အခန်း (၂)
#ရွှေနန်းအရှင်သခင်များ
ထူးချွန် ထက်မြက်သည့် လော့ဒ် ဟေစတင်း၏ နေရာ ကို ဆက်ခံပြီး ဘုရင်ခံချုပ် ဖြစ်လာသူသည် လော့ဒ် အမ်းဟတ်စ် ဖြစ်သည်။ ၎င်းမှ ၁၈၂၄ မတ်လ ၅ ရက်နေ့တွင် ဗမာ တို့ အပေါ် စစ်ကြေညာခဲ့သည်။ ထိုကြေညာချက်ထဲတွင် ယခုလို စစ်ကြေညာရခြင်းမှာ ဗမာတို့ သည် အရှေ့တောင်ဖက် နယ်ခြားကို ကျုးကျော်ခဲ့ခြင်း နှင့် ရှင်မဖြူ ကျွန်း နှင့် ကချာ ကို တိုက်ခိုက်လာခြင်းကြောင့်ဟု အကြောင်းပြခဲ့သည်။
အမ်းဟတ်စ်က ဝိတိုရိယ ခေတ် အင်္ဂလိပ်လူမျိုး တို့၏ ထုံးစံ အတိုင်း မိမိတို့သည် ပိုမို ယဉ်ကျေး၍၊ စည်းကမ်းရှိပြီး၊ ပိုမိုမြင့်မြတ်သည်ဟု ယူဆကာ ထပ်မံထည့်သွင်းလာသည်မှာ "မိမိတို့ အနေဖြင့် 'ဗမာအစိုးရနှင့် ဗမာလူမျိုးတို့၏ ထူးခြားသည့် အခြေအနေနှင့် စရိုက်လက္ခဏာများအပေါ် အလွန်အမင်း ထည့်တွက်ညှိနှိုင်းပေးရန် တာဝန်ရှိသည်ဟု ယူဆခဲ့သည်။ ကျူးကျော်မှုများကို တွန်းလှန်နိုင်ပြီး အပြစ်ပေးနိုင်သည့် စွမ်းအားရှိကြောင်း သိရှိနားလည် ထားခြင်းသည်ပင် သည်းခံခြင်း၏ အကြောင်းရင်းကို ပိုမို ခိုင်မာစေခဲ့သည်။' ဟု ပါရှိခဲ့သည်။
ပဲခူး မြို့စားက အင်းဝ ကိုယ်စား ပြန်လည် တုန့်ပြန်ရာတွင် မောက်မာသည့် လေသံများ ပါနေသော်လည်း ချုပ်တည်း ထားဟန် ရှိသည့် ပုံဖြင့် နယ်ခြားဒေသရှိ မိမိတို့ တပ်များအား ဆောင်ရွက်ရန် အခွင့် အာဏာ အပြည့်အဝ ပေးထားပြီးဖြစ်ကြောင်း နှင့် ကိစ္စ အားလုံး ပြီးပြတ်သည် အထိ ရွှေဖဝါးတော်မြတ် ထံသို့ ဆက်သွယ် လျှောက်တင်ရန် မလို" ဟု ဆိုသည်။
ဗြိတိသျှ တို့က စစ်ကြေညာပြီးပြီ ဖြစ်သည့် အတွက် ၎င်းတို့ မည်သို့မျှ အကျွမ်းတဝင် မရှိသော အပူပိုင်း ဒေသတွင် စစ်ပွဲ ဆင်နွှဲရန် စီမံလာကြသည်။ အိန္ဒိယ ရှိ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာ အက်ဒွပ် ပက်ဂျစ်သည် လွန်ခဲ့သည့် ဆယ့်လေးနှစ်က ပြင်သစ်တော်လှန်ရေးနှင့် နပိုလီယန် ၏ ကျွန်းဆွယ် စစ်ပွဲများအတွင်း ဗိုလ်ချုပ်ကြီး မိုး နှင့် ဝယ်လင်တန်တို့ နှင့် အတူ အစွမ်းပြ နိုင်ခဲ့၍ ထင်ရှားကျော်ကြားသူ တဦး ဖြစ်သော်လည်း ယခု လာမည့် စစ်ပွဲ အတွက် စိတ်ပါလက်ပါ မရှိ ဖြစ်နေသည်။ ဗိုလ်ချုပ်ကြီး ပက်ဂျစ်သည် အကျိုးသင့် အကြောင်းသင့် စဉ်းစား ဆင်ခြင်တတ်သူ ဖြစ်ပြီး စစ်ရေး အမြင် ကောင်းစွာ ရှိထားသူ တဦး လည်း ဖြစ်သည်။
၎င်းက အရှေ့ဖက် နယ်ခြား တလျောက် ကာကွယ် ရေး အတွက် စစ်အင်အား အတော်အသင့် ချထားလျင်ပင် မြန်မာ တို့ဖက်မှ ကျူးကျော်တိုက်ခိုက်ဖို့ အလေး အနက် ကြံစည် လာကြတော့မည် မဟုတ်ဟု ယုံကြည်ထားသည်။
အကယ်၍ သူ့ အယူအဆ မှားယွင်းပြီး ဗမာတို့ဖက်က တကယ်တမ်း ကျုးကျော်လာခဲ့မည် ဆိုလျင် အရှေ့ဖက် နယ်စပ် တွင် ပြုလုပ်မည့် စစ်ဆင်ရေး များသည် မိမိတို့ နယ်မြေများထဲမှ မြန်မာတို့ကို မောင်းထုတ်ပစ်ခြင်း နှင့် ၎င်းတို့ သိမ်းပိုက် ဖြတ်သန်းလာသည့် ပြည်နယ်များအား ပြန်လည် ရယူပေးနိုင်သည့် အထိသာ ကန့်သတ်ထားလိမ့်မည်ဟု မျှော်လင့်ကြောင်း ကြေညာခဲ့သည်။
အင်းဝ ဘုရင့် နိုင်ငံတော်ကို ဝင်ရောက်တိုက်ခိုက်မည့် စစ်ရေး လှုပ်ရှားမှု တိုင်းကို ကန့်ကွက်လာခဲ့သည်။ ‘စစ်တပ်များ၊ ခံတပ်များနှင့် မြို့ကြီးများအစား တောနက်ကြီးများ၊ ကပ်ရောဂါများနှင့် ငတ်မွတ်ခေါင်းပါးခြင်းများသာ တွေ့ရလိမ့်မည်ဟု ကျွန်ုပ်ယုံကြည်သည်’ ဟု ပက်ဂျစ်က သူ၏ ထူးခြားသော ကြိုတင် သိမြင်နိုင်စွမ်းကို အသုံးချ၍ ရေးသားခဲ့သည်။
မြန်မာ၏ ရာသီဥတု နှင့် မြေအနေအထားသည်ကပင် ၎င်းတို့ ရင်ဆိုင်ရမည့် ရန်သူများ ဖြစ်သည်ကို ဆာ အက်ဒွပ်က လေ့လာသိရှိထားပြီး ဖြစ်သည်။ ပူပြင်းသည့် ရာသီ ဖြစ်သော ဖေဖေါ်ဝါရီ မှ မေလ အတွင်း ၁၀၅ ဒီဂရီ ဖာရင်ဟိုက် အပူချိန်အောက်တွင် တပ်ဖွဲ့ဝင်များသည် လေဝင်လေထွက် အလုံအလောက် မရသည့် အနီရောင် စစ်အင်္ကျီ အထူ ကြီးကို ဝတ်ပြီး ပင်ပန်းဆင်းရဲစွာ နေကြရဖို့ ရှိနေသည်။ နောက်ထပ် လေးလ ဖြစ်သည့် ဇွန်လ မှ အောက်တိုဘာ လလယ်အထိ ရေတံခွန် အလားဒလဟော ရွာသွန်းနေမည့် မိုး ကြောင့် တနိုင်ငံလုံးသည် ရေနွေးငွေ့တန်းများ ထွက်နေသည့် အိုင်ကြီးများ အလား ဖြစ်လာနေပြီး လှုပ်ရှား၍ မရ ဘဲ အဖျားအနာများနှင့် ရောဂါဘယ များ နှင့် ကြုံကြရဖို့သာ ရှိသည်။ ဆောင်းရာသီ ဖြစ်သည့် နိုဝင်ဘာ မှ ဇန်နဝါရီ သုံးလ အတွင်းသာ ထိထိရောက်ရောက် စစ်ဆင်နိုင်မည် ဖြစ်သည်။
မြေ အနေအထားကလည်း ရာသီဥတု လိုပင် ၎င်းတို့ကို ရန်လိုနေပြန်သည်။ ရခိုင် ရိုးမသည် နိုင်ငံကို မြောက်မှ တောင်သို့ သွယ်တန်းနေသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၂,၀၀၀ အထိ မြင့်မားသော လူ ရှည်တောင်တန်းများသည် မဏိပူရနှင့် ကချာ တို့၏ တောင်ဘက်တွင် အရှေ့မှ အနောက်သို့ ကျယ်ပြန့်စွာ တည်ရှိနေသည်။
ဧရာဝတီ၊ စစ်တောင်း၊ ချင်းတွင်းနှင့် သံလွင်မြစ်ကြီးများသည် တောင်တန်းများ၊ သစ်တောများနှင့် တောနက်ကြီးများကို ပိုင်းခြားထားသော စိမ်းလန်းနက်ရှိုင်းသည့် ချိုင့်ဝှမ်းများအတွင်း ဖြတ်သန်း စီးဆင်းသွားကြသည်။
မိုင်ပေါင်းများစွာ ရှည်လျားသည့် ထောက်ပံ့ရေးလှည်းတန်းများ၊ နှေးကွေးလေးလံစွာ သွားနေရသော အမြောက်တပ်ဖွဲ့နှင့် ချီတက်နေသော လူထောင်ပေါင်းများစွာ ပါဝင်သည့် စစ်တပ်တစ်ခုလုံးအတွက်မူ အပူပိုင်းဒေသ ရာသီဥတုနှင့် ကြမ်းတမ်းသော မြေပြင်အနေအထားတို့ ပေါင်းစပ်လိုက်သည့်အခါ အိန္ဒိယတွင် အောင်ပွဲများ ရယူဖူးသည့် 'အနီရောင်ဝတ် redcoats' ဗြိတိသျှစစ်သားများအတွက်ပင် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာခဲ့သည်။
မြန်မာစစ်တပ်သည် ဗြိတိသျှ တို့ နှင့် လက်နက် အင်အား အရာတွင် မယှဉ်နိုင်သော်လည်း ယခုလို အခြေအနေမျိုး တွင် အန္တရာယ်များစွာ ပေးလာနိုင်သည်ကိုလည်း ပက်ဂျစ်က သိနေခဲ့သည်။ အသေးစိတ်ကို ပြန် စစ်ဆေးကြည့်သင့်သည်ဟု ယူဆလိုက်သည်။
အမြဲတမ်း စစ်တပ်တွင် နန်းတော်စောင့် စစ်သားများ အပါအဝင် တပ်အင်အား ၃,၀၀၀ ခန့်သာ ပါဝင်လာခဲ့သည်။ မြစ်ကမ်းဘေးတစ်လျှောက်ရှိ စိမ်းလန်းစိုပြေသော လယ်ကွင်းများဖြင့် ဝန်းရံထားသည့် တိုင်ထောင်အိမ်များ ဆောက်ထားသော ရွာများတွင် နေထိုင်ကြသော လယ်သမား များသည် စစ်ဖြစ်သည့်အခါတိုင်း ဘုရင်က စစ်မှုထမ်းရန်အတွက် ဆင့်ခေါ် ခံရသူ များသာ ဖြစ်သည်။
ရွှေနန်းတော်ကြီးမှ အမိန့်ပြန်တမ်းအရ နယ်စားများသည် သတ်မှတ်ထားသည့်အချိန် ၊ သတ်မှတ်ထားသည့် နေရာသို့ အရည်အတွက် အတိအကျ ကို ခေါ်ဆောင်လာကြရသည်။ ဗိုလ်မှုးကြီး ဆိုင်းမ်က နိုင်ငံတွင်း ရှိ လူတိုင်းသည် စစ်မှု ထမ်း ဖိူ့ အဆင်သင့် ရှိနေကြရ၍ စစ်သား နိုင်ငံ ဟု ပင် ထိုစဉ်က ခေါ်ဝေါ် ခဲ့ဖူးပေသည်။
စစ်သားသစ်များကို မြန်မာ့တပ်များ အားထားသုံး နေကြရသည့် မီးကျောက်သေနတ် တစ်လက်နှင့် ခဲယမ်းကျည်ဆံနှင့် ယမ်းမှုန့် ဆယ်ကြိမ်စာ၊ သို့မဟုတ် ကလည်း ဓား၊ လှံနှင့် မြေတူးကိရိယာတို့ ပေးအပ်ပြီး နေ့စဉ် ဆန်ခွဲတမ်းကိုလည်း ခံစားခွင့်ရသည်။ ဟင်း အတွက် မူ ၎င်းတို့သည် အသီးအနှံနှင့် ဆေးမြစ်များကို ရှာဖွေစားသုံးကာ ဖြည့်တင်းကြသည်။
တစ်ခါတစ်ရံတွင် ၎င်းတို့၏ စစ်ဝတ်တန်ဆာမှာ အနက်ရောင် ဖဲသားဖြင့်ချုပ်ထားသော စစ်ဝတ်ဂျာကင်နှင့် ခေါင်းတွင် ပတ်ရန် အနီရောင်အဝတ်စ တစ်ထည်တို့ ပါဝင်သည်။ တစ်ခါတစ်ရံတွင်မူ ကိုယ်လုံးတီးနီးပါး ရှိနေတတ်သည်။ ဘုရင်က ၎င်းတို့ကို သူ၏ အလိုဆန္ဒများကို ဆောင်ရွက်ရန် အသက်ရှင်နေသော ကျွန်များအဖြစ် သာ သဘောထားသောကြောင့် လုပ်ခလစာ ဟူ၍ ခံစားခွင့် မရကြပေ။
ခံစစ် ထက် တိုက်စစ် ကို ဦးစားပေးကြသည်။ ရန်သူ တပ်များရန်မှ လုံခြုံသော အကွာအဝေးအထိ ၁၀,၀၀၀ မှ ၂၀,၀၀၀ ရှိ အင်အားဖြင့် ချဉ်းကပ်လာကြသည်။ ထို့နောက် မီးကျောက်သေနတ် ကိုင်ဆောင်ထားသူ များက ကာ ပစ် ပစ်ပေးထားချိန်တွင် လှံကိုင်ဆောင်သူများသည် အစီအစဉ်အတိုင်း၊ နှစ်ယောက်တစ်တွဲ တွဲကာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေသော ကျင်းငယ်များ နှင့် ခွေးလှေခါးများ ကို မြေကတုတ်ကဲ့သို့ ဖြစ် အောင် တူးကြရသည်။
တူးပြီးပါက ရန်သူ၏ ပစ်ခတ်ခြင်းနှင့် ရာသီဥတုဒဏ်မှ အကာအကွယ် ရရန် ကျဉ်းတကျဉ်း ထဲသို့ လူနှစ်ယောက်ဝင်ပြီး နေရာယူကြသည်။ ကျဉ်းပေါ်သို့ သစ်ရွက် သစ် ခြောက်များ နှင့် ဖုံးပြီး တယောက်က အိပ် တယောက်က ကင်းစောင့်ပေးရသည်။ အင်အား ထောင်ပေါင်းများစွာ ရှိသော မြန်မာ တပ်များသည် ထိုနည်းမျိုး ဖြင့် ရန်သူထံ မြေအောက်မှ တဆင့် နာရီ ပိုင်း နှင့် ချဉ်းကပ်လာနိုင်ကြသည်။
အမှောင်ထုကို အကာအကွယ်ယူ၍ လှံသမားများသည် ရန်သူ နေရာ နှင့် ကပ်သည်ထက် ကပ်အောင် နောက်ထပ် ကျင်းငယ်များ ဆက်တိုက်ဆိုသလို တူးလာကြသည်။ အာရုံတက် အလင်းရောင် မထွက်မီမှာပင် တပ်တတပ်လုံး နေရာယူပြီး ဖြစ်သွားသည်။ ဤနည်းဖြင့်၊ ၎င်းတို့သည် အင်အားကြီးမားသော ရန်သူထံသို့ တဖြည်းဖြည်း တိုးကပ်သွားကာ အလုံးအရင်း အင်အားသုံး၍ ရန်သူကို ပြင်းပြင်းထန်ထန် တိုက်ခိုက် ချေမှုန်း ပစ်လေ့ရှိသည်။