာပေါ်ရှိ ခရစ်ယာန် တဦးတလေကမျှ ထိုသို့သော ရူးနှမ်းနှမ်း အပြောများကို ယုံကြည်ကြမည် မဟုတ်ဟု" ပြောလိုက်သည်။
တရားသူကြီး အဖို့ ရှေ့ဆက် ခွင့်ပြု၍ မဖြစ်တော့သည့် အနေအထား ရောက်လာ၍ တရားခွင်ကို ရွှေ့ဆိုင်း ခဲ့ရသည်။ နောက်တနေ့တွင် ဘရိုင်ယန်သည် ထပ်မံ ထွက်ဆိုရန် မလိုတော့ဟု ဆုံးဖြတ်လိုက်သည်။ ထို့အပြင် ယမန်နေ့က ၎င်း၏ ထွက်ဆိုချက်များ အားလုံးကို မှတ်တမ်းမှ ပယ်ဖျက်ပစ်ခဲ့သည်၊ ထို့အတွက် ဘရိုင်ယန်၏ ထွက်ဆိုချက်များအား ဂျုရီများ ထည့်သွင်းစဉ်းစား ဆုံးဖြတ်၍ မရ ဖြစ်သွားခဲ့သည်။
သတင်းစာများက ၎င်းတို့ နှစ်ဦး စကားစစ်ထိုးပွဲအား ဒဲရိုး အနိုင်ရသည့်ဖက်မှ ရေးသား ဖေါ်ပြခဲ့ကြသည်။သတင်းစာ တစောင်က ဘရိုင်ယန်အား "ကြိုးဝိုင်းထဲ အလဲအကွဲ အထိုးခံနေရ၍ မူးမိုက်ပြီး ယိုင်တိယိုင်ထိုး ဖြစ်လာနေ၍ သနားစရာ ကောင်းလာရသည့် လက်ဝှေ့သမားတဦး အလား" ဟု ရေးသားခဲ့သည်။ ဒဲရိုးအားလည်း ဝေဖန်ရေးသားမှု အချို့ ရှိခဲ့သည်။ ၎င်း၏ ဘာသာရေးအပေါ် နားလည်မှုသည် သိပ်ပြီး နက်နဲကျယ်ပြန့်ပုံ မရ။ အချို့ လေ့လာသူများကမူ ဘာသာရေးအား ဆန့်ကျင်သူ၊ အရာရာကို အပြစ်မြင်ရွဲ့စောင်းပြောဆိုသူ၊ နှင့် အနည်းငယ် ကြမ်းတမ်းရမ်းကားပြီး အနိုင်ကျင့်တတ်သူ တစ်ဦးအဖြစ် ထင်ရသည် ဟု ရေးသားခဲ့ကြသည်။