စီရင်ချက် ချပြီး ဆယ့် လေးရက် အကြာ ၁၉၄၆ အောက်တိုဘာ ၁၅ ရက်နေ့ ည ဆယ်နာရီ ခွဲ တွင် ဟားမန်း ဂိုရင်းသည် သူ၏ နောက်ဆုံးညစာကို စားလာရပြီ ဖြစ်သည်။ နာဇီ ခေါင်းဆောင်ကြီးသည် တရားရေး နန်းတော်ရှိ အချုပ်ခန်း ထဲတွင် တကိုယ်တည်း ထိုင်နေသည်။
တရားရုံးရှိ အားကစား လေ့ကျင့် ရုံသည် သူ ရှိနေသည့် အချုပ်ခန်းနှင့် ကိုက်အားဖြင့် သုံးဆယ့် ငါးကိုက် မျှသာ ဝေးသည်။ ထို အားကစားရုံကြီးထဲရှိ ကြိုးစင်ကို ကြီးကြပ် ကွပ်ကဲ နေရသူ သည် အမေရိကန် စစ်တပ် မှာ မာစတာ ဆာဂျင် အဆင့်ရှိ ဂျွန် စီ ဝုဒ် ဖြစ်သည်။ ဂိုရင်း အား ကြိုးပေးရန် သတ်မှတ်ထားသည့် အချိန်ရောက်ဖို့ သုံးနာရီ ခန့် လိုသေးသည်။
အမည်းရောင် သုတ်ထားသော ကြိုးစင်ကြီး သုံးခုသည် ဂိုးရင်း အပါအဝင် အခြား နာဇီ ခေါင်းဆောင် ဆယ်ဦး ၏ ကံကြမ္မာ ကို အဆုံးသတ် ပေးရန် အသင့် စောင့်ဆိုင်းလျက် ရှိသည်။ ကြိုးစင် တခုစီ သည် ရှစ်ပေခန့်မြင့်ပြီး အောက်တွင် စတုရန်း ပေ ရှစ်ပေ အကျယ် ဆောက်လုပ်ထားသည်။ ကြိုးစင်ပေါ်ရန် လှေကားထစ် ဆယ့်သုံးထစ် တက်ရမည် ဖြစ်သည်။ တိုင်မကြီး နှစ်တိုင် ဖြင့် ထောက်ထားသော ထုတ်တန်းဆီမှ ကြိုးများက တွဲလွဲ ကျနေသည်။
တပ်ကြပ်ကြီး ဝုဒ်သည် ကြိုးပေးရမည် ကို ကြီးကြပ်ရမည့် အတွေ့အကြုံ မရှိခဲ့၊ စစ်ကြီး မတိုင်မီက အလုပ်ရရန် အတွက် ထိုအလုပ်မျိုး ကို လုပ်ခဲ့ဖူးသည်ဟု လိမ်ညာ ဖေါ်ပြခဲ့ခြင်းသာ ဖြစ်သည်။ သူသည် ဘိုသီဘတ်သီ နှင့် အရက်မူးသမား တယောက်ဖြစ်ပြီး သွားများကလည်း ကျိုးတို့ကျဲတဲ နှင့် အနံ့ဆိုးများ ထွက်နေတတ်သည်။ သို့သော်လည်း အသက် ၃၅ နှစ်ရှိ ခန္ဓာကိုယ် တုတ်ခိုင်သော ကင်းဆတ် မြို့သား ဝုဒ် နှင့် လက်ထောက် ဖြစ်သူ စစ်ရဲ ဂျိုးစက် မော်လ်တာ တို့သည် ဂိုရင်း နှင့် အခြား နာဇီ စစ်ရာဇဝတ်သားများ လည်မြိုတွင် ချည်နှောင်ရမည့် ထူထည် ခိုင်ခံလှသော လျှော်ကြိုးများကို ကြိုးကွင်း ဖြစ်ရန် အလျော့အတင်း လုပ်နေကြသည်။
ထို့နောက် ဝုဒ် သည် အောက်ကို ဖွင့်ချရမည့် အံတံခါး ကို ဖွင့်ကြည့်လိုက်သည်။ ထို အပေါက်ထဲသို့ တန်းလန်း ကျသွားမှသာ သေဆုံးမှု မြောက်မည် ဖြစ်သည်။ ပုံမှန် ကြိုးပေး စီရင်ခဲ့မှု များတွင် အောက်သို့ ကျသွားပါက လည်ပင်းကျိုးသွားပြီး ချက်ခြင်းလို အသက်ပျောက်သွား လေ့ ရှိစမြဲပင် ဖြစ်သည်။
သို့သော် ဝုဒ်က လူမဆန်သည့် နည်း လမ်း ကို သုံးခဲ့သည်၊ ကြိုးပေးခံရသူ ၏ လည်ပင်းသည် ရုတ်ခြည်း ကျိုးမသွားဘဲ ဆယ်မိနစ် ခန့် ကြာအောင် တဖြေးဖြေး ရုန်းရင်း ကန်ရင်း အသက်ထွက်သွားအောင် စီစဉ်ထားခြင်း ဖြစ်သည်။
ဟာမင်း ဂိုရင်းသည် နကိုယ်ထဲက ထိုအဖြစ်မျိုး မရောက်ရန် အကြံရှိထားပြီး ဖြစ်သည်။ သူ့အား သေနတ်ပစ် အဖွဲ့ နှင့် ကွပ်မျက်ပေးရန် တောင်းဆိုခဲ့သည်။ ဂျာမန် လေတပ်၏ အကြီးအကဲ တဦး အနေနှင့် ထိုနည်းမျိုး နှင့်သာ သေသင့် သေထိုက်သည်ဟု ယုံကြည်ထား၍လည်း ဖြစ်သည်။ သို့သော် သူ၏ တောင်းဆိုချက်ကို ပြီးခဲ့သည့် နှစ်ရက် အကြာကပင် ပယ်ချခဲ့ပြီး ဖြစ်သည်။
တခါက ပြောစမှတ် တွင် လောက် အောင် ဝဖြိုးခဲ့သော ခန္ဓာကိုယ်ကြီးသည်လည်း ၁၉၄၅ မေလ ၇ ရက်နေ့ က မဟာမိတ်တပ်များထံ လက်နက်ချပြီး ကတည်းက ပေါင် ၆၀ ခန့် ကျသွားခဲ့သည်။ အရင်ကတည်း က စွဲလာခဲ့သော မော်ဖင်းသည်လည်း ထောင်ထဲ ရောက်ပြီး ကတည်းက ပြတ်သွားခဲ့သည်။ ထိုအတွက် ဟာမင်းသည် ကြိုးပေးခံရကာနီး မှ အကျန်းမာဆုံး အဖြစ် ရောက်လာခဲ့ရသည်မှာလည်း ကံကြမ္မာ၏ ပျက်လုံး တခုသာ မဟုတ်ပါလော။
ထိုအချိန် တွင် လုံခြုံရေး ဖက်ဆိုင်ရာ အကြီးအကဲ အဖြစ် ဆောင်ရွက်နေသော အမေရိကန် စစ်ဖက်မှ ဗိုလ်မှုးကြီး ဘာတန် စီ အင်ဒရုစ် သည် အကျဉ်းထောင် အတွင်းရှိ ကွင်းပြင် ကို ဖြတ်၍ ကြိုးသမား ထားသည့် အဆောင်သို့ လျှောက်လာနေသည်။ သူ့တာဝန်သည် ပြီးခဲ့သည့် နှစ်ပတ်က ဟားမင်း ဂိုးရင်း အား ဖတ်ပြခဲ့သည့် သေဒဏ်စီရင်ချက်ကို နောက်တကြိမ် ပြန်ဖတ်ပြရန် ဖြစ်သည်။
ဖတ်ပြပြီးသွားပါက ဂိုရင်း လက်အား သံကြိုးများ နှင့် ချည်ပြီး ကြိုးစင်ရှိရာသို့ ခေါ်သွားရပေမည်။ ဟင်းဒရစ်ခ်ျ ဟင်းမလား ကဲ့သို့ပင် ဟာမင်း ဂိုရင်းသည်လည်း သူသေရမည့် အချိန်နှင့် နေရာကို ရွေးချယ်ခွင့် ရခဲ့သူ ဖြစ်သည်။ သူ့အတွက် အချိန်ကျလာပြီ ဖြစ်သည်။ အမေရိကန် စစ်သားတဦးအား ဂိုရင်း ၏ အချုပ်ခန်း ရှေ့တွင် စောင့်ပြီး လှုပ်ရှားမှု မှန်သမျှ မျက်တောင်မခတ် စောင့်ကြည့်ရန် ညွှန်ကြားထားသည်။ အစောင့်များ ပျင်းရိငြည်း ငွေ့လာမည် စိုး၍ နှစ်နာရီ တခါ လူလဲပေးသည်။ ဤသည်ကို သိထားသော ဂိုရင်း အဖို့ သတိကြီးစွာ ထား၍ လှုပ်ရှားရတော့မည် ဖြစ်သည်။
ကိုယ်အလေးချိန် အတော်လေး လျော့ကျသွား၍လည်း သူ၏ ခန္ဓာကိုယ် သည် ကျုံ့ဝင်သွားသလို ဖြစ်လာခဲ့ပြီး အသား ဆိုင်များက တွဲကျလာသည်။ မကြာခင်မှာပင် စုံစမ်းစစ်ဆေးသူများက ဂိုရင်းသည် ဆိုက်ရင်နိုက် အဆိပ် ဆေးတောင့် ကို အသားထဲ ထည့်ဖွက်ထားသည်ဟု ယုံကြည်လာကြပေတော့မည်။ ဂိုရင်းသည် ၎င်းအား ကြိုးမပေးမီ နှစ်ပတ် အလိုကတည်းက ရေချိုး ဖို့ ငြင်းဆိုထားခဲ့သည်။
ဂိုရင်း အား ဆိုက်ရင်နိုက် အဆိပ်ပေးလာသူက အသက် ဆယ့်ကိုး နှစ်ရှိ အမေရိကန် စစ်သား ဟားဗတ် လီး စတီဗား ဆိုသူ ဖြစ်သည်။ ၎င်းသည် အကျဉ်းထောင်စောင့် တဦး ဖြစ်ပြီး ဂျာမန် မိန်းမပျို လေး တဦး နှင့် ရည်ငံနေသည်။ မိုနာဟု ဆိုသော မိန်းမပျို ကလေးသည် ဂိုရင်း၏ အချုပ်ခန်း သို့ ဖောင်တိန် သုံးချောင်းအား မည်သူမျှ မသိအောင် ခိုးသွင်းပေးရန် စတီဗား အား ပူဆာခဲ့သည်။
အမည်မသိ လူနှစ်ဦးသည် ဖောင်တိန် နှစ်ချောင်းအား စတီဗား လက်ထဲသို့ ထည့်ပေးခဲ့သည်ဟု နောက်ပိုင်း တွင် စုံစမ်းသိရှိခဲ့ကြသည်။ ဖေါင်တိန်ထဲတွင် ဂိုရင်း သောက်ရန် ဆေးများသာ ပါသည်ဟုလည်း ပြောခဲ့သည်။
ဂိုရင်း သေဆုံးပြီး နှစ်ပေါင်း ခြောက်ဆယ် နီးပါး အကြာ ၂၀၀၅ တွင် စတီဗားက ဂိုရင်း အချုပ်ခန်းထဲသို့ ဆိုက်ရင်နိုက်ကို ပေးခဲ့သည်ဟု ဝန်ခံခဲ့သည်။ အပြစ်ပေး ခံရမည် စိုး၍ ယခုမှ ထုတ်ပြောခဲ့ရခြင်း ဖြစ်သည်ဟု ပြောခဲ့သည်။
*************
ဟာမင်း ဂိုရင်းသညိ ဆိုက်ရင်နိုက် အဆိပ်ပုလင်းလေး ကို သွား နှင့် ခပ်ကြမ်းကြမ်း ကိုက်ဖေါက်လိုက်၍ ပုလင်းမှန် များ ကွဲထွက်သွားသည်။ ပရူးဆစ် အက်ဆစ် ဟု လည်း သိထားကြသည့် ဟိုက်ဒြိုဂျင် ဆိုက်ယင်နိုက်သည် လျှာဖျား မှ တဆင့် လည်ချောင်းထဲသို့ စီးဆင်းသွားသည်။ အချုပ်ခန်း တခုလုံးလည်း မက်မန်းသီး ကဲ့သို့ အနံ့များ ပျံ့နှံ့သွားခဲ့တော့သည်။
အသက်အားဖြင့် ငါးဆယ့် သုံးနှစ်သာ ရှိသေးသည့် ဂိုရင်းသည် ချက်ခြင်း ဆိုသလို နေရာတွင်ပင် လဲကျ သေဆုံးသွားခဲ့သည်။
*******************