ပြောက်ကျား တော်လှန်ရေး သမား တဦး ဖြစ်ဖို့ အကောင်းဆုံး အသက်အပိုင်းခြားသည်က ၂၅ မှ ၃၅ အကြား ဖြစ်သည်။ ထိုအသက်အရွယ် အပိုင်းအခြား သည် လူများစု အတွက် ဘဝ ရုပ်လုံး ပေါ်လာချိန်လည်း ဖြစ်သည်။ ထိုသို့သော အသက်အရွယ်တွင် မိမိအိမ်၊ သားသမီးများနှင့် ပတ်ဝန်းကျင် အသိုင်းအဝန်း တခုလုံးကို စွန့်ကာ ထွက်လာသော ပုဂ္ဂိုလ်တစ်ဦးသည် ၎င်းတို့၏ တာဝန်ဝတ္တရားကို သေချာစွာ စဉ်းစားပြီး တစ်လှမ်းမျှပင် ခြေဦး ပြန်မလှည့်ဟူသည့် ခိုင်မာသော ဆုံးဖြတ်ချက် ချထားပြီးသူများ ဖြစ်မည်။
ကျွနုပ်တို့၏ သူပုန် တပ်ကြီး တွင် အမြင့်ဆုံး ရာထူး အထိ တက်လှမ်းလာနိုင်ခဲ့သော ကလေးများ မရှိမဟုတ် ရှိခဲ့ဖူးသည်။ သို့သော် ဖြစ်ရိုး ဖြစ်စဉ် တော့ မဟုတ်။ တဦးချင်းစီ အနေဖြင့် တိုက်ခိုက်ရေး စွမ်းရည်ကို အကောင်းဆုံး ပြနိုင်ခဲ့ကြသော်လည်း အိမ်သို့ ပြန်ပို့သင့်သော ဒါဇင်ပေါင်း များစွာ ရှိ လူများလည်း ရှိလာခဲ့သည်။ ထိုကဲ့သို့သော လူများသည် ပြောက်ကျား တပ်ဖွဲ့ အတွက် မကြာခဏ ဆိုသလို အန္တရာယ် ရှိသော ဝန်ထုပ်ဝန်ပိုး ဖြစ်လာခဲ့ရသည်။
အထက်တွင် တင်ပြခဲ့သလို ပြောက်ကျား တော်လှန်ရေး သမား တဦးသည် ခရု လိုပင် မိမိတို့၏ အိမ်ကြီး အား ကျောပေါ်တွင် တင်ကာ သွားနေရသကဲ့သို့ ကျောပိုးအိတ်ကို လွယ်ထားရသည်။ ထို့အတွက် ကျောပိုးအိတ်ထဲတွင် မိမိအတွက် အသုံးအတည့်ဆုံး ပစ္စည်းများကို သာ ရွေးထုတ်၍ စနစ်တကျ ထည့်သွင်း ထားရမည်။ ဆိုလိုသည်က မရှိမဖြစ် အသုံးလိုသည်များကိုသာ သယ်ဆောင်ရပေမည်။ အဆိုးဝါးဆုံး အခြေအနေ နှင့် ရင်ဆိုင်ရသည်က လွဲ၍ ပါလာသမျှ ကို မပျောက်မပျက်အောင် ထိန်းသိမ်း ထားရပေမည်။
အလားတူပင် လက်နက်များကိုလည်း သယ်နိုင်သမျှ လောက်သာ ယူဆောင်ရပေမည်။ ပြန်လည် ဖြည့်တင်းဖို့ ဆိုသည်က ခက်ခဲလှသည်။ အထူးသဖြင့် ကျည်ဆံများသည် ခြောက်သွေ့ပြီး ပြောင်လက် နေရမည်။ အမြဲလိုပင် မပျောက်မပျက် အောင် တတောင့်ချင်း ရေတွက်နေရမည်၊ ဤသည်ကား လိုက်နာရမည့် စကားများ ဖြစ်သည်။
သေနတ်ကိုလည်း သန့်ရှင်း ပြောင်လက်နေအောင် ဆီနှင့် ပွတ်တိုက် ထားသင့်သည်။ ပြောင်းဝသည် အမြဲလို တောက်ပြောင်နေရမည်။ အုပ်စု ခေါင်းဆောင် တဦး အနေနှင့် ကိုယ့်လက်နက်ကို ကိုယ် ကောင်းစွာ မထိန်းသိမ်းသူများကို တွေ့က အပြစ်ပေးသင့်သည်ဟု အကြံပြု လိုပေသည်။
လိုက်နာ သူ များသည် ထူးခြားသော သန္နိဋ္ဌာန် နှင့် ခိုင်မာသော စိတ်ဓါတ်မျိုး ရှိထား၍ ဆိုးရွားသော အခြေအနေများ ကို ကြံ့ကြံ့ခံပြီး စံပြ ရပ်တည် နိုင်စွမ်း ရှိမည့် လူများ ဖြစ်သည်။ ထိုအတွေးအခေါ်သည် ရိုးရှင်း၊ တိုက်ရိုက်ကျပြီး၊ ကြီးမားသော ပုံကြီးချဲ့မှု၊ ကြွားလုံးများ မပါသည့်အပြင်၊ အများအားဖြင့် ရှည်ရှည် ဝေးဝေး မဟုတ်။ သို့သော် အလွန်ခိုင်မာပြီး အလွန်လည်း ရှင်းလင်းသောကြောင့် လူတစ်ဦးသည် အနည်းငယ်မျှ တွန့်ဆုတ်ခြင်းမရှိဘဲ ထိုခံယူ ချက် အတွက် သူ၏ အသက်ကို ပေးအပ်သွား လိမ့်မည်သာ ဖြစ်သည်။
လယ်သမား အများစုအတွက် စံပြ ပန်းတိုင်သည် မိမိကိုယ်ပိုင် မြေတစ်ကွက်ကို ပိုင်ဆိုင်ခွင့်၊ လုပ်ကိုင်ခွင့်နှင့် တရားမျှတသော လူမှုဆက်ဆံရေးကို ခံစားခွင့်တို့ ဖြစ်သည်။ အလုပ်သမား များ အတွက် အလုပ်လုပ်ကိုင် နိုင်ခွင့်၊ ယင်း မှ ဖူလုံသော လုပ်ခလစာ ရရှိခွင့် နှင့် တရားမျှတသော လူမှု ဆက်ဆံရေး ကို ခံစားခွင့် တို့ ဖြစ်သည်။ ကျောင်းသားများနှင့် ပညာရှင်များအတွက်မူ လွတ်လပ်ခွင့် ကဲ့သို့သော ပိုမိုသိမ်မွေ့သည့် စိတ်ကူးများသည် ၎င်းတို့၏ ရုန်းကန်လှုပ်ရှားမှုအတွက် လှုံ့ဆော်မှု မျိုး ဖြစ်နိုင်သည်။
သို့ဆိုက ပြောက်ကျား တိုက်ခိုက်ရေး သမား တဦး ၏ ဘဝ သည် အဘယ်ပုံ ရှိနေမည်နည်းဟု မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ လုပ်ရိုး လုပ်စဉ်ဆိုက တောတောင် အထပ်ထပ်ကို ဖြတ်ကျော်နေရသည် သာ ဖြစ်သည်။
ဥပမာ ဆိုရက ရန်သူ ၏ အမြဲလို နှောက်ယှက်ခံနေရသည့် တောတောင်ထူထပ်သော ဒေသရှိ ပြောက်ကျား တဦးသည် နေ့အချိန်တွင် မစားမသောက်ဘဲ အမြဲလို ရွေ့လျား နေရပြီး ညအချိန်မှသာ ရေ အလွယ်တကူ ရနိုင်သည့် ကွင်းပြင်ကျယ် တခုတွင် စခန်းချကြရသည်။ ရနိုင်သမျှ နှင့် မီးဖိုကာကိုယ့်အစုနှင့် ကိုယ် စုဝေးပြီး စားသောက်ကြရသည်။
ပြောက်ကျား တို့အဖို့ စားလို့ရသည့် အချိန်တွင် ရှိတာနှင့် စားနိုင်ရမည်။ အချို့အချိန်များတွင် လည်ချောင်းထဲသို့ အရသာရှိသော စားကောင်း သောက်ဖွယ်များ ကောင်းစွာ ဝင်ရောက် ပျောက်ကွယ်သွားတတ်သည်များ ရှိသလို၊ အချို့အချိန်များတွင်လည်း ၎င်းတို့သည် နှစ်ရက် သို့မဟုတ် သုံးရက်ခန့် စားချိန်မရ ဖြစ်လာသော်လည်း အလုပ် လုပ်နိုင်စွမ်း မလျော့ကျဘဲ ရှိနေရမည်။
၎င်းတို့ အတွက် အိမ်ဆိုသည်က ကောင်းကင် ဟင်းလင်း ပြင်ကျယ်ကြီးသာ ဖြစ်သည်။ ကောင်းကင်နှင့် ကြိုးပုခက် ကြားတွင် ရေစိုခံနိုင်သော နိုင်လွန်စ တစ်ခုကို ခြားထားပြီး၊ ထိုနိုင်လွန်စနှင့် ကြိုးပုခက်အောက်တွင် ပြောက်ကျားစစ်သား တို့၏ အဖိုးတန် ရတနာများ ဖြစ်သော ကျောပိုးအိတ်၊ သေနတ်နှင့် ခဲယမ်းမီးကျောက်များ ရှိသည်။
ရန်သူ ၏ အလစ်အငိုက် တိုက်မှု ကို ခံရနိုင်သည့် အလားအလာ ရှိ သော နေရာ မျိုး တွင် ဖိနပ်ကို မချွတ်ဘဲ ဝတ်ထားရမည်။ ဖိနပ်သည်လည်း အဖိုးတန် ရတနာ ထဲတွင် ပါဝင်နေသည်။ မိမိတွင် ဖိနပ် တရံ ရှိနေပါက ကြုံတွေ့လာရသော အနေအထား ၏ အကန့်အသတ် အတွင်း စိတ်လက် ချမ်းသာစွာ နှင့် လုံခြုံမှု ရှိသည်ဟု ခံစားနိုင်သောကြောင့်လည်း ဖြစ်သည်။
ပြောက်ကျား တို့သည် တနေရာ တည်းတွင် လှည့်ပတ် သွားလာနေရသည်။ ကြိုတင်စီစဉ် ထားသည် မဟုတ်သည့် ထိတွေ့မှု မျိူး နှင့် ရှောင်ရှားရ၍ အကြမ်းတမ်းဆုံး နေရာမျိုး တွင်လည်း နေရတတ်ပြီး တချိန်လုံး ချီတက်ရ၍ အစာရေစာ ပြတ်လတ်ခြင်း၊ ရာသီဥတု ပူခြင်း၊ အေးခြင်း၊ ချွေးများ နှင့် ရွှဲစို နေခြင်း များ ကြုံရတတ်သည်။ ချွေးထွက်သည် ဆိုရာတွင်လည်း ကိုယ်လက် သန့်စင်ဖို့ အချိန်မရ ခြောက်သွားသည့် ချွေးဟောင်းများ နေရာတွင် ချွေးသစ်များ ထပ်ထွက်လာခြင်းမျိုးလည်း ရှိသည်။
ပြီးဆုံးသွားသည့် စစ်ပွဲ အတွင်း ကျွနုပ်တို့သည် ၁၆ ကီလိုမီတာ မျှ ချီတက်လာရပြီး နှစ်နာရီ နှင့် လေးဆယ့် ငါးမိနစ် ခန့် တိုက်ပွဲ ဖြစ်ပြီးမှ သာ ခြစ်ခြစ် တောက် ပူပြင်းလှ သော နေရောင် အောက်တွင် အဲလ် အူဗယ်ရို မြို့သို့ ဝင်လာနိုင်ခဲ့သည်။ ပင်လယ်ကမ်းခြေ တစ်လျှောက် အပူချိန် မြင့်မားပြီး ပြင်းထန်သော နေရောင်အောက်တွင် အလွန်ဆိုးရွားသော အခြေအနေများဖြင့် ရက်ပေါင်းများစွာ ဖြတ်သန်းခဲ့ပြီးနောက်၊ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်များမှ အနားသို့ ဘယ်သူမှ မကပ်ချင်အောင် ဖြစ်လာသည့် ထူးခြားပြီး စက်ဆုပ်ဖွယ် အနံ့အသက်တစ်မျိုး ထွက်ပေါ်လာခဲ့သည်။
မိမိတို့ စခန်းချခဲ့ရာ နေရာ ကိုလည်း ရန်သူ မရိပ်မိအောင် အစအန မကျန်အောင် ဖျောက်ဖျက်ပစ်ရမည်။ သတိဝိရိယ ကို အမြင့်ဆုံး အဆင့်တွင် ထားရမည်၊ ပြောက်ကျား ဆယ်ယောက် အိပ်မည်ဆိုက အနည်းဆုံး နှစ်ယောက် ကို ကင်း ချ ထားရမည်။ ကင်း စောင့်သူများ နိုးကြားနေစေရန် ကင်းကို အမြဲလို အလဲအလှယ် လုပ်ရမည်။ စခန်းသို့ ဝင်နိုင်သည့် နေရာများ အားလုံးကို အထူး သတိဝိရိယ ဖြင့် မျက်ခြေ မပြတ် ကြည့်နေရမည်။
စစ်ကြောင်းချီ နေရသည့် ဘဝတွင် အနေကြာလာသည့် အခါ စားဖို့သောက်ဖို့ အတွက် နည်းလမ်းပေါင်းစုံကို တတ်မြောက်လာသည်။ အချို့မှာ အစားအသောက်အတွက် မြန်သည်ထက် မြန်အောင် ချက်ပြုတ် နိုင်ရန်၊ ၊ အချို့မှာ တောထဲတွင် ရှာဖွေရသမျှနှင့် အရသာ ရှိအောင် နှင့် အချို့မှာမူ ပြောက်ကျားတပ်သားများ အတွက် ဟင်းလျာအသစ်များ ဖန်တီးရန် ဥများ၊ ကောက်ပဲသီးနှံများ၊ ဆား၊ ဆီအနည်းငယ် သို့မဟုတ် ဝက်ဆီ တို့ဖြင့် တခါတရံမှသာ သတ်၍ရသော တိရစ္ဆာန်အသားဖြင့် ဖွယ်ဖွယ်ရရာ ဖြစ်အောင် စီမံတတ်လာသည်။ ဤသည်မှာ အပူပိုင်းဒေသများတွင် လှုပ်ရှားဆောင်ရွက်နေသော ပြောက်ကျား အဖွဲ့တစ်ဖွဲ့၏ အခြေအနေ ဖြစ်သည်။